NLD က ချင်းပြည်နယ်မှာ အကုန်လုံးနီးပါး အောင်နေပြီ

ထွန်းထွန်း
ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲအတွက် မြိုနယ် ၉ မြို့နယ် ပါဝင်တဲ့ ချင်းပြည်နယ်မှာ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၈ နေရာတို့အတွက် နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၇၂ ဦးနဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီလိုယှဉ်ပြိုင်ခဲ့ကြရာမှာ ရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်တာ မရှိသေးပေမယ့် ချင်းပြည်နယ်အတွင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အနိုင်ရလျှက်ရှိတယ်လို့ သတင်းတွေ ထွက် ပေါ်နေတာနဲ့ ပတ်သက်ပြီး လက်ရှိ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်ထံ ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ထွန်းထွန်းက ယနေ့မနက်ပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ သိထားရတဲ့ အချက်အလက်တွေအရ ချင်းပြည်နယ်မှာ NLD အနိုင်ရရှိမှု ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဖြေ ။ ။ ချင်းပြည်နယ်မှာတော့ ကျနော်တို့ သိထားသလောက်ဆိုရင် အကုန်လုံးနီးပါး အောင်နေပြီပေါ့။ ချင်းပြည်နယ် တောင်ပိုင်း ၄ မြို့နယ်ပေါ့နော်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ အကုန်အောင်တယ်။ နောက်ပြီးတော့ ဖလမ်း အောင်တယ်၊ ထန်တလန် အကုန်အောင်တယ်။ ဟားခါးမှာ ပြည်နယ်လွှတ်တော် တနေရာကတော့ နည်းနည်းအခြေအနေ မကောင်းဘူး။ နောက်တခုက အမျိုးသားလွှတ်တော်(ဟားခါး) တနေရာက ကျနော်တို့ နိုင်တယ် ဆိုပေမယ့်လည်း အတည် မပြုနိုင်သေးတဲ့ အခြေအနေရှိတယ်။ နည်းနည်းလေး အငြင်းပွားမှုတွေ ရှိနေတယ်လို့ ကော်မရှင်ဆီက ကြားလိုက်တယ်။

ဖလမ်းမြို့နယ်မှာ ၄ နေရာ ကျနော်တို့ အကုန်နိုင်တယ်။ နောက်ပြီးတော့ တီးတိန်မှာ ၅ နေရာပေါ့နော်၊ ၅ နေရာစလုံး အောင်တယ် တီးတိန်မြို့နယ်မှာ။ တွန်းဇံမှာ ပြည်နယ်လွှတ်တော်တနေရာ ကျနော်တို့ အခြေအနေ သိပ်မကောင်းဘူး။

အဲဒီတော့ ဟားခါးနဲ့ တွန်းဇံတနေရာစီ နည်းနည်းလေး အတည်ပြုမရတဲ့ဟာရှိတယ်။ ကျန်တာကတော့ NLD အကုန်လုံး နိုင်တယ်။

မေး ။ ။ ဝန်ကြီးချုပ် ကိုယ်တိုင်ပြိုင်တဲ့ နေရာမှာလည်း ပြန်ပြီးအနိုင်ရတာပေါ့နော်။

ဖြေ ။ ။ ဟုတ်ပါတယ်။ မဲအပြတ်အသတ်ပါပဲ။ မဲ ၁၆၀၀၀ ကျော်မဲပေးတဲ့အထဲမှာ ကျနော်က ၉ ထောင်ကျော်ရတယ်။ ကျနော်ရဲ့ ပြိုင်ဘက်တွေက မဲ ၅ ထောင်အောက်မှာပဲရတယ်။ မဲ သုံးထောင်ကျော်၊ လေးထောင်နီးပါး ကျနော် အပြတ်အသတ် နိုင်ပါတယ်။

မေး ။ ။ တပြည်နယ်လုံး ခြုံပြောရင် ၂ နေရာ၊ ၃ နေရာလောက်ပဲ NLD ရှုံးမယ့် အခြေအနေရှိတာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ ပြည်နယ်လွှတ်တော် ၂ နေရာလောက်ပဲ ကျနော်တို့ ရှုံးနိုင်တဲ့ အခြေအနေရှိတယ်။ ကျန်တာက တော့ အကုန်လုံးအောင်ပါတယ်။ ဟားခါးနဲ့ တွန်းဇံမှာပေါ့နော်။ ဟားခါးက အမျိုးသားလွှတ်တော် တနေရာကလည်း နည်းနည်းလေး ကော်မရှင်မှာ မပြတ်သေးတဲ့ ကိစ္စလေး ရှိသေးတယ်။ ကော်မရှင်က အတည်မပြုနိုင်သေးဘူး။ တွန်းဇန်က ကျေးရွာသုံးရွာလောက်က မဲစာရင်းတွေလည်း ပြဿနာလေးတွေနဲ့ ဒါကလည်း ပြည်သူ့လွှတ်တော်နေရာမှာ။ ကျန်တာ ကတော့ အကုန်လုံးသိပြီ၊ ကျနော်တို့ အခြေအနေကောင်းပါတယ်။

မေး ။ ။ ၂၀၁၅ ခုနှစ်က ရလာဒ်နဲ့ယှဉ်ရင် ဘယ်လိုအခြေအနေရှိသလဲ။

ဖြေ ။ ။ သာပါတယ်၊ ၂၀၁၅ ထက် သာသေးတယ်။ ၂၀၁၅ မှာ ထန်တလန်မှာ ပြည်နယ်လွှတ်တော် နှစ်နေရာ ကျန်ခဲ့တယ်။ ကြံ့ခိုင်ရေးကနိုင်တယ်။ နောက် တီးတိန်မှာ ကြံ့ခိုင်ရေးက နိုင်တယ်။ အခု တီးတိန်မှာ ၅ နေရာရှိတယ်။ အကုန်လုံး NLD ကပဲ ပြန်နိုင်ခဲ့တယ်။ ၂၀၁၅ တုန်းက ရှုံးခဲ့တယ်နေရာတွေမှာ အကုန်လုံး ပြန်နိုင်ခဲ့တယ်။

မေး ။ ။ ကိုယ်တိုင်လည်း အနိုင်ရတဲ့အတွက် ဝန်ကြီးချုပ်တာဝန် ဆက်လက်ထမ်းဆောင်ဖို့ ရှိပါသေးလား။

ဖြေ ။ ။ အဲဒါကတော့ သိကြတဲ့အတိုင်းပဲ ပါတီ ဗဟိုကော်မတီက စိစစ်တဲ့ဟာဆိုတော့ ဘာမှပြောလို့တော့မရဘူး။ ကျနော်တို့ကတော့ ဆန္ဒတော့ရှိတာပေါ့နော်။ တာဝန်ပေးတယ်ဆိုရင်တော့ ဆန္ဒရှိတယ်။ ဒါက ပါတီအကြီးအကဲတွေက၊ နိုင်ငံတော်အကြီးအကဲတွေက စဉ်းစားရမယ့် ကိစ္စဆိုတော့ ကျနော်တို့ ဘာမှတော့ ပြောလို့မရဘူးပေါ့။

မေး ။ ။ ဘာမျာပြောချင်တာ ရှိပါသေးလဲ ခင်ဗျာ။

ဖြေ ။ ။ ၂၀၁၅ ရွေးကောက်ပွဲထက် ပိုပြီးတော့ ပြင်းထန်တယ်။ ပိုပြီးတော့ ပင်ပန်းတယ်။ ပြင်းပြင်းထန်ထန် ကြိုးစား ရတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီပေါင်းစုံက ကျနော်တို့ကို ဝိုင်းတိုက်ကြတယ်။ နောက်ပြီးတော့ ၂၀၁၅ တုန်းက ချင်းပါတီ ၂ ပါတီ၊ ၃ ပါတီလောက်က သီးခြားစီပဲ ပြိုင်ကြတယ်။ ဒီတခါကတော့ ချင်းပါတီတွေ စုပေါင်းပြီးတော့ ကျနော်တို့ ကို ဝိုင်းတိုက်တဲ့ အခါမှာ တော်တော် ပြင်းပြင်းထန်ထန် ကြိုးစားရတယ်။ ၂၀၁၅ တုန်းကတော့ အခုလောက်အထိ မပြင်း ထန်ခဲ့ဘူး။

အခုက ကျနော်တို့က အစိုးရလည်းဖြစ်နေတော့ အတိုက်အခံအားလုံး စုပေါင်းပြီး ပြိုင်ရတဲ့အခါကျတော့ အများကြီး ကွာသွားတယ်။ အတော်ပင်ပန်းတယ်။ ဒါပေမယ့်လည်း ဘုရားသခင်ကျေးဇူးတော်ကြောင့်ရော၊ ပြည်သူလူထုကလည်း NLD ပဲ အားကိုးတယ်။ ဒါက ၂၀၁၅ ကနေ ၂၀၂၀ အထိ လုပ်ဆောင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာတွေကို ကြည့်ပြီးတော့ အနာဂတ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကပဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေကို လုပ်ဆောင်နိုင်မယ်လို့ အားကိုးမှုက ချင်းပြည်နယ်မှာ အပြည့်အဝရှိတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ နိုင်တာလို့ ပြောချင်ပါတယ်။

You may also like these stories:

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ကို အနိုင်ရရှိ

မြစ်ကြီးနားမှာ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မဲအသာရနေ

နေပြည်တော်တွင် ဇေယျာသီရိမြို့နယ်မှ လွဲ၍ ကျန်နေရာ အားလုံးတွင် NLD အနိုင်ရ

Did you find apk for android? You can find new Free Android Games and apps.
Loading