နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တနိုင်ငံလုံးတွင် လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ် ၁၁၁၇ ဦး ရွေးချယ်ရာ ကိုယ်စားလှယ် ၉၂၀ ဦး အနိုင်ရ ထားသည်။
ပြည်ထောင်စု လွှတ်တော်တွင်လည်း ၃၉၆ ဦး အနိုင်ရထားသဖြင့် အစိုးရသစ်ကိုလည်း NLD တပါတီတည်းက အပြည့်အဝ ပြန်လည် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ သို့သော် NLD က အမျိုးသား ညီညွတ်ရေး အစိုးရအဖြစ် ဖွဲ့စည်းရန် တိုင်းရင်းသား ပါတီများကို ကမ်းလှမ်းမည် ဟု ပြောဆိုထားကာ တိုင်းရင်းသားပါတီများကိုလည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အရေးတွင် ပူးပေါင်းပါဝင်ရန် စာတစောင်ကိုလည်း ပို့ထားသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အပြီး NLD က တနိုင်ငံလုံးတွင် အပြတ်အသတ် အနိုင်ရရှိပြီးနောက် အစိုးရ ဖွဲ့စည်း ရေးတွင်လည်း ဒုသမ္မတနေရာတွင် တိုင်းရင်းသား တဦးကို နေရာပေးရန် စဉ်းစားခဲ့ရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖဲွဲ့ချုပ်ပါတီ (SNLD) ကို ခေါ်ယူဆွေးနွေးမှု ရှိခဲ့သည်။
ယခုအခါတွင်လည်း အမျိုးသား ညီညွတ်ရေး အစိုးရအတွက် တိုင်းရင်းသား ပါတီများကို NLD က ညှိနှိုင်းမည်ဟု ပြောဆို ထားရာ လက်ရှိအခြေအနေတွင် ညှိနှိုင်းလာမှု ရှိမရှိ၊ အစိုးရသစ်ကို မည်သို့ မျှော်လင့်ကြောင်း အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က SNLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ NLD ပါတီဘက်က အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့ဖို့အတွက် တိုင်းရင်းသား ပါတီတွေကို ကမ်းလှမ်းမယ်လို့ ပြောတယ်။ SNLD ကို ညှိနှိုင်းတာ ရှိပြီလား။ SNLD ဘက်ကရော ဒါနဲ့ ပတ်သက်ရင် ဘာတွေ ဆွေးနွေးချင်တာ ရှိပါသလဲ။
ဖြေ။ ။ အခုထက်ထိတော့ ကျနော်တို့ဘက်ကတော့ ကြိုတင်ပြင်ဆင်ထားတာ ဘာမှမရှိဘူးခင်ဗျ။ သူတို့ ထုတ်ပြန်စာ တောင် ကျနော်တို့ကို အီးမေးလ်နဲ့ သော်လည်းကောင်း Hard Copy အားဖြင့် လည်းကောင်း ပို့ပေးလာတာ မရှိပါဘူး။ အခုထက်ထိ မရပါဘူး။ ဒါကတော့ ရုံးပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ခင်ဗျ။
မေး။ ။ NLD ပါတီက ပြောနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဆိုတာနဲ့ ပတ်သက်လို့ရော ဘယ်လို သဘောထား ရှိပါ သလဲ။ သူတို့ ဖိတ်ခေါ်ရင်ရော ပါဝင်ဖို့ စဉ်းစားထားပါသလား။
ဖြေ ။ ။ ဒါကတော့ ဆွေးနွေးကြည့်မှ သိလိမ့်မယ်။ သူတို့အနေနဲ့ ဘယ်လို ပုံစံမျိုးကို အမျိုးသား ညီညွတ်ရေးလို့ ခေါ်တာလဲ။ ဘယ်လိုပုံစံနဲ့ သွားမလဲပေါ့။ အဲ့ဒီပုံစံကို မသိရဘဲ သူတို့သဘောထားကို မသိရဘဲ ကျနော်တို့ဘက်က ကြိုတင်ပြောဖို့ ခက် ပါတယ် ခင်ဗျ။
မေး ။ ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့တုန်းကဆိုရင် SNLD ပါတီထဲက ခေါင်းဆောင်တဦးကို ဒုသမ္မတ နေရာပေးဖို့ ညှိနှိုင်းတာတွေ ရှိတယ်လို့ ကြားသိခဲ့ရပါတယ်။ အဲဒီတုန်းကရော အခြေအနေက ဘယ်လို အခြေအနေ တွေကြောင့် မပါဝင် ဖြစ်တော့တာလဲ။
ဖြေ ။ ။ အဲဒီတုန်းကတော့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ အန်ကယ် ဦးဉာဏ်ဝင်းတို့ အစရှိတဲ့ ပုဂ္ဂိုလ် တွေ လာရောက် တွေ့ဆုံပါတယ်။ ပြီးတော့မှ ထပ်ပြီး နေပြည်တော်ကို ကျနော်တို့ကို ဖိတ်ခေါ်ပါတယ်။ အခုလည်းပဲ အဲဒီ အနေအထားမျိုး မရှိသေးတာတော့ သေချာပါတယ် ခင်ဗျ။
မပါဖြစ်တော့တာကတော့ ကျနော်တို့ကို တရားဝင် ရှင်းပြတာမျိုးတော့ မရှိပါဘူး။ နောက်ပိုင်း တော်တော်ကြာမှ သိရ တာတော့ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးတွေ အဆင်မပြေလို့သူတို့ နဂိုရည်မှန်းထားတာတွေ ဖြစ်မလာတာလို့ ပြန်ကြားသိရပါတယ်။
သူတို့ဘက်က နဂိုရည်ရွယ်ချက် ရှိထားပြီးသား၊ အစီအစဉ် ရှိပြီးသားကို ကျနော်တို့ကို တိတိလင်းလင်း ပြန်ပြီးရှင်းပြတာ တော့မရှိဘူး။ SNLD နဲ့ လက်တွဲဆောင်ရွက်ဖို့ အစီအစဉ် ရှိတယ်။ ဘယ်နေ့ဘယ်ရက်တော့ နေပြည်တော်ကို အရောက် လာပါ ဆိုပြီး ဒုတိယအဆင့် အနေနဲ့ပေါ့။ ပထမတကြိမ်ကတော့ လာတွေ့တယ်။ ဒုတိယ တကြိမ်မှာ အဲဒီလိုမျိုး တွေ့ဆုံ ဆွေးနွေးဖို့အတွက် နေပြည်တော်လာပါဆိုပြီး ဖြစ်သွားတယ်။ ဟိုရောက်တော့မှ အစီအစဉ် ပြောင်းသွားတဲ့ အနေအထားပါ။
မေး။ ။ ဒါဆိုရင် မဆွေးနွေးလိုက်ရဘူးလားရှင့်။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် မဆွေးနွေးလိုက်ရဘူးလား ဆိုတော့ ပထမ တရက်မှာ ဦးဝင်းထိန်နဲ့ တွေ့ပြီး ပြီးသွားတယ် ခင်ဗျ။ နောက်တရက်ကျမှ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဦးဝင်းထိန်ပါတဲ့ အဖွဲ့နဲ့ ထပ်တွေ့တယ်။ အဲဒီအခါကျတော့ အရင် အစီအစဉ်က အလိုလိုနေရင်း ပျောက်သွားပြီး ဒုတိယ အာဂျန်ဒါဖြစ်တဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဆိုတာက ပေါ်လာတယ်။
တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ဆိုတာကတော့ ကျနော်တို့ ကြိုတင်ပြီး စဉ်းစားထားတဲ့ အချက် မဟုတ်ဘူး။ ကျနော်တို့ ဥက္ကဋ္ဌကြီးကလည်း ပါမသွားဘူး။ ဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦးက ရန်ကုန်မှာ ကျန်ခဲ့တာ။ အဲဒီတော့ ဥက္ကဋ္ဌကြီးနဲ့ ကျန်တဲ့ ဗဟို ကော်မတီဝင်တွေနဲ့ တိုင်ပင်ဖို့ ရှိတယ် ဆိုပြီး ပြန်လာပါတယ်။ နောက်တော့မှ ကျနော်တို့က အဲဒီ အစီအစဉ်ကို လက်မခံနိုင် ဘူးလို့ အကြောင်း ပြန်လိုက်ပါတယ်။
မေး။ ။ NLD အစိုးရအနေနဲ့ သူတို့ တာဝန်ယူထားတဲ့ ၅ နှစ်တာ သက်တမ်းမှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ လုပ် ပုံကိုင်ပုံကို ဘယ်လို မြင်ပါသလဲ။ လာမယ့် အစိုးရသစ် ဖွဲ့စည်းရင်ရော NLD ကို ဘာများ အကြံပြုချင်တာ ရှိပါသလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ ၅ နှစ်မှာ လုပ်ခဲ့ကိုင်ခဲ့တဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ အားရကျေနပ်မှု မရှိဘူးပေါ့ ဗျာ။ သူတို့ကတော့ အကြောင်းပြပါလိမ့်မယ်။ ဒီမိုကရေစီအရေးက ပိုအရေးကြီးတယ်။ အာဏာရှင် တိုက်ဖျက်ရေးက ပို အရေးကြီးလို့၊ အဲဒီဘက်ကို စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကိုပဲ ဇောင်းပေး လုပ်ရတယ်လို့ ဆင်ခြေပေးကောင်း ပေး ပါလိမ့်မယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ အမြင်မှာတော့ အဲဒီလို ရှိမနေပြန်ဘူးလေ။ အထူးသဖြင့် နိုင်ငံရေးပါတီ အချင်း ချင်း တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ အခင်းအကျင်းမျိုးက တကြိမ်တခါမှ မပေါ်ပေါက်ခဲ့ဘူး။ အဲဒီတော့ ၁၉၉၀ ကတည်းက လက် တွဲလာတဲ့ တိုင်းရင်းသားပါတီတွေကို သူတို့က လုံးဝ ပစ်ပစ်ခါခါ လုပ်တဲ့ အနေအထားမျိုးလို့ တိုင်းရင်းသားတွေဘက်က ပြန် ခံစားရတာပေါ့ဗျာ။ အဲဒီတော့ ဒါက ပြီးခဲ့ပြီ။
ဒီတော့ ၂၀၂၀ မှာ NLD အနေနဲ့ လုပ်သင့်တယ်လို့ ပထမဆုံး မြင်တဲ့ကိစ္စက ပြည်တွင်းစစ် ရပ်စဲရေးကို ဘယ်လိုချဉ်းကပ် မလဲပေါ့။ ပြည်တွင်းစစ် ရပ်စဲဖို့က လက်နက်ကိုင် လုပ်နေတဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ဖြစ် နိုင်ငံရေးပါတီက တိုင်းရင်းသား တွေပဲ ဖြစ်ဖြစ် သူတို့ရဲ့အန္တိမ ရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးပဲ။ ရှင်းရှင်းပြောရရင် တန်းတူညီမျှ ရေးပေါ့ဗျာ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရချင်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ လိုချင်တယ်။ အဲဒါကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တရားဝင် ပြဋ္ဌာန်းပေးဖို့ အာမခံချက်ပေးဖို့ လိုအပ်တယ်။
၂၀၀၈ ရဲ့ အကန့်အသတ်ကြောင့် ချက်ချင်းလက်ငင်း အဲဒါတွေကို သူတို့ လုပ်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် NLD အနေနဲ့ ၂၀၀၈ ပြင်ဆင်စရာ မလိုဘဲ လုပ်နိုင်တဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ တခုပဲ ပြောပါမယ်ဗျာ။ ဗဟို ချုပ် ကိုင်မှုကို လျှော့ချရမယ်။ အခု ပြည်နယ်နဲ့ တိုင်းတွေကို ပေးထားတဲ့ အစိုးရ ပုံစံဆိုရင် မည်ကာမတ္တ အစိုးရပဲဗျ။ ဝန်ကြီး ဌာန အလုပ် ရှိတယ်။ ဒါပေမယ့် ပြည်နယ်နဲ့ တိုင်းတွေရဲ့ဝန်ကြီးဌာနတွေကို ကြည့်လိုက်ပါ။ ပြည်ထောင်စုဝန်ကြီးရဲ့ ပေးစာ ကမ်းစာလို့ပဲ ပြောပြော သူတို့စေတနာရှိတဲ့ ပေးတဲ့ အခွင့်အရေးလောက်ပဲ ရတာ။ ဆိုတော့ ပြည်နယ်နဲ့ တိုင်းတွေက ဝန် ကြီးတွေကို ဝန်ကြီးဌာနတွေနဲ့ အညီ ပြန်လည်ပြီး ခန့်ထားဖို့ တိုးချဲ့ပြီး အာဏာတွေပေးဖို့ သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ပိုင် ခွင့်တွေကို တိုးမြှင့်ပေးဖို့ ပထမဆုံး လုပ်ရပါမယ်။
နောက်တဆင့် ကျရင်တော့ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ တိုင်းရင်းသားတွေရဲ့ကိုယ်ပိုင် လက္ခဏာတွေ မပျောက် ပျက်အောင် ဘယ်လိုများ ဆောင်ရွက်နိုင်မလဲ ဆိုတာကို နိုင်ငံရေး ပါတီတွေရဲ့ EAOs (တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များ) တွေနဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အဲဒီမှာ သဘောတူညီချက် ရပြီးပြီ ဒါမှမဟုတ် ဒီဘက်က သဘောထား ဆန္ဒတွေကို သိပြီးပြီဆိုရင် ဘယ်လို ပုံစံနည်းနာနဲ့ သွားရင် သင့်တော်မလဲ ဆိုတာ ဥပဒေပိုင်းအရ စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီလိုမျိုး NLD ဘက်က တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ အခင်းအကျင်းမျိုးကို စတင် ခြေလှမ်းလာပြီ ဆိုရင် ပြည်တွင်းစစ်ကလည်း အထိုက်အလျှောက် ငြိမ်သက်သွားမှာ ဖြစ်တယ်။
ပြည်တွင်းစစ်တွေ တကယ်ငြိမ်သွားပြီ။ တိုက်စရာ ခိုက်စရာမလိုတော့ဘူးဆိုတဲ့ အချိန်မှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်နဲ့ ပြန် ညှိပြီး လုပ်သင့်တာပေါ့။ အခုလိုမျိုး ပြည်တွင်းစစ်ကိုလည်း မရပ်စဲနိုင်၊ တပ်နဲ့ကလည်း အဆင်မပြေရင်တော့ ကျနော်တို့ နောက်ထပ် ၅ နှစ် အချိန် ထပ်ကုန်လိမ့်မယ်ဗျ။
မေး။ ။ တပ်မတော်ကလည်း အစိုးရသစ်ဖွဲ့ရေးမှာ သူတို့ ရပ်တည်ချက်နဲ့ သူတို့ရှိနေမှာပဲဆိုတော့ တကယ်လို့ NLD ဘက် က တိုင်းရင်းသား အရေးနဲ့ နိုင်ငံရေးမှာ အားကောင်းတဲ့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေကို အစိုးရအဖွဲ့ထဲ နေရာပေးလာရင် တပ်ရဲ့ရပ်တည်ချက်က ဘယ်လိုဖြစ်နိုင်လဲ။ သူတို့ လက်ခံပါ့မလား။ လက်ရှိအခြေအနေတွေအရ ဘယ် လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ တပ်မတော်ရဲ့ အတွင်းသဘောကိုတော့ ကျနော်တို့ မသိဘူး။ ဒါပေမယ့် လက်ရှိ ကြေညာချက်တွေကို ကြည့်မယ် ဆိုရင်တော့ အတော်အသင့် ပြောင်းလဲလာတယ်ပေါ့ဗျာ။ ဥပမာ ရက္ခိုင်စစ်တပ် (AA) ရဲ့ ကြေညာချက်ကို တပ်မတော် ဘက်က ကြိုဆိုပါတယ် ဆိုတဲ့ အနေအထားမျိုးက အရင်တခါမှ မပေါ်ပေါက်ဖူးတဲ့ အနေအထားလေ။ တပ်မတော်က စပြီး အကြမ်းဖက်အဖွဲ့လို့ ကြေညာထားပြီး အစိုးရကပါ ထပ်ကြေညာထားတဲ့ အဖွဲ့စည်းရဲ့ လုပ်ရပ်ပေါ်မှာ တောင်းဆိုချက်ကို လက်ခံကြိုဆိုတယ် ဆိုတာက တော်တော်လေး ထူးခြားတဲ့ အနေအထားပါ။
ဒီအနေအထားပေါ် ထောက်ပြီး ပြောမယ်ဆိုရင် အခုနောက်ပိုင်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမယ်တို့ အမျိုးသား ညီ ညွတ်ရေး အစိုးရလို အခင်းအကျင်းမျိုးကို သူတို့ဘက်ကလည်း ရိပ်ဖမ်းသံဖမ်း ပြောလာပြီ။ အားလုံးကို စုခြုံလိုက်မယ် ဆိုရင်တော့ တပ်မတော်က သဘောထား တစုံတရာတော့ ပြောင်းလဲလာပြီလို့ ကျနော်တို့ ပြောလို့ ရပါတယ်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲပြီးတုန်းက အစိုးရဖွဲ့တဲ့ထဲ တိုင်းရင်းသားခေါင်းဆောင်အချို့ကို ခေါ်ခဲ့ပေမယ့် တကယ်တမ်း လုပ်ပိုင်ခွင့်ရတဲ့ နေရာမျိုးမှာ မထားဘဲ ဟန်ပြလောက်ထားတယ် ဆိုတာမျိုး ဝေဖန်ချက်တွေလည်း ရှိတယ်။ ဥပမာ- အန် ကယ် ဦးအေးသာအောင် နေရာမျိုးပေါ့။ လာမယ့် အစိုးရသစ် ဖွဲ့စည်းရေးမှာရော အကြံပြုချင်တာ ဘာများ ရှိပါသလဲရှင့်။
ဖြေ။ ။ အဓိကတော့ ပုဂ္ဂိုလ်တဦးချင်းကို ခေါ်တာထက် ပါတီကို သေသေချာချာ ညှိနှိုင်းပြီးမှ လုပ်ဆောင်သင့်ပါတယ်။ အန်ကယ် ဦးအေးသာအောင် ဆိုရင် ကျနော်တို့နဲ့ တောက်လျှောက် လက်တွဲလာတာပါ။ UNA (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်) မှာပဲ ဖြစ်ဖြစ် CRPP (ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ) မှာပဲ ဖြစ်ဖြစ် ကျနော် တို့ သိမိသလောက်ဆိုရင်ပေါ့။ တကယ်တမ်း သူ့ကို ဒုတိယ လွှတ်တော် ဥက္ကဋ္ဌ ပေးမယ်ဆိုပြီး တိုင်ပင်တော့ ပါတီကို တိုင် ပင်တာမျိုး မရှိဘူးလို့ ကျနော်တို့ ကြားသိရပါတယ်။ တိုင်ပင်တယ်လို့ မကြားရဘူး။ အဲဒီလိုမျိုး ဖြစ်တယ်။
ဆိုတော့ ပါတီရဲ့သဘောထား၊ ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ သွားတာက အမျိုးသား ညီညွတ်ရေးကို ပိုပြီး ဦးတည်စေနိုင်ပါတယ်။ ကောက်သင်းကောက်၊ ထိပ်ခေါက် ခေါင်းပုတ်ပြီး ခေါ်လို့ရတဲ့ အနေအထားမျိုးနဲ့ သွားမယ်ဆိုရင် တိုင်းရင်းသားတွေဘက် က ထပ်ပြီး အမြင်စောင်းဦးမှာပဲ။ NLD ကိုယ်တိုင်က စေတနာရှိတယ်ပဲ ပြောပြော လုပ်ပုံကိုင်နည်းမှာကျတော့ လမ်းလွဲ သွားလို့ရှိရင် တဖက်နဲ့ တဖက် အမြင်မှားစရာ ဖြစ်တာပေါ့။ စေတနာရှိတယ်ဆိုရင် ပါတီအချင်းချင်းညှိနှိုင်းတာ အကောင်း ဆုံး ဖြစ်ပါတယ်။ ပါတီရဲ့ သဘောတူညီချက်နဲ့မှ ဘယ်တယောက်ကို ဘယ်လိုအနေအထားမျိုးမှာ ပူးပေါင်းပါဝင် ဆောင် ရွက်ရမယ်ဆိုတာမျိုး ကတိကဝတ် ပြုပြီးမှ သွားကြပြုကြမယ်ဆိုရင် ရှေ့ကို ပိုပြီး တိုးတက်မှာပါ။
မေး။ ။ NLD အနေနဲ့ ရွေးကောက်ပွဲနားနီးတဲ့အထိကို သူတို့ပဲ အပြတ်သတ်နိုင်မှာ ဖြစ်လို့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဖို့ မရှိဘူးလို့ ပြောထားတယ်။ တပ်မတော်နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက်မှာမှ သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ ဆိုတာ ထုတ်ပြောလာတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော့် တယောက်တည်း သဘောထားအရတော့ ဒါပါတီကို ကိုယ်စားမပြုပါဘူးနော်။ ကျနော့်တယောက်တည်း သဘောထားအရဆိုရင် တပ်ဘက်က သဘောထား ပျော့ပျောင်းလာတယ်။ Mindset တွေ ချိန်းလာတယ်။ ချက်ချင်း လက် ငင်းလုပ်လာတဲ့ အပေါ်မှာ ပြန်တုံ့ပြန်တဲ့ သဘောလို့ မြင်ပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ စေတနာရှိကောင်း ရှိပါ လိမ့်မယ်။ ဒါပေမယ့် အရင် အစီအစဉ်တကျ စီစဉ်ဆောင်ရွက်ထားတာ မဟုတ်ဘူး။ တပ်ဘက်က အသံထွက်လာမှ သူတို့ ဘက်က လှုပ်ရှားလာတာလို့ပဲ မြင်ပါတယ်ခင်ဗျ။
မေး။ ။ နောက်ဆုံး မေးခွန်းပါရှင့်။ အစိုးရသစ်ဖွဲ့တဲ့အခါမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကို လုပ်ပိုင်ခွင့်ရှိတဲ့ နေရာ တွေမှာ ပေးပြီး အစိုးရ အဖွဲ့ကို ဖွဲ့မယ်ဆိုရင် ဘာတွေ အားကောင်းလာနိုင်ပါမလဲ။
ဖြေ။ ။ ဥပမာ ပြောမယ်ဆိုရင် တိုင်းရင်းသားပြည်နယ်တွေမှာ သူတို့ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စား လှယ်ကပဲ ဝန်ကြီးချုပ် လုပ်တယ် ဆိုတဲ့ အနေအထားမျိုးတခု ဖန်တီးလိုက်မယ်။ ဒါကလည်း ဖွဲ့စည်းပုံကို ထည့်မပြောဘဲ လုပ်လို့ရတဲ့ ကိစ္စပါ။ သမ္မတ ကိုယ်တိုင်က ဒီတယောက်ကို ခန့်တယ်ဆို ပြီးနေတဲ့ ကိစ္စပဲလေ။ စောစောက ပြောတဲ့ ဝန်ကြီးဌာနတွေကို ပီပီပြင်ပြင်နဲ့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချမယ်ဆိုရင်ပေါ့။
အခုအနေအထားက သူတို့မှာ ရုံးခန်းတောင် ပီပီပြင်ပြင် မရှိပါဘူး။ အကုန်လုံးက ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးမှာ စုပေါင်းရုံး ထိုင်နေရတာလေ။ တခြား လုပ်ပိုင်ခွင့်တော့ ထည့်မပြောတော့ပါဘူး။ ဝန်ကြီးချုပ်လို နေရာမျိုးမှာလည်း တိုင်းရင်းသားတွေ အလိုကျ တိုင်းရင်းသားပါတီတွေထဲက ရွေးချယ်ပြီး တာဝန်ပေးမယ်၊ ဝန်ကြီးဌာနတွေကိုလည်း ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချ ပေးမယ်ဆိုရင် NLD အပေါ်မှာ အယုံတရားတွေ ပိုပြီး များလာလိမ့်မယ်။
နောက်တချက်က တိုင်းရင်းသားတွေ ကိုယ်တိုင်က အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ပိုပြီး ယုံကြည်သက် ဝင်လာနိုင်တယ်။ အဲဒီအကြောင်းအချက်က ကျနော်တို့ ပြည်ထောင်စုကြီး တည်မြဲရေး၊ အေးချမ်းသာယာရေးကို ပိုပြီး အထောက်အကူ ပြုပါလိမ့်မယ်။
You may also like these stories:
အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့အတွက် တိုင်းရင်းသားပါတီတွေကို ဖိတ်တာပါ
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ