ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသုတေသနနယ်မြေ မြောက်ဦးတွင် နေ့စဉ်နှင့်အမျှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံများ လွှမ်းမိုးခဲ့သည်မှာ သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီးဖြစ်သည်။ မြို့ဦးမြို့ဝန်းကျင်ရှိ ကျေးလက်ဒေသများ အပါအဝင် မြို့ ပေါ်ရပ်ကွက်များနေ ဒေသခံပြည်သူများမှာ စစ်ပွဲ၏ ဒုက္ခအဝဝကို ခါးစည်းခံနေရသည်။
ခရီးသွား ဧည့်သည်များကို ဆွဲဆောင်ထားသော ရှေးဟောင်း စေတီပုထိုး တော်များ ဝန်းကျင်တွင် ယခုအခါ စစ်ရှောင်ဒုက္ခသည်များ ယာယီခိုလှုံရာ တဲများဖြင့် ပြည့်နှက်နေသည်။
ရခိုင်စစ်မြေပြင်တွင် သုံးနှစ်နီးပါး နှစ်ဘက် အသေအကြေ တိုက်ခိုက်ခဲ့ကြသော်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့က ရက္ခိုင့် စစ်တပ် ( AA ) က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မြို့နယ်များကို ဒီဇင်ဘာလ မကုန်မီ ပြန်လည်ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်တို့ ကို မေတ္တာရပ်ခံ တောင်း ဆိုခဲ့ရာ တပ်မတော်ကလည်း ကြိုဆိုလက်ခံကြောင်း နှစ်ဘက် အပြန်အလှန် ကြေငြာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ထိုနှစ်ဘက်ထုတ်ပြန်ချက်များသည် စစ်ရေးပဋိပက္ခ အလွန်ပြင်းထန်သော ရခိုင်ပြည်နယ်ကို အပြုသဘော ဆောင်လာသည့် အခြေအနေတရပ်ဆီသို့ ဦးတည်သွားစေပြီး မြောက်ဦးမြို့ အပါအဝင် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်ခဲ့ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရုတ်တရက် သေနတ်သံများ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
တပြိုင်နက်တည်းတွင် ဂျပန်နိုင်ငံမှ မစ္စတာ ဆာဆာကာဝါ ဦးဆောင်သော ငြိမ်းချမ်းရေး ကြားဝင် ညှိနှိုင်းသူများ ပါဝင်လာသဖြင့် ထာဝရ ငြိမ်းချမ်းရေး တံခါးပွင့်သွားရန် ပြည်သူများက မျှော်လင့်နေကြသည်။
သို့သော်လည်း စေတီပုထိုးများ ပေါများသည့် မြောက်ဦးမြို့နယ်ရှိ တောင်တန်း တောင်ကုန်းများတွင် တပ်မတော်စစ်ကြောင်းများက အခိုင်အမာ တပ်စွဲနေရာ ယူထားသည်ကို တွေ့ ရှိရသလို မြို့ဝင်နှင့် အချက်အခြာကျသည့် နေရာများတွင် ပုံမှန် လုံခြုံရေးစစ်ဆေးနေသည်များကို ဧရာဝတီ သတင်းထောက်၏ မကြာသေးမီက သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရသည်။
ရခိုင်ပြည်သူ အများစု၏ ယဉ်ကျေးမှု မျက်နှာစာဖြစ်ပြီး ယူနက်စကို၏ ရှေးဟောင်းအမွေအနှစ်စာရင်း တင်ထားသော မြောက်ဦးမြို့မှ နောက်ဆုံးအခြေအနေနှင့်ပတ်သက်ပြီး သတင်းယူရန် ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်ကို စေလွှတ်ခဲ့ပါသည်။
သူ့ခရီးစဉ်အတွင်း မြောက်ဦးမြို့နယ်ရှိ အလွှာအသီးသီးမှ ဒေသခံ ပြည်သူများအား တွေ့ဆုံ မေးမြန်းထားမှုအနက်မှ အချို့ကို ဖော်ပြပေးလိုက်ပါသည်။
ဦးဦးထွန်းလှိုင် (မြို့မိမြို့ဖ)
ကျနော်တို့ မြောက်ဦးမှာ လက်နက်ကြီး လက်နက်ငယ်အသံ လုံးဝ တိတ်ဆိတ်သွားတာ တပတ်ကျော်လောက်ရှိပါပြီ။ အခုလို ငြိမ်သက်သွားတော့ နယ်ဘက်က လူတွေလည်း သွားလို့ လာလို့ ရတယ်။ ကုန်စည်စီးဆင်းမှုတွေ၊ ကားတွေလည်း အတိုင်းအတာတခုထိ လမ်းကြောင်းပွင့်သွားတယ်ဆိုတော့ စီးပွားရေး အကျပ်အတည်းက သိပ်ပြီး မချောင်လည်ကြပေမယ့် အသက်ရှူ နည်းနည်း ချောင်သလိုတော့ ဖြစ်လာတယ်။
အရင်တုန်းက အချိန်နဲ့ အခုတိုက်ပွဲတွေ ငြိမ်သွားတဲ့အချိန်မှာ ထူးထူးခြားခြား ကွာခြားသွားတာကတော့ လူတွေရဲ့ စိတ်ခံစားမှု အပိုင်းက သိသိသာသာကို ပြောင်းလဲသွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်သံတွေ၊ အမြောက်သံတွေ တဒိုင်းဒိုင်း တဒုန်းဒုန်း ထုနေကြတဲ့ အချိန်မှာဆို ဈေးတွေဆိုရင် ချက်ချင်း ဆိုင်တွေ ပိတ်ပြီး တော့ အားလုံးပြေးကြရတယ်။ ကိုယ့်အိမ်ကိုယ် ချက်ချင်း အရောက် ပြန်ပြေးရတယ်။ လူတွေရဲ့ စိတ်မှာ ကျီးလန့်စားစား ဘဝလို ခံစားရတယ်။
အခု နည်းနည်း ငြိမ်သက်သွားတဲ့ အချိန်မှာတော့ လူတွေရဲ့ စိတ်မှာ နည်းနည်းလေး လေရှူပေါက် ချောင်ပြီးတော့ စိတ်ချမ်းသာမှု အတိုင်းအတာတခုထိတော့ ရလာကြတယ် လို့တော့ ခံစားရပါတယ်။ ဒါပေမယ့် နောက်ထပ် အဲလိုမျိုး ထပ်ဖြစ်လာမှာကို လုံးဝလည်း မလိုလားကြပါဘူး။ အားလုံးကလည်း ငြိမ်းချမ်းစွာပဲ အေးအေးချမ်းချမ်း ပြန်ဖြစ်သွားမယ်ဆိုတာကို မျှော်လင့်နေကြပါတယ်။ အဲလို ဖြစ်လည်း ဖြစ်စေချင်ပါတယ်။
ဒေါက်တာအေးမောင်ဇံ (မြို့မိ မြို့ဖ)
သေနတ်သံတွေလည်း မကြားရတော့ဘူး။ တိုက်ပွဲတွေလည်း ရပ်နေတယ်လို့ ကြားရတာ ပေါ့လေ။ ဘာပဲပြောပြော ဒါက ပြည်သူတယောက်အနေနဲ့ တော်တော်လေးတော့ စိတ်ချမ်းသာပါတယ်။ ဒီထက်မကလည်း အခြေအနေ ကောင်းတွေ ဖန်တီးနိုင်ကြဖို့အတွက်လည်း မျှော်လင့်ပါတယ်။ စစ်ရေးပဋိပက္ခကြောင့် ပြည်တွေ ထိခိုက်တာတွေကတော့ အကုန်လုံးပါပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ပေါ့။
မြောက်ဦးမှာဆိုရင်လည်း ခရီးသွားလုပ်ငန်း အများကြီး ဖွံ့ဖြိုးသေးတာ မဟုတ်ပေမယ့် အစပျိုးနေတဲ့ သဘောမှာ အခုလိုမျိုး စစ်ပွဲတွေ ဖြစ်လိုက်တဲ့အခါကျတော့ ခရီးသွားလုပ်ငန်းက လုံးဝကို အောက်ဆုံးအဆင့်ကို ရောက်သွားတာပေါ့။ ဆက်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြအုံးမယ်ဆိုရင်တော့ ဒေသခံ ပြည်သူတွေ အများကြီး ဒုက္ခရောက်ကြအုံးမယ်။ သွားရေး၊ လာရေး၊ ကူးလူးဆက်ဆံရေးတွေ အားလုံးခြုံလိုက်မယ်ဆိုရင်တော့ အကုန်လုံး အကျပ်ရိုက်ပြီးတော့ ဒုက္ခရောက်ကြမှာပေါ့။
အေးအေးချမ်းချမ်း ဖြစ်ဖို့အတွက် သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ပြောကြားလိုတာက အဓိကတော့ နိုင်ငံရေး ရည်မှန်းချက်တွေပေါ့။နိုင်ငံရေး ရည်မှန်း ချက်တွေ မတူကြတဲ့အခါကျတော့ ဒါကို အဖြေရှာဖို့ အကောင်းဆုံးကတော့ ဆွေးနွေးညှိနှိုင်း ပြီးတော့ တိုင်းရင်းသားဘက်က လိုအပ်နေတာတွေ၊ တောင်းဆိုနေတာတွေ ဘာတွေရှိတယ်။ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်တို့က ဘာတွေ လုပ်ပေးနိုင်မယ်။ အဲဒါလေးတွေကို စကားပြောမှပဲ၊ တယောက်အပေါ် တယောက် ယုံကြည်မှု ရှိမှပဲ ဒီစစ်ရေး ပဋိပက္ခတွေ လျှော့ပြီးတော့၊ တိုင်းပြည်လည်း ငြိမ်းချမ်းပြီးတော့ အဘက်ဘက်က နထန်ပြန်ထူလာမယ်။
ခေါ်ခင်သန်း ( ဥက္ကဌ၊ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ )
သေနတ်သံတွေ ငြိမ်သွားပေမယ့် ပြည်သူတွေကတော့ အားလုံး စိုးတထိတ်ထိတ်နဲ့ပါပဲ။ ဘယ်အချိန်မှာ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ အဖမ်းခံရမယ်။ ဘယ်အချိန်မှာ အသတ်ခံရမယ်။ လူတွေဟာ ငါတို့ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာကို မှန်းဆလို့ မရအောင်အထိ ဖြစ်ပြီးတော့ အားလုံးက စိုးတထိတ်ထိတ်နဲ့ နေရတဲ့ အချိန်မှာ လက်နက်ကြီး အသံကြားတော့ ပိုကြောက်ကြတဲ့အပေါ်မှာ လက်နက်ကြီး အသံတိတ်နေတဲ့ အချိန်မှာတော့ လူတွေဟာ အသက်ရှု နည်းနည်း ဖြောင့်နေတယ်ပေါ့။ ဒီလောက်ပဲ။
ဒါပေမယ့် အားလုံးကတော့ စိုးရိမ်ထိတ်လန့်မှု အပြည့်ပါပဲ။ ကျမတို့ မြောက်ဦးမြို့ဟာ စစ်ရေး ပဋိပက္ခ မရှိခဲ့တဲ့ အချိန်တုန်းက ဖွံ့ဖြိုးတိုးတက်မှုတော့ မရှိပါဘူး။ မြို့လို့ ပြောပေမယ့်လည်း ကျမတို့ အမြဲတန်းပြောနေသလိုပေါ့။ မြောက်ဦးမြို့ဆိုပြီး ကေတီဗွီ ရှိလိမ့်မယ်လို့ မထင်နဲ့၊ ကုန်တိုက်ရှိလိမ့်မယ်လို့ မထင်နဲ့၊ နောက်တခါ အဲလိုမျိုး ဈေးကြီးတွေ ရှိလိမ့်မယ်လို့ မထင်နဲ့၊ ကျမတို့ဟာ မြို့လို့ နာမည်တပ်ထားတဲ့ ကျေးရွာလေး အဆင့်လောက်ပဲ ရှိတယ်။ ရွာလေး တရွာပါ။ ဒါပေမယ့် ကျမတို့ ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။ ဆင်းရဲပေမယ့်လည်း လူတွေဟာ ဒီဆင်းရဲခြင်း ဒဏ်ကို ခံနိုင် အား ရှိပြီးတော့ အေးအေးချမ်းချမ်းပဲ လောဘ နည်းစွာနဲ့ နေထိုင်ကြတယ်။
အခု စစ်ကြီး ဖြစ်လာတော့ ဒါတွေနဲ့တော့ ပြောင်းပြန်ဖြစ်သွားတယ်။ ကျမတို့ မြို့ခံတွေ အနေနဲ့ အမြင်ကို ပြောရမယ်ဆိုရင်တော့ စစ်တပ်က လက်နက်တွေ၊ လူသူတွေ၊ ရိက္ခာတွေ ဖြည့်တင်းနေတာတွေကို တွေ့ရတဲ့ အခါကျတော့ နောက်ထပ် စစ်ပွဲများ ထပ်ဖြစ်ကြမှာလားဆိုပြီးတော့ အနေအထားနဲ့ လှုပ်ရှားမှုကို ကြည့်ပြီးတော့မှ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပြီး ကြောက်နေကြတာတော့ အမှန်ပဲ။
ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အပစ်အခတ် ရပ်စဲထားတယ်လို့ ကြေငြာပြီးတော့မှ နှစ်ဘက်လုံးက အသံမကြားရတဲ့ အတွက်ကြောင့်မို့ လူတွေဟာ မိမိတို့ရဲ့ စိုက်ထားတဲ့ အပင်တွေ၊ အသီးတွေကို ခူးပြီးတော့ ရောင်းနိုင်တယ်။ လယ်သမားတွေကလည်း မိမိတို့ရဲ့ လယ်တွေကို ကောင်းမွန်စွာ ရိတ်သိမ်းနိုင်တယ်။ ဒီလို အခြေအနေလေးတော့ ကျမတို့ တွေ့ပါတယ်။ ဆိုတော့ ၅၀ ရာခိုင်နူန်းတော့ ငြိမ်းချမ်းနေပြီးတော့ ၅၀ ရာခိုင်နူန်းတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှိနေကြဆဲလို့ ပြောချင်ပါတယ်။
မဆန်းနွယ်ဦး ( မြတန်ဆောင်း စစ်ရှောင်ဒုက္ခသည်စခန်း၊ ဘောင်းဒွတ်ရပ်ကွက်)
လောလောဆယ် တိုက်ပွဲတွေက မကြားရဘူးဆိုတော့ ကိုယ့်အိမ်ပြန်ရတော့မယ်ဆိုပြီးတော့ စိတ်ထဲမှာပျော်မိပေမယ့် အခြေအနေကတော့ အိမ်ပြန်နိုင်မယ်လို့တော့ မထင်ပါဘူး။ ကျမတို့ ရပ်ကွက်က စစ်တပ် ၂ ခုရဲ့ အလယ်မှာ ရှိနေတာဆိုတော့ အိမ်ပြန်နိုင်ဖို့ မလွယ်ဘူး။ နောက်ထပ် တနှစ်လောက်တော့ နေရအုံးမယ် ထင်ပါတယ်။ ကျမတို့ အပြင်ထွက်ပြီး သွားလာတဲ့အခါမှာလည်း လုံခြုံမှုရှိတယ်လို့ မခံစားရဘူး။ အပြင်ထွက်ပြီး အလုပ်လုပ်နေကြတဲ့ လူတွေကလည်း လက်နက်ကြီးပစ်သံ မကြားရပေမယ့် ရုတ်တရက် တိုက်ပွဲ ထဖြစ်မှာကိုကြောက်ပြီး အလုပ်လုပ်ဖို့ အပြင်လည်း မထွက်ရဲကြဘူး။
သေနတ်သံတွေ ရပ်ဆိုင်းနေတာတွေက တိုက်ပွဲဖြစ်တာထက် ကြောက်ဖို့ ကောင်းပါတယ်။ ဘယ်လို အခြေအနေ ပေါ်လာမလဲဆိုတာ မသိဘူး။ ထပ်ဖြစ်မှာကို စိုးရိမ်တယ်။ ကျမတို့က ငြိမ်းချမ်းရေးအတွက် အထက်အကြီးတွေက ဟိုဘက် ဒီဘက် ဆွေးနွေး တိုင်ပင်စေချင်တယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ ရိက္ခာပြတ်နေတဲ့ ပြည်သူတွေအတွက် လူကြီးတွေက ဆွေးနွေးကြစေချင်တယ်။ အခုအခြေနေမှာ ကလေးတွေရော လူကြီးတွေရော အကုန်ဒုက္ခရောက်နေကြတယ်။
သေတဲ့ လူက သေ၊ ရှင်တဲ့ လူက ရှင်နဲ့ ကျန်ရစ်သူ မိသားစုတွေကလည်း အခုထိ စားမဝင် အိပ်မ ပျော်နိုင်ကြသေးဘူး။ မိသားစုဝင်တွေလည်း တကွဲမပြား ဖြစ်နေကြတယ်။ အကုန် ဒုက္ခ ရောက်နေကြပါပြီ။ အဲဒီလူတွေအတွက် သက်ဆိုင်တဲ့ လူကြီး တွေက လုပ်ပေး စေချင်တယ်။ ကိုယ့်အိမ်ကိုယ့်ဟာကိုလည်း ပြန်ချင်နေပါပြီ။ စစ်ရှောင်စခန်းမှာ နေရတာ တနှစ်မဟုတ်၊ နှစ်နှစ်မဟုတ် ရှိပြီ။ ဘယ်အချိန်ပြန်ရမယ် ဆိုတာ မသိတော့ဘူး။ ကယ်ဆယ်ရေးစခန်းကို ရောက်တာ ဟိုနှစ် တန်ခူးလထဲက ရောက် နေတာ ဒီနှစ်တန်ခူးလဆို တနှစ်ပြည့်ပြီ ။
ဦးရွှေဘော် (ကုန်သည်၊ မြောက်ဦးမြို့ခံ)
ကျနော်တို့ မြောက်ဦးမြို့မှာ အခုအခြေအနေက ငြိမ်းချမ်းရေးယူမယ်ဆိုပြီးတော့ ပြောသံတွေကြားတော့ ကျနော်တို့ ပြည်သူတွေက ငြိမ်းချမ်းရေး ရတော့မယ်ဆိုပြီး ပျော်ပျော်ပါးပါးပဲ၊ ပျော်ကြတယ်။ ပါးကြတယ်။ အခု အခြေအနေကို ကြည့်လိုက်ပြန်တော့ ကျနော်တို့ ပြည်သူတွေက နှံကောင်လိုပဲ ခံစားပြီး ပျော်နေကြတယ်။ ပုရွက်ဆိတ်ကတော့ ရိက္ခာတွေကို တွင်းထဲသို့ ချီသွင်းသကဲ့သို့ ယူနေကြတယ်။ အဲလို ဖြစ်နေတယ်။
အဲဒါကို မြင်မိတဲ့ ကျနော်တို့ ပြည်သူနှံကောင်တွေက တအားကြီး ခံစားနေကြတယ်။ စိုးရိမ်စိတ်တွေ၊ ပူပန်စိတ်တွေ၊ သောကတွေ ရောက်လို့ အိပ်မပျော် စားမဝင် အဲလို ဖြစ်နေကြတယ်။ မြို့ပေါ်မှာလည်း အသွားအလာက မနက်မိုးလင်းတာနဲ့ ဟိုခွဆုံမှာ စစ်ဆေးလိုက်၊ ဒီလမ်းဆုံမှာ စစ်ဆေးလိုက်၊ ဟိုကားကို စစ်လိုက်၊ ဒီဆိုင်ကယ်ကို စစ်လိုက်၊ ဖွင့်ကြည့်လိုက်၊ ဖုန်းလေးတလုံး ပါသွားရင် ဒီဖုန်း ဘာဖုန်းလဲ၊ ဘယ်ကို ဆက်တာလဲ အဲလိုပဲ ဖြစ်နေတယ်။
ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ ရက္ခိုင့်တပ်မတော် ( AA ) နဲ့ မြန်မာ့တပ်မတော်ကို နှစ်ဦးနှစ်ဘက် ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးပဲ ယူစေချင်တယ်။ နှစ်ဦးနှစ်ဘက် ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ အဲလို ဖြစ်စေချင်တယ်။
ဦးမောင်အေးသိန်း (လယ်သမား၊ ဓမ္မရာဇ်ရပ်ကွက်)
စစ်ပွဲဖြစ်ကြတဲ့အချိန်ကတော့ ကျနော်တို့ ပြည်သူတွေ ပြေးသူက ပြေး၊ ပုန်းသူက ပုန်း နေကြရပါတယ်။ အခုအချိန်မှာတော့ အပစ်အခတ်ရပ်စဲနေလို့ ငြိမ်းချမ်းနေပါတယ်။ ဒါပေမယ့် ကျနော်တို့က အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရမယ်လို့တော့ ကျနော် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တပ်က စစ်မြေပြင်က တလက်မမှလည်း မဆုတ်ဘူးဆိုရင် ဒီစစ်ပွဲက ငြိမ်းချမ်းနိုင်မယ်လို့ ကျနော် မထင်ဘူး။
သေနတ်သံ မကြားရတာကတော့ ၁၀ ရက်လောက်တော့ ရှိပြီ ထင်ပါတယ်။ စစ်ပွဲက ငြိမ်နေတယ်ဆိုတော့ ဘယ်လို ခံစားရမလဲ စိတ်လည်း အေးချမ်းတယ်။ မိသားစု အတွက်လည်း ပူပန်စရာ မလိုဘူး။ အရင်တုန်းကဆိုရင်တော့ ကျနော်တို့ စစ်သား တွေလာတယ်ဆိုရင် ပြေးကြရတယ်။ ရွာတွေကို ဝင်စစ်တယ်။ တအိမ်တက် တအိမ်ဆင်း အိမ်တိုင်းကို ဝင်စစ်ပါတယ်။
အခုကတော့ မြို့ပေါ်မှာ စစ်ဆေးရေး ဂိတ်တွေရှိတယ်ဆိုပေမယ့် နည်းနည်းတော့ အေးချမ်းပါတယ်။ ကျနော်တို့ အရင်လတွေတုန်းကဆိုရင် သွားတဲ့ လူတိုင်းကို စစ်ပါတယ်။ ဆိုင်ကယ်ဘောက်တွေဖွင့်ပြ၊ ပါလာတာကို ဖွင့်ပြ ဆိုပြီး အဲလို စစ်ပါတယ်။
နောက်ထပ် သေနတ်သံတွေ ထွက်ပေါ်လာရင်တော့ ကျနော်တို့နေရာကတော့ ဘယ်ကို ပြေးရမယ်မှန်း မသိတော့ဘူး။ ကျနော်ကတော့ အေးချမ်းမယ်လို့ မထင်ထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်သားတွေက စစ်မြေပြင်က အမှန်အေးချမ်းသွားမယ်ဆိုရင် မိခင်တပ်ရင်းသို့ ပြန်ဝင်ရမယ်။ ဒီလိုမဝင်ဘဲ သင်္ချိုင်းတောင်ရယ်။ လင်းမြွေ တောင် စခန်းတွေမှာ ဒီလို ရိက္ခာတွေဖြည့်ပြီးနေတယ်ဆိုရင် ပြည်သူတွေအတွက် တော်တော်လေး စိုးရိမ်စရာတွေ ရှိပါတယ်။
ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောချင်တာက ကျနော်တို့ ငြိမ်းချမ်းစေချင်တယ်။ အခုက စစ်ပွဲ ရပ်သွားမယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆိုရင် AA ကလည်း နောက်မဆုတ်ဘူး။ မြန်မာ့ တပ်မတော်ကလည်း နောက်မဆုတ်ဘူးဆိုရင် ပြည်သူတွေကတော့ ရှေ့ဆက်ပြီး အခက်အခဲတွေ အများကြီး ရှိမယ်လို့ ထင်ပါတယ်။
ဦးမောင်သိန်းကျော် ( မြို့ ဦးဂေါင်း စစ်ရှောင်ဒုက္ခသည်စခန်း၊ ဘုရားအုပ်ကျေးရွာ)
ကျနော်တို့ကတော့ ရွာကိုတော့ အရမ်းကို ပြန်ချင်တယ်။ ရွာကို ပြန်ပြီး မိမိ အလုပ်ကိုလုပ်ပြီး အေးအေးဆေးဆေးပဲ နေချင်တယ်။ ကျနော်တို့ အခုအချိန်မှာ ရွာကို ပြန်ဖို့ ဆိုတာကတော့ မလွယ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ ငြိမ်းချမ်းရေး ဆွေး နွေးဖို့ လမ်းစပြောနေပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အသံက တခုမှ မထွက်သေးတဲ့အတွက် နောက်မှာ ဘာဖြစ်လာမလဲဆိုတာကို ကျနော်တို့ မှန်းဆလို့ မရနိုင်သေးတော့ အခုအချိန်မှာ ရွာပြန်လို့ စဉ်းစားလို့ မရနိုင်သေးဘူး။
သေနတ်သံမကြားရတော့ ၂ ပတ်လောက်တော့ပေမယ့် ညဘက်ဆိုရင်တော့ တောင် ပေါ်တွေက အသံတွေကိုတော့ ကြားနေရသေးတယ်။ ဒီအနားက တောင်တွေက လက်နက်ကြီးအသံကြားရတဲ့ အချိန်တုန်းကတော့ ကျနော်တို့ ရင်တွေ မခံနိုင်ဘူး။ ရင်တွေ တုန်တယ်။ သေနတ်သံတွေ၊ လက်နက်ကြီးတွေ ကြားလိုက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ တွေကလည်း အလိုလို ကြောက်စိတ်တွေ ဝင်လာတယ်။ လက်နက်ကြီး အသံ တွေကို ကျနော်တို့ မခံနိုင်တော့ဘူး။
မမြင့်မြင့်ဌေး ( မြို့ဦးဂေါင်း စစ်ရှောင်ဒုက္ခသည်စခန်း၊ ပေါက်တောပြင်ကျေးရွာ)
လောလောဆယ် တိုက်ပွဲတွေက ငြိမ်းသွားတယ်ဆိုတော့ ကျမတို့ ရွာသားတွေ တချို့ ကလည်း ရွာပြန်ချင်ကြတယ် ဆိုပေမယ့် ရွာအနီး တောင်ပေါ် (သင်္ချိုင်းတောင်) မှာ စစ်သားတွေက တပ်စွဲပြီးနေတော့ ရွာမပြန်န်ိုင်ဘူး။ တိုင်းပြည်အေးချမ်းမှ ပြန်မယ် ဆိုပြန်တော့လည်း ကျမတို့ ကယ်ဆယ်ရေးမှာ ဒုက္ခမျိုးစုံနဲ့ နေထိုင်ကြရတာဆိုတော့ ရွာကို ပြန်ဖို့လည်း စဉ်းစားရပြန်တယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာ နေထိုင်ဖို့ကလည်း တော်တော်လည်း စဉ်းစားနေရတယ်။
ကယ်ဆယ်ရေးစခန်းမှာဆိုတော့ နိုင်ငံတော်က ပေးတဲ့ ထမင်းကို စားနေရလို့ စားဖို့က သောက်ဖို့က ရနေတယ်။ လယ်ရှိတဲ့ လူတွေကတော့ ရွာပြန်ပြီး စပါးရိတ်ကြတယ်။ အလုပ်လုပ်ကြတယ်။ ကျမတို့မှာတော့ လယ်လည်း မရှိဘူး။ လုပ်စရာလည်း မရှိတော့ ဒီမှာပဲ အဆင်ပြေသလို နေကြတယ်။ ဒါပေမယ့်လည်း အေးချမ်းသွားမယ်။ တောင်ပေါ်မှာလည်း စစ်သားတွေ မရှိဘူးဆိုရင်တော့ အိမ်ကို ပြန်မယ်။ ကိုယ့်အိမ် ကိုယ့်ယာမှာတော့ နေချင်တယ်ပေါ့။
ကလေးတွေနဲ့ ဒီလို ဒုက္ခခံပြီးတော့ ကယ်ဆယ်ရေးမှာ မနေချင်ဘူး။ တချို့လည်း ပြန်ကြတယ်ဆိုပေမယ့် အိမ်ကိုတွေကို သန့်ရှင်းရေးသွားလုပ်ကြတယ်။ အခြေအနေကို စောင့်ကြည့်ပြီး နေထိုကြတာတော့ ရှိတယ်။ ဒီလမှာ တိုက်ပွဲ ငြိမ်နေတယ်ဆိုပေမယ့် နောက်လမှာ ဘာဖြစ်မယ် ဆိုတာ တယောက်မှ မသိနိုင်ဘူး။ အိမ်ပြန်သွားလို့ ထပ်ပြီးတော့ တိုက်ပွဲဖြစ်ရင် ကြုံခဲ့ရတဲ့ အတွေ့အကြုံအရ နောက်တခေါက် ရွာကနေ ထွက်ပြေးဖို့ ဆိုတာ မလွယ်ကူဘူး။
You may also like these stories:
ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ
ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်
တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ပဏာမ အပစ်ရပ်ရေး ဘယ်လိုညှိမလဲ