ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် မြို့တော်စစ်တွေမှလွဲပြီး မြောက်ပိုင်း မြို့နယ် ၉ မြို့နယ်နှင့် တခြားမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုအများစုမှာ ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းမှ ပယ်ဖျက်ခြင်းကို ခံလိုက်ရသည်။
ရခိုင်စစ်မြေပြင်တွင် နှစ်ဘက်အသေအကြေ တိုက်ခိုက်ကြပြီး နှစ်ဘက်လုံး အလွန် သဘောထား တင်းမာခဲ့ကြသော်လည်း နိုဝင်ဘာ ၁၃ ရက်နေ့က ရက္ခိုင့် စစ်တပ် ( AA ) က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မြို့နယ်များကို ဒီဇင်ဘာလ မကုန် မီ ပြန်လည်ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်တို့ကို မေတ္တာရပ်ခံ တောင်းဆိုခဲ့ရာ တပ်မတော်ကလည်း ကြိုဆိုလက်ခံ ကြောင်း နှစ်ဘက် အပြန်အလှန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
နှစ်ဘက် ထုတ်ပြန်ချက်များမှာ စစ်ရေးပဋိပက္ခအလွန်ပြင်းထန်သော ရခိုင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး ရောင်ခြည်သန်း လာကာ အပြုသဘော ဆောင်လာသည့် အခြေအနေ တရပ်ဖြစ်လာကြောင်းလည်း လေ့လာသူများက သုံးသပ်သူမှုများ ရှိသလို လက်တွေ့ မြေပြင် အခြေအနေမှာ မည်မျှ တိုးတက် ပြောင်းလဲမှုများ ရှိလာမလဲ ဆိုသည့် သုံးသပ်သူများလည်း ရှိသည်။
ထိုသို့သောအကြောင်းများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူများနှင့် ရခိုင်ပြည်နယ် အတွင်းရှိ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အသံများကို ဧရာဝတီသတင်းထောက် မင်းအောင်ခိုင်နှင့် ခိုင်ရိုးလ တို့က စုစည်းတင်ပြလိုက်သည်။
ဦးမောင်မောင်စိုး ( နိုင်ငံရေး လေ့လာ သုံးသပ်သူ )
နှစ်ဘက်စလုံးရဲ့ ထုတ်ပြန်ချက်ဟာ အရင်နဲ့မတူဘဲ ပျော့ပျောင်းတယ်။ တဖက် နှင့်တဖက် လိုက်လျောမှုရှိတယ် ဆိုတဲ့ အခြေခံပေါ်မှာတော့ ငြိမ်းချမ်းရေး လမ်းစ ဖွင့်တယ်လို့ ပြောလို့ရပါတယ်။ ကနဦးအနေနဲ့ လိုအပ်တာက နှစ်ဖက် အတိုက် အခိုက် ပစ်ခတ်မှုတွေ ရပ်စဲရေးကို လျော့ချဖို့ ကနဦးလိုအပ်ချက်တွေ ဖြစ်ပါတယ်။
အဲဒါတွေကို နှစ်ဖက်က ထိန်းထိန်းသိမ်းသိမ်း လျော့ချနိုင်တဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်မှာ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုလို့ ရှိရင်လည်း နိုင်ငံရေး ဘောင်ကျယ် သွားမယ်ပေါ့။ ဒါက ဒုတိယအချက် ဖြစ်ပါလိမ့်မယ်။
တတိယ အနေနဲ့ကတော့ AA အပါအဝင် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နဲ့ အစိုးရနဲ့ တပ်မတော်ကြားမှာ Bilateral ထိုးနိုင် ဖို့က တတိယ အချက်ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ နှစ်ဖက် အဖမ်းအဆီးခံထားရတဲ့ ကိစ္စတွေကတော့ အဲဒါ အဓိက အချက် အတွေကို သဘောတူညီရတယ်ဆိုရင်တော့ ကျွဲကူးရေပါ ဖြစ်ပါလိမ့်မယ်။
ဦးဇော်ဇော်ထွန်း (အတွင်းရေးမှူး)၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး
ကျနော့်ရဲ့အမြင်တော့ ဒီထုတ်ပြန်ချက်လောက်နဲ့တော့ ငြိမ်းချမ်းရေးလမ်းစ ဖွင့်တယ်ဆိုတာကတော့ ပြောဖို့ စောဦးမယ် ထင်ပါတယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ထုတ်ပြန်ချက် နှစ်ခုရဲ့ အနေအထားကတော့ အပြုသဘောတော့ ဆောင်တယ်လို့ မြင်တယ်။ ဒီထက် ရှေ့ကို တိုးတက်မှုလည်း ရှိကောင်း ရှိနိုင်တယ်။
ဒါပေမယ့်လည်း ရှေ့ကို တိုးတက်မှု ရှိမလား၊ မရှိဘူးဆိုတာ ဘာကိုကြည့်ရမလဲဆိုတော့ မြေပြင်မှာ ဘယ်လောက်ထိ စစ်ရေးလှုပ်ရှားမှုတွေ ရှိကြလဲ။ ဘယ်လောက်ထိ တိုက်ပွဲ မဖြစ်အောင် လုပ်ဆောင်နေကြလဲဆိုတာ မူတည်တာပေါ့။ သူတို့ထုတ်ပြန်ချက်နဲ့ မြေပြင်က အခြေအနေ ပေါင်းစပ်ပြီးမှ ကျနော်တို့က နည်းနည်းလောက် လမ်းစရတယ်လို့ ပြောလို့ရမယ်။
ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုတယ်။ ထောက်ခံ ကြိုဆိုကြတယ်ဆိုတာကတော့ ဘုံအကျိုးစီးပွားရေး အသံ ၁ သံ တည်း ပစ်တာလည်း ဖြစ်ကောင်း ဖြစ်မယ်။ သို့သော်လည်း နိုင်ငံရေး အရ အမြတ်ထုတ်တာ။ နိုင်ငံရေး လက်ဦးမှု ယူတာ အဲဒီလိုမျိုးလည်း တဖက်က မရှိဘူူလို့လည်း ပြောလို့မရဘူး။ သို့သော်လည်း ဘာပဲ ဖြစ်ဖြစ် ကျနော်တို့က သံသယကြီး တာလည်း မကောင်းဘူး။ အဲဒီအတွက်ကြောင့် ဒီထုတ်ပြန်ချက်တွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ကတော့ အပြု သဘော ဆောင်တယ်လို့ပဲ ထင်မြင်မိပါတယ်။ ရှေ့မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကျကိုတော့ ကျနော်တို့ စောင့်ကြည့် နေတယ်။
ကိုအမ်းသားကြီး ( ရခိုင်စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူ )
ကျနော်တို့ကတော့ ဒေသတွင်းမှာ မတည်မငြိမ် ဖြစ်နေတာရယ်။ စစ်ရေး ပဋိပက္ခရယ်။ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ပြည်သူတွေ အများကြီးဒုက္ခရောက်ခဲ့ကြတယ်။ အဲဒီ အနေအထားမှာ AA ကနေပြီးတော့ ရခိုင်ပြည်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၉ မြို့ကို ရွေးကောက်ပွဲ ထပ်ပြီး ကျင်းပဖို့ မေတ္တာရပ်ခံတဲ့ အပေါ်မှာ ဒီ တပ်မတော်ကလည်း လက်ခံလိုက်တယ်ဆိုတော့ အဲဒီအပေါ်မှာ ကျနော်တို့ကလည်း ကြိုဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီပြည်ထောင်စုကြီးမှာ အားလုံး အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်။ တပ်မတော်နဲ့ AA တို့အနေနဲ့ အခုအချိန်မှာ ငြိမ်းချမ်းရေး လမ်းစ မပွင့်လို့ကို မရဘူး အနေအထားရှိတယ်။ ဘယ် အခြေအနေမျိုး၊ ဘယ်လို အချိန်မှာပဲ ဖြစ်ဖြစ် ပြည်သူတွေကို ငဲ့ညာတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကို တန်ဖိုးထားတယ်ဆိုလို့ရင် တပ်မတော်နဲ့ ရက္ခိုင့် တပ်တော်နဲ့ကျတော့ ငြိမ်းချမ်းရေးကို လမ်းစဖွင့်ကို ဖွင့်ပေးရမယ်။
မဖွင့်လို့ကို မရတော့ဘူး။ အခု AA ရဲ့ မေတ္တာရပ်ခံချက်ကို တပ်မတော်က ကြိုဆိုတဲ့ အခါကျတော့ ကျနော်တို့ ရခိုင် ပြည်ကြီးရော၊ မြန်မာနိုင်ငံရော အကုန်လုံး စစ်ရေး ပဋိပက္ခထက် နိုင်ငံရေးလမ်းကို ဦးတည်တဲ့ သဘောကို သက်ရောက် တဲ့အတွက် ငြိမ်းချမ်းရေး လမ်းစပွင့်သွားတယ်လို့ ကျနော်တို့က သုံးသပ်မိပါတယ်။
ဒေါက်တာစန်းရွှေ (ရခိုင်ပြည်နယ် ဥက္ကဋ္ဌ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အဲဒီမှာ တပ်မတော်ရဲ့ အမြင်၊ AA ရဲ့ အမြင် နှစ်ဘက်စလုံးကတော့ ကောင်းတဲ့ သဘော၊ အလားအလာ တခု ဆောင် တယ်။ ဒါပေမယ့်လည်း ကော်မရှင်ရဲ့ ဥပဒေပြဌာန်းချက်၊ နောင်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်တွေ အပေါ်မှာ မူတည်နေအုံးမယ်။ ဒါကို ဟိုဘက် ULA/AA က တောင်းဆိုချက်ကို တပ်မတော်က လိုက်လျောတာ ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားမယ့်လမ်းမှာ အလားအလာကောင်းတရပ်ပေါ့။
ဒါပေမယ့် ကောင်းလာမယ်၊ မကောင်းလာဘူးဆိုတာကတော့ အစိုးရဖွဲ့စည်းပုံမှာလည်း မူတည်နေအုံးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးမှုတွေဟာ ဒါတွေနဲ့လည်း ပတ်သက်နေတယ်။ သဘောက ပါတီနိုင်ငံရေးတခုတည်းကို ကြည့်လို့မရသလို၊ အစိုးရဖွဲ့စည်းနိုင်မှုနဲ့ အစိုးရအဖွဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ အပေါ်မှာလည်း မူတည်တယ်။
နောက်ပြီးတော့ နိုင်ငံတကာကလည်း ရခိုင်ပြည်နယ်အပေါ်မှာ ဘယ်လိုသဘောထား ဆက်ဆံလာမလဲ ဆိုတာကိုလဲ ကြည့်ရလိမ့်မယ်။ တထိုင်တည်းတော့ အစိုးရရဲ့ အလားအလာကို ပြောမရသေးဘူး။ ကျနော်တို့ကတော့ ရခိုင်ပြည်နယ် ငြိမ်းချမ်းပြီးတော့ လူတိုင်း စားဝတ်နေရေးပြေလည်ပြီး တိုးတက်လာမှာကို မြင်ချင်တယ်။ ခြုံပြီးပြောရရင် ဒါမျိုးတွေဟာ ငြိမ်းချမ်းရေးဘက်ကို သွားဖို့အတွက် အလား အလာကောင်း တရပ်ဖြစ်တယ်။ တကယ်ဖြစ်စဉ်ကိုတော့ ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်ရအုံးမယ်။
ဒေါ်ညိုအေး (ဥက္ကဋ္ဌ) ရခိုင်အမျိုးသမီးကွန်ရက်
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ထုတ်ပြန်သူနဲ့ ကြိုဆိုသူရှိတယ်။ အဲဒီမှာ ပြောချင်တာက ကြားဖြတ်ရွေးကောက်ပွဲ မြို့နယ်တိုင်းမှာ ကျင်းပနိုင်ဖို့အတွက် လက်နက်ကိုင်နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ စစ်ရေးပဋိပက္ခဖြစ်စဉ်တွေကို လျော့ချရမယ်။ ဒါမှ မဲဆန္ဒရှင်ပြည်သူတွေ စိတ်အေးချမ်းသာစွာ မဲပေးနိုင်မှာဖြစ်တယ်။ ပထမတုန်းက ပြုလုပ်ခဲ့တဲ့ ရွေး ကောက်ပွဲမှာ ရပ်ကျေး ရွေးကော်အဖွဲ့တွေ ဘက်ကလည်း အားနည်းချက်တွေကြောင့် မဲစာရင်းမှာ မပါတဲ့ လူတွေ အများအပြား ရှိခဲ့တယ်။
ဒါကြောင့် CSO တွေက ရပ်ကျေးနေရာတွေကို ဆင်းပြီးတော့ အားလုံးမဲပေးနိုင်ဖို့ အတွက် စာရင်းဇယားတွေ ကောက်ခံမှု တွေ ပြုလုပ်ခဲ့တယ်။ အခုလည်း ဒီလိုလုပ်ဆောင်ပေးသင့်တယ်။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို အစိုးရ၊ တပ်မတော် တို့က အမှန်တကယ် လုပ်ပေးချင်တဲ့ ဆန္ဒရှိရင် ရွေးကောက်ပွဲကာလမှာ ထိုက်သင့် လျောက်ပတ်တဲ့ စစ်ရေး လှုပ်ရှားမှုမရှိအောင် နှစ်ဖက်စလုံးက ဆင်ခြင်ရမယ်။
နောက်ပြီးတော့ အခုထုတ်ပြန်ချက်တွေဟာ ရခိုင်နိုင်ငံရေးအရ ငြိမ်းချမ်းရေး အလားအလာကတော့ နီးတာတော့ မဟုတ် သေးဘူး။ ဒါပေမယ့်လည်း အခုလို သဘောတူညီချက် အစ တစ ပျိုးထောင်ရာကနေ အကောင်းဘက်ကို ဆက်လျှောက် သွားနိုင်ဖို့ ဖြစ်တဲ့ အတွက် ကျမတို့အနေနဲ့တော့ ဒါကို ကြိုဆိုတယ်။
ဦးစံကျော်လှ (ဥက္ကဋ္ဌ) ရခိုင်ပြည်နယ် လွှတ်တော်
ဒီကိစ္စဟာ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ AA တို့က ပထမဆုံး ခြေလှမ်းကို ပြိုင်တူ လှမ်းလိုက်ကြ တာ ဖြစ်တယ်။ ဒီပုံစံ အတိုင်းသာ နှစ်ဖက်အဖွဲ့တွေက သဘောထားမှန်မှန်နဲ့ ဆက်တိုက်သွားကြမယ်ဆိုရင် ကောင်းမွန် လာတဲ့ အနေအထား ရှိပြီးတော့ ပြည်သူတွေလည်း စိတ်ချမ်းသာမယ်။ နောက်ပြီးတော့ ဒီအတိုင်းဖြစ်မှသာ မကြာခင်မှာ ငြိမ်းချမ်းရေးရရှိလာနိုင်ပြီးတော့ ရခိုင်လူထုတွေလည်း အဆင်ပြေပြေ နေထိုင်သွားရမယ်။ ပြည်သူလူထုတရပ်လုံးကလည်း ဒီလိုဖြစ်လာဖု့ိ မျှော်လင့်နေတာကြာပြီ။
ဒေါ်စောမြရာဇာလင်း ( ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုခေါင်းဆောင် ) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
AA ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်ဘက်ကလည်း အကောင်းဘက်က တုံ့ပြန်တာကို တွေ့ရတယ်။ ကျမ အမြင်မှာတော့ အခုလောလောဆဲ ထုတ်ပြန်လိုက်ရုံနဲ့ ရွေးကောက်ပွဲ အလျင်အမြန် ပြန်ပြီးကျင်းပဖို့ ဆိုတာကတော့ မမြင်မိဘူး။ ဒါပေမယ့် လည်း နှစ်ဖက်ကနေ ဒီလို အပြန်အလှန် ပြောဆိုလာခြင်းဟာ မြန်မာနိုင်ငံသမိုင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းကြောင်း အတွက် တစွန်းတစ အပြောင်းအလဲ ရှိလာနိုင်တယ်လို့ သုံးသပ်ရမယ်။
ဒီလို နှစ်ဘက်စလုံးက သဘောထားတွေ ပျော့ပျောင်းလာခြင်းကိုလည်း ကြိုဆိုပါတယ်။ နောက်ပြီးတော့ သူတို့တွေက ဆွေးနွေးမှု စားပွဲဝိုင်းကိုရောက်ဖို့ လိုသေးတယ်။ စားပွဲဝိုင်းမှာ ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ရရှိလာမှ မြေပြင်အနေအထား အရ နှစ်ဦးနှစ်ဖက် လိုက်နာနိုင်တဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပေးနိုင်မှ မြေပြင်မှာလည်း ကောင်းမွန်တဲ့ အနေအထား ကို ရောက်လာမယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကျမတို့အနေနဲ့လည်း ဘယ်အဖွဲ့ကမဆို ပြောလာမယ်ဆိုရင်တာ့ ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ ကျမတို့က အားလုံး ပါဝင်ရေးဆိုတာကို တောက်လျှောက် ပြောလာတယ်။ ပြီးတော့ ကျမတို့က ငြိမ်း ချမ်းရေးကို စသွားတဲ့ အခါ ၂၁ ဖွဲ့နဲ့ စသွားတဲ့ အခါ အားလုံးနဲ့ ချိတ်ဆက်ပြီးတော့ လုပ်လာတာ ဖြစ်တဲ့အတွက် ကျမ အနေနဲ့တော့ ငြိမ်းချမ်းရေးအတွက်ဆို တတ်နိုင်တဲ့ဘက်က ပါဝင် ကူညီဖို့ အဆင်သင့် ရှိပါတယ်။
You may also like these stories:
လွှတ်တော်ထဲ မရောက်ပေမယ့် ပြင်ပကနေ ပံ့ပိုးတဲ့ အလုပ်တွေ လုပ်သွားမယ်
အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်
လွှတ်တော်ဝင်မယ့် အမျိုးသမီးကိုယ်စားလှယ်များ အသံ