တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီး နားမြို့သို့ ရောက်ရှိလာပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ မလိခ ရိပ်သာတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် တွေ့ဆုံပွဲ တခု ပြုလုပ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါ်ယူတွေ့ဆုံသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ကချင်စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းကျော် နေရပ်ပြန်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းကာ လုပ်ဆောင်နေသည့် ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ (KHCC) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့သည်များကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ဒီမနက် တပ်ချုပ်နဲ့ တွေ့တာ ဘာတွေ ဆွေးနွေးဖြစ်ပါသလဲ။
ဖြေ။ ။ အဓိကတော့ IDPs တွေ နေရပ်ပြန်ရေးကို ဦးစားပေးပြီးတော့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ IDPs နေရပ်ပြန်ရေးက အဓိကပါ။ ဒုတိယအချက်ကတော့ ကိုဗစ်-၁၉ ကိစ္စပါ။ နောက်ဆုံးကတော့ ငြိမ်းချမ်းရေး၊ အဲဒီ ခေါင်းစဉ်တွေပါပဲ။
IDPs နေရပ်ပြန်ရေးမှာ တပ်မတော်နဲ့ ကျနော်တို့ အဓိက လိုအပ်ချက်ကတော့ မိုင်းရှင်းလင်းရေးပါ။ အခြားကတော့ လိုအပ်ရင် သူတို့ကို အကူအညီ တောင်းလို့ရတယ် ဆိုတာကို ပြောပါတယ်။
မေး။ ။ IDPs နေရပ်ပြန်ရေးအတွက် မိုင်းရှင်းလင်းရေးမှာ ကူညီမယ်ဆိုတာက တပ်မတော်နဲ့ KIO ကြား Bilateral ချုပ်ပြီး နောက်မှလား၊ ဒါမှမဟုတ် ဘယ်တော့လဲ။
ဖြေ။ ။ အစတုန်းကတော့ Bilateral ကို ကျနော်တို့ စောင့်တယ်။ အခုက Bilateral ထိုးတာ မထိုးတာက သူတို့နဲ့ လက်နက်ကိုင်ကြားမှာ သူတို့ ကိစ္စပေါ့နော်။ ကျနော်တို့ ကချင်ဒေသမှာက စစ်မဖြစ်တာက၂ နှစ်လောက် ရှိနေပြီ။ ဆိုတော့ စစ်ဘေး ရှောင်တွေက ကျဉ်းကျပ်တဲ့နေရာ၊ ခက်ခဲတဲ့နေရာမှာ နေရတာ အဆင်မပြေတော့ဘူး။ သူတို့ ဆန္ဒအရ ပြန်ရေးကို ကျနော်တို့က လုပ်တဲ့အခါမှာ KHCC (ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ) ကို ဖွဲ့စည်းပြီး နိုင်ငံတော်အစိုးရရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးတော့မှ တစိုက်မတ်မတ် လုပ်လာခဲ့တာပါ။
မိမိ သဘောဆန္ဒနဲ့ မိမိပြန်ဖို့ ကိစ္စတွေကို ကျနော်တို့က ဦးစားပေး လုပ်လာတဲ့အချိန်မှာ အဓိကတော့ စစ်တပ်နဲ့ မိုင်းရှင်းလင်း ရေးမှာ ကျနော်တို့က အကူအညီ တောင်းတယ်။
လုပ်လာခဲ့တော့ နိုင်ငံတကာရဲ့ ကူညီမှု၊ ထောက်ပံ့မှုနဲ့ ပြန်မယ်ဆိုရင် ကြာမယ်။ အကူအညီကလည်း နည်းလာပြီ။
မိမိ သဘောဆန္ဒနဲ့ မိမိပြန်ဖို့ ကိစ္စတွေကို ကျနော်တို့က ဦးစားပေး လုပ်လာတဲ့အချိန်မှာ အဓိကတော့ စစ်တပ်နဲ့ မိုင်းရှင်းလင်း ရေးမှာ ကျနော်တို့က အကူအညီ တောင်းတယ်။
တချို့မှာတော့ KIO နဲ့ တပ်မတော်ကြား ပူးပေါင်းပြီး အတူ လုပ်ဆောင်ဖို့လည်း လိုတာပေါ့။ မိုင်းရှင်းလင်းရေးမှာလေ။ အဓိက ကတော့ နေရပ်ပြန်ရေးက KIO ထိန်းချုပ်နယ်မြေမှာရော အစိုးရနယ် မြေကရော IDPs နေရပ်ပြန်ရေးကို အမြန်ဆုံး မြန်မြန် လုပ်စေချင်တဲ့ သဘောနဲ့ ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။
မေး။ ။ KHCC က ဦးဆောင်လုပ်နေတဲ့ နေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေမှာ တပ်မတော်က ပါဝင်ပြီး မိုင်းရှင်းလင်းပေးမှာပေါ့ နော်။
ဖြေ။ ။ ဟုတ်တယ်။ အခု လောလောဆယ်လည်း လုပ်နေပါတယ်။ အခု ဒဘတ်ယန်တို့ နမ့်ဆန်ယန်တို့မှာလည်း တပ်မတော် ပါဝင်ပြီး မိုင်းရှင်းလင်းရေး လုပ်ပေးနေပါတယ်။ ကျနော်တို့က နေရပ်ပြန်ရေးကိုကျ အစိုးရ၊ တပ်မတော်နဲ့ KIO ကိုရယ် စာရင်း တင်ပြရပါတယ်။ အားလုံးကို မိမိဆန္ဒအလျှောက် ကျနော်တို့ လုပ်ဆောင်ပေးရပါတယ် ဆိုတာကို စာရင်းတွေ ပေးပြီးတော့မှ သူတို့ကဏ္ဍကိုတော့ သူတို့ပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုလည်း မိုင်းရှင်းတာကို လုပ်ပေးနေပါတယ်။ ဒဘတ်ယန်မှာ ဆိုရင် သူတို့ အခု လုပ်နေပါတယ်။ အဲဒါကတော့ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ နေရာပါ။
ဒီလို စစ်ဘေးရှောင် နေရပ်ပြန်ရေးမှာ ပူးပေါင်း လုပ်ဆောင်ရင်းနဲ့ ငြိမ်းချမ်းရေးကို ရယူသွားရအောင်လို့ ပြောခဲ့တယ်။ ဒါကြောင့် IDPs နေရပ်ပြန်ရေးက ငြိမ်းချမ်းရေး အတွက် လှေကားထစ် တခုပါ။
တပ်မတော်က KIO နဲ့ အတူ ပူးပေါင်း ရှာဖွေဖို့ လိုတယ်ဆိုတာကို ပြောပါတယ်။ ငြိမ်းချမ်းရေးတောင် ဒီကနေ စဖြစ်နိုင်တယ်လို့ ကျနော်က မြောက်ပိုင်းတိုင်း တိုင်းမှူးကိုတောင် ပြောပါသေးတယ်။
ဒီလို စစ်ဘေးရှောင် နေရပ်ပြန်ရေးမှာ ပူးပေါင်း လုပ်ဆောင်ရင်းနဲ့ ငြိမ်းချမ်းရေးကို ရယူသွားရအောင်လို့ ပြောခဲ့တယ်။ ဒါကြောင့် IDPs နေရပ်ပြန်ရေးက ငြိမ်းချမ်းရေး အတွက် လှေကားထစ် တခုပါ။
မေး။ ။ ဒါဆို ဆရာတို့က ဘယ်နေရာတွေမှာ နေရပ်ပြန်မယ် ဆိုတာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြောပြီး မိုင်းရှင်းပေးဖို့ အကူအညီ တောင်းရမှာပါလား။ ဘယ်လိုမျိုး လုပ်ဆောင်ကြမှာပါလဲရှင့်။
ဖြေ။ ။ ကျနော်တို့က NRPC ၊ လူကယ်ပြန် ဝန်ကြီးဌာနဲ့ လုပ်ဆောင် ဖော်ဆောင်ရေးမှာ နေရပ်ပြန်မယ့် စာရင်းတွေကို ပေးပါတယ်။ အဲဒီမှာ လုံနယ်ကလည်း ပါတယ်။ ဒီတော့ ကျနော်တို့ တင်ပြလိုက်တာတွေက စစ်တပ်ဘက်ကလည်း ရတယ်။ အစိုးရ ဘက်ကလည်း ရတယ်။ ဒီအပေါ်မှာ ကျနော်တို့က KIO ကို စာရင်းတွေ တင်ပြပါတယ်။ ဒီအပေါ်မှာ သူတို့ အားလုံး သဘောတူညီမှု၊ နားလည်မှုနဲ့ လုပ်တယ်ဆိုတော့ မိုင်းရှာမယ့်နေရာမှာ တပ်မတော်က ကူညီတယ်။ KIO ကလည်း ပါဝင်မယ် ဆိုရင်တော့ သူတို့အချင်းချင်း တွေ့ဆုံရာမှာ ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး အခြေအနေက ဘယ်လို ရှိပါသလဲ။ ဆရာတို့ KHCC အနေနဲ့ လုပ်ဆောင်နေတာတွေကို ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ အခု ကျနော်တို့ ဒီနေ့ထိ မိမိသဘောနဲ့ မိမိပြန်တဲ့သူတွေ အတော်များနေပါပြီ။ တချိုု့ကတော့ စစ်ဘေးရှောင် စခန်းမှာ နေလိုက်၊ မိမိဒေသမှာ နေလိုက်ပေါ့ဗျာ။ ဒီဘက်မှာလည်း ကူညီမှုတွေက ပေးတယ်ဆိုတော့ ဆန်၊ ဆီ၊ ဆား ထုတ်လိုက်ပေါ့။ ကျနော်တို့ကနေ တရားဝင် ပြန်တာကတော့ အိမ်ထောင်စု စာရင်းက၂၀၀၀ ကျော် ရှိပါပြီ။ လူဦးရေကတော့ ၁ သောင်း ပတ်ဝန်းကျင်တော့ ရှိပါပြီ။
မေး။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရော ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ တပ်မတော်က တဖတ်သတ် အပစ်အခတ် ရပ်စဲတယ် ဆိုတာကတော့ နိုင်ငံတကာမှာ ရှားတယ်။ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်လို့ လုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။
ဆိုတော့ ၂၀၀၈ အခြေခံဥပဒေကလည်း အားလုံးက သဘောတူထားတဲ့ အခြေခံဥပဒေဖြစ်လို့ လိုက်လျှောက်ဖို့ လိုတာရှိသလို ပြင်ဆင်ရမယ့် အစိတ်အပိုင်းလည်း ရှိပါတယ် ဆိုတာကို ဝန်ခံပါတယ်။
ဆိုတော့ ၂၀၀၈ အခြေခံဥပဒေကလည်း အားလုံးက သဘောတူထားတဲ့ အခြေခံဥပဒေဖြစ်လို့ လိုက်လျှောက်ဖို့ လိုတာရှိသလို ပြင်ဆင်ရမယ့် အစိတ်အပိုင်းလည်း ရှိပါတယ် ဆိုတာကို ဝန်ခံပါတယ်။
ဘာပဲပြောပြော သူ့သဘောထားကတော့ ငြိမ်းချမ်းရေးမှာ လက်နက်က်ိုင် တိုင်းရင်းသားများအားလုံး အမြန်ပါဝင်ပြီး တိုင်းပြည်ကို ဒီမိုကရေစီ အမြန်ဖြစ်အောင် ကြိုးစားဖို့ လိုတယ်ဆိုတဲ့ သဘောတော့ သူ ရှိပါတယ်။
၂၀၀၈ နဲ့ ပတ်သက်လို့ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောလာတဲ့အပေါ် ကျနော်တို့က ဆွေးနွေးခြင်း ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပြင်ဆင်စရာတွေ ရှိတယ်ဆိုတာကို အစကတည်းကနေ ပြောခဲ့တာ ရှိပါတယ်။ ကျနော်တို့က ပြင်ဆင်ဖို့ ဆန္ဒ ရှိပါတယ်။
သူကလည်း ပြင်ဆင်ဖို့ရှိတယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို အရင် တည်ဆောက်ဖို့ လိုတယ်ဆိုတာကို ထည့်သွင်း ပြောတာကို ကြားရပါတယ်။
မေး။ ။ KIO နဲ့ ဆွေးနွေးနေဆဲ ဖြစ်တဲ့ Bilateral ကရော ပြေလည်လာမယ့် အရိပ်အယောင် မြင်ရပါသလား။
ဖြေ။ ။ အခု ကျနော့် အမြင်ကတော့ AA နဲ့လည်း ရခိုင်ဘက်မှာ သူတို့သဘောထား၊ သဘောတူညီမှုတခု ရရှိခဲ့တယ်ဆိုတော့ AA နဲ့လည်း သိပ်ပြီး မစိမ်းတော့ဘူးလို့ မြင်ရပါတယ်။ ဒီလို သဘောထားတွေအပေါ်မှာ မကြာခင် သူတို့ တွေ့ဆုံနိုင်လိမ့်မယ်လို့ မြင်ပါတယ်။
KIO ဘက်ကလည်း IDPs အရေးနဲ့ ဆွေးနွေဖြစ်တဲ့အခါမှာ IDPs နေရပ်ပြန်ရေးကို သူတို့ သဘောတူတယ် ဆိုတာကလည်း Bilateral ကို အတိုင်းအတာတခုထိ သဘောထား ရှိလိမ့်မယ်လို့ ကျနော်တို့ ခံယူပါတယ်။
မေး။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ရခိုင်ကိစ္စမှာ သဘောထား ပျော့ပြောင်းလာတာရော ငြိမ်းချမ်းရေးမှာ ရော တွန်းတွန်းတိုက်တိုက် လုပ်လာတာက သူ့အနေနဲ့ နိုင်ငံရေးဘက်ကို ကူးပြောင်းရင် အမှတ်ရအောင်လို့ဆိုတဲ့ သုံးသပ် မှုတွေကလည်း ရှိပါတယ်။ ကချင်မှာလည်း တလျှောက်လုံး တိုက်နေရာကနေ အခု ပြန်ကူညီတယ်။ ဆရာ့အနေနဲ့ရော ရှုမြင်ချက်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ သူတို့က တပ်မတော်ဘက်က ဆိုတော့ ကျနော်တို့လည်း ထဲထဲဝင်ဝင် လေးလေးနက်နက် မသိပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တကယ်ပဲ ဒီမိုကရေစီ ဖြစ်ပေါ်လာအောင် ဒီဘက်ကို သူက တကယ်ပဲ လိုလားနေတဲ့ အရိပ်အ ယောင်ကိုတော့ ကျနော် ခံစားမိပါတယ်။
ဆိုတော့ ကျနော်တို့ဘက်က လူထု အနေနဲ့ကတော့ တိုင်းပြည်ကို တကယ်ပဲ စေတနာ၊ မေတ္တာနဲ့တရားမျှတစွာ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်မျိုးကိုတော့ အားလုံးကို ဖြစ်စေချင်တာပေါ့ဗျာ။
သူ့အနေနဲ့လည်း ဒီအချိန်ထိ ဒီလောက် လုပ်ခဲ့တယ်ဆိုတော့ တိုင်းပြည်ကို ဦးဆောင်ချင်တဲ့ စိတ်ကတော့ ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့လည်း ပြောတယ်။ တပ်မတော်မှာ စစ်သက်က ၄၀ ရှိပြီ။ ကာကွယ်ရေး ဦးစီးချုပ် လုပ်တာကလည်း ၁၀ နှစ်ဆိုတော့ နိုင်ငံရေးအရ သူက အမြင်တော့ ပိုရှိမှာပေါ့။ အခြားထက် စာရင်ပေါ့လေ။ သူ့ဘက်ကလည်း ဒါတွေ စဉ်းစားထားတာ ရှိကောင်း ရှိနိုင်ပါတယ်။
ဆိုတော့ ကျနော်တို့ဘက်က လူထု အနေနဲ့ကတော့ တိုင်းပြည်ကို တကယ်ပဲ စေတနာ၊ မေတ္တာနဲ့တရားမျှတစွာ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်မျိုးကိုတော့ အားလုံးကို ဖြစ်စေချင်တာပေါ့ဗျာ။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့ ဆန္ဒရှိပါတယ်လို့ ဆရာနဲ့ ဆွေးနွေးတော့ ထည့်သွင်း ပြောတယ်ဆိုတော့ တိုင်းရင်းသားတွေ လိုချင်တဲ့ ပြုပြင်ပြောင်းလဲမှု ပုံစံကရော ဘယ်လို အခြေအနေ မျှော်လင့်လို့ ရနိုင်ပါမလဲရှင့်။
ဖြေ။ ။ အဲဒါလည်း ပြောပါတယ်။ သူတောင် NCA ဆိုတာလည်း လိုင်ဇာကနေ စခဲ့တယ် ဆိုတာကို ပြောတယ်။ ထည့်ပြောသွားသေးတယ်။ လိုင်ဇာကနေ စပြီး တကယ်တမ်း လက်မှတ်ထိုးကြတော့ KIA က ပါမလာတော့ စိတ်မကောင်းဘူးလို့လည်း ထည့်ပြောပါတယ်။ ဒီလိုပဲ အခြေခံ ဥပဒေပိုင်းကလည်း အရေးကြီးလာတာပေါ့။ ဒါတွေက ကျနော် ထင်တယ်။ သူတို့ ခေါင်းဆောင်ပိုင်းတွေ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးလ်ိုက်ရင် ဖြစ်မှာ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက နီးနီးလေးနဲ့ ဝေးနေတာ။
လိုချင်တာတွေကလည်း ညှိနှိုင်းလို့ရနိုင်တဲ့ အခြေအနေပါ။ ကျနော်တို့က ကြားထဲမှာ အဆင့်တွေ သိပ်များတော့ ခရီး မရောက်နိုင်ဘူး။ နီးလျက်နဲ့ ဝေးနေတဲ့ ငြိမ်းချမ်းရေး ဖြစ်နေတာ။ တကယ်ဆိုရင် တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားထဲမှာ ကိုယ်စားလှယ်တွေ ခံစရာ မလိုဘူး။ သူတို့ တွေ့လိုက်ရင် ဖြစ်နိုင်တဲ့ ကိစ္စတွေ တော်တော် များပါတယ်။
တကယ့် အကောင်အထည် ဖော်ရမယ့် ကိစ္စတွေမှာမှ အောက်ပိုင်းက ဆက်လုပ်ပေါ့။ အဓိက ကျနော်တို့ ပန်းတိုင်တခုပေါ့။ အခုက ဒီမိုကရေစီလို့ အားလုံး ပြောနေကြတယ်။ ဖက်ဒရယ်လို့ အားလုံး ပြောနေကြတယ်။ ဒါပေမယ့် မတူညီဘူး ဖြစ်နေတာ။ အောက်ပိုင်းက တွေ့တာများပြီး အပေါ်ပိုင်း တွေ့တာ နည်းနေတာ။
ဗိုလ်ချုပ်မှူးကြီးလည်း ကျနော်နဲ့တွေ့တိုင်း ပြောနေတဲ့ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြောတဲ့ခေါင်းစဉ်ပဲ သူပြောနေတာပဲ။ တူသလိုလိုတော့ အားလုံးက ရှိနေကြပါတယ်။
မေး။ ။ နောက်ဆုံး မေးခွန်းပါ ဆရာ။ ဒီမနက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ခဲ့ဆွေးနွေးခဲ့တာတွေနဲ့ ပတ် သက်လို့ စစ်ဘေးရှောင်တွေနဲ့ ကချင် လူထုကိုရော ဘာများ ပြောပြချင်တာ ရှိပါသေးသလဲရှင့်။
ဖြေ။ ။ ကျနော်ကတော့ ဒီ ၁၀ နှစ်ကာလမှာ ကျနော်တို့ စစ်ဘေးရှောင်ရဲ့အခြေအနေကို ကြည့်တော့ အဆိုးဘက်ကို ပိုပြီး များလာတယ်။ မြေယာကိစ္စတွေ တော်တော့်ကို အခက်အခဲ ပြဿနာတွေ ကြုံလာနိုင်တယ်။ နိုင်ငံတကာကလည်း အကူအညီတွေ လျော့လာတော့ ကျနော်တို့က နေရပ်ပြန်ရေးကို လုပ်ဆောင်လာတဲ့ အချိန်မှာ စစ်ဘေးရှောင်တွေကလည်း ယုံကြည်စိတ်ချစွာနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီး ပါဝင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
You may also like these stories:
တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ပဏာမ အပစ်ရပ်ရေး ဘယ်လိုညှိမလဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အနားယူမည်ဟု တပ်မတော် မပြောသေး