၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ အနက် တဦးတည်းသော အမျိုးသမီး ကိုယ်စားလှယ်လောင်းမှာ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) မှ ဒေါ်ဆာဆု ဖြစ်သည်။
အငြိမ်းစား ပညာရေးမှူး တဦးဖြစ်သည့် ဒေါ်ဆာဆုသည် လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးစိုးထက်၏ အစ်မအရင်းဖြစ်ပြီး ဝန်ကြီး ဦးစိုးထက်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ဒေါ်ဆာဆုက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း USDP ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သ လို လက်ရှိ ပလက်ဝမြို့နယ်ရှိ နာရေးကူညီမှု အသင်းနှင့် သွေးလှူရှင်အသင်းတို့တွင် နာယက တဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ စစ်မက်ဖြစ်ပွားရာ ဒေသဖြစ်သည့်အတွက် အမျိုးသမီး တဦးအနေဖြင့် ပလက်ဝ ဒေသရှိ စစ်ရေးပြဿနာများ၊ ၎င်း၏ ရပ်တည်ချက် သဘောထားများနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း ဒေါ်ဆာဆုကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ မှ ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ဆရာမအနေနဲ့ ဘယ်လို အခြေအနေတွေကြောင့် ဝင်ရောက် အရွေးခံဖြစ်သလဲ။
ဖြေ ။ ။ ကျမက ပလက်ဝဒေသ ဇာတိ ခူမီးချင်းအမျိုးသမီး ဖြစ်တယ်။ ကြံ့ခိုင်ရေးအသင်း စကတည်းက ကျမတို့ က အသင်းသားတွေ ဖြစ်တယ်။ ပါတီကို အခုမှ ဝင်တာ မဟုတ်ဘူး။ ကျမက မြို့နယ်ပညာရေးမှူးကနေ ၂၀၁၄ မှာ အငြိမ်းစား ယူတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ ဝင်ပြိုင်တယ်။
ဒါပေမယ့် ၂၀၁၅ မှာ ပြောင်းလဲချိန်တန်ပြီ ဆိုတာနဲ့ ကျမတို့ ပြည်ခိုင်ဖြိုးက အားနည်းသွားတယ်။ အဲဒီအချိန်မှာ တော့ နယ်မြေ အခြေအနေက ကောင်းသေးတယ်။ အခု ၂၀၂၀ မှာ AA ရောက်လာတော့ လုံးဝကို မအေးချမ်းတော့ဘူး။ လုံးဝ အနိုင်ကျင့်ခံရတဲ့ အနေအထား ဖြစ်နေတယ်။
ကျမတို့ငယ်ငယ်ကတည်းက ပလက်ဝမှာ ဒီလိုအဖြစ်မျိုးတခါမှ မကြုံဖူးဘူး။ အခုကျမ ပင်စင်ယူပြီးမှပဲ အဲဒီလို တိုက်ပွဲတွေ ကြုံတွေ့ရတဲ့အခါကျတော့ တော်တော်လေးလည်း စိတ်ထိခိုက်တယ်။ တော်တော်လေးလည်း စိတ်မကောင်းဖြစ်တယ်။
အဲဒီလို အနိုင်ကျင့်ခံရတဲ့ဟာတွေများတော့ ရုန်းထွက်ချင်တယ်။ အဲဒီအတွက်နဲ့ ဒီရွေးကောက်ပွဲကို ယှဉ်ပြိုင်တာ ပါ။ ကျမတို့က ပင်စင်ရပြီဆိုတော့ အနားယူချင်ပေမယ့် အစိုးရကို ပြောအားဆိုအား တခွန်းတလေများ ရမလား လို့ပါ။ အခုက ကျမက လွှတ်တော်လည်း မတက်ရသေးဘူးဆိုတော့ နိုင်ငံရေးသမား စစ်စစ်တော့ မဟုတ်သေး ဘူးပေါ့။ ကျမတို့က ကိုယ်ကျိုးအတွက် မဆောင်ရွက်ဘူး။ အများအကျိုးပဲ။ မြို့နယ်မှာ ဘယ်လို ကူညီပေးလို့ ရ မလဲ။ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရမလဲဆိုတာ နီးစပ်ရာ လူကြီးတွေကို တင်ပြတယ်၊ တောင်းဆို တယ်။
အခု အရွေးခံတယ်ဆိုတာ အဲဒါပါပဲ။ အရင်တုန်းကဆိုရင် ကျမလည်း အသက်ကြီးပြီဆိုတော့ အနားတော့ ယူ ချင်တယ်။ ဒါပေမယ့် အပြောတခွန်း အဆိုတခွန်း တရားဝင်ပြောချင်တဲ့အတွက် အမျိုးသားလွှတ်တော်ကနေ ဝင်ပြိုင်တာပေါ့။
ကျမတို့က အရင်ကတည်းက ပလက်ဝမြို့နယ် ဖွံ့ဖြိုးရေးအတွက် အမျိုးသားရေးအတွက် အမြဲတမ်း ကြိုးစားနေ တဲ့ သူပါ။ ကျမတို့အဖေကလည်း ပလက်ဝမြို့နယ်မှာ ပြည်သူ့ရဲဘော်တို့ ဘာတို့ လုပ်ခဲ့တော့ သွေးက စကား ပြောတယ်လို့ ပြောပြော ကိုယ့်မြို့နယ်ကို အေးချမ်းသာယာဖို့ပဲ လိုချင်တာ။ အဖေက သီရိပျံချီ ဦးထက်လှိုင် နိုင် ငံ့ ဂုဏ်ရည် ပထမအဆင့်ပါ။
ကျမတို့က လက်နက်ကိုင်တွေ မဟုတ်ပေမယ့်လည်း ကျမတို့အပေါ်မှာ ကာကွယ်ရေး လက်နက်ကိုင်တွေ ရှိ တယ်။ အဲဒီတော့ အဖြစ်မှန်တွေကို တင်ပြပေးမယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ နိုင်သွားတယ်ဆိုရင် ကျမတို့ က ပြည်ထောင်စုကို တက်ရမှာဆိုတော့ ကျမတို့မြို့နယ် အမြန်ဆုံး အေးချမ်းဖို့ တင်ပြချင်တယ်။ တောင်းဆိုချင် တယ်။ အကူအညီ လိုချင်တယ်။ ဘာပဲပြောပြော လွှတ်တော်တင်မှ သူက တရားဝင်သလို ဖြစ်နေတာလေ။
အခု ကျမတို့ မြို့နယ်က ဂျုံးဂျုံးကျနေတယ်။ ထမင်းမငတ်ရုံတမယ် အဲဒီလိုမျိုး ဖြစ်နေတာကို မမြင်ရက်ဘူး။ အဲဒီ အတွက် ကျမ အရွေးခံတာပါ။
မေး ။ ။ လက်ရှိ ဝန်ကြီး ဦးစိုးထက်နဲ့ မောင်နှမလို့ သိရတယ်။ သူနဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရမယ့် အခြေအနေ ဘယ်လိုရှိလဲ။ ပြိုင်ဘက်တွေလား။
ဖြေ ။ ။ ကျမကို တချို့ကပြောတယ်။ မောင်နှမ ၂ ယောက်က ဘယ်လိုလဲပေါ့။ NLD ရော၊ ပြည်ခိုင်ဖြိုးရော ဘာ ပဲပြောပြော မိတ်ဖက်တွေပဲ။ မြို့နယ်၊ ပြည်နယ်၊ တိုင်းပြည်အတွက် လုပ်ဖို့ ဝင်ရောက် ယှဉ်ပြိုင်တာလို့ အကုန် လုံး မိတ်ဖက်တွေပဲ။
ကျမ မောင်လေးကလည်း NLD ကနေ ပြည်နယ်မှာ အရွေးခံတယ်။ ကျမက ပြည်ခိုင်ဖြိုးကနေ အမျိုးသား လွှတ် တော်အတွက် အရွေးခံတာ။ အဲဒီတော့ ၂ ယောက်လုံး နိုင်ရင်တော့ ကျမက ပြည်ထောင်စု တက်မယ်။ သူက ပြည်နယ်မှာ လုပ်ပေါ့။
ကျမတို့ ချင်းပြည်နယ် ၉ မြို့နယ်မှာ ပလက်ဝဒေသ အနိမ့်ကျဆုံး ဖြစ်တယ်။ အဲဒီတော့ အင်တိုက်အားတိုက်နဲ့ ကျမတို့ မောင်နှမ၂ ယောက်က တိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တယောက်ကိုတယောက် အကူအညီပေးရင်းနဲ့ အကြံဉာဏ်ပေးရင်း အဲဒီလိုမျိုး လုပ်သွားဖို့အတွက် ကျမဘာသာ ဝင်ပြိုင်တာ ဖြစ်တယ်။ကျမတို့ မောင်နှမတွေ က စီးပွားရေး အကွက်တွေ မပါဘူး။
မေး ။ ။ တကယ်လို့ ဝန်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်ဆောင် သွားမလဲ။
ဖြေ ။ ။ ထိပ်တိုက် ရင်ဆိုင်ဖို့တော့ မရှိပါဘူး။ ဘာလို့ဆိုတော့ ကိုယ်မြို့နယ် သူ့မြို့နယ် ကောင်းကျိုးအတွက် လုပ်ကြမယ့် သူတွေချည်းပဲ။ NLD နိုင်သွားလည်း မြို့ကောင်းကျိုး လုပ်ဖို့ အဓိကပဲ။ ကြံ့ခိုင်ရေးနိုင်သွားလည်း ပလက်ဝမြို့နယ် အေးချမ်းဖို့က အဓိကပဲ။ ပြိုင်ဘက်ရယ်လို့ ကျမတို့ မသတ်မှတ်ဘူး။ တိုင်ပင်ဖော်တိုင်ပင်ဖက် မိတ်ဖက်တွေလို့ သတ်မှတ်ထားတယ်။ သူလည်း အဲဒီလိုပဲ။
မေး ။ ။ AA က ချင်းပြည်နယ်ထဲ ရောက်လာတဲ့အပေါ်မှာ ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ သူတို့ ပလက်ဝ မြို့နယ်ထဲကို ဝင်ရောက်လာတာကို မတရားဘူးလို့ မြင်တယ်။ အနိုင်ကျင့်တယ်လို့ မြင် တယ်။ ဘာလို့ဆို သူတို့ ရခိုင်နိုင်ငံတော်တည်ဖို့ သူတို့ ရခိုင် နိုင်ငံတော်လွတ်လပ်ဖို့အတွက် လိုချင်တယ်ဆိုရင် သူတို့ ရခိုင်ပြည်နယ်မှာ လုပ်လေ။ လွတ်လွတ်လပ်လပ် လုပ်လေ ရတယ်လေ။ ကျမတို့ဆီမှာ လာပြီး လုပ်တယ် ဆိုတာက အနိုင်ကျင့်တာပဲ။
ကျမကတော့ မြို့နယ် အမြန်ဆုံး အေးချမ်းဖို့ အဓိကပါပဲ။ အနိုင်ကျင့်တဲ့ဒဏ်က အမြန်လွတ်ငြိမ်းဖို့ပဲ လိုတာ။ ကျမတို့ကတော့ လုံခြုံရေးအနေနဲ့ မပေးနိုင်တော့ တပ်မတော်ကိုပဲ ကျမတို့က အားကိုးတယ်။ ကျမတို့ ပလက်ဝ မြို့နယ်မှာ သူပုန်လည်း မရှိဘူး။ ဒီလိုပဲ အေးအေးချမ်းချမ်းနဲ့ နေလာတာတော့ အကျင့်ဖြစ်နေတဲ့ အချိန်မှာ အခု လို တိုက်ပွဲတွေ ဖြစ်လာတော့ လုံးဝ မခံစားနိုင်တော့ဘူး။ ကျမတို့က မြို့ပေါ်မှာနေလို့ တော်သေးတယ်။ ကျေး ရွာတွေက လူတွေဆိုရင် ပိုဒုက္ခဖြစ်ပြီးတော့ ပိုနာကျင်ရတယ်။
အခုဆိုရင် ကုလားတန်မြစ်ကူး တံတားက ၉၀ ရာခိုင်နှုန်းလောက်ပြီးပြီ။ အချောမသတ်ရသေးဘူး။ ပလက်ဝမှာ ချင်း အမျိုးသားနေ့ ပြည်နယ်အဆင့် နိုင်ငံတော်အဆင့် လုပ်မယ်ဆိုပြီးတော့ ရည်ရွယ်တာ ခုတော့ ကျော်သွား ပြီ။ နယ်မြေ မအေးချမ်းတော့ မလုပ်ဖြစ်လိုက်ဘူး။ အခုလည်း အမျိုးသားနေ့ကို နယ်မြေ အခြေအနေ မကောင်း ရင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုမျိုး ကျမတို့ဒေသ အခွင့်အရေးတွေပါ ဆုံးရှုံးနေရတာ။
မေး ။ ။ စစ်ပွဲတွေ ရှိနေတဲ့ ပလက်ဝအရေး ဘာတွေ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ပလက်ဝမြို့နယ်ရဲ့ လူနေမှု အဆင့်အတန်း မြင့်မားအောင် လုပ်ပေးမယ်။ တင်ပြ တောင်းဆိုပေးမယ်။ ကျမတို့ဆီမှာ လမ်းပန်းဆက်သွယ်ရေး အရမ်း ခက်ခဲတယ်။ အခုဆိုရင် AA ကြောင့် ကုန်းလမ်းတွေလည်း ပိတ်၊ ရေလမ်းတွေလည်း ပိတ်တယ်။ တကယ်လို့ ကျမသာ အနိုင်ရခဲ့ရင် ဒီလိုကိစ္စတွေကို ကျမတို့ သက်ဆိုင်ရာကို တင်ပြလို့ ရတယ်။ အမြန်ဆုံး ကျမတို့ ပလက်ဝဒေသ တည်ငြိမ်အေးချမ်းဖို့အတွက်ပေါ့။
နောက်ပြီးတော့ ကျမတို့ ခူမီးချင်းထုံးစံအရ အမျိုးသမီးတွေဆိုရင် အနှိမ်ခံရတယ်။ အရင်ကတည်းက ယောင်္ကျား တွေကိုပဲ ဦးစားပေးတဲ့ဓလေ့ ရှိတယ်။ ဒါပေမယ့် အခုတော့ တော်တော်လေး နားလည် သဘောပေါက်လာပါပြီ။ အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရဖို့အတွက်လည်း ဆောင်ရွက်သွားမှာပါ။
နောက် ကလေးသူငယ်တွေရဲ့ပညာရေးပေါ့။ ချို့တဲ့လွန်းတော့ စာမသင်နိုင်တဲ့ ကလေးတွေ အများကြီး ရှိတယ်။ သူတို့တွေ ကျောင်းတက်ခွင့်၊ စာသင်ခွင့်ရအောင် လုပ်ပေးချင်တယ်။ နောက်တခုက သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးဖို့ ရှိပါတယ်။ ဒါတွေ အောင်မြင်သွားမယ်ဆိုရင် ထိရောက်အောင်လုပ်ချင်တယ်။
အဓိကကတော့ ပလက်ဝမြို့နယ်မှာ AA တွေ ပပျောက်ဖို့အတွက် ကာကွယ်ရေး အဆင့်ကို တင်သွင်းချင်တာ ဖြစ်တယ်။ အရေးကြီးတာက ပလက်ဝဒေသ အမြန်ဆုံး အေးချမ်းဖို့ပဲလိုတာ။
မေး။ ။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပေါ်မှာ ဘယ်လောက်အထိ မျှော်မှန်းထားသလဲ။
ဖြေ။ ။ ပြည်ခိုင်ဖြိုးပါတီ အောင်မြင်အောင် ကြိုးစားထားပါတယ်။ ကျမတို့မှာ လူငယ်အမာခံတွေ ရှိတယ်။ ပြီးရင် ကျမတို့ မြို့နယ်က နယ်မြေ မလုံခြုံဘူးဆိုတော့ ပလက်ဝမြို့နယ် ဆမီးမြို့နယ်နဲ့ ရှင်းလက်ဝမြို့နယ်တွေပဲ ကျမ က ဝင်အရွေးခံရမှာပါ။
ကျမတို့က အဲဒီ မြို့နယ်တွေထဲကို ထဲထဲဝင်ဝင် စည်းရုံးပြီးပြီ။ အောင်မြင်မယ်လို့လည်း ထင်တယ်။ အောင်မြင် အောင်လည်း ကြိုးစားထားတယ်။ ဘာလို့ဆိုတော့ ကျမတို့က အမျိုးသားအရေးနဲ့ ပလက်ဝမြို့နယ် အေးချမ်း သာယာရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ထားပါတယ်။ ပလက်ဝမြို့မှာလည်း ယှဉ်ပြိုင်မယ့်အထဲမှာ မိန်း ကလေး ဆိုလို့ ကျမတယောက်ပဲ ပါတာ။ မျှော်လည်းမျှော်လင့်ပါတယ်။ ဒီနှစ်က အခြေအနေကောင်းအောင် ကြိုးစားထားတယ်။
You may also like these stories:
ပလက်ဝ ဒေသခံများထံမှ ဆန်ကို AA အဖွဲ့ ခြိမ်းခြောက်ပြီး ဈေးနှိမ်ဝယ်
ချင်းစည်ပင်ဝန်ကြီးနှင့် အဖွဲ့ ပစ်ခတ်ခံရသဖြင့် ပလက်ဝမှ မပြန်နိုင်သေး