၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် အတည်ပြုချက် မထုတ်ပြန် သေးသော်လည်း လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားပြီ ဖြစ်သည်။
သို့သော် အတိုက်အခံ ကြံ့ခိုင်ရေးပါတီကမူ ရလဒ်ကို လက်မခံသေးဘဲ မဲမသမာမှုများ ရှိနေသဖြင့် ပြန်လည် စိစစ်ပေးရန် တောင်းဆိုထားသည်။ ကော်မရှင်ဘက်ကမူ မနက်ဖြန် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရန် ရှိနေသည်။
ထို့ကြောင့် လတ်တလော အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က သွားရောက် တွေ့ ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ အခု ရွေးကောက်ပွဲ ရလဒ်တွေလည်း ထွက်လာပြီ။ တချို့ နေရာတွေမှာ မဲပေးပိုင်ခွင့် ရှိတဲ့သူထက် မဲပေးတဲ့သူက ပိုများတယ်လို့ သတင်းတွေ ထွက်တယ်။ ၁၈ နှစ် မပြည့်ဘဲ မဲထည့်ခွင့်ရတာတွေ၊ သေတဲ့သူတွေက မဲစာရင်းထဲ ပါနေ တာတွေ ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြားနေရတော့ ဘယ်လို အခြေအနေတွေ ရှိလဲ။ ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ဘယ်လိုအခြေအနေရှိလဲဆိုတော့ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာ ကျနော် ဒီကနေ အသေးစိတ် ပြောဖို့ မရှိ ပါဘူး။ ခုကန မေးသွားတဲ့ ကိစ္စတွေအားလုံးကတော့ နေရာတော်တော်များများမှာ ရှိနေပါတယ်။ ဒီလိုရှိနေတဲ့ အတွက် လည်းပဲ အဲဒီကနေ ထွက်ပေါ်လာတဲ့ အနိုင်အရှုံးရလဒ် တချို့တွေဟာ ရှိသင့်တဲ့အင်အားထက် ရှိထားတဲ့ အင်အားထက် မဲပေးတဲ့ အင်အားပိုများနေတာတွေလည်း တွေ့နေရတယ်။ တွေ့နေတော့ ဒီအပေါ်မှာ ကျနော်တို့က အတည်ပြုပေးဖို့ ခက် တယ်။ ဒီအတွက် ကျနော်တို့က စိစစ်ခွင့်ပေါ့နော်။ မဲစာရင်းတွေကိုပြန်ပြီးတော့ စိစစ်ဖို့ တောင်းဆိုထားတယ်။ ကြိုတင် မဲတွေ မဲရုံမှာ လာပေးတဲ့မဲတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြန်ပြီးတော့ စိစစ်ဖို့ တောင်းဆိုထားတယ်။
ဘာကြောင့်လည်းဆိုတော့ လုပ်သွားတဲ့ ရွေးကောက်ပွဲစီစဉ်မှုက တော်တော်လေး ဒရောသောပါး နိုင်တယ်။ ကျနော်တို့ ပါတီတွေ အနေနဲ့ မဲစာရင်းကိုလည်း အချိန်မီ မသိရဘူး။ ဒါကို စိစစ်ဖို့လည်းပဲ ပြောရလို့ ရှိရင်တော့ လုံလောက်တဲ့ အချိန် မရှိဘူး။ ပထမတကြိမ်မှာတော့ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ သို့သော် ဒီဟာကို ကျနော်တို့က Complain လုပ် ပြီးတော့ မပါသင့်တဲ့သူတွေ ပါနေတာ တဖက်က မပါသင့်တဲ့သူတွေ ပါနေတာ။ ကိုယ့်ဆီက ပါသင့်တဲ့သူတွေ မပါတာ။
အမှားအယွင်းတွေ ရှိနေတာ။ ဒါတွေကို ပြင်ဆင်ချက်ပြီးတဲ့ အခါကျတော့ ဒုတိယအကြိမ်မှာလည်းပဲ ဒီအတိုင်းပဲ ပြန်ပါလာ တာတွေ ရှိတယ်။ ဒါကိုထပ်ပြီး ကန့်ကွက်တဲ့အခါကျတော့ နောက်ဆုံး Final Day အထိအောင် ဒါကိုပြန်စိစစ်ဖို့က အချိန် မရှိတော့ဘူး။ မရှိတော့တဲ့ စာရင်းဇယားကြီးနဲ့ ကျနော်တို့က မဲပေးတဲ့အခါ ကြိုတင်မဲပေးတဲ့အခါမှာလည်းပဲ မနက်ဖြန် လုပ် ရမယ်ဆို ဒီနေ့ကျမှ ညွှန်ကြားချက်တွေထွက် ပြင်ဆင်ချက်တွေထွက် အဲဒါတွေနဲ့လုပ်သွားပြီးတော့ အိတ်တွေကလည်း ပိတ်တာတွေရော ပွင့်တာတွေရော နောက်ဒီပုဂ္ဂိုလ်တွေကိုလည်းပဲ ကြိုတင်မဲပေးပြီးတော့မှ ဘာအထောက်အထားမှလည်း ယူထားတာ မဟုတ်ဘူး။
လက်သန်းလည်းပဲ မှင်တို့တာလည်း မဟုတ်ဘူး။ ဒီတော့ မမှန်ကန်တဲ့ အတည် မပြုနိုင်တဲ့ မဲစာရင်းတွေရယ် ဟိုမှာ ၂ ကြိမ် လာပေးမယ့် ပုဂ္ဂိုလ်တွေရယ်၊ ထပ်ပြီးတော့ပြောရလို့ရှိရင် ဒီကော်မရှင်ကာလမှာက မဲစာရင်းရိုက်နှိပ်တာတောင်မှ စောင့် ကြည့်ခွင့် မရှိတော့ဘူး။ ဘယ်လောက်ရိုက်နှိပ်မှန်းလည်း မသိဘူး။ ဘယ်ကို ဘယ်လောက်ထုတ်ပေးထားမှန်းလည်း မသိဘူး။ ဒီလိုဟာတွေနဲ့ ထွက်လာတဲ့ရလဒ်ပေါ်မှာ ကျနော်တို့အတည်ပြုရတာ တော်တော်လေးခက်တယ်။
ဒီတော့ ခင်ဗျား မေးသွားတဲ့ ဖြစ်စဉ်တွေဟာ နေရာတော်တော်များများမှာ ဖြစ်တယ်။ ဒါတော့ ပြောနိုင်တယ်။ အသေးစိတ် ကတော့ ကျနော့်ခေါင်းထဲမှာလည်း အသေးစိတ်တော့ မှတ်ထားတာ မရှိပါဘူး ခင်ဗျာ။
မေး ။ ။ ဒီလို အခြေအနေတွေကြောင့် တချို့ကိုယ်စားလှယ်တွေက ပုံစံ – ၁၉ ကို လက်မှတ် မထိုးကြဘူး။ ပါတီကရော ဘယ်လိုညွှန်ကြားထားလဲ။
ဖြေ ။ ။ ဘယ်လိုလုပ်မလဲဆိုရင်တော့ ကျနော်တို့က မဲစာရင်းတွေကို ပြန်စစ်ခွင့်တောင်းထားပြီးပြီ။ တောင်းထားပြီးပြီ။ ဒီဟာကိုလည်းပဲ ပြောရလို့ရှိရင်တော့ Fair ဖြစ်တဲ့ အခြေအနေထိအောင် ဆက်တိုက် တောင်းဆိုသွားမှာပဲ။ ကျနော်တို့တင် မဟုတ်ဘူး။ နိုင်ငံသား အားလုံးမှာ တောင်းဆိုခွင့် ရှိတယ်။ အခြေခံဥပဒေက သူဆန္ဒပြုတဲ့ဥစ္စာကို လွပ်လပ်စွာ ဆန္ဒပြုခွင့် ပေးထားတယ်။ နိုင်ငံသား အခွင့်အရေးတွေ ရှိတယ်။ ကျနော်ကတော့ မြှောက်ပေးမှာ မဟုတ်ဘူး။ သို့သော်လည်းပဲ ဒီအပေါ်မှာ မကျေနပ်တဲ့လူတွေ အများကြီး ရှိနေတယ်။ ခင်ဗျားတို့လည်း သိကောင်းလည်းသိမယ်။ ဒါလေးကိုလည်း သိစေချင်တယ်။
ဒါကြောင့်မိုလို့ လူတဦးချင်းမှာလည်းပဲ ပါတီမှမဟုတ် မိမိပေးလိုက်တဲ့ မဲဆန္ဒတခုက အလကား ဖြစ်သွားတယ်ဆိုရင် သူ လည်း ကျေနပ်မှာ မဟုတ်ဘူး။ သူ့မှာလည်း တောင်းဆိုခွင့် ရှိတယ်။ နောက်ဆုံး ဆန္ဒဖော်ထုတ်မယ်ဆိုရင်လည်း ဖော် ထုတ်ခွင့်ရှိတယ်။ ဒီဟာတွေဟာ ကျနော်ထင်တယ်လေ။ မတရားမှု ရှိရင်တော့လည်းဗျာ . . ဒီဟာကို ဆန့်ကျင်တာ ဖြစ်လာမှာပါပဲ။
မေး ။ ။ ဒီလိုပြဿနာတွေကြောင့် ပုံစံ – ၁၉ ကို လက်မှတ်မထိုးဖို့ ညွှန်ကြားခဲ့တာလား။
ဖြေ ။ ။ ဒီသဘောလည်း ပါတာပေါ့လေ။ အလွယ်တကူ ကျနော်တို့က လက်ခံဖို့ ခက်တယ်လေ။ ဒါကြောင့် စောစောက လည်း ကျနော်ပြောလိုက်ပါတယ်။ နေရာတခုမှာဆိုရင် မဲရုံတွေ မစုံသေးဘဲနဲ့ကိုပဲ မင်းတို့ရှုံးပြီ။ လာလက်မှတ်ထိုးဆိုပြီး ပြောတာတွေတောင် ရှိနေတယ်။ ဒါကိုပြောရလို့ရှိရင်တော့ လူတွေကလည်း ကျနော်တို့ ကိုယ်စားလှယ်တွေထဲမှာလည်း ရိုးသားကြတဲ့လူတွေ၊ အလွယ်တကူ ယုံတတ်တဲ့လူတွေလည်း ရှိနိုင်တာပဲ။
ဒါကြောင့် လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းက ပြောလို့ အလွယ်တကူ ခေါင်းညိမ့်ပြီး သွားမလုပ်လိုက်ကြနဲ့ဦး။ ဖြစ်လာတဲ့ အခြေ အနေတွေဟာ စပြီးတော့ ကော်မရှင် ဖွဲ့စည်းကတည်းက ဒီ ၅ နှစ်တာကာလ တခုလုံးမှာ ကိုင်တွယ် လုပ်ဆောင်လာတဲ့ လုပ်ငန်းတွေဟာ ကျနော်တို့ ယုံကြည်ဖို့ ခက်တယ်။ ဒါကြောင့်လည်းပဲ ကျနော်တို့က ပြီးခဲ့တဲ့ ၄၊ ၅၊ ၆ လ လောက်ရှိပြီ ထင်တယ်။ ကော်မရှင်ကို ကျနော်တို့ မယုံပါဘူး။ အသစ်လဲပေးပါဆိုတော့ ကျနော်တို့ကိုတောင် ပြန်သတိပေးလိုက်သေး တယ်။ မင်းတို့ ပါတီကို ဖျက်လို့ရတယ် ဆိုပြီးတော့။ ဒီလိုအဖွဲ့အစည်းကလုပ်တဲ့ဟာကို ကျနော်တို့က လွယ်လွယ်လေးနဲ့ အကုန်ခေါင်းညိမ့်ပြီးတော့ လွယ်လွယ်ကူကူ ထိုးပေးဖို့ကတော့ ခက်တယ်လေ။ ဒါပါပဲ။
မေး ။ ။ အန်ကယ်ကတော့ ဇေယျာသီရိမှာ အနိုင်ရသွားပြီ။ သေချာသွားပြီပေါ့လေ။ ပါတီအနေနဲ့ ကျတော့ ရှမ်းမှာ နိုင်တယ်။ ကချင်မှာလည်း နေရာတချို့ နိုင်တယ်လို့ ကြားတယ်။ ဒါပေမယ့် တချို့ နေရာတွေမှာ တဖက်ပါတီက တိုင်းလုံး ကျွတ်တောင် နိုင်တယ်။ ဘာကြောင့် ဒီလို ဖြစ်သွားတယ်လို့ ထင်လဲ။
ဖြေ ။ ။ ပြောစရာတွေတော့ အများကြီး ရှိတာပေါ့ဗျာ။ စောစောကပြောတဲ့ ကော်မရှင် စဖွဲ့ကတည်းက ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ အပေါ်မှာ အများကြီး သံသယရှိတယ်။ မှန်မှန်ကန်ကန် မျှမျှတတ ဖြစ်နိုင်ဖွယ် မရှိဘူး ဆိုတဲ့အချက်က ပေါ်လွင်ထားပြီးသား ဖြစ်တယ်။ ကျနော်တို့တွေ တရားဝင် ပေးပို့ခဲ့တာစာတွေ ဒါတွေလည်း အထောက်အထားတွေ ကိုယ့်ဆီမှာလည်း အကုန်ရှိတာပဲ။ တိုင်းသိပြည်သိလည်း ကျနော်တို့ထုတ်ထားတာပဲ။ ဒီအဖွဲ့ကပဲ ဆက်ပြီးတော့ ရွေးကောက်ပွဲ လုပ်တဲ့အချိန်ကိုက ဒီအချိန်ဟာ လုပ်သင့်တဲ့အချိန် မဟုတ်ဘူးလို့တော့ ကျနော်တို့က မြင်တယ်လေ။
ဒါကတော့ အနိုင်အရှုံးထက် ပြည်သူ့ကျန်းမာရေးလည်း ပါပါတယ်။ ပြီးတော့မှ ဒီအချိန်မှာ လုပ်သွားတဲ့ဥစ္စာမှာ ဒီကာလ အတွက် ထောက်ပံ့မှုတွေကစပြီးတော့ ဒါတွေမှာလည်းပဲ ပြောစရာ ဆိုစရာ မေးခွန်း ထုတ်စရာတွေ အများကြီး ရှိတယ်။ စောစာက အင်အားတွေ စိစစ်ခွင့် မရတာတွေလည်း ရှိတယ်။ ဒီတော့ ဒီလိုနေရာမျိုးမှာ တိုင်းလုံးကျွတ် ရှုံးတာဟာ ကျနော်တို့ကြီးပဲ ညံ့လို့တော့ မဟုတ်ဘူး။ ဒါသေချာပါတယ်။ စောစောက ပယောဂတွေ ရှိပါတယ်။
မေး ။ ။ အခု ရွေးကောက်ပွဲရလဒ်ကို လက်ခံမှာလား။
ဖြေ ။ ။ ကျနော်တို့ကတော့ ရလဒ်ကို လက်မခံနိုင်သေးဘူးလို့ ပြောထားတယ်လေ။
မေး ။ ။ ကြိုတင်မဲ ကိစ္စက အန်ကယ့် မဲဆန္ဒနယ်မှာ ပြဿနာ နည်းနည်း ရှိခဲ့တယ်ပေါ့လေ။ ကျနော်တို့ လေ့လာကြည့် တော့ အန်ကယ်က ကြိုတင်မဲ မပါလည်း နိုင်နေတယ်။ အဲဒီအခြေအနေလေး ရှင်းပြပါလား။
ဖြေ ။ ။ ကြိုတင်မဲ ကိစ္စက သတင်းဌာနတခုက မေးလို့တော့ ကျနော် ပြောပြပြီးပါပြီ။ ဒီကြိုတင်မဲက ကျနော် နားလည်သလောက် သူတို့ ပြောသလို သန်းခေါင်ယံမဲ ဘယ်ဟုတ်မလဲ။ ကြိုတင်မဲတွေက ရက်ပေါင်းများစွာ ကတည်းက ကြိုပြီးတော့ မြို့နယ် ကော်မရှင်ရုံးကို ပို့ထားရတဲ့ဟာ။ သို့မဟုတ်လည်းပဲ သက်ဆိုင်ရာ နယ်မြေက ကော်မရှင်ရုံးမှာ ပို့ထားရတာလေ။ နောက်ဒီဟာတွေကို အကုန်လုံး တတ်နိုင်သလောက်တော့ အစောင့်အရှောက်နဲ့ပေါ့နော်။ သို့သော်လည်းပဲ စောင့်ရှောက်ခွင့်ရတာ ရှိသလို မရတာလည်း ရှိပါတယ်။
ပြောရရင် ကျနော်ကိုယ်တိုင်တောင်မှပဲ ဒီအပေါ်မှာ ကိုယ်နိုင်မှာဆိုးလို့ မသမာမှု လုပ်သွားရင်တောင် ခံရနိုင်တဲ့ အခြေအနေ ပါ။ ကျနော်လည်း ကြီးကြပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အဲဒီတော့ ဒီဖြစ်လာတဲ့ ကြိုတင်မဲရဲ့ ရလဒ်ဟာ ကျနော်တို့တွေ မဟုတ်တာလုပ်လို့ဆိုတဲ့ ဖြစ်နိုင်ချေက အင်မတန် နည်းပါတယ်။
နောက်တခါ ဒါလုပ်ဖို့လည်းပဲ ကျနော်ဆီမှာ ဒီအချိန် အာဏာလည်း ရှိတာ မဟုတ်ဘူး။ ငွေလည်း ရှိတာ မဟုတ်ဘူး။ လူ တွေကို ကိုယ်လုပ်သမျှ ငြိမ်ပြီး ကြည့်နေအောင် လုပ်နိုင်တဲ့ အခြေအနေမှ မရှိတာ။ လင်းလင်းရှင်းရှင်းမှာ ကတည်းက ကြို ပြီးတော့ ရောက်နေတဲ့ ကြိုတင်မဲကို စိစစ်ရမယ့် ပုဂ္ဂိုလ်တွေဟာ သူ့ဟာသူ ဆုံခြင်း၊ မဆုံခြင်း ဆိုတဲ့အပေါ်မှာ မူတည်ပြီး တော့ နောက်ကျ စစ်တာ၊ စောပြီး စစ်တာ ဒါမျိုး ရှိကောင်း၊ ရှိမှာပေါ့။ အဲဒီ အသေးစိတ် အခြေအနေ အပေါ်မှာ ဘာမှ မှတ်ချက် မပြုချင်ပါဘူး။ ကျနော်က ဒါမပါဘဲနဲ့လည်း ဖြစ်နေတာပဲလေ။
မေး ။ ။ အန်ကယ်က စစ်ဘက်မှာဆိုရင် တပ်မတော် အရာရှိကြီး အဆင့်ထိ ရောက်ခဲ့တယ်။ အရပ်ဘက်မှာလည်း ပြည်ထောင်စု ဝန်ကြီး ဖြစ်ခဲ့တယ်။ ပါတီမှာဆိုရင်လည်း အခုလိုပေါ့လေ။ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ တကယ်လို့များ NLD အစိုးရက ဒီလို အတွေ့ အကြုံရှိတဲ့ သူတယောက်ကို သူတို့ဆီမှာ တာဝန်ကြီးကြီးတခု ပေးမယ်ဆိုရင် လက်ခံမှာလား။
ဖြေ ။ ။ ချက်ချင်းတော့ အဖြေပေးဖို့ ခက်တယ်။ စဉ်းစားရဦးမယ်။ ဒါသည် ၅ နှစ်တာ ခရီးနဲ့လည်း ပတ်သက်တယ်။ မိမိ ပါတီရဲ့ သဘောကလည်း ရှိနေဦးမယ်။ ကျနော်အနေနဲ့ ပြောရလို့ ရှိရင်တော့ ဒီစကားကို အကြိမ်ကြိမ်လည်း ကြိုပြောထား ပါတယ်။ လာမယ့် ၅ နှစ်တာ ရွေးကောက်ပွဲ အလွန်ဖြစ်လာမယ့် ကိစ္စသည် ကျနော် ဖြစ်ချင်တာပေါ့နော်။
ဒီတိုင်းပြည်ရဲ့ ပကတိ အခြေအနေအရ လူမျိုးပေါင်း ၁၃၀ ကျော် နေကြတဲ့ နေရာမှာ မျှတတဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ ရှိသင့်တယ်။ ဒီနိုင်ငံမှာ ပါတီတခုတည်းက ငါလုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ခေတ် ကုန်သွားပြီ။ ခေါင်းဆောင်တယောက်တည်းက ငါလုပ်ပြလိုက်မယ်ဆိုတာလည်း မရှိသေးဘူး။ လုပ်လို့ မရသေးဘူး။ ဒါကြောင့်မိုလို့ အခြေခံအားဖြင့်ကတော့ စုပေါင်းပြီးတော့ လုပ်ရတာမျိုးကို ကျနော် ကြိုက်ပါတယ်။
You may also like these stories:
ကော့မှူးတွင် ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်ဖြင့် အနိုင်ရ
ရွေးကောက်ပွဲကာလ မသမာမှု ၂၂ မှု အရေးယူထား
စစ်တွေ မဲသမာမှု ရွေးကော်တာဝန်ရှိသူများကို အရေးယူရန် လုပ်ဆောင်နေ