အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်

နန်းလွင်နှင်းပွင့်
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒု ဥအစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်က္ကဋ္ဌ ဒေါ်စောမြရာဇာလင်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် တနိုင်ငံလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြိုင်ဘက် နိုင်ငံရေးပါတီ အားလုံးကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကာ အစိုးရသစ် ပြန်ဖွဲ့စည်းနိုင်သည့် ကိုယ်စား လှယ်လောင်း ဦးရေထက် ကျော်လွန်သည်အထိ အနိုင်ရပြီ ဖြစ်သည်။

ထို့ကြောင့် အစိုးရသစ် ဖွဲ့စည်းရေးကို NLD ပါတီကသာ ပြန်လည်တာဝန်ယူ ဖွဲ့စည်းရမည် ဖြစ်သဖြင့် လက်ရှိအစိုးရ လက် ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးနေမှုများမှာလည်း NLD ပါတီ ဦးဆောင်သည့် အစိုးရနှင့်ပင် ဆက် လက် ဆွေးနွေးရမည့် အခြေအနေ ရှိနေသည်။

NLD ဦးဆောင်သည့် အစိုးရနှင့်ပင် ဆက်လက်ဆွေးနွးရမည် ဖြစ်သဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့ (EAOs)အနေဖြင့် အစိုးရ သစ် အကူးအပြောင်း ကာလထိ မစောင့်ဆိုင်းဘဲ ကြားကာလတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆွေးနွေးရန် ပြင်ဆင်မှုများ ရှိနေသည်။

သြဂုတ်လအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ (စတုတ္ထအကြိမ်) အစည်းအဝေး တွင် အပစ်ရပ် ၁၀ ဖွ့ဲသည် အစိုးရ၊ တပ်မတော်တို့ သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စုသစ် တည်ဆောက်ရေးကို သွားရန် ဆက်ညှိနှိုင်းရန် သဘောတူညီမှု ရရှိထားပြီး၂၀၂၀ အလွန်တွင် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက်ရေးအတွက် ဆက်လက် လုပ်ဆောင်ကြရန်လည်း သဘောတူထားသည်။

EAOs များ အနေဖြင့် ရွေးကောက်ပွဲတွင် NLD ပါတီ ပြည်လုံးကျွတ် ပြန်အနိုင်ရသည့် အပေါ်တွင် သဘောထား၊ ဆက် လက် ဆွေးနွေးရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဆက်သွယ် မေးမြန်းထား ပါသည်။

မေး။ ။ ရွေးကောက်ပွဲရဲ့အဖြေအားလုံး နီးပါး ထွက်လာတဲ့ အခြေအနေမှာ NLD ကပဲ အစိုးရဖွဲ့နိုင်တဲ့အထိ အများစု ပြန် နိုင်သွားပါပြီ။ ဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်တာဝန်ယူရမယ့် အစိုးရသစ်အဖြစ် ထပ်တာဝန်ယူလာမယ့် သူတွေ ကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ပထမဆုံးအနေနဲ့ကတော့ အောင်နိုင်သွားတဲ့ ပါတီနဲ့ အောင်မြင်သွားတဲ့သူတွေ အကုန်လုံးကို ဂုဏ်ပြုတယ်လို့ ပြောချင်ပါတယ်။ ကျမတို့က အစိုးရ နှစ်ဆက်ကို ဖြတ်သန်းခဲ့ဖူးတယ်။ ပထမဆုံး ဦးသိန်းစိန် အစိုးရကို ဖြတ်သန်းခဲ့ဖူးတယ်။ နောက် နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်တဲ့ အစိုးရကိုလည်း ဖြတ်သန်းခဲ့ဖူးတယ်။

NLD အစိုးရ တက်လာပြီးတဲ့နောက် ၂၀၁၈ ခုနှစ်ကနေ အထစ်အငေါ့တွေ ကျမတို့ အများကြီး ဖြစ်ခဲ့တယ်။ အဲဒါက ခွဲမ ထွက်ရေး ကိစ္စတွေ ရှိတယ်။ တခုတည်းသော တပ်မတော်ကိစ္စတွေ ရှိတယ်။ အရမ်းပြေလည်လိမ့်မယ်လို့ ထင်ခဲ့ရာက အထစ်အငေါ့ကြီး ဖြစ်သွားတယ်။ ဒါက နှစ် ဖက်လုံးအတွက် အင်မတန်မှ နောင်တရစရာ သင်ခန်းစာကြီး ဖြစ်ပါတယ်။ အခုလည်းပဲ နိုင်ငံတော် အတိုင်ပင်ခံ ခေါင်း ဆောင်တဲ့ NLD က သောင်ပြိုကမ်းပြို နိုင်သွားတယ်။

အစိုးရဖွဲ့နိုင်တဲ့ အတိုင်းအတာ တခုထက် ကျော်လွန်တယ်။ အဓိကအားဖြင့် ကျမတို့က အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ကို ပြောပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့ နေရာမှာ NLD အစိုးရက သဘောထားကြီးပြီး တခြားပါတီတွေနဲ့ တွဲပြီး တော့မှ အစိုးရကို ဘယ်လို ပုံဖော်မလဲ ကျမတို့ မပြောနိုင်ဘူး။ ကျမတို့ကတော့ အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်စေချင် တယ်။ အဲဒီထဲမှာ NLD ၊ တပ်ပိုင်းဆိုင်ရာ တပ်မတော်၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့ကို အစိုးရက ဘယ် လို ပုံဖော်မလဲ ဆိုတာက တချက် ဖြစ်ပါတယ်။

နောက်တချက်ကတော့ အပစ်ရပ် ထားတဲ့ EAOs ကိစ္စတွေကို NLD အစိုးရအနေနဲ့ ဘယ်လို ဆက်ပြီး ရှေ့ဆောင်မလဲ ဆို တာ တချက်ဖြစ်ပါတယ်။ နောက် အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေကို ဘယ်လို ရှေ့ဆက် ဆောင်ရွက်မလဲ။ အဓိကတော့ ကျမ အဲဒီ ၃ ချက် မြင်ပါတယ်။ အစိုးရက အကောင်းဆုံး ပုံဖော်ဖို့အတွက် ကြိုးပမ်းနိုင်ပါစေလို့တော့ ကျမ ဆန္ဒပြုပါတယ်။

တဖက်မှာလည်း ရခိုင်ရဲ့ အရေးကိစ္စက အင်မတန် အရေးကြီးပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတဲ့ ပြည်နယ် ဖြစ်ပါတယ်။ တနေ့ကလည်း အမ်းမှာ အများကြီး ဒဏ်ရာရကြတယ်။ ရခိုင်တပြည်လုံးမှာ သေကြေပျက်စီးတာ ဒဏ်ရာရတာ အများကြီး ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်ရင် တဖက်တည်းက နာတာ မဟုတ်ပါဘူး။ တိုက်ပွဲဖြစ်နေကြတာ နှစ်ဖက်လုံးမှာ အနာတရ အသေအပျောက်ရှိတယ်။ ပြည်သူတွေကလည်း အသေအပျောက် ရှိနေတယ်။ ရခိုင်မှာ ဒါတွေ ခါးစည်းပြီး ခံစားနေရတယ်။ အင်မတန်မှ မကြည့်ရက်စရာတွေ ဖြစ်ပါတယ်။

ရခိုင်မှာ စစ်ရှောင်ဒုက္ခသည်တွေ ၂ သိန်းကျော်လာပြီ။ သူတို့ စားဝတ်နေရေးကလည်း အင်မတန်မှ အရေးကြီးလာပါတယ်။ ဒါတွေက ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက် ဆက်စပ်ပါတယ်။ ဒါတွေကို NLD အစိုးရက ဘယ်လို ဦးဆောင်မလဲဆိုတာ ကျမတို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါတွေ အားလံုံး ဖြေရှင်းနိုင်အောင် ကြိုးပမ်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

မေး။ ။ NLD က အခု အစိုးရပြန်ဖွဲ့နိုင်ဖို့က သေချာတဲ့ အခြေအနေမှာ ရှိနေပြီ။ အပစ်ရပ် အဖွဲ့တွေ အနေနဲ့ရော ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ပြန်စဖို့ အစိုးရသစ် ဖွဲ့ပြီးတာကို စောင့်မလား။ ကြားကာလမှာ ဆက်လုပ်မလား။

ဖြေ။ ။ ကျမတို့က အရင်က လုပ်ခဲ့ကြတဲ့ နှစ်ဖက် ဆွေးနွေးရေးအဖွဲ့ကတော့ တာဝန်က ကုန်သွားပြီ။ ညီလာခံအထိပဲ ကျမ တို့ ဆွေးနွေးရေး အဖွဲ့ကို ဖွဲ့ထားတာ ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပါတီကိုယ်စားလှယ်တွေအနေနဲ့ကတော့ အစိုးရနဲ့ ဆွေးနွေးမှာပါ။ EAOs အနေနဲ့ UPDJC အနေနဲ့ ကျမတို့အစည်းအဝေး မကြာခင် ထိုင်တော့မှာ ဖြစ်ပါတယ်။ ကျမတို့ အချင်းချင်းကြားမှာ တိုင်ပင်ဆွေးနွေးလို့ ပြီးတာနဲ့ အစိုးရက ဘယ်နေ့ထိုင်မယ် ပြောမလဲ။ ဒါမှမဟုတ် ကျမတို့ကပဲ စပြောရ မလား။ အစိုးရ ဖွဲ့အောင်ထိတော့ ကျမတို့စောင့်မှာ မဟုတ်ဘူး။ အခုနိုဝင်ဘာအတွင်းမှာပဲ ကျမတို့ စနိုင်ဖို့ အားလုံးက ခြေ လှမ်း ပြင်နေကြပါပြီ။

အဓိက ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို မဖျက်သိမ်းသေးဘူး။ ငြိမ်းချမ်းရေး ကော်မရှင် (PC) ကလည်း မဖျက်သိမ်းသေးဘူး။ ဒီအတိုင်း ရှိနေသေးတယ်ဆိုတော့ NRPC တို့ Peace Commission တို့နဲ့ ကျမတို့ ဆက်စပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ EAOs ဘက်ကဆိုရင်လည်း EAOs UPDJC ပေါ့။ အဲဒီလိုမျိုး သွားရမှာ ဖြစ် ပါတယ်။

မေး။ ။ ဒီတခေါက် အစိုးရနဲ့ စတွေ့ရင် ဘယ်နေရာက ပြန်စဆွေးနွေးကြမှာလဲ။ ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း (၃)မှာ ပါတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ အဆင့်(၁) (၂) (၃) ကို ပြန်စဆွေးနွေးမှာပါလား။

ဖြေ။ ။ မှန်ပါတယ်။ အဲဒီကိစ္စကို ပထမဆုံးအနေနဲ့ ကျမတို့ စတင် ဆောင်ရွက်ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အဲဒါက ကြီးမား တဲ့ သဘောတူညီမှုပေါ့။ ၂၀၂၀ အလွန်မှာ ဘယ်လို အကောင်အထည်ဖော်မယ် ဆိုတာက ၈ ချက် ရှိပါတယ်။ ပြီးရင် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက်တွေကလည်း ရှိတယ်။ နောက်ပြီးရင် လမ်းညွှန်မှုတွေ ကလည်း ရနှင့်ထားပြီ ဖြစ်တယ်။ ဒါတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒီနိုဝင်ဘာ အတွင်းမှာပဲ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ ကျမတို့ဘက် EAOs တွေကတော့ အစည်းအဝေး စခေါ်နေ ပြီဖြစ်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲ ပြီးပြီးခြင်းမှာပဲ တပ်မတော်ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာတွေ ဆွေးနွေးဖို့ ကော်မတီ သစ်တခု ဖွဲ့တယ်။ တဖက်မှာ အစိုးရက ဦးဆောင်ဆွေးနွေးနေတဲ့ ကော်မရှင်တွေ အဖွဲ့တွေ ရှိတယ်။ အခု တပ်ရဲ့ ဒီကော် မတီကို ဘယ်လိုနားလည်ပါသလဲ။

ဖြေ။ ။ အဲဒီအထဲမှာပါတဲ့ ဗိုလ်ချုပ်ကြီး ၃ ဦးက ကျမတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမြဲတမ်း ကျမတို့နဲ့ တွဲပြီး ဆွေးနွေး နေခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေ ဖြစ်ပါတယ်။ သူတို့က ရှေ့မှာကြုံခဲ့ရတဲ့ ကိစ္စတွေနဲ့ ငြိမ်းချမ်းရေးခရီးကို ဆက်သွားဖို့ စဉ်း စားကြတဲ့ အခါမှာ အပေါ်က ခေါင်းဆောင်ကြီးတွေကို ဘယ်လို Report ပေးမလဲ။ ရှေ့ဆက်သွားဖို့ကို ဘယ်လို လမ်း ညွှန်ချက်တွေ ခံယူထားပြီလဲ ဆိုတာကိုတော့ ကျမတို့ မသိဘူး။ အခု ဖွဲ့စည်းလိုက်တဲ့ အထဲမှာပါတဲ့ ခေါင်းဆောင်တွေထဲ က ၃ ဦးက အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေကတော့ ငြိမ်းချမ်းရေးရဲ့ အထစ်အငေါ့တွေ သွားရာလမ်း မှာ ကြုံခဲ့ရတာတွေကို သိနှင့်ထားပြီး ဖြစ်တယ်ဆိုတော့ ကျမတို့က အကောင်းဘက်က ရှုမြင်ပါတယ်။

နောက်တခုက တပ်မတော်ဘက်က သဘောထား ထုတ်ပြန်ချက်နဲ့ နောက် NRPC က ထုတ်ပြန်တဲ့ သဘောထားကလည်း သိပ်မကွာဘူး။ အားလုံးက ငြိမ်းချမ်းရေး အပေါ်မှာပဲ သွားမယ်ဆိုတဲ့ အနေအထားကိုတော့ တွေ့ရတာပေါ့ ။ ဒါပေမယ့် ကျမ တို့က စာရွက်ပေါ်မှာ ရှိနေတာမျိုး မဖြစ်စေချင်ဘူး။ လက်တွေ့ အကောင်အထည် ဖော်တာမျိုး ဖြစ်စေချင်တယ်။ အထူး သဖြင့်၂၀၂၀ အလွန်မှာ ကျမတို့ ပြောခဲ့ တောင်းဆိုခဲ့တာက အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ပြောခဲ့တာ ဖြစ်ပါ တယ်။ အဲဒါကို ဘယ်လို အကောင်အထည်ဖော်မလဲပေါ့။

မေး။ ။ ပုံမှန်က တပ်ကိစ္စတွေရောက ငြိမ်းချမ်းရေး ကော်မရှင်တို့ NRPC တို့ အောက်ကနေပဲ အကုန် ဆွေးနွေးပြီး သွားကြ တယ်။ အခု တပ်မတော်က ဖွဲ့လိုက်တာက ငြိမ်းချမ်းရေး ရသည်အထိ ဆွေးနွေးဖို့ အမြဲတမ်း ကော်မတီလို့လည်း ပြောတော့ သူတို့နဲ့က သက်သက် ဆွေးနွေးရမှာလား။ အစိုးရနဲ့ တပ်မတော်နဲ့ အဖွဲ့က နှစ်ဖွဲ့ဖြစ်နေမှာလား။

ဖြေ။ ။ တပ်က ပြောချင်တဲ့ သဘောကတော့ အဓိက ကျမနားလည်သလောက်က လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်း ရေး ကိစ္စတွေကို ညွှန်းဆိုတယ်လို့ ကျမထင်တယ်လေ။ ကျမတို့ မူဘောင်ထဲမှာဆိုရင် အပိုဒ် ၃၀ နဲ့အညီ ဆွေးနွေးသွားရ မယ် ဆိုတာလည်း ရှိနှင့်နေပြီးသား ဖြစ်တယ်။ ဆိုတော့ တပ်ကိစ္စကို တပ်နဲ့ပဲ ဆွေးနွေးစေချင်တဲ့ သဘောလို့ ကျမသဘော ပေါက် ပါတယ်။ တဖက်မှာလည်း တဖွဲ့ရဲ့ကိစ္စကိုတဖွဲ့က ဝင်ပြောလို့ မရဘူး။ ဘယ်အဖွဲ့မဆို လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို စကားပြောမယ်ဆိုရင် ဒီခေါင်းဆောင်တွေနဲ့ စကားပြောပါလို့ ချပြလိုက်တဲ့ သဘောလို့လည်း သဘောရပါတယ်။

မေး။ ။ ဒီတခေါက် ဆွေးနွေးမှုတွေ ပြန်စရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးမှုတွေက ပိုပြီး ရှေ့ကိုတိုးပြီး ဆွေးနွေးနိုင်မယ့် အခြေအနေရှိပါသလား။

ဖြေ။ ။ မြန်မာနိုင်ငံကို ဖက်ဒရယ် မတည်ဆောက်လို့ မရတော့ဘူး ဆိုတာက အားလုံးလက်ခံထားနှင့်ပြီးပြီလို့ နားလည် တယ်။ သွားတဲ့အခါမှာတော့ သူ့စိုးရိမ်ချက်၊ ကိုယ့်စိုးရိမ်ချက် ဆိုတာကတော့ ရှိမှာပါ။ တိုင်းရင်းသားတွေဘက်ကလည်း စိုးရိမ်ချက် ရှိမယ်။ အစိုးရဘက်ကလည်း စိုးရိမ်ချက် ရှိမယ်။ တပ်ဘက်ကလည်း စိုးရိမ်ချက် ရှိမှာပေါ့။ အဓိကအားဖြင့် တပ် ဘက်နဲ့ အစိုးရဘက်က စိတ်ပူနေတဲ့အချက်က ခွဲထွက်ရေး၊ ခွဲမထွက်ရေး အချက်က အများကြီး ဖြစ်ပါလိမ့်မယ်။ ကျမတို့က လုပ်နည်းလုပ်ဟန်ပိုင်းတွေကို သေချာညှိဖို့ လိုတယ်။

ကျမတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဆိုတာက NCA စာချုပ်မှာ ကောင်းကောင်းမွန်မွန် ပြောထားပြီး ဖြစ်တယ်။ လောကပါလ တရားတွေနဲ့ ပြောထားတာရှိတယ်။ ဒို့တာဝန်အရေး ၃ ပါးကို တပ်ဘက်က ပြောတာ ရှိတယ်။ အစိုးရဘက်က ပြောတာ ရှိ ခဲ့တယ်။ ကျမတို့ဘက်ကလည်း လောကပါလတရားကို ပြောတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု ကို တည်ဆောက်တဲ့ အခါမှာ ကျမတို့ဘက်က ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို သေချာပြောထားတာတွေ ရှိတယ်။ စိတ်ပူ စရာတွေကို ဖြေလျှော့နိုင်ဖို့ နည်းလမ်းတွေကို ကျမတို့နှစ်ဖက်လုံးက စဉ်းစားရမှာ ဖြစ်ပါတယ်။

အဓိက တိုင်းပြည်ရဲ့ မျက်နှာကို ကြည့်ရမယ်။ ပြည်သူလူထုတွေရဲ့ မျက်နှာကို ကြည့်ရမယ်။ စိတ်ပူမှုတွေနဲ့ပဲ ရှုပ်ထွေးနေ ရင် ဘာမှ လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ပူစရာမလိုဘူးလို့ ကျမ ထင်တယ်။၂၀၀၈ ဖွဲ့စည်းပုံမှာလည်း နိုင်ငံတော်ရဲ့ အစိတ် အပိုင်းထဲက မည်သည့် အစိတ်အပိုင်းမှ ခွဲမထွက်ရ ဆိုတာ အတိအကျ ပြဋ္ဌာန်းထားပြီးသား ရှိတယ်။

တိုင်းရင်းသားတွေ ဘက်ကလည်း ခွဲထွက်ဖို့အတွက် ပြောနေကြတာ မဟုတ်ဘူး။ ဖက်ဒရယ်စနစ်ကို တကယ့်ကို ကောင်းကောင်းမွန်မွန် တည် ဆောက်ရင် ခွဲထွက်ပါ ဆိုတာတောင် ပြောစရာ မလိုတော့ဘူး။ ခွဲထွက်မယ်ဆိုတာလည်း ပြောစရာ မလိုတော့ဘူး။ အဲဒီလို မျိုး ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကိုပဲ ကျမတို့ ပြောကြရမှာ ဖြစ်ပါတယ်။ စိတ်ပူမှုတွေကို အရမ်းစဉ်းစားနေရင် ဘာမှ ရှေ့ကို သွားလို့မရဘဲ ဖြစ်သွားမှာပါ။

မေး။ ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကနေရော ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ မူတွေကို ချပြီး ဖက်ဒရယ်စနစ် ကို သွားလို့ ရနိုင်ပါ့မလား။ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးပိုင်းဆိုင်ရာတွေကရော ဘယ်လို ရှိလာနိုင်မလဲ။

ဖြေ။ ။ ကျမတို့ နောက်ဆုံး ဆွေးနွေးချက်တုန်းက ဝိုင်းမှာ ပြောကြတာက၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘူးလို့ မငြင်းဘူး။ တပ် ဘက်က ခေါင်းဆောင်တွေပြောတာကလေ။ ဒါပေမယ့် အကုန်လုံးကို ဖျက်ပြီးရေးလိုက်လို့ မရဘူး။ တဆင့်ချင်းစီ ပြုပြင် ပြောင်းလဲရေးကို သွားချင်တဲ့ သဘောရှိတယ်လို့ ကျမတို့က နားလည် လက်ခံထားတယ်။ လုံးဝ မပြင်ရဘူးဆိုတာတော့ ကျမတို့ဝိုင်းမှာ မငြင်းဘူး။ ဒီမတိုင်ခင် ပြောခဲ့ကြတာ ရှိတယ်။ ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပေါ့နော်။ ကျမတို့ တင်ခဲ့တာကိုလေ ဟိုဘက်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုတာကို ပယ်ချတယ်။ ဒီလို အခက်အခဲတွေတော့ ရှိခဲ့တယ်။ ဒါကို ကျမတို့ မကျော်လွန်နိုင်ခဲ့ဘူး။ ဒါကို ကျော်လွန်နိုင်တယ်ဆိုရင် ကျမတို့က ဆွေးနွေးပွဲမှာ အတော့်ကို ကောင်းမွန်တဲ့ အလား အလာလို့ ပြောရမှာပါ။

မေး။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ပြောတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်ဖို့ တပ်မတော်က တာဝန်ရှိတယ် ဆိုပြီးတော့လေ။ ဒီတော့ လာမယ့်နှစ်တွေမှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဆွေးနွေးတာ ဖက်ဒရယ်ရဲ့ အခြေခံတွေနဲ့ ပတ်သက်လို့ ဆွေးနွေးရင် ပိုဆွေးနွေးရ ခက်ခဲနိုင်မလား။

ဖြေ။ ။ အဲဒီကိစ္စတွေကိုလည်း သတင်းတွေမှာ တော်တော်များများ ဝေဖန်ပြောဆိုကြတာ ရှိခဲ့ပါတယ်။ ကျမ ထင်တာက ဖြစ်စဉ်တခုကို ကျော်လွှားတဲ့အခါမှာ ကိုယ်အသေ ကိုင်ထားတယ်ဆိုတာကိုတော့ ဘယ်သူမှမလုပ်သင့်ဘူး။ ကိုယ့်ဘက်က လျှော့ သူ့ဘက်ကလျှော့ ဆိုတာမျိုးနဲ့ပဲ စေ့စပ်ညှိနှိုင်းရေး ဗျူဟာကို ကျမတို့ အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ကျမတို့ကလည်း ဒီလိုပဲ လက်ခံထားတယ်။

EAOs ဘက်ကလည်း ကိုယ်စိတ်တိုင်းကျ ပြောနေမယ်ဆိုရင် ရှေ့ကို မရောက်ဘူး။ တပ်ရော EAOs ရော အစိုးရရော အား လုံးက မိမိရဲ့ဆန္ဒကို ရှေ့တန်း မတင်ဘဲ အများကောင်းစားရေး၊ အများအကျိုး၊ ပြည်အကျိုးကို ကြည့်ပြီးမှပဲ ဆွေးနွေးသွားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဒီနှစ်အတွင်းမှာ မတိုးတက်ဘူးလို့ ဝေဖန်ခံရတာ တွေ ရှိပါတယ်။ အခုလည်း ရွေးကောက်ပွဲမှာ NLD ကပဲ အစိုးရ ပြန်ဖွဲ့နိုင်သွားပြီဆိုတော့ လာမယ့် အစိုးရလက်ထက် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ကိုရော ဆရာမ ဆိုရင် ဘယ်လိုများ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို တနည်းအားဖြင့် ပြောမယ်ဆိုရင် အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်။ ထိုင်ပြီး ကြိုးပမ်းဖို့ လိုပါတယ်။ နှစ်ဦးနှစ်ဖက် ကြိုးပမ်းမှု အပေါ်မှာပဲ EAOs နဲ့က တခါပြန် ဆွေးနွေးရ မယ့် သဘောဖြစ်ပါတယ်။ တချို့နေရာတွေမှာက တပ်ရော EAOs ရော အစိုးရရော ထိုင်ရတာလည်း ရှိတာပေါ့။ ဒါပေမယ့် သူတို့က သဘောထားချင်း တိုက်ဆိုင်မှုကို အဓိက လုပ်သင့်တယ်လို့ ကျမ မြင်တယ်။ သူတို့ ညှိနှိုင်းရမယ်လို့ ကျမ မြင်ပါ တယ်။

အရင်ကလည်း ညှိကြတဲ့ ပုံစံတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် အစိုးရ ၂ ရပ် ပုံသဏ္ဍာန်မျိုး အများကြီး ရှိခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ခေါင်းဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လုံးဝ မတိုးတက်ခဲ့ဘူး ဆိုတာကတော့ မဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ကျမ အမြဲတမ်း ထောက်ပြတာ ရှိပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတွေနဲ့ ဖြစ်လာတဲ့ ပဋိပက္ခကို နှစ်ပေါင်း ၇၀ အတွင်းမှာ NCA ဆိုတာကို ဦးသိန်းစိန် အကောင်အထည် ဖော်နိုင်ခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံ လက်ထက်မှာလည်း မူတွေ အများကြီး ကျခဲ့တယ်။ အရင်က အများကြီး အားနည်းခဲ့ပေမယ့် ဒီနောက်ဆုံး ညီလာခံ မတိုင်ခင်မှာ သူ့ဘက်ကနေ ဖက်ဒရယ် ဆိုင်ရာ လမ်းညွှန်မှုတွေကို ချပြလာခဲ့တယ်။ ဒါဟာ အင်မတန်မှ ကောင်းတဲ့ ကြိုးပမ်းချက်လို့ သုံးသပ်ပါတယ်။

၂၀၂၀ အလွန်မှာ ကျမတို့ ဆောင်ရွက်ရမယ့် ကိစ္စတွေကို သဘောတူပေးလိုက်တာလည်း အားလုံးကောင်းတဲ့ အချက်လို့ မြင်ပါတယ်။ အစိုးရ တရပ်စီတိုင်းမှာ အားနည်းချက်ရှိသလို အားသာချက်တွေနဲ့ပြန်ပြီးတော့ ပြန်အားသာသွားတာတွေ လည်း ရှိပါတယ်။ ဟိုအစိုးရ အားနည်းတယ်၊ ဒီအစိုးရ အားနည်းတယ်ဆိုတာထက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားတဲ့အခါမှာ အားလုံးက ပန်းခင်းလမ်းတော့ မဖြစ်ဘူး။ ဆူးခလုတ်တွေတော့ ရှိမယ်။ ခလုတ်ကန်သင်းတွေကို ထွင်ပြီးမှပဲ စိတ်ရှည်လက် ရှည် သွားရမယ်လို့ ပြောချင်ပါတယ်။

မေး။ ။ အရင်က ဆွေးနွေးမှုမှာ အစိုးရ ၂ ရပ်လိုမျိုး ထပ်မကြုံရအောင် EAOs ခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်း စုကြည် ကို ဘာများ အကြံပြုချင်ပါသလဲ။

ဖြေ။ ။ အမျိုးသားရင်ကြားစေ့ရေးကို ပိုမိုဆောင်ရွက်ပါ။ ရခိုင်ပြည် အရေးကိုလည်း ဦးစားပေးပါ။ ငြိမ်းချမ်းရေးကို တစိုက် မတ်မတ် သွားနေတဲ့ ရခိုင်ပြည်ဆိုင်ရာ EAOs ကိုလည်း အများကြီး ခေါင်းထဲမှာ ထည့်ပြီး စဉ်းစားပါလို့ပဲ ဒီအချက် ၃ ချက် ကိုပဲ ကျမ အကြံပြုပါတယ်။

You may also like these stories:

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း

ငြိမ်းချမ်းရေးဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်ကော်မတီဖွဲ့စည်း

ကချင်ပြည်နယ်တွင် NLD ပါတီ ၇၄ ရာခိုင်နှုန်းကျော် အနိုင်ရ

Did you find apk for android? You can find new Free Android Games and apps.
Loading