နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ခြွင်း ချက်ပြုထားသူများ အပါအဝင် ကြိုတင်မဲပေးခွင့်ရှိသူအားလုံး အောက်တိုဘာ ၂၉ ရက်မှစတင်ကာ မဲများပေးနေကြပြီဖြစ်ပြီး မဲရုံသို့ ကိုယ်တိုင် လာရောက် မဲမပေးနိုင်သော အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများအတွက် သက်ဆိုင်ရာ မြို့ နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက အိမ်တိုင်ရာရောက်သွား၍ ကြိုတင်မဲ ရယူပေးလျက် ရှိသည်။
ထိုကဲ့သို့ ကြိုတင်ဆန္ဒမဲများ ရယူရာတွင် ဖြစ်ပေါ်လျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု အခြေအနေများနှင့် ပတ် သက်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအစီစဉ်များ၊ မဲဆန္ဒရှင် အသိပညာပေးသင်တန်းများ၊ ရွေးကောက်ပွဲ ဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း တခုဖြစ်သော ပဉ္စမမဏ္ဍိုင် (The Fifth Pillar) ၏ ရှေ့နေနှင့် Program Director ဦးနေဝင်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်မှုတွေ လုပ်နေတဲ့ ကိုနေဝင်းနိုင်တို့ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးတဲ့ ကာလမှာ ဘယ်လို ပြဿနာမျိုးတွေ အဓိက တွေ့မြင်နေရပါသလဲ။
ဖြေ ။ ။ ပထမတခု ရွေ့လျားမဲကောက်ခံတဲ့စနစ်က ပြဿနာတွေ တော်တော်များတယ်လို့ တွေ့ရတယ်။ ရွေ့လျားမဲပေး စနစ်က ကောင်းလားဆိုရင် ကောင်းတယ်လို့ ပြောရမယ်။ ဒါပေမယ့် စနစ်တကျ စီမံခန့်ခွဲမှုမှာတော့ အားနည်းတယ်လို့ မြင် ရတယ်။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုသလိုမျိုး ပြဿနာတွေပေါ့လေ။ ကြိုတင်မဲပေးပေး၊ မဲရုံမှာပဲပေးပေး အဓိ ကက လျှို့ဝှက်မဲပေးစနစ်လို့ ပြောတယ်။ တစုံတယောက်အနေနဲ့ သွားပြီး ချောင်းကြည့်တာ၊ ခိုးကြည့်တာတို့ လုပ်လို့ မရ ဘူး။ အဲဒါကြောင့် ဓာတ်ပုံ၊ ဗီဒီယိုတို့ သတင်းဌာနတွေကိုတောင်မှ ယူခွင့်ပေးမထားဘူး။ ဒါပေမယ့် အခု ကြိုတင်မဲ ပေးတဲ့ အခါမှာ လျှို့ဝှက်ဆန္ဒမဲပေးခန်းတွေ မရှိဘဲ အဆင်ပြေသလိုမျိုး လူရှေ့သူရှေ့မှာ ပွင့်လင်းမြင်သာမှု အရမ်းဖြစ်တာ၊ လျှို့ဝှက်မဲ ပေးစနစ် ကို သွားပြီးထိခိုက်တာမျိုးတွေ တွေ့ရတယ်။
ဒုတိယတချက်က ပါတီဝတ်စုံတွေ၊ ပါတီရဲ့ထီးတွေ အဲဒါမျိုးတွေနဲ့ ကြိုတင်မဲ သွားကောက်နေတာမျိုး တွေ့ရတယ်။ ရွေး ကောက်ပွဲ ဥပဒေအရ မဲဆွယ်စည်းရုံးရာရောက်တဲ့ ပါတီအသုံးအဆောင် ပစ္စည်းတွေ လုံးဝ မလုပ်ရဘူးလို့ ပြောထားတယ်။ အဲဒီကိစ္စမျိုးတွေက ကြပ်ကြပ်မတ်မတ်နဲ့ တားမြစ်တာ၊ အရေးယူတာမျိုး လုပ်ဆောင်ပေးသင့်ပေမယ့် အရေးယူမှု အားနည်း တာမျိုး တွေ့ရတယ်။
မဲစာအိတ်တွေ ပွင့်နေတဲ့၊ ဟနေတဲ့ ကိစ္စမျိုးတွေကတော့ စီမံခန့်ခွဲမှု အားနည်းချက်တွေ၊ quality control (အရည်အသွေး ပိုင်း) စိစစ်တဲ့အခါမှာ အားနည်းချက်တွေရှိလို့ ဖြစ်တယ်လို့ သုံးသပ်မိတယ်။ မျှမျှတတပြောမယ်ဆိုရင် အခြေအနေက အ ရမ်းကပ်ပြီးတော့မှ သန်းချီလုပ်တဲ့အတွက် ဒီလိုမျိုးဖြစ်တယ်လို့ နားလည်လို့ရတယ်။ သို့ပေမယ့် ဒါက သိပ်ပြီးများလာတဲ့ အ ခါမှာ ဒီ ၅ နှစ်လုံးလုံး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို မေးခွန်း ထုတ် စရာလေးတွေ ဖြစ်လာတာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး ဟနေတဲ့အတွက်ကြောင့် ပယ်မဲမဖြစ်သွားဘူး ဆိုတာကတော့ ကောင်းတဲ့ အချက် တခုပေါ့။
မေး ။ ။ ဆိုတော့ ဒီလိုပြဿနာတွေ ဖြစ်နေတာ အဓိက ဘာကြောင့်လို့ ထင်လဲ။
ဖြေ ။ ။ အဲဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်းတွေက အများကြီးပေါ့။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကနေ ဒီလုပ်ငန်း စဉ်တွေအပေါ်မှာ သေသေချာချာ သိနားလည်မှု အားနည်းတယ်လို့ ပြောရမယ်။ ဒီရွေ့လျား မဲပေးတဲ့စနစ်ဆိုတာ အရင် တုန်း ကလည်း ရှိတယ်။ သို့ပေမယ့် သူကတော့ ရွေးကောက်ပွဲမတိုင်ခင် ၁ ရက်ပေါ့။ ၈ ရက်နေ့ ကျင်းပမယ်ဆိုရင် ၆ ရက်၊ ၇ ရက်နေ့မှာ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းတဲ့သူတွေ၊ မီးဖွားနေတဲ့သူတွေ၊ မသန်စွမ်းတွေအတွက် အိမ်တိုင်ရာရောက် လိုက်ကောက်တဲ့စနစ်ဆိုတာ ရှိတယ်။ ဒါပေမယ့် နည်းတယ်ပေါ့။
အခု ဒီတခေါက်ကျ အသက် ၆၀ ကျော်ပြီးတဲ့သူတိုင်း ကြိုတင်မဲပေးခွင့်ရှိတယ်။ လူဦးရေ ထူထပ်တဲ့နေရာမှာ ရွေ့လျားမဲ ပေးစနစ်နဲ့ သွားမယ်လို့ ပြောတဲ့အခါ ရက်တွေက ကြာသွားတယ်။ အဲဒီလို လုပ်ရတဲ့အခါမှာလည်း လုပ်တော့မှသာ လုပ် ကြမယ်ဟေ့လို့ ဖြစ်တာ။ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်သူတွေပါမလဲ၊ ပြဿနာတခုခု ဖြစ်လို့ရှိရင် ဘယ်လို လုပ်ကြမလဲဆို တဲ့ သေသေချာချာ ပြင်ဆင်မှုအပိုင်းမှာ အားနည်းတယ်ဆိုတာ တွေ့ရတယ်။
နံပါတ်တစ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်တွေအပေါ် သေသေချာချာ တိတိကျကျ သိနားလည်မှု၊ သူတို့ကို ညွှန်ကြားတဲ့အခါ ရှင်းလင်းမှုအပိုင်းမှာ အားနည်းချက်တွေ အင်မတန်မှ ရှိတယ်။ ဥပမာ မဲပေးမယ် ဆိုရင် UEC က ထုတ်ပေးတဲ့ တံဆိပ်တုံးနဲ့သာလျှင် မဲပေးရမယ်ဆိုတဲ့ ကိစ္စမျိုးက နားလည်ပြီးသား ဖြစ်ရမှာ။ အဲဒီလိုမျိုးတွေ မဟုတ်ဘဲနဲ့ မဲပေးတဲ့သူတွေ များတဲ့အတွက် တခြားအပြင်ကနေ ယူလာတဲ့ တံဆိပ်တုံးတွေနဲ့ ထုခိုင်းတဲ့ကိစ္စမျိုး ခွင့်ပြုတယ် ဆိုတာက ရပ်ကျေးကော်မရှင်ခွဲတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်အပေါ်မှာ သေသေချာချာ နားလည်မှုတွေ အားနည်းနေလို့ ဖြစ်ရတဲ့ ပြဿနာတွေလို့ မြင်ရတယ်။
နောက်တခုက မဲပုံးတွေကို ပို့ပေးတဲ့၊ စီစဉ်တဲ့ logistic (ထောက်ပံ့ပို့ဆောင်ရေး) အပိုင်းတွေမှာ အားနည်းချက်တွေ ရှိတာ ကြောင့် ကြွပ်ကြွပ်အိတ်တွေ၊ ဆာလာအိတ်တွေနဲ့ မဲယူတဲ့ကိစ္စတွေ ပေါ်ပေါက်လာပြီးတော့မှ ဒီရွေးကောက်ပွဲရဲ့ လုံခြုံမှု၊ free and fair ဖြစ်တဲ့ကိစ္စတွေက နိုင်ငံရေးပါတီ အသိုင်းအဝိုင်းကြားမှာ ကျယ်ကျယ်လောင်လောင်နဲ့ မေးခွန်း ထုတ်ခံရ တာတွေ ဖြစ်လာတာပေါ့။ ဖြစ်တဲ့ကိစ္စတွေ အားလုံးကို ပြန်ခြုံပြီးကြည့်ရရင် UEC ကနေ အဆင့်ဆင့်သော ကော်မရှင် အဖွဲ့ခွဲတွေကို လမ်းညွှန်မှု၊ ညွှန်ကြားမှုတွေ၊ သင်တန်းပေးမှုတွေမှာ အားနည်းချက်တွေ ရှိခဲ့တဲ့အတွက်ကြောင့် ဒီလိုမျိုး ပြဿနာတွေ ပေါ်ပေါက်ရတယ်လို့ မြင်ပါတယ်။
မေး ။ ။ ဒါဆို UEC အနေနဲ့ ကော်မရှင်အဖွဲ့ခွဲတွေ၊ မဲရုံတာဝန်ကျတွေကို သင်တန်းတွေ ပြုလုပ်ပေးတယ်လို့ ဆိုပေမယ့် တကယ့်မြေပြင်မှာ ထိရောက်မှုမရှိဘူးဆိုတဲ့ သဘောလား။ မဲဆန္ဒရှင်အသိပညာပေးတဲ့ အပိုင်းမှာရော အားနည်းချက်တွေ ရှိနေပါသလား။
ဖြေ ။ ။ နှစ်ပိုင်းခွဲပြောရမယ်။ အသိပညာပေးတဲ့အခါ ပြည်သူလူထုကို ဘာကြောင့် မဲပေးရလဲ။ မဲ ဘယ်လိုပေးရမလဲ။ ဒီမို ကရေစီဆိုတာကို အသိပညာပေးမယ့်အပိုင်းက တပိုင်း။ နောက်တခုက သက်ဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဝင်ပြီး တာဝန် ထမ်းကြမယ့် ကော်မရှင်အဖွဲ့ခွဲ အသီးသီးနဲ့ မဲရုံကိုယ်စားလှယ်တွေကို အသိပညာပေးတဲ့အပိုင်းက တပိုင်းပေါ့။
ပထမပိုင်းဖြစ်တဲ့ ပြည်သူလူထုကို အသိပညာပေးတဲ့ အပိုင်းက လုပ်နေသလားဆိုရင် လုပ်နေတယ်။ ရွေးကောက်ပွဲမှာ ဆုံ တဲ့ဖူးစာတို့ဘာတို့ ဗီဒီယိုတွေ တွေ့ရသေးတာပဲ။ သို့ပေမယ့် အဲဒါ ထိရောက်သလားဆို မထိရောက်ဘူး။ နောက်ပြီး UEC နဲ့ အရပ်ဖက်အဖွဲ့တွေပေါင်းပြီး လုပ်နေတာမျိုး ရှိတယ်။ ဒါတွေကလည်း ပြည့်စုံတာတော့ မဟုတ်ဘူး။ ကိုဗစ်ကြောင့် ရည်ရွယ် ထားတာနဲ့ တဝက်လောက်ပဲ ရောက်နိုင်တဲ့သဘော၊ ကိုဗစ်ကြောင့် အားနည်းချက် ဖြစ်နေတယ်လို့ ပြောလို့ရတယ်။
မဲရုံတွေမှာ တာဝန်ရှိတဲ့သူကို သင်တန်းပေးတဲ့ကိစ္စမှာ နည်းနည်း သံသယရှိတယ်။ ဒီလုပ်ငန်းစဉ်တွေကို သိတိုင်း သင်တတ် တာ မဟုတ်ဘူး။ ကိုယ်သိတာတခုကို သူများကို ပြန်ပြောတဲ့အခါ ဘယ်လို နားထဲရောက်အောင် ပြောမှာလဲ။ ဘယ်လို သ တင်း စကားပေးမှာလဲ ဆိုတာက အနုပညာတရပ်လို့ မြင်တယ်။ အခု လေ့လာမိသလောက်ဆိုရင် အဆင့်ဆင့်သော ကော်မ ရှင်အဖွဲ့ခွဲတွေက အဆင့်ဆင့်သော ကော်မရှင်တွေကို ပြန်ပြီးသင်တန်းပေးတဲ့အခါ သင်တန်းတွေရဲ့ quality အပိုင်းမှာ အား နည်းချက်တွေရှိပြီး အခုလို ပြဿနာတွေ ဖြစ်လာတယ်လို့ မြင်တယ်။
လာမယ့် ၈ ရက်နေ့ကျရင်လည်း ပြဿနာပေါင်းစုံတွေ အများကြီး ပိုကြားလာရမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆို ဒီရွေးကောက်ပွဲ မဲရုံမှူးတွေ ရွေးတဲ့အခါမှာ နောက်ကျတယ်။ သင်တန်းပေးတဲ့ အခါမှာလည်း နည်းနည်းနောက်ကျတဲ့ အ တွက် မဲရုံမှူးတွေ ပြင်ဆင်ရမယ့်အပိုင်းတွေ၊ သူတို့ကိုယ်တိုင် လေ့လာသင်ယူရမယ့် အပိုင်းမှာ အချိန်က အရမ်းအကန့်အ သတ်ရှိတယ်။ သူတို့က ဒီတခုပဲ လုပ်တာမဟုတ်ဘူး။ မဲရုံမှူး တော်တော်များများက ကျောင်းဆရာမ ဖြစ်တယ်။ ကျောင်း ဆရာမတွေဆိုတာ ပါတီနိုင်ငံရေးတို့နဲ့ ကင်းရှင်းပြီးတော့မှ တချိန်လုံး စာပေတွေ၊ တခြားလူမှုရေးကိစ္စတွေနဲ့ပဲ အချိန်ကုန် နေတဲ့သူတွေ များတဲ့အတွက် ၂ ရက်လောက် သင်တန်းပေးပြီးတော့မှ တာဝန်ထမ်းရမယ်လို့ ပြောတဲ့အခါ တကယ့်တ ကယ် အကျိုးသက်ရောက်မှုက ဘယ်လောက်ရှိမလဲ ဆိုတဲ့အပိုင်းမှာ တော်တော်ကြီးကို စိုးရိမ်မှုရှိတယ်။
မေး ။ ။ လက်ရှိ UEC အနေနဲ့ ရှေ့မှာ နှစ်ဆက်လုပ်ခဲ့ပြီးတဲ့ အတွေ့အကြုံတွေ ရှိတာတောင် မမှားသင့်တဲ့ အမှားတွေ ဖြစ် တယ်ဆိုပြီး ဝေဖန်နေကြတာ ရှိတယ်။ ကိုနေဝင်းနိုင်အနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က တပ်မတော် အစိုးရကနေ ခန့်တဲ့သူတွေ။ ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင် ကတော့ အရပ်သားတပိုင်း အစိုးရ ခန့်ခဲ့သူတွေ။ အခု ဒီတခေါက်မှာတော့ အရပ်သားစစ်စစ် အစိုးရလက်ထက်မှာ ခန့် တဲ့ ကော်မရှင်ဖြစ်တယ်လို့ ပြောရမှာပေါ့။ ကော်မရှင်အနေနဲ့ ဒိုင်လူကြီး ဖြစ်တဲ့အတွက် ကစားပွဲတခုကို ကျင်းပတော့မယ်၊ ဦးဆောင်တော့မယ် ဆိုတဲ့အခါမှာ ပါဝင်ကစားကြမယ့် နိုင်ငံရေးပါတီတွေ၊ ပါဝင်ကြတဲ့ CSO တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ကစား ပွဲစည်းမျဉ်းတွေ ချမှတ်တာ၊ ကြိုတင်မမြင်နိုင်သော အခုလို ဖြစ်ပျက်လာနိုင်တဲ့ အနေအထားတွေကို ကြိုတင်တွက်ချက်ပြီး ပြင်ဆင်တာတွေ လုပ်ရမှာဖြစ်တယ်။
သို့ပေမယ့် ဒီကော်မရှင်ကို သုံးသပ်ရရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်တွေ ရယူတာ၊ ဆွေးနွေးတာ မျိုးတွေ အားနည်းပြီးတော့ သူတို့ကော်မရှင်က သင့်တော်တယ်၊ ကောင်းတယ်လို့ ထင်မြင်တဲ့အရာတွေကို လုပ်သွားတယ် လို့ မြင်တယ်။ သူတို့က ကြိုးစားပြီး free and fair ဖြစ်ဖို့လုပ်နေတာတွေ မရှိဘူးလားဆို လုပ်နေတာတွေ အများကြီးရှိ တာ တွေ့ရပေမယ့် အဲဒီ လုပ်နေတဲ့ဟာတွေက တကယ့်တကယ် လူထုကြား ပျံ့နှံ့စိမ့်ဝင်မှုက အားနည်းတာ တွေ့ရတယ်။
ပြင်ဆင်ဖို့ အချိန်တွေ အများကြီးရခဲ့ရဲ့သားနဲ့ ပြင်ဆင်နိုင်မှု၊ stakeholder အားလုံးနဲ့ ပူးပေါင်းပါဝင်မှု အပိုင်းမှာ အားနည်း တယ်။ အခု တကယ့်တကယ် မြေပြင်ပေါ်မှာ ချလုပ်တော့မယ်လို့ ပြောတဲ့အခါ ကမောက်ကမနဲ့ အဆင်မပြေမှုတွေ၊ ကြို တင်မမြင်ရနိုင်တဲ့ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာတဲ့အခါ ကော်မရှင်အနေနဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူးဆိုတဲ့ အခြေ အနေမျိုး ဖြစ်နေတယ်။ ကော်မရှင်အဖွဲ့ဝင်များလည်း ဒီအချိန်မှာ တော်တော်လေး ခေါင်းခဲပြီးတော့မှ ဒါတွေကို ဘယ်လို လုပ်ကြမလဲဆိုတာကို စဉ်းစားနေရတဲ့ အနေအထားတွေ ရှိမယ်လို့ ထင်ပါတယ်။
သို့သော်လည်း ဒီအခက်အခဲတွေကို ကြိုးစားပြီး ဘယ်လို ဖြေရှင်းနေပါတယ် ဆိုတဲ့ဟာကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူ တွေက ထွက်ပြောပေးမယ် ဆိုရင်တော့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ရှိနေတဲ့သူတွေ၊ နိုင်ငံရေးကစားကွက်ကို ဝင်ကစား တဲ့ သူတွေလည်း ပိုပြီးယုံကြည်မှု ရနိုင်တာပေါ့။ သို့ပေမယ့် ကော်မရှင်က အဲဒီအကြောင်းတွေ သိပ်မလုပ်ဘဲနဲ့ facebook page က အမြဲတမ်း ပုဒ်မ ၅၈(ဃ) လား အဲဒါချည်းပဲ တင်နေတဲ့အခါကျတော့ ကျနော်တို့က ဘာလုပ်ရမှန်း မသိဘူးပေါ့။
မေး ။ ။ လွတ်လပ်တဲ့ ကော်မရှင်တခုအဖြစ် ရပ်တည်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ တိုက်တွန်းပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ကိုနေဝင်းနိုင်ရဲ့ သဘောထားကရော ဘယ်လို ရှိပါ သလဲ။
ဖြေ ။ ။ ဘယ်ကော်မရှင်မဆို ရင်ဆိုင်ရတဲ့ ပြဿနာက independence (လွတ်လပ်ခြင်း) ဖြစ်ရဲ့လား၊ ဘက်လိုက်မှု ကင်း ရဲ့လား ဆိုတဲ့စာမေးပွဲကို ရွေးကောက်ပွဲကော်မရှင်တိုင်းက ဖြေရမှာ။ ဘာကြောင့်လဲဆို အနိုင်ရသွားတဲ့ပါတီ သို့မဟုတ် အစိုးရဖြစ်သွားတဲ့ ပါတီကနေ အဲဒီရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့လိုက်တယ်။ သက်တမ်းကလည်း သမ္မတနဲ့ အတူတူပဲ သွားထားတဲ့အခါ ဘယ်လောက်ပဲ သမာသမတ် ကျပါတယ်၊ ဘက်မလိုက်ပါဘူးလို့ ပြောပြော အတိုက်အခံ အုပ်စုတွေ အနေ နဲ့က ကော်မရှင်ကို ကြည့်တဲ့အခါ အမြဲတမ်းသံသယမျက်လုံးနဲ့ ကြည့်မှာ သဘာဝပဲ။ အဲဒါကြောင့် ဥပဒေကို ပြင်ဖို့လိုတယ်။ ပြင်တဲ့အခါမှာလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ခန့်အပ်တဲ့ပုံစံတွေ၊ သက်တမ်းတွေကို ထည့်သွင်းစဉ်းစားပြီးပြင်ဖို့ အရေး ကြီးပါတယ်။ မဟုတ်ဘူးဆိုရင် ဒီရွေးကောက်ပွဲ တကြိမ် ပြီးသွားမယ်။ ၂၀၂၅ ထပ်လုပ်ရင်လည်း အလားတူ ပြဿနာတွေ ကိုပဲ ထပ်ပြီးတော့မှ ကြုံရမယ်လို့ မြင်တယ်။
အခုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတွေက ထောက်ပြနေကြတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြနေ ကြတဲ့ကိစ္စက အသစ်မဟုတ်ဘူး။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဦးတင်အေးတို့ ကော်မရှင်ကို ဒါမျိုးတွေ ထောက်ပြခဲ့ တာပဲ။ အဲဒီတော့ အမြဲတမ်း အဟောင်းတွေကိုပဲ ပြောနေရတာ ကျနော်တို့လည်း ပျင်းလာပြီ။ အခုကော်မရှင်ဆို လွှမ်းမိုးမှု ရှိတယ်၊ ဘက်လိုက်မှုရှိတယ်လို့ လူထုတွေက၊ နိုင်ငံရေးအသိုင်းအဝိုင်းက သူ့ကိုပြောတော့ အဲဒါကို စိတ်ဆိုးပြီးတော့မှ ကျနော်တို့ လူထုတွေနဲ့ သိပ်မတွေ့တော့ဘူး။ အဲဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ပြင်လိုက်ရင် အဆင်ပြေမယ်လို့ ထင်တယ်။
မေး ။ ။ တချို့ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တချို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် နှောင့်ယှက်မှုတွေ ရှိနေတယ်။ ဒါတွေက ရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲ။ ဒီကိစ္စတွေကို UEC အနေနဲ့ ဘယ်လို ဆောင် ရွက်သင့်ပါသလဲ။
ဖြေ ။ ။ အဓိကက ကော်မရှင်က ထွက်ပြီးတော့မှ မေတ္တာရပ်ခံတဲ့ ကိစ္စမျိုးတွေ လုပ်ရမှာ။ အဲဒီလိုမျိုး လုပ်တယ်လို့တော့ သတိမထားမိဘူး။ free and fair ဖြစ်တယ်ဆိုတာ မဲပေးသူက လွတ်လပ်စွာနဲ့ ဆန္ဒမဲပြုခွင့်ရမှသာ လွတ်လပ်တယ်လို့ ပြော တာပေါ့။ တစုံတယောက်က ခြိမ်းခြောက်လို့၊ တစုံတယောက်ကို ကြောက်လို့၊ အဲဒီလူပြောတဲ့လူပဲ ပေးရတယ်လို့ ပြောတဲ့အ ခါ ဒါ လွတ်လပ်သော ရွေးကောက်ပွဲလို့ ပြောလို့မရတော့ဘူး။ အဲဒီမှာ ဘာဖြစ်လာနိုင်လဲဆို တချို့မဲဆန္ဒနယ်ကို ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်။
အထူးသဖြင့် ပြည်နယ်တွေမှာ တိုင်းရင်းသားဒေသမှာရှိတဲ့လူတွေက သူ့လူမျိုး သို့မဟုတ် သူ့ဒေသခံ ပါတီကိုပဲ မဲပေးကြ မယ့်၊ အားပေးကြမယ့်သူတွေ ချည်းပါပဲ။ အဲဒီလိုမျိုး ကိုယ့်လူက အနိုင်ရသွားပြီး လွှတ်တော်ပေါ် ရောက်သွားနိုင်တဲ့ အခြေ အနေကို ကိုယ်တွေကြောင့် သို့မဟုတ် ဒီလိုလက်နက်ကိုင်တဲ့ လူတွေကြောင့် တစုံတရာ ရိုက်ခတ် သွားမယ်ဆိုရင် အဲဒီ ဒေ သမှာရှိတဲ့ ကိုယ်စားပြုမှုတွေ နည်းသွားမယ်။ ဒါဆိုရင် အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်ဖို့၊ တစုံတရာ အခက်အခဲ ပြဿနာတွေ ဖြစ်တဲ့အခါ နိုင်ငံရေးနဲ့ အဖြေရှာတဲ့ လမ်းကြောင်းတွေက ပျောက်သွားပြီး ဒီဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ အသံတွေ က ပြည်မ နေပြည်တော်ကို မရောက်နိုင်တော့ဘူး။
ဒါမျိုးကိစ္စတွေ ကြုံရနိုင်တာဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို ဒီလိုမျိုးတွေ ဝင်မလုပ်ကြဖို့၊ ဒီလိုမျိုး ဝင်လုပ်ရင် ဒီလို နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်နိုင်တယ် ဆို တဲ့အကြောင်းတွေကို ထွက်ပြောရမယ်။ ထွက်ပြီး advocacy လုပ်ရမယ်။ ဘယ်လောက်ပဲ တိုက်ပွဲတွေ ပြင်းထန်နေ၊ ပြင်းထန်နေ ဒီရွေးကောက်ပွဲကာလ ၂/၃ လမှာတော့ အပစ်အခတ် ရပ်စဲမယ်ဆိုတဲ့ ကိစ္စတွေလုပ်ဖို့၊ အဲဒီလုပ်ဖို့ကိုလည်း UEC က ထွက်ပြီး မေတ္တာရပ်ခံတဲ့ကိစ္စတွေ လုပ်သင့်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ နောက်ဆုံးရလဒ်တွေက မကောင်းနိုင်ဘူး။
မေး ။ ။ လက်ရှိဖြစ်နေတဲ့ကိစ္စတွေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လောက်ထိ သက်ရောက် မှု ရှိသွားနိုင်ပါသလဲ။ ဒီအပေါ်မှာရော စိုးရိမ်မှုရှိပါသလား။
ဖြေ ။ ။ စိုးရိမ်မှုအများကြီး ရှိတယ်။ ရွေးကောက်ပွဲတခုဆိုတာ ရွေးကောက်ပွဲလုပ်လိုက်တယ်။ ပြီးသွားတယ်။ အစိုးရ တ ရပ်ထွက်လာတယ်။ အဲဒီလောက် မရိုးရှင်းဘူး။ ရွေးကောက်ပွဲလုပ်တယ်ဆိုတာက Political agreement တွေ၊ ဒီကစားပွဲမှာ ရှိတဲ့ သဘောတူညီမှုတွေ၊ ဝန်ဆောင်မှုပေးတဲ့ ကိစ္စတွေကို ဝန်ဆောင်မှု ပေးခွင့်ရအောင် ပြည်သူလူထုတွေဆီက အာဏာ တောင်းခံတဲ့ပွဲလို့ ပြောတယ်။ အဲဒီလို အာဏာတောင်းခံတဲ့ပွဲမျိုးမှာ လူတိုင်း၊ ပါတီတိုင်းက ပြောဆိုခွင့်ရှိမယ်။ လွတ်လွတ် လပ်လပ်နဲ့ မဲဆွယ်စည်းရုံးခွင့်ရှိတဲ့ အခါကျမှသာ ဒါ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောတာပေါ့။
ပညာရှင်တွေ ပြောကြတာက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ပါတီတွေ၊ ပုဂ္ဂိုလ်တွေက ဒီရွေးကောက်ပွဲမှာ မျှမျှတတနဲ့ ရှုံးသွားတာပါကွာဆိုတဲ့ အဲဒီလို စိတ်ဆန္ဒ ခံယူချက်မျိုး၊ စိတ်ဆန္ဒမျိုး ဖြစ်ပေါ် တယ်ဆိုရင် ဒါကို လွတ်လပ်ပြီးတော့မှ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောတယ်ပေါ့။ အခုလို တံဆိပ်တုံး အတုတွေ ပေါ် လာတဲ့ကိစ္စမျိုး၊ မဲတွေကို မဲပုံးနဲ့မဟုတ်ဘဲ လုံခြုံရေးစည်းတွေမပါဘဲ ကြွပ်ကြွပ်အိတ်နဲ့ ကောက်ခံတဲ့ကိစ္စမျိုး၊ လျှို့ဝှက်မဲ ဆန္ဒပေးခြင်းကို ထိခိုက်တဲ့ ကိစ္စမျိုးတွေက ဒါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်သလားဆိုတဲ့ကိစ္စမှာ အင်မ တန်မှ မေးခွန်းထုတ်စရာ ကောင်းပါတယ်။
ဒီလို အခြေအနေမှာ UEC အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီ လိုမဟုတ်ဘဲနဲ့ ကော်မရှင်က လုပ်ပိုင်ခွင့်ရှိတာပဲ။ သူ့ သဘောနဲ့သူ ဆုံးဖြတ်လိုက်မယ်လို့ ပြောတဲ့အခါမျိုးမှာ နိုင်ငံရေးပါတီ၊ stakeholder တွေကြားမှာ သဘောမမျှတဲ့ကိစ္စတွေ ပေါ်လာပြီးတော့မှ ရွေးကောက်ပွဲရလဒ်ကို boycott (သပိတ်မှောက်) လုပ်တယ်ဆိုတဲ့ကိစ္စမျိုး၊ ရွေးကောက်တင်မြှောက်ပြီးတော့မှ ပေါ်လာတဲ့ လွှတ်တော်ရဲ့ legitimacy(တရားဝင်မှု)၊ လွှတ် တော် က ရွေးကောက် တင်မြှောက်လိုက်တဲ့ နိုင်ငံတော်သမ္မတရဲ့ legitimacy တွေထိပါ အများကြီး ထိခိုက်သွားနိုင် တယ်လို့ ကျနော် မြင်တယ်။
အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့လုပ်ဆောင်ချက်တွေ၊ ဒါတွေကို ဘယ်လို ဖြေရှင်းနေပါတယ်ဆိုတဲ့ ကိစ္စတွေကို နိစ္စဓူဝ အချိန်နဲ့အမျှ ထွက်ပြီးတော့မှ ပြောနေမယ်ဆို ပိုပြီးကောင်းမယ်လို့ မြင်တယ်။ ပုန်းနေတာက အဖြေ မဟုတ်ဘူး။ ပုန်းနေလေလေ ပြဿနာတွေ ပိုများလေလေ ဖြစ်မယ်လို့ပဲ သုံးသပ်ချင်ပါတယ်။
You may also like these stories:
ရွေးကောက်ပွဲ၌ ရခိုင် တပ်မဲရုံများကို စောင့်ကြည့်ရန် အခက်ခဲရှိဟု အရပ်ဘက်အဖွဲ့များဆို
၂၀၂၀ ရွေးကောက်ပွဲလွန်ကာလအား ခန့်မှန်းတွက်ချက်ခြင်း
တပ်မတော်ရဲ့ သတိပေးချက် နိုင်ငံရေးအသိုင်းအဝိုင်းက ဘယ်လိုတုံ့ပြန်သလဲ