၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလတွင် ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသည် ရွေးကောက်ပွဲဆိုင်ရာ သတင်းများဖော်ပြမှု အားနည်းခဲ့ကြောင်း ဝေဖန်မှုများရှိနေသည်။ ယင်း ပြောဆိုချက်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားကို သိရှိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းအား ဧရာတီသတင်းထောက် ဇင်လင်းထက်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဟာ မဲဘယ်လိုပေးရမယ်ဆိုတဲ့ အသိပညာပေး ရုပ်သံတွေတော့ ဖော်ပြပေမယ့် ရွေးကောက်ပွဲနေ့ မဲပေးမှုအခြေအနေတွေနဲ့ ပတ်သက်ရင်သတင်းဖော်ပြတာ သိပ်မရှိဘူး။ နောက်တခါ ရွေးကောက်ပွဲ ရလဒ်တွေ ထုတ်ပြန်တာမှာလည်း အတော်ကို အားနည်းတယ်လို့ ဝေဖန်နေကြတာရှိပါတယ်။ လူထုက ပုဂ္ဂလိက မီဒီယာတွေဖြစ်တဲ့ Mizzima နဲ့ DVB ကိုပဲ အားကိုးပြီး ကြည့်နေရတယ်လို့ ပြောနေတာတွေရှိပါတယ်။ ဒီလိုဝေဖန်ချက် တွေနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ ဘာများတုံ့ပြန်ချင်ပါသလဲခင်ဗျာ။
ဖြေ ။ ။ ပထမဆုံး ကျနော် အလေးအနက်ထား ပြောချင်တာက “ဒီရွေးကောက်ပွဲကြီးကို အခက်အခဲ စိန်ခေါ်မှု အမျိုးမျိုးကြားက သန့်သန့်ရှင်းရှင်း နဲ့ ကြီးမားတဲ့ ပြသနာတစုံတရာ မရှိဘဲ အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့အတွက် အရေးကြီးတဲ့ မီဒီယာ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ပေးခဲ့ကြတဲ့အတွက် မီဒီယာမိတ်ဆွေများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဧရာဝတီကတဆင့် ပြောပြလိုပါတယ်။
ကိုယ်တိုင် မီဒီယာသမားတယောက်အနေနဲ့ မီဒီယာမိတ်ဆွေများရဲ့တာဝန်ကျေပွန်မှုကို များစွာ ဂုဏ်ယူမိပါတယ်။
မေးခွန်းတွေကိုဖြေရမယ်ဆိုရင် ရွေးကောက်ပွဲတွေနဲ့ပတ်သက်လာရင် မီဒီယာတွေဟာ ရွေးကောက်ပွဲအကြို ကာလ၊ရွေးကောက်ပွဲကျင်းပနေတဲ့ကာလ နဲ့ ရွေးကောက်ပွဲအလွန်ကာလ စတဲ့ ကာလ ၃ ခုလုံးမှာ တာဝန်တွေ ရှိကြပါတယ်။
ရွေးကောက်ပွဲ အကြိုကာလမှာတော့ ပြည်သူတွေကိုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ လုပ်ရ ပါတယ်။ ရွေးကောက်ပွဲ အရေးပါပုံနဲ့ မဲထည့်ပုံထည့်နည်း စတာတွေကို ပြည်သူတွေကို အသိပညာပေးပြီး၊ ပါတီတွေ ကိုယ်စားလှယ်တွေ လေ့လာဆန်းစစ်သူတွေ နဲ့ စကားဝိုင်းတွေပြုလုပ်ပေးရပါတယ်။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် မသမာသူတွေကို လေ့လာစုံစမ်းဖော်ထုတ်ပေးရပါတယ်။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ ကိုယ်စားလှယ် တွေအကြောင်းကို ဖော်ထုတ် လေ့လာဆန်းစစ်ပြီး ပြည်သူတွေ သိရှိအောင်ဆောင်ရွက်ပေးခြင်း စတဲ့တာဝန်တွေကို ဘက်လိုက်မှုကင်းရှင်းစွာနဲ့ မျှမျှတတ ဆောင်ရွက်ပေးရပါတယ်။
မေး ။။ တချို့လည်း ပြောကြတယ် MRTV မှာ ရွေးကောက်ပွဲအကြို မဲဘယ်လိုပေးရတယ်ဆိုတဲ့ ရုပ်သံတွေ ဖော်ပြ မယ်ဆိုတဲ့ မူဝါဒပဲရှိတယ်။ ရွေးကောက်ပွဲနေ့နဲ့ပတ်သက်ပြီး သတင်းတင်ဆက်ဖို့ မူမရှိဘူးလို့ ပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ရော ဆရာအနေနဲ့ ဘာများပြောနိုင်မလဲခင်ဗျာ။
ဖြေ ။။ ဧရာဝတီရဲ့မေးခွန်းမှာ ပါသလိုပါပဲ ကျနော်တို့ နိုင်ငံပိုင်မီဒီယာတွေ အနေနဲ့ ရွေးကောက်ပွဲအကြိုကာလ တာဝန်တွေထဲက အချို့ကိုတော့ ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့အတွက် အချို့ ကိစ္စတွေကို ပုဂ္ဂလိကမီဒီယာတွေနည်းတူ လွတ်လွတ်လပ်လပ် သွက်သွက်လက်လက်ဆောင်ရွက်နိုင်တဲ့ အနေ အထား မရှိတာကို ဝန်ခံပါတယ်။ အားမလို အားမရလည်းဖြစ်မိပါတယ်။ သို့သော် ပုဂ္ဂလိကမီဒီယာတွေက အဲဒီ ဟာကွက်တွေကို အကောင်းဆုံး ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြလို့ ဒီရွေးကောက်ပွဲကြီးဟာ တခုမှပြောစရာမရှိဘဲ အောင်မြင်ခဲ့ပါတယ်။
ခြုံပြောရရင် အချို့မီဒီယာတွေက မီဒီယာပညာရပ် အဆင့်အတန်းပြည့်ဝပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာလည်း ကျနော် ထင်ထားခဲ့တာထက် ပိုမိုကောင်းမွန်တာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံ့အနာဂါတ် အတွက် အားထားရမယ် အရည် အသွေးပြည့်မီတဲ့ မီဒီယာတွေရှိလာပြီလို့ တွေးပြီး များစွာ အားရကျေနပ်မိပါတယ်။
စောစောကစကားကို ပြန်ကောက်ရရင် မီဒီယာတွေရဲ့ ရွေးကောက်ပွဲတာဝန်တွေဟာ မပြီးဆုံးသေးပါဘူး ခင်ဗျား။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကြီး တခုဖြစ်အောင်တော့အားထုတ်ကူညီခဲ့ကြပြီးပါပြီ။ ပြည်သူတွေအနေနဲ့လည်း သူတို့ကြိုက်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်တွေကို လွတ်လပ်စွာရွေးချယ်တာဝန်ပြီးခဲ့ပါပြီ။ အဲဒီရွေးကောက်ပွဲရလာဒ် တွေကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုပြီးချီးကျူးသဝဏ်လွှာတွေ ပို့လာနေကြတာ အားလုံးသိတဲ့အတိုင်းပါပဲ။
ဒါပေမယ့် အဲဒီရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည် ဖော်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါသေးတယ်။ အဖျက်အမှောင့် အနှောင့်အယှက်တွေ ကင်းရှင်းအောင် စောင်ကြည့်ကာကွယ် တည့်မတ်ပေးဖို့ မီဒီယာတွေအတွက် မဟာတာဝန်ကြီး တရပ်ရှိပါသေးတယ်။ ဒီမဟာတာဝန်ကြီးကိုလည်း ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲ ကျင်းပ နေစဉ်တုန်းကလိုပဲ ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ပေးကြပါလို့ မီဒီယာမိတ်ဆွေအားလုံးကို ကျနော် အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။
မေး ။။ နောက်ဆုံးမေးခွန်းအနေနဲ့မေးချင်တာက ရွေးကောက်ပွဲလို အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် လူထု သတင်းအချက်အလက် များများရအောင် ဆရာတို့အနေနဲ့ ဘာတွေစီမံ ဆောင်ရွက်ထားပါသလဲ။ ရေရှည်အတွက်ရော တိုးတက်မှုတွေရှိအောင် ဘယ်လို အစီအစဉ်တွေရှိပါသလဲ သိပါရစေခင်ဗျာ။
ဖြေ ။။ နိဂုံးချုပ်အနေနဲ့ပြောရရင် ကျနော် မကြာခဏ ပြောဖူးသလိုပါပဲ၊ ဒီမိုကရေစီနိုင်ငံတခုမှာ ပုဂ္ဂလိကမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ်အရေးကြီးပါတယ်။ သို့သော် မီဒီယာပညာရပ် အဆင့်အတန်းမီ ကျွမ်းကျင်ပြီး၊ မူဝါဒ လွတ်လပ်ကာ မိမိကိုယ်ကို မိမိ ထိန်းကျောင်းပေးနှိုင်တဲ့(Professional, Independent, Self-regulated) ဖြစ်ဖို့တော့ သိပ် အရေးကြီးပါတယ်။
ကျနော်တို့ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက် ဒီမိုကရေစီနဲ့ရော မီဒီယာလွတ်လပ်မှုနဲ့ပါ ကင်းဝေးခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကာလဟာ ဆယ်စုနှစ်တခုတောင် မပြည့်သေးတဲ့အပြင် နိုင်ငံ့သမိုင်းမှာ မကြုံစဖူး ပြည်တွင်းပြည်ပ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျနော်တို့ အစိုးရသက်တမ်း ပြီးခဲ့တဲ့ (၅) နှစ်သက်တမ်း အတွင်း ရရှိခဲ့တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်မှုတွေကို ပိုမိုခိုင်မာအောင်လုပ်နိုင်ဖို့က အလွန် အရေးကြီး ပါတယ်။ ဒါမှသာ ဆက်လက်လုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ပြီး ဒီမိုကရေစီ လမ်းခရီးကို ချောချောမောမော ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ဒီတာဝန်ကို ကျနော်တို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။ ကျနော်တို့ဝန်ကြီးဌာန အနေနဲ့လည်း ကျနော်တို့ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေနဲ့အညီ နည်းပညာ တိုးတက်ပြောင်းလဲ တိုးတက်မှုတွေကိုအခြေခံပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာပါ။
ဒီမိုကရေစီနိုင်ငံတခုမှာ ပုဂ္ဂလိကမီဒီယာတွေ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး နဲ့ ဒီမိုကရေစီထွန်းကားရေးတို့ဟာ အပြန် အလှန် အမှီသဟဲ ပြုနေပါတယ်။ အရည်အသွေးပြည့်မှီတဲ့ ပုဂ္ဂလိကမီဒီယာတွေ က ဒီမိုကရေစီထွန်းကားရေး အတွက်အလွန်အရေးပါသလို၊ ဒီမိုကရေစီထွန်းကားမှလည်း ပုဂ္ဂလိကမီဒီယာတွေသိက္ခာရှိစွာနဲ့ စနစ်တကျ ရေရှည်ရှင်သန်ရပ်တည်နိုင်မှာပါ။တစ်ချိန်ကျရင် ဒီမိုကရေစီခိုင်မာလာတဲ့အခါ မီဒီယာလုပ်ငန်းတာဝန်တွေကို ပုဂ္ဂလိကမီဒီယာတွေက ပဲ အဓိက တာဝန်ယူဆောင်ရွက်သွားရမှာပါ။
You may also like these stories:
အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့အတွက် တိုင်းရင်းသားပါတီတွေကို ဖိတ်တာပါ
“ထောက်ပံ့ကြေးကြောင့် ကျနော်တို့ နိုင်တာ မဟုတ်ဘူး”
နှစ်ဘက် သဘောထားတွေ ပျော့ပျောင်းလာတာကို ကြိုဆိုတယ်