ယမန်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အင်အားကြီးပါတီများအပါဝင် ပါတီပေါင်း ၉၁ ခု ဝင်ရောက် ယှဉ်ပြိုင် ရာတွင် အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သည့် အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များကလည်း ကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ကြရသည်။
၎င်းတို့ အနေဖြင့် လွှတ်တော်သို့ မဝင်ရောက်နိုင်ခဲ့သော်လည်း ရှေ့ဆက်ဆောင်ရွက်မည့် အလုပ်သမား၊ လယ်သမားနှင့် အခြေခံလူတန်းစားဘဝတို့ လုပ်ဆောင်မည့် အခြေအနေများကို ဧရာဝတီ သတင်းထောက် ပပ က ဆက်သွယ် မေးမြန်းထားကို ဖော်ပြလိုက်ပါသည်။
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေး (လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ)

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ လိူင်သာယာ အရှေ့ပိုင်းမြို့နယ်က NLD လွှတ်တော် ကိုယ်စားလှယ်တွေ နိုင်တာ ဂုဏ်ပြု ပါတယ်။ ဘယ်သူပဲရရ ကျနော်တို့က ပူးပေါင်း ဆောင်ရွက်သွားဖို့ မူလထဲက ရည်မှန်းချက် ထားတာဖြစ်တဲ့ အတွက် လယ်သမား၊ အလုပ်သမား အကျိုးလုပ်တဲ့ အခါမှာ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လက်ရှိအာဏာရ ပါတီနဲ့ အာဏာရ ကိုယ်စားလှယ်တို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။
အနိုင်ရ ပါတီတွေကိုတော့ အထူးသဖြင့်တော့ ဒေသအကျိုး လုပ်စေချင်တယ်။ ကျနော်တို့ လှိုင်သာယာ မြို့နယ်တွေမှာ အဓိကတော့ သောက်သုံးရေ အခက်အခဲ ရှိတယ်။ ဂျိုးဖြူရေဝယ်တော့လည်း ဈေးက အင်မတန်ကြီးပါတယ်။ ဒုတိယ ပြဿနာ ကတော့ ဆက်သွယ်ရေးမှာ ကျနော်တို့က ဆိုင်ကယ်သုံးကြ တော့၂၀၁၆ ခုနှစ်က တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပေးထားပေမယ့် တိုင်းဒေသကြီးအစိုးက ဆက်လက် အကောင်အထည်မဖော်တဲ့အခါမှာ ဆိုင်ကယ်တရားဝင် စီးနင်းခွင့် မရတာ။ ဒါကလည်း အရေးကြီးပါတယ်။
တတိယ တချက်ကတော့ လှိုင်သာယာမှာ ရာဇဝတ်မှု ထူပြောတာဖြစ်တယ်။ အလုပ်သမားတွေ လုပ်ခ လစာ ထုတ်တဲ့ ရက်တွေမှာ အလုခံကြရတာ။ ဖုန်းတို့ ငွေကြေးတို့က နိစ္စဓူဝက မကြားချင် အဆုံးပေါ့။ နယ်မြေလုံခြုံရေး ကို တက်လာတဲ့ အစိုးရက အထူးကြပ်မတ်ပေးဖို့ လိုတယ်။
နောက်တခုက မေလ ၁၄ ရက်မှာ ထုတ်ပြန်ပေးရမယ့် အနည်းဆုံး အခကြေးငွေသတ်မှတ်ဖို့က အခု သတ်မှတ်ရက်တွေ လည်းကျော်၊ လတွေလည်း ကျော်နေပြီ။ ဒါကို ဥပဒေနဲ့အညီ သတ်မှတ်ပေးဖို့ ဥပဒေကို လေးစား လိုက်နာဖို့ တည်ဆဲ အစိုးရ က လိုပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလာဒ် ဖော်ပြီး နောက်ပိုင်းမှာ NLD အစိုးရအနေနဲ့ ၂ ကြိမ်ကြုံခဲ့ပါတယ်။ ပထမ အကြိမ်မှာ ၂၅၅ ရက် နောက်ကျပြီးမှ ရတယ်။ ဒုတိယအကြိမ်ကတော့ အခုထက်ထိ ထုတ်ပြန်ကြေညာတာ မရှိဘူး။ အလုပ်သမားတွေ အကျိုး ထိခိုက်နေတယ်။ ဒါကြောင့် အလုပ်သမားတွေ အကျိုးကို အာဏာရ NLD အစိုးရ အနေနဲ့ အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ လိုပါတယ်။
လက်ရှိ COVID-19 ကာလမှာ ကိုဗစ် အကြောင်းပြပြီး အလုပ်သမားအများစုက အလုပ်ထုတ် ခံနေရတဲ့ ကိစ္စတွေက အများကြီး ဖြစ်နေတယ်။ တချို့အလုပ်ရှင်တွေက ပြန်ပြေးကြတဲ့အတွက် လုပ်ခလစာ မရတဲ့ စက်ရုံတွေ အများကြီးရှိတယ်။ ဒါတွေကို ဥပဒေနဲ့ အညီ ဖြေရှင်းပေးဖို့ လိုပါတယ်။ ကျနော်တို့လည်းလုပ်နေတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အလုပ် သမား ဝန်ကြီးဌာနက အလုပ်ရှင်ကို မျက်နှာမူတယ်။ အလုပ်ရှင်တွေရဲ့ ရင်းနှီးမြှုပ်နံှမှု မပြန်အောင်ဘဲ ဦးစားပေးတယ်။ ကျနော်တို့ အလုပ်သမားဘဝက ဓားစာခံ လို ဖြစ်နေတယ်။ အခွင့်အရေးတွေ ဆုံးရှုံးတာနဲ့ ကြုံနေတယ်။ ဒါကြောင့် တည်ဆဲ ဥပဒေပါ အလုပ်သမား အခွင့်အရေးတွေ ကို စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့လည်း အလုပ်သမား အကျိုးဆောင်ရွက်ရင်းနဲ့ တည်ဆဲအစိုးရ၊ ရွေးကောက်ပွဲ အပြီးမှ တက်လာမယ့် NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လယ်သမားအကျိုး၊ အလုပ်သမား အကျိုးကို မျက်နှာမူ ဆောင်ရွက် ပေးဖို့ ကျနော်တို့က မေတ္တာရပ်ခံပါတယ်။
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း၊ မြို့နယ်အထည်ချုပ်အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ၊ ဦးရဲသူရအောင် (လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ယှဉ်ပြိုင်ခဲ့သူ)

ကျနော်တို့ကတော့ ရှေ့ဆက်ပြီး နဂိုထဲက လုပ်နေပြီးသားဖြစ်တဲ့ အလုပ်သမား၊ လယ်သမားအရေး တွေဖြစ်တဲ့ အလုပ် အကိုင် တည်မြဲရေးနဲ့ လုပ်ငန်းခွင် အတတ်ပညာ သင်တန်းကျောင်းတွေကို ဆောင်ရွက်ဖို့ ရှိပါတယ်။ လိူင်သာယာမှာ လုပ် သွားဖို့ ရှိပါတယ်။ အဲ့ကမှ တဆင့် အလုပ်အကိုင် ရရှိရေးတွေကို ဆောင်ရွက်ပေးဖို့ ရှိပါတယ်။
အခု အနိုင်ရရှိသွားတဲ့ ပါတီကြီးတွေကိုလည်း သူတို့ မဲဆွယ် စည်းရုံးစဉ်က ပြောဆိုခဲ့တဲ့ ဘာအရေး ညာအရေး ဆိုပြီး ပြောဆိုခဲ့တာတွေ ရှိတယ်။ ဒါတွေကို လုပ်ပေးဖို့အတွက် သူတို့ကို တွန်းအားပေး သွားမယ်။ ပြောချင်တာကတော့ ကျနော် တို့ လုပ်ပေးမယ်ဆိုတဲ့ ဟာတွေကို သူတို့ လုပ်ပေးမယ်ဆိုရင် ကျနော်တို့ ဝင်အရွေးခံစရာကို မရှိဘူး။ လိုအပ်နေတာတွေ ဖြစ်နေလို့ ဘာမှ ထူးခြားတာ မရှိဘူး ဆိုတဲ့အတွက် ဝင်ရောက် အရွေးခံတာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတယောက် အနေ နဲ့ တွန်းအား ပေးသွားမှာ ဖြစ်ပါတယ်။
အဓိကတော့ ပြည်သူတွေ တော်တော်များများက နိုင်ငံရေး နားမလည်တာပေါ့နော်။ တံဆိပ်တခုပေါ်မှာပဲ အခြေခံပြီးတော့ သွားတဲ့ အနေအထား တခု ဖြစ်သွားခဲ့တယ်။ အားလုံးက ရှေ့လျှောက် ပြည်သူတွေ မျက်စိပွင့် နားပွင့်ဖို့ လိုအပ်တယ်။ ပြည်သူတွေ နိုင်ငံရေးအကြောင်းကို နားလည်မှ ကိုယ့်ပေးလိုက်တဲ့ မဲက ဘာကြောင့် ပေးလိုက်တာလဲ ဆိုတာ သိလာပြီ ဆိုရင်တော့ နောင်လာမယ့် နှစ်တွေမှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။
ဦးရဲဝင်းထွန်း (လှိုင်သာယာ (အနောက်ပိုင်း) တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှ ယှဉ်ပြိုင်ခဲ့သူ)

ကျနော်တို့က အရင်ထဲကလည်း အလုပ်သမား လုပ်ရှားမှုကနေ သမဂ္ဂခေါင်းဆောင် တွေလည်း ဖြစ်တယ်။ အခု ရွေး ကောက်ပွဲ ဝင်ပြိုင်တာက အလုပ်သမား သမဂ္ဂ လူပ်ရှားမှု ကိုယ်စားပြုမှုနဲ့ နိုင်ငံရေး ကိုယ်စားပြုမှုပေါ်မှာ ယုံကြည်ချက် ရှိလို့ နိုင်ငံရေး ကိုယ်စားပြုမှု ရရှိအောင် လမ်းကြောင်းသစ် သမိုင်းသစ်ကို စတင် စာမျက်နှာသစ် ဖွင့်လှစ်တာ ဖြစ်တယ်။
ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ရလဒ်က အရှုံး ရင်ဆိုင်ခဲ့ရပေမယ့် မိမိတို့ရဲ့ အလုပ်သမားထု အတွက် အခြေခံ ပြည်သူလူထု အတွက်တော့ ဆောင်ရွက်နေကျ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်သလို အလုပ်သမား သမဂ္ဂ လှုပ်ရှားမှု များ မှသည် နိုင်ငံရေး ကိုယ်စားပြု အဆင့်ထိရောက်အောင် ဆက်လက် တည်ဆောက် သွားနိုင်ဖို့ ကိုယ်စားပြုပြီးတော့ ပို လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက်တခုက ကျနော်တို့ ဝင်ပြိုင်တဲ့ မြို့နယ်တွေကနေ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် တွေကိုလည်း ဂုဏ်ပြုသလို သူတို့ကို ရွေးချယ်တဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးအသိအမြင်နဲ့ ထောက်ခံမှုကိုလည်း လေးစား ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။
အနိုင်ရပါတီတွေရဲ့ ကိုယ်စားလှယ်တွေကို ဘာပြောချင်လဲ ဆိုတော့ ကျနော်တို့ကတော့ အလုပ်သမား၊ လယ်သမား၊ အခြေခံ လူတန်းစားထုတွေရဲ့ ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဆိုတော့ ကျနော်တို့ရဲ့ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှု တိုင်းမှာပေါ့ အလုပ်သမား၊ လယ်သမားထုတွေရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ အရ အကာအကွယ် အပြည့်အဝ ရရှိရေးတို့ အားကောင်းမောင်းသန်ဖြစ်ဖို့ ရှေ့ပထမ သက်တမ်းထက် ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဒီလို အခြေအနေတွေ ဖြစ်ပေါ်လာဖို့ ကိုလည်း ကိုယ်စားပြု ဆောင်ရွက်တဲ့ လုပ်ငန်းတွေကနေ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။
အလုပ်သမားထုကိုယ်စားပြု တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အဖြစ် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ ယှဉ်ပြိုင်ခဲ့သူ ဒေါ်သဉ္ဇာထက်

လက်ရှိကတော့ ကျမအနေနဲ့ အလုပ်သမားထုအတွက် လုပ်တာပါ။ အတိုက်အခံပါတီတွေနဲ့ အတိုက်အခံ လုပ်တာတော့ မဟုတ်ဘူး။ ကိုယ့်အလုပ်သမားတွေအတွက် ကျမအကြံပေးချင်တယ်ဆိုတဲ့အတွက်ပဲ ဝင်တာ ဖြစ်တယ်။ သတင်းစကား ကတော့ အခုချိန်ထိ ကျမဘာမှ ပြင်ဆင်ထားတာ မရှိသေးတဲ့အတွက် ဘာပြောရမယ်မှန်းတောင်မသိဘူး။ အနိုင်ရတဲ့ သူတွေကိုတော့ သူတို့လည်း သူတို့ အစီအစဉ်တော့ရှိမှာပါ။ ဒါတွေကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ပါစေပေါ့။ ကျမ တု့ိလည်း ဒါတွေကို ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးရမှာ အများကြီးမှာပေါ့။ ကျမအနေနဲ့ကတော့ ကိုယ်တိုင်လည်း ဝန်ထမ်းဖြစ်တဲ့ အတွက် ကြောင့် လုပ်နေကျ အလုပ်တွေကို ဆက်လက်ပြီး လုပ်ကိုင်သွားမှာပါ။
You may also like these stories:
NLD က ချင်းပြည်နယ်မှာ အကုန်လုံးနီးပါး အောင်နေပြီ
ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိစွာနဲ့ ပြီးသွားမယ်လို့ မြင်တယ်
ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ