၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် နိုဝင်ဘာ ၂ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ အလွဲအမှားများကို ထောက်ကာ အစိုးရကို တာဝန် ယူရမည်ဟု သတိပေးသည့် ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၃ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေါ်ပြူလာ သတင်းဌာနနှင့် သီးသန့် အမေးအဖြေ ပြုလုပ်ပြီး တပ်မတော်က နိုင်ငံတော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန် ရှိသည်ဟု ပြောသည့် အပြင် ရွေးကောက်တင်မြှောက်ပွဲ နည်းလမ်းမကျဘဲ စည်းကမ်းချိုးဖောက်မှုများ ရှိလျှင် တည်ငြိမ်သည့် ဒီမိုကရေစီစနစ်ဖြစ်ရန် ခဲယဉ်းသည်ဟု ပြောဆိုထားသည်။
ရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တပတ်ပင် မလိုတော့ချိန်တွင် တပ်မတော်ဘက်မှ အစိုးရကို ပြစ်တင်ဝေဖန်မှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်ရေးအတွက် တပ်မတော်တွင် ပြောဆို ရမည့် တာဝန်ရှိသည်ဟု ထုတ်ဖော်ပြောဆိုသည့်အပေါ် နိုင်ငံ၏ အနာဂတ် အလားအလာမှာ စိုးရိမ်စရာ ရှိသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမေးအဖြေကဏ္ဍတို့တွင် ဖြေဆိုထားသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းမှ ရှုမြင်သုံးသပ်ချက်များ၊ ရွေးကောက်ပွဲအလွန် ကာလ အပေါ် သုံးသပ်ချက်များကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်နှင့် ဇင်လင်းထက်တို့က ဆက်သွယ် မေးမြန်း ထားပါသည်။
ဒေါက်တာမျိုးညွှန့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) )
အာဏာသိမ်းတယ်ဆိုတာက ဥပဒေမဲ့ လုပ်တာပါ။ အချိန်မရွေးလုပ်လို့ ရပါတယ်၊ အခုပြောဆိုချက်တွေက ဒါနဲ့ ပတ်သက် တယ် မပတ်သက်ဘူးဆိုတာ မှတ်ချက် မပေးလိုပါဘူး။ ကျနော်တို့ကတော့ ဥပဒေကို လေးစားမယ်။ ပြည်သူတွေကို တကယ်တမ်း တန်ဖိုးထားမယ်ဆိုရင် ဥပဒေနဲ့ အညီ လုပ်သမျှကို လက်ခံစေချင်တယ်။ သူတို့ရဲ့ သဘောထားကို ထုတ်ပြန် တဲ့အတွက် ကျနော်တို့ သိရတာပေါ့ခင်ဗျ။ အဲဒီအပေါ်မှာ ထပ်ပြီး မှတ်ချက် မပေးလိုတော့ပါဘူး။
UEC ကတော့ ချို့ယွင်းချက် အများအပြား ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ရွေးကောက်ပွဲကြီး က တရားမမျှတဘူးဆိုတဲ့ အဆင့်အထိ ရောက်လောက်အောင်တော့ ချို့ယွင်းတာ မဟုတ်ပါဘူး။ ဒါတွေက ပြုပြင်လို့ ရတာတွေပါ။ ပြုပြင်လို့ ရတဲ့ အမှားတွေကို သူတို့လည်း ပြုပြင်ဖို့ ကြိုးစားနေတာ ကျနော်တို့တွေ့ရပါတယ်။
ကျနော်ကတော့ ခုနက ပြောသလိုပဲ အာဏာသိမ်းတယ်ဆိုတာ ဥပဒေ ကို ကျော်လွန်ပြီး လုပ်တဲ့ အလုပ်ပါ။ ကိုယ့်ပြည်သူ ကို မလေးစားတဲ့ အလုပ်ပါ။ ကျနော်တို့ ဥပဒေကို လေးစားတဲ့ အနေနဲ့ ဥပဒေဘောင်ထဲက လုပ်တာအားလုံးကို လက်ခံ မယ်။ ပြည်သူတွေ ဆန္ဒကို အလေးထားပြီး ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ ဘာမှ ပြောစရာ မရှိပါဘူး။ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အလွန်ကာလမှာ ကျနော်တို့ကတော့ အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်အဖွဲ့ အစည်းမှ ဂုဏ်သိက္ခာ မငြိုးနွမ်းဘဲ နိုင်ငံရဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတခုကို ဖြစ်စေချင်ပါတယ်။
ဦးစိုင်းလိတ် (ပြောရေးဆိုခွင့်ရှိသူ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) )
၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူတို့ လိုလားတဲ့ ရလာဒ်မျိုး ထွက်မလာဘူးဆိုရင် တပ်မတော်ဘက်က တစုံ တရာ တုံ့ပြန်လှုပ်ရှားမယ့် သဘောမျိုးကို ကြိုတင် နိမိတ်ဖတ်တဲ့ သဘော၊ နှပ်ကြောင်းပေးတဲ့ သဘောလို့ပဲ ယူဆတယ်။ ကျနော် နာမည်အတိအကျ တပ်ပြီးတော့ မပြောချင်ဘူး။ တပ်မတော်အနေနဲ့ သူထိန်းကွပ်နိုင်တဲ့ ပါတီတခုခုနဲ့ အခြားသော သူနဲ့ နှီးနွယ်ရာ အစုအဖွဲ့တွေနဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်မယ် ဆိုရင်တော့ သူအေးအေးဆေးဆေးနဲ့ ပြီးသွားလိမ့်မယ်လို့ ထင် တယ်။ ဒီလို မဟုတ်ဘဲနဲ့ ဆန့်ကျင်ဘက် ရလာဒ်တခုခု ထွက်လာရင်တော့ ကျနော်တို့ မမျှော်မှန်းအပ်တဲ့ ကိစ္စတွေ လုပ်ဆောင် လာနိုင်တယ်လို့ မြင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုင်ဆိုင်တာက တပ်မတော်လို့ ယူဆတာကိုက လွဲနေတယ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ က ပြည်သူလူထုဆီကနေ ဆင်းသက်တယ် ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားပြီးသားပါ။ အချုပ်အခြာ အာဏာကို ပိုင်တဲ့ ပြည်သူကသာလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ပိုင်ရှင်ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရမယ့် ဝတ္တရား၊ ပြုပြင်ထိန်းသိမ်းဖို့ ကာကွယ် စောင့်ရှောက်ဖို့က ပြည်သူမှာပဲ အပြည့်အဝ တာဝန် ရှိပါတယ်။
တပ်မတော်အနေနဲ့က ပြည်သူထဲက ပေါက်ဖွားတဲ့ Institution တခုဖြစ်တော့ သူ့မှာ အထိုက်အလျောက်တော့ တာဝန် ရှိတယ်။ ဒါပေမယ့် သူ့မှာ လုံးဝကြီး တာဝန်ရှိတယ်ဆိုတဲ့ သဘောမျိုး၊ သူကချည်း အခရာကျတယ်ဆိုတဲ့ သဘောမျိုး ကတော့ ကျနော်တု့ိ လက်သင့်ခံလို့ မရပါဘူး။
ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ တိုင်းပြည်က ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ အဲဒီလို အာဏာသိမ်းမှုတွေ ၃ ကြိမ် ကြုံခဲ့ပြီးပါပြီ။ အဲဒီလို အာဏာသိမ်းမှုတွေကြောင့်ပဲ ဒီနေ့ဒီအချိန်ထိ ပြည်တွင်းစစ်တွေကလည်း မပြီးဆုံးနိုင်ဘူး။ ငြိမ်းချမ်းရေးလည်း မတည် ဆောက်နိုင်ဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲပြီးတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလည်း အရမ်း နောက်ကျ နေတယ်။ နောက်တခါ အဲဒီလိုမျိုး ထပ်စဉ်းစားမယ်ဆိုရင်တော့ ကျနော်တို့ အနာဂတ်ကို ပိုပြီး သစ္စာဖောက်ရာ ရောက် သွားလိမ့်မယ်လို့ မြင်ပါတယ်။ မလုပ်သင့် ၊ မလုပ်အပ်တဲ့ အနေအထားလို့ပဲ မြင်ပါတယ်။
ဒေါ်အေးနုစိန် (ပြောရေးဆိုခွင့်ရှိသူ၊ ရခိုင်အမျိုးသားပါတီ (ANP)
အခု သဘောထားထုတ်ပြန်ချက်ကို ခြုံငုံ သုံးသပ်လိုက်ရင် ဒီနေ့တည်ဆဲ UEC ကို ဝေဖန်ချက်တွေကတော့ မှန်ကန်တဲ့ အနေအထား တွေကို တွေ့ရတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် UEC ရဲ့ဆောင်ရွက်ချက်တွေက အစိုးရကိုတော့ တာဝန်ခံသင့်တယ်။
မဲစာရင်းတွေကအစ ရွေးကောက်ပွဲ ကျင်းပမယ်၊ မကျင်းပဘူး ဆိုတာကအစ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိဆိုတဲ့ နယ်မြေတွေက အစ ကန့်သတ်တာ ပယ်ဖျက်တာ ပြန်တိုးတာ သတင်းစာရှင်းလင်းပွဲတွေမှာ ခုတမျိုး၊ တော်ကြာတမျိုး လုပ်တာက ၅ နှစ်တကြိမ် အရေးတကြီး အခန်းကဏ္ဍကို ဆောင်ရွက်ပုံဆောင်ရွက်နည်းက သမိုင်းမှာ တကယ့်ပုံရိပ်ဆိုးတခု ထင်စေခဲ့တယ်လို့ ပြောလို့ရတယ်။
ဒါပေမယ့် ကြေငြာချက်အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင်တော့ ဒီအခင်းအကျင်းတွေ ပေါ်လာဖို့အတွက် တပ်မတော်အစိုးရ ဘယ်လိုလုပ်ခဲ့တယ်၊ UEC ဥက္ကဋ္ဌ ဦးစိုးသိန်းတုန်းကဘယ်လို ဦးတင်အေးတုန်းက ဘယ်လို စသဖြင့် အားလုံးကို ခြုံကြည့် လိုက်ရင်တော့ တပ်မတော်ကသာဆိုရင်ပေါ့ ဆိုတဲ့ ပုံစံမျိုးနဲ့ အာဏာတွေပါဝါတွေ ရှိခဲ့တဲ့ အနေအထား၊ အရိပ်အယောင် တွေကို မြင်ရတယ်။ ဒါကနိုင်ငံအတွက်တော့ အလားအလာကောင်းတခု မဟုတ်ဘူးလို့ ယူဆရမှာ ဖြစ်တယ်။
အပြင်မှာ တလျှောက်လုံးဝေဖန်ကြတာ အစိုးရ ၂ခုရှိသလား၊ တပ်မတော်နဲ့ အစိုးရက စင်ပြိုင်လား။ တယောက်အပေါ် တယောက် လွှမ်းမိုးမှု ရှိသလား စသဖြင့်ပေါ့။ အခု ရွေးကောက်ပွဲနီးတော့ ထုတ်တဲ့ သဘောထားကြေငြာချက်တွေက EAOs တွေကို ထုတ်တာလည်း တွေ့တယ်။ သူတို့ရဲ့ ချီဟန်တွေ ပါဝါတွေကို အများပြည်သူ သိစေဖို့ တနည်းမဟုတ် တနည်း နိုင်ငံရေးကို ခြိမ်းခြောက်လိုက်တဲ့ သဘောမျိုးတွေ တွေ့ရတယ်လို့ ကျမပြောချင်ပါတယ်။
ပြည်သူအများစုကတော့ စစ်အုပ်ချုပ်မှုအောက် အမှောင်ခတ်ထဲကိုတော့ ဘယ်သူမှ သွားချင်ကြမှာ မဟုတ်ပါဘူး။ ရောက် သွားမယ့် အနေအထားမျိုးကိုလည်း လုပ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်နက်ရှိတဲ့ အင်အားရှိတဲ့ အုပ်စုတခုလို ဖြစ်နေတဲ့ အလေ့အကျင့်နဲ့ ယဉ်ပါးနေတဲ့ အနေအထားတခုမှာတော့ ဝေဖန်သံတွေ ထွက်လာသလို မိုးမပြို ပြိုခဲ့သော်ဆိုတဲ့ အနေအထားမျိုးကိုတော့ ကျမတို့ အနေနဲ့လည်း မြင်မိသလိုလို ထင်မိသလိုလို အနေအထားတော့ ပြောလို့ ရပါတယ်။
ဒေါ်ဒွဲဘူ (ဒုဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) )
သူတို့ပြောတာကို ကျမတို့က အကုန်လုံးနားထောင်ဖို့တော့ အချိန်မရှိဘူး။ ကျမတို့ ရွေးကောက်ပွဲ အတွက် ဒီမှာက ကြိုတင်မဲတွေ ပေးနေပြီ။ အဲဒီမှာလည်း တတ်နိုင်သလောက်တော့ လုပ်ကြတာပဲ။ တချို့ကလည်း တရားတယ်၊ မတရား ဘူးပြောတာ ရှိတာပေါ့။ ဒါပေမယ့် မတရားတာကို လက်တွေ့ပြဖို့ လိုတယ်။ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဘယ်လိုလာမလဲ ဆိုတာကလည်း စောင့်ကြည့်ရမယ်။ သူတို့ရဲ့ ပြောဆိုချက်တွေကတော့ ကိုယ်နဲ့လည်း မဆိုင်ဘူး။ သူတို့ဘာသာ သူတို့ ထုတ်ပြန်တယ်။ သူတို့ဘာသာ သူတို့ လုပ်တယ်။ ကိုယ့်မိတ်ဘက်လည်း မဟုတ်တော့ ကျမတို့ ဘာမှ ပြောစရာ မရှိဘူး။
အရင်တုန်းက တပါတီခေတ်၊ စစ်အစိုးရခေတ်တုန်းကတော့ အာဏာသိမ်းတာတွေ လုပ်ကြတာပေါ့။ ဒီမိုကရေစီခေတ်မှာ တော့ ပြည်သူတွေရဲ့ သဘောမပါပဲ အာဏသိမ်းတာတို့ကတော့ လက်လွတ်စပယ် လုပ်လို့ မရပါဘူး။ တကယ်လို့ ဥပဒေ ကို ချိုးဖောက်တယ်ဆိုရင် ချိုးဖောက်တဲ့ သူရဲ့ တာဝန်ပဲ။ ရွေးကောက်ပွဲက မျှတမှု ရှိအောင် မလုပ်ဘူးဆိုလည်း သူတို့ပဲ တာဝန်ယူမှု တာဝန်ခံမှုက သူတို့မှာ ရှိရမှာ ဖြစ်ပါတယ်။
ဟိုလူတွေ ဒီလိုလုပ်လို့ ဒီလူတွေ ဒီလိုလုပ်လို့ ငါတို့ အာဏာ သိမ်းမယ် ဆိုတာကတော့ အဲဒီလို လုပ်စရာ အကြောင်း မရှိပါဘူး။ နောက်မှ ဥပဒေကို တရားမျှတမှုတို့ တရားဥပဒေ စိုးမိုးရေးတို့ ဆိုတာက နောက်မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အောက်မှာ လုပ်ကြတာလေ။ အားလုံး ကလည်း လက်ရှိမှာ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေးစားလိုက်နာဖို့ လိုသလို တခြားတည်ဆဲ ဥပဒေ၊ ရွေးကောက်ပွဲဆိုလည်း သတ်မှတ်ထားတဲ့ ဥပဒေတွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်နာရတာပဲ။
ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန် (ဥပဒေပညာရှင်)
မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စကားပြောတဲ့အချိန်မှာ အဲဒီ Statement မှာ မပါတာ ၂ ချက် ပြောတယ်။ ပထမအချက်က သူတို့ဘာကြောင့် အဲဒီလို Statement ထုတ်ရတယ်ဆိုတာ ပုဒ်မတော့ ပြောမသွားပါဘူး။ တပ်မတော်က ဒီလိုလုပ်ရတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပုဒ်မ ၂၀ (စ) ထဲမှာ တပ်မတော် က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတာကို သွယ်ဝိုက်ပြီးပြောသွားတယ်။
ရွေးကောက်ပွဲကော်မရှင်ကလည်း သူ့အလုပ်ကို သူမလုပ်ဘူး။ လုပ်တာကလည်း သိပ်ပြီးတော့ ပုံမကျပန်းမကျဘူးဆိုရင် ပုံမှန်ဖြစ်လာဖို့အတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို ပြတယ်။ အဲဒီလို တာဝန်ရှိတယ်ဆိုတာကို ပြတဲ့အချိန်မှာလည်း အစိုးရနဲ့ ကော်မရှင်ကို သူ့အနေနဲ့ အခြေခံဥပဒေက ပေးထားတဲ့ဟာအတိုင်း သတိပေးတယ် ဆိုတာပေါ့။
သူ့မှာ အဲဒီလုပ်ပိုင်ခွင့်ကို အခြေခံဥပဒေက အပ်နှင်းထားလို့ သူလုပ်တယ်ဆိုတဲ့ဟာကို ပြောသွားတာပေါ့။ တချို့လည်း ဒီအပေါ်မှာ အာဏာပြန်သိမ်းမလားဆိုတဲ့ အမြင်ရှိတယ်။ ကျနော့်အမြင်မှာတော့ အာဏာသိမ်းစရာမလိုပါဘူး။ ဘာကြောင့် လဲဆိုတော့ အာဏာမသိမ်းအောင်လို့ သူ့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခင်ဗျားမှာ အခြေခံဥပဒေကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုပြီး ပါထားတာပေါ့။
ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ သူ့မှာ တာဝန် ရှိတယ်။ အဲဒီတော့ အာဏာသိမ်းတဲ့ဟာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပုံမှန်လုပ်ဆောင်နိုင်ဖို့ သူတို့ လုပ်သင့်တာ လုပ်တယ်ဆိုတာ ၂ ခုကို ကျနော်တို့ ခြားဖို့လိုမယ် ထင်တယ်။
ဒေါ်နှင်းနှင်းမွှေး( ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ )
သူပြောတာတွေထဲက တချို့အချက်တွေက ကျမတို့ အရင် တုန်းက ကော်မရှင်ကို တိုက်တွန်းထားတဲ့အချက်တွေ ဖြစ်တယ်၊ ကျမတို့ပြောတုန်းကတော့ ကော်မရှင်က တစုံတရာ အရေးတယူ တုံ့ပြန်ခဲ့တာတော့ မရှိဘူးပေါ့။ အခုကျတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောတဲ့ အခါကျတော့ ကော်မရှင်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်း တယ်။သူတို့နဲ့ ကျမတို့နဲ့ သဘောထား တထပ်တည်း တူတယ်လို့လည်း ဆိုလိုချင်တာမဟုတ်ပါဘူး။
ကော်မရှင်ရဲ့ သမာသမတ်ကျမှုက တကယ်လည်း မေးခွန်းထုတ်စရာ ဖြစ်နေတာတော့မှန်တယ်။ သို့သော်လည်း အဲဒါတွေ ကို တပ်က လိုက်ပြောနေတဲ့အခါကျတော့ ကျမတို့က ပြောရဆိုရတာ ခက်တဲ့အခြေအနေ ဖြစ်သွားတာပေါ့။ လက်ရှိ အခြေ အနေမှာ နည်းနည်း ရှုပ်ထွေးလာတယ်လို့ ကျမတို့ ယူဆတယ်။
ကော်မရှင်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တယ်။ မကျင်းပနိုင်ဘူးဆိုတာ ကော်မ ရှင်ရဲ့အပိုင်း နိုင်ငံရေးအပိုင်းဖြစ်ပြီးတော့ တပ်ရဲ့ အခန်းကဏ္ဍ က နိုင်ငံတော်ကို ကာကွယ်ဖို့ပဲ ဖြစ်တယ်။ အစိုးရရဲ့ လက်အောက်မှာပဲ ရှိရမယ်။
အစိုးရရဲ့ တာဝန်ဝတ္တရားတွေကို ဝင်ပြီးထမ်းဆောင်စရာအကြောင်းတော့ မရှိဘူးရှင့်။ တကယ်လို့သာ သူတို့ဘက်က ဝင်ထိန်းပြီး ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ပိုတောင်မှ ဘက်လိုက်တဲ့ ရွေးကောက်ပွဲဖြစ်ဦးမယ်လို့ ကျမကတော့ ယူဆယ်။ ဘာကြောင့်လဲဆိုတော့ ဒါက သူ့အလုပ်မဟုတ်ဘူးလေ။ တပ်က နိုင်ငံရေးနဲ့ ဝေးဝေးနေပြီး သူ့အလုပ်ဖြစ်တဲ့ ကာကွယ်ရေးပဲ လုပ်သင့်တယ်လို့ယူဆပါတယ်။
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
သူက အစိုးရရဲ့ အပေါ်ကနေပြီးတော့ အဲဒီလိုပြောခွင့်မရှိဘူးဗျ။ သူတို့က အစိုးရအောက်မှာနေရမယ့် အင်စတီကျုးရှင်းဗျ။ အစိုးရအောက်က ဝန်ထမ်းက အစိုးရကို ပြန်ပြောတယ်ဆိုတာကတော့ ကျနော်တို့ ဝန်ထမ်းစည်းမျည်းအရဆိုရင် သူက Disobedient ဖြစ်တာပေါ့။ အဲဒါက ဝန်ထမ်းတယောက်အနေနဲ့ မကောင်းဘူးပေါ့။
သူတို့က ဝန်ထမ်းလစာယူနေတာကိုး။ သူတို့က ဘာလုပ်ထားလဲဆိုတော့ တပ်မတော်က သီးခြားအဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပြန်တယ်။ တခါ တပ်မတော်က သမ္မတရဲ့ အောက်မှာဆိုတာ လည်းရှိတော့။ သမ္မတရဲ့အောက်မှာဆိုရင် အခုလို ဟိုပြော၊ ဒီပြော ဝေဖန်ခွင့်မရှိဘူးပေါ့။
အခုက အာဏာသိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ သဘောတော့ သက်ရောက်တာပေါ့။ ဒါပေမယ့် သိမ်းမှာမဟုတ်ပါဘူး။ နိုင်ငံတကာအခြေအနေကလည်း အဲဒါတွေ ခွင့်မပြုတော့ပါဘူး။ ၂၀၀၈ အခြေခံ ဥပဒေကလည်း အာဏာသိမ်းစရာမလို အောင် အာဏာတွေပေးထားတာပဲဗျာ။ ထပ်သိမ်းမယ်တော့ ကျနော်တော့ မထင်ဘူး။
You may also like these stories:
“အရည်အချင်းရှိတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် ကြိုးစားပေးမယ်”
NLD ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို မနိုင် နိုင်တော့ဘူး