ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိစွာနဲ့ ပြီးသွားမယ်လို့ မြင်တယ်

ထွန်းထွန်း
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak
Want create site? Find Free WordPress Themes and plugins.

ယနေ့ ကျင်းပတဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတကာသံရုံးတွေနဲ့ ပြည်တွင်းပြည်ပက အဖွဲ့အစည်း များလည်း စောင့်ကြည့်လေ့လာလျှက်ရှိရာမှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak ဦးဆောင်တဲ့ အဖွဲ့ဝင်တွေကလည်း ကော့မှူးမြို့နယ်အတွင်းက နတ်စင်ကုန်းစံပြကျေးရွာ မဲရုံ အပါအဝင် မဲရုံအချို့မှာ စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ ကော့မှူးမြို့နယ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၁ ခုလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ သံအမတ်ကြီးအနေနဲ့ ကော့မှူးမြို့နယ်ကို လေ့လာဖို့ ရွေးချယ်ရတဲ့အကြောင်းနဲ့ မဲရုံပြင်ဆင်မှုတွေ၊ ကျန်းမာရေး စည်းမျဉ်း ဆောင်ရွက်ထားချက်တွေအပေါ် အမြင်သုံးသပ်ချက်တွေကို ဧရာဝတီသတင်းဌာနက အကြီးတန်း သတင်းထောက် ထွန်းထွန်းက မေးမြန်းထားပါတယ်။

မေး ။ ။ ဘာကြောင့် ကော့မှူးမဲဆန္ဒနယ်ကို လာရောက် လေ့လာ ဖြစ်တာပါလဲ။

ဖြေ ။ ။ အခုလိုမျိုး ကော့မှူးမြို့နယ်ကို လာရောက်လေ့လာရတဲ့ အဓိက အကြောင်းအရင်းကတော့ နိုင်ငံတော် အတိုင် ပင်ခံရဲ့ ရွေးကောက်ပွဲနေရာ တခုလည်း ဖြစ်တယ်။ နောက်တခုက ဒီဒေသမှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ မဲရွေးချယ် နေရာမှာ ဘယ်လောက်အထိ ပါဝင်ပတ်သက်မှုရှိလည်း ဆိုတာကို လာရောက်ကြည့်ရှုခြင်း ဖြစ်ပါတယ်။

မေး ။ ။ လာပြီးတော့ ကွင်းဆင်းလေ့လာတဲ့အခါမှာ ကျန်းမာရေးစနစ်အညီ ပြင်ဆင်ထားတဲ့အခြေအနေတွေကို ဘယ်လိုများ သုံးသပ်မိသလဲ။

ဖြေ ။ ။ ဒီမှာ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း မဲရုံရှေ့မှာ ပြည်သူ၊ ပြည်သားတွေ လာတဲ့အခါမှာ လည်း အိမ်ကပါလာတဲ့ MASK(နှာခေါင်းစည်း)ကို ဖြုတ်ပြီးတော့ ဒီကပေးတဲ့ အသစ်ကိုတပ်တယ်။ နောက်တခုက Face shield ကိုလည်းတပ်တယ်။ နောက်တခုအနေနဲ့ကတော့ ရုံးရဲ့ အကျယ်အဝန်းကလည်း ကျယ်တဲ့အခါကြတော့ တ ယောက်နဲ့ တယောက် Social distance အနေနဲ့ ၆ ပေအကွာမှာလည်း ထားထားတာတွေ့ရတယ်။ ဒါက မဲလာပေးတဲ့ သူတွေအတွက်လည်း COVID-19 ကူးစက်ရောဂါကနေ ကာကွယ်ပြီးသားဖြစ်တယ်။ ပြီးရင် မဲရုံမှူးတွေအတွက်လည်း ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် လုံးဝအားရပါတယ်။

မေး ။ ။ မဲရုံတွေ ပြင်ဆင်ထားမှုကရော လွတ်လပ်စွာမဲပေးနိုင်တဲ့ အခြေအနေလို့ ထင်မြင်မိပါသလား။

ဖြေ ။ ။ မဲရုံထဲမှာက ရောက်လာလို့ရှိရင် ဘယ်ကိုသွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာ ရှင်းပြထားတယ်။ တာဝန် ကျနေတဲ့ ကူညီပေးတဲ့သူတွေကလည်း ရှိနေပါတယ်။ ကျမအနေနဲ့ကတော့ ဒီမဲရုံဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ သုံးသပ်မိပါတယ်။

နောက်တခုက ဒီမှာတွေ့နေရတာက လူတိုင်းမှာ မဲပေးဖို့အတွက် ကတ်ပြားလေးတွေပါတယ်ပေါ့နော်။ မဲစာရင်းနံပါတ်တွေ ပါလာတယ်။ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတဲ့ သက်သေအချက်အလက်တွေလည်း ပါလာတဲ့အတွက်ကြောင့် ပွင့်လင်း မြင်သာမှုရှိတယ်လို့ ပြောရပါမယ်။

မေး ။ ။ မြန်မာ့ရွေးကောက်ပွဲအပေါ် ခြုံငုံသုံးသပ်ရမယ်ဆိုပါက ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။

ဖြေ ။ ။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အလျှောက် ဒီရွေးကောက်ပွဲကြီးဟာ ပွင့်လင်းမြင် သာမှု၊ တရားမျှတမှုရှိစွာနဲ့ပဲ ပြီးဆုံးသွားမယ်လို့ မြင်ပါတယ်။ နောက်တခုက ပြည်သူပြည်သားတွေကလည်း လာရောက် ပြီးတော့ အခုလိုမျိုး စိတ်အားတက်ကြွစွာနဲ့ မဲလာပေးကြတဲ့အတွက်လည်း အရမ်းကို ကျေနပ် မိပါတယ်။ အဲဒီလိုမျိုး ပြည်သူတွေက လာရောက်ပြီးတော့ မဲပေးကြမှသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

မေး ။ ။ နောက်ဆုံးတချက်ကပေါ့နော် မြန်မာပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာ စိုးရိမ် ချက်တွေလည်းရှိတယ်။ တည်ငြိမ်အေးချမ်းရေးပေါ့။ လက်ရှိနိုင်ငံရေးအခြေအနေအရ အာဏာသိမ်း နိုင်သလား။ အငြင်းပွားမှုတွေ များမလားပေါ့။ အဲ့ဒီလို စိုးရိမ်ချက်တွေရှိတဲ့အပေါ် သံအမတ်ကြီးအနေနဲ့ရော ဘယ်လိုမြင်မိပါသလဲ။

ဖြေ ။ ။ အာဏာသိမ်းတာတို့ ဘာတို့ကတော့ ဒီသတင်းတွေက မရှိဘူးပေါ့နော်။ လောလောဆယ် သိထားတဲ့ သတင်းတွေအရတော့ အနှောက်အယှက်လေးတွေတော့ ရှိလာနိုင်မယ်။ ဒါမှမဟုတ်ရင်လည်း အခုအနေအထားမှာ ရခိုင်ဒေသမှာဆိုရင် ကိုယ်စားလှယ်လောင်းတွေကို ပြန်ပေးဆွဲထားတာရှိတယ်။ အဲဒီသတင်းတွေတော့ ရှိတယ်ပေါ့။ အဲဒါတွေကြောင့်တော့ အရမ်းကြီးတော့ စိတ်ပူစရာမရှိပါဘူး။

တပ်မတော်အနေနဲ့လည်း အာဏာသိမ်းလိုက်မယ်ဆိုရင် အပြုသဘောဆောင်တဲ့ ဘက်ကိုမရောက်ဘဲနဲ့ သူ့ရဲ့ပုံရိပ် ကလည်း မကောင်းတဲ့ဘက်ကို ပြန်ကျသွားနိုင်တဲ့အတွက်ကြောင့်မလို့ အဲဒီလိုတွေ ဖြစ်ဖို့အတွက်ကတော့ လုံးဝကို သိပ်ပြီးတော့ ပူပင်မှုတော့ မရှိပါဘူး။

You may also like these stories:

ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ

ချမ်းအေးသာစံမြို့နယ်တွင် ရှမ်းတိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မရသူများရှိနေ

ရွေးကောက်ပွဲများတွင် ကာကွယ်ရေး ဦးစီးချုပ်များ၏ ပြောဆိုချက်များအား ပြန်လည်ဖတ်ရှုခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading