၂၀၁၀ ခုနှစ် ဒီမိုကရေစီ အစိုးရ တရပ်ဖြစ်လာသည့် သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်းမှ စတင်ကာ လွှတ်တော် တွင်းသို့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မှုများ ရှိလာခဲ့သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးတွင်လည်း ထူးချွန်ထက်မြက်သော အမျိုးသမီးများစွာ ပေါ်ထွက်လာခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်မူ လွှတ်တော်တွင်းအမျိုးသမီးပါဝင်မှုနှုန်းပိုမိုများပြားလာသလို ယခု၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်မှုနှုန်း ပိုမိုများပြားလာဖွယ်လည်း ရှိနေသည်။
ယခု ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များသည် ယခင်လွှတ်တော်သက်တမ်း အတွင်း တာဝန်ယူခဲ့ဖူးသူများ ပါဝင်သလို ပထမဆုံးလွှတ်တော်တက်ရမည့် ကိုယ်စားလှယ်များလည်း ပါဝင်သည်။
သို့ဖြစ်ရာ အနိုင်ရခဲ့သည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများနှင့် သက်ဆိုင်ရာဒေသ အကျိုး အတွက် မည်သို့ ဆောင်ရွက်သွားမည်နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက်လဲ့လဲ့နှင့် ဇူးဇူးက ဆက်သွယ် မေးမြန်း ထားသည်။
ဒေါ်လာလ်ရင်းမွန်
(စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
လာမယ့် လွှတ်တော်သက်တမ်းမှာ တိုင်းရင်းသားနဲ့ဆိုင်တာဖြစ်တဲ့ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ မြှင့်တင်ဖို့က အဓိကပေါ့။ အဲဒီတော့ စာပေနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို အထူးကြိုးစားမယ်။ နောက် တိုင်းရင်းသားများရဲ့ စာပေ၊ ယဉ် ကျေးမှုတွေ မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်မယ်။ မြှင့်တင်မယ်။
နောက် ပထမနဲ့ ဒုတိယ သက်တမ်းမှာ မရှိခဲ့တဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းရင်းသားများရဲ့ အရေးအရာကို လွယ်ကူစွာ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် တို့မျိုးနွယ်စုအားလုံး ပါဝင်တဲ့ ချင်းလူမျိုးအားလုံးကို ကိုယ်စားပြုနိုင်မယ့် အထောက်အကူပြု ကော်မတီဖွဲ့မယ်။
ကျမက ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုအရေးမှာ ထဲထဲဝင်ဝင် ပါဝင်ချင်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကို ဝင်ပြိုင်တာပါ။ အဲဒီမှာ တိုင်းရင်းသားတွေ နဲ့ ဆိုင်တဲ့ အရေးအရာတွေမှန်သမျှ ကျမ လုပ်ဆောင်ပေးချင်တယ်။ နောက် NLD ရဲ့ပေါ်လစီ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် အဲဒါကို အောင်မြင်နိုင်ဖို့အတွက် ကျရာနေရာကနေ ကြိုးစား ချင်တယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးအောင် ကြိုးပမ်းမယ်။
ဒေါ်သက်ထားစုကြည်
(ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ
ကျမက တောင်ညွန့်မှာ ကြီးလာတာဆိုတော့ ပြည်သူတွေရဲ့ အခက်အခဲတွေကို သိထားပြီးသားဖြစ်တယ်။ အခု ကိုဗစ် ကာလမှာ ကျမတို့ တောင်ညွန့်သူ၊ တောင်ညွန့်သားတွေလည်း နေ့စဉ် ဝင်ငွေလျော့နည်းလာခဲ့ပါတယ်။ အခု အစိုးရက အသေးစား၊ အလတ်စား လုပ်ငန်းတွေတိုးတက်ရေး လုပ်ဆောင်နေတာ ရှိတယ်။ အဲဒါတွေကို ကျမက သေချာ လေ့လာ ပြီးတော့ အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေ ဝင်ငွေတိုးအောင် လုပ်ပေးဖို့ ရှိပါတယ်။ အခြေခံလူတန်းစားကို လူလတ်တန်းစား ဖြစ်လာအောင် ကြိုးစားပေးမှာဖြစ်တယ်။ ဒါတွေကို နောက် လွှတ်တော် သက်တမ်း မစခင်မှာ ကျမ ပြင်ဆင်ဖို့ စဉ်းစားထားပါတယ်။
နောက်တခုက ကျမတို့မင်္ဂလာတောင်ညွန်မှာ လူမျိုးပေါင်းစုံနေထိုင်တော့ နိုင်ငံသားကတ်ပြား လုပ်ဖို့ အခက်အခဲ ရှိပါတယ်။ အဲဒါတွေကို ဥပဒေဘောင်ထဲက သူတို့က မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် မှတ်ပုံတင်ကတ်ပြားရရှိဖို့ ခက်ခဲနေတာကို ကျမက ရှင်းလင်းလုပ်ဆောင်ပေးဖို့ ရှိပါတယ်။
နောက်တခုက ကျမအနေနဲ့ မသန်စွမ်းအရေးလည်း လုပ်ဖို့ရှိတယ်။ သူတို့အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့သွားလာမှု အဆင် ပြေစေရေး စတာတွေ လုပ်ပေးချင်တယ်။ မင်္ဂလာတောင်ညွန့်က လူငယ်တွေရဲ့အခန်းကဏ္ဍလည်း ဆောင်ရွက်ချင်တာ တွေ ရှိတယ်။ ကျမက တကယ်တော့ ပြည်သူနဲ့ အစိုးရကြားက ပေါင်းကူးတံတားလေးပါပဲ။ သူ့တို့ ဘဝတွေကို အကူအညီ ပေးနိုင်မယ့် လူတယောက် ဖြစ်ချင်ပါတယ်။ ကျမအနေနဲ့ကတော့ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။
ဒေါ်တင်ရီ
(ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)
ရခိုင်အမျိုးသားပါတီ (ANP)
ကျမက ၂၀၁၄ တုန်းက သူနာပြုဆရာမရာထူးကနေ အငြိမ်းစားယူလိုက်ပြီး နောက်ပိုင်း ရခိုင်အမျိုးသားပါတီကို အဲဒီ ကတည်းက ဝင်လိုက်တာ။ ပါတီမှာ ဒုဥက္ကဋ္ဌရာထူးနဲ့ အခုအချိန်ထိ တာဝန်ထမ်းဆောင်နေတာဖြစ်တယ်။ ရခိုင်ပါတီကို ဝင်တယ် ဆိုတာ ကျမတို့ ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပါ။
ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကထားတယ်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူဆက်ဆံရေး လမ်းပန်း ဆက် သွယ်ရေးက အစ သက်ကြီးရွယ်အို စောင့်ရှောက်မှုတွေ လုပ်သွားမယ်။ ဒါပေမယ့် ကျမက ကျန်းမာရေးဌာနက လာတာ ဆိုတော့ ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်သွားမှာပါ။
ကျမ လွှတ်တော်ထဲရောက်သွားရင်တော့ ပြည်သူအသံ၊ လွှတ်တော်အသံဆိုသလို လွှတ်တော်ထဲရောက်မှပဲ အစိုးရကို ဘာတွေ ထောက်ပြမယ်ဆိုတာတွေ လုပ်ရမှာဖြစ်တယ်။ အခုတော့ ဘာတွေ ထောက်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ မရှိသေးဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ် လိုအပ်ချက်ကို ပြောမယ်ဆိုရင် မာန်အောင်မြို့နယ်မှာ လိုအပ်ချက်က အကုန် ရှိပါတယ်။ အဲဒီအတွက်တော့ အစွမ်းကုန်လုပ်သွားမှာပါ။ မာန်အောင် ပြည်သူတွေက ပေးလိုက်တဲ့ တာဝန်တွေကိုတော့ ကျမထမ်းဆောင်မယ်။
ဒေါ်သီရိရတနာ
(မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် )
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ
ပြီးခဲ့တဲ့ သက်တမ်းမှာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတိုင်းအတာ တခုအထိ လုပ်ပေးနိုင်ခဲ့တယ်။ ကျမရဲ့ ဘီလင်း နယ်ထဲမှာ ပြည်သူတွေ ဖြစ်စေချင်တဲ့ ဘီလင်းမြစ်ကြောင်း ထိန်းသိမ်းရေးကိစ္စ အရင်ဆုံးလုပ်မယ်။ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း အတွင်းမှာလည်း မွန်ပြည်နယ်အတွင်း သွားလာရေး အခက်အခဲဆုံးဖြစ်တဲ့ ကျမရဲ့ မဲဆန္ဒနယ်မှာ လမ်း တံတားတွေ လုပ်ပေးနိုင်ခဲ့ပြီး အဲဒါတွေကို လာမယ့် လွှတ်တော်မှာ ပြန်လည် အဆင့်မြှင့်တင်ဖို့ရှိပါတယ်။ ဒါမြို့ပြနဲ့ ကျေးလက် တန်းတူဖွံ့ဖြိုးအောင် လုပ်ချင်တဲ့အပိုင်းတွေ ရှိတယ်။
နောက် ကျမတို့မွန်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ပညာရေးပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တယ်။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးကို ဦးစားပေးလုပ်ဖို့ ရှိပါတယ်။
ကျမတို့ဘက်မှာတော့ အရင်က အမဲရောင်နယ်မြေဖြစ်ခဲ့တယ်။ အခုအချိန်မှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အတွက် တိုက်ပွဲဖြစ်တာတော့ မရှိတော့ဘူး။ လက်ရှိ ကျမတို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်က ကရင် အမျိုးသား အစည်း အရုံး(KNU)ရှိပါတယ်။ သို့သော် ၂၀၁၅ တုန်းကလိုပဲ ကျေးရွာအုပ်စုတခုမှာတော့ လုံခြုံရေး အရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
မော်မိုးမြာ
(ရှားတောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)
ရှားတောမြို့နယ်က ကျမကို မဲထည့်ခဲ့တဲ့ ပြည်သူလူထုအားလုံး၊ ဝန်းရံခဲ့တဲ့ လူတွေအားလုံး အများကြီးကျေးဇူးတင်ပါတယ် လို့ ပထမဆုံး ပြောချင်ပါတယ်။ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကို ကျမရဲ့ ရွေးကောက်ပွဲ ကတိကဝတ်မှာလည်း ပြော ထားပြီး ဖြစ်ပါတယ်။ ကျမအနေနဲ့ ဒေသငြိမ်းချမ်းရေးကိစ္စကို ပထမဦးဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျမတို့ ကယား ပြည်နယ်၊ ရှားတောမြို့နယ်ဟာ မငြိမ်းချမ်းတဲ့ဒုက္ခကို အရမ်းခံစားခဲ့ရပြီးပြီ။ ပြည်တွင်းစစ်ဒဏ်လည်း ခံခဲ့ရဖူးတဲ့ ဒေသဖြစ်တဲ့ အတွက် ပြည်တွင်းငြိမ်းချမ်းရေးက အရမ်းလိုအပ်တယ်။ ငြိမ်းချမ်းရေးရှိမှ ဒေသခံတွေအတွက် ပညာရေး၊ ကျန်းမာရေး စသ ဖြင့် အခြေခံရပိုင်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။
ဒုတိယအချက်က တိုင်းရင်းသားအခွင့်အရေး ပြန်လည်ရရှိရေးကိစ္စပါ။ တိုင်းရင်းသားအခွင့်အရေးလို့ ပြောတဲ့နေရာမှာ ကျမ တို့ တိုင်းရင်းသား ဘာသာစကားတွေ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ စာပေယဉ်ကျေးမှုကိစ္စတွေ ပါပါတယ်။ ကျမတို့ ကိုယ့်မြေ၊ ကိုယ့်ယာမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့်တွေပါတယ်။ နောက်ပြီး ဒီဒေသခံတွေကို အလေးမ ထားဘဲနဲ့ အစိုးရရဲ့ အမိန့်အာဏာအတိုင်း၊ ဗဟိုဦးစီးမှုအတိုင်း လုပ်ဆောင်သွားတဲ့နေရာမှာ ကျမတို့ တိုင်းရင်းသားတွေက အခွင့်ထူးခံ မဖြစ်ခဲ့ဖူးဘူး။ ဒါတွေနဲ့ပတ်သက်လို့ ကျမက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
တတိယအချက်ကတော့ ကျမက လူငယ်တယောက်လည်းဖြစ်တယ်၊ အမျိုးသမီးလည်းဖြစ်တဲ့အတွက်ကြောင့် လူငယ်၊ အမျိုးသမီး ကဏ္ဍနဲ့ပတ်သက်ပြီး ဆက်လုပ်သွားဖို့ ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ အရပ်ဖက်အဖွဲ့အစည်းက လူ ငယ်တွေ၊ အမျိုးသမီးတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ပြီး အသိပညာပေးရေး သာမကဘဲ အောက်ခြေထိ လုပ်သွားနိုင်တဲ့ အစီအစဉ်မျိုးတွေ လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။
ကျမက အမျိုးသမီးကိုယ်စားလှယ်ဖြစ်တဲ့အတွက် လွှတ်တော်ထဲရောက်သွားရင် အမျိုးသမီးတွေရဲ့အသံ၊ တိုင်းရင်းသား အ မျိုးသမီးတွေကို ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်မျိုးဖြစ်အောင် ကြိုးစားမယ်။ အမျိုးသမီးအရေးနဲ့ ပတ်သက်တဲ့၊ လိုအပ်တဲ့ ဥပဒေတွေ၊ နည်းပညာတွေကို အရပ်ဖက်အဖွဲ့စည်းမှာ လုပ်နေတဲ့ အမျိုးသမီးအဖွဲ့တွေဆီက အကြံဉာဏ်တွေယူမယ်။ အမျိုး သမီးတွေ ကြုံနေရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲဆိုတာမျိုးတွေကို အဓိက ဦးစားပေး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ကျမ ပေးထားတဲ့ကတိအတိုင်း တာဝန်ကျေအောင် ထမ်းဆောင်ပါ့မယ်လို့ ပြောချင်ပါတယ်။
You may also like these stories:
ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် SNLD အနိုင်ရ
ဂွနှင့် သံတွဲမြို့နယ်များတွင် NLD မဲပြတ်နိုင်
ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၄ နေရာတွင် NLD အနိုင်ရဟုဆို