မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီး၍ တနိုင်ငံလုံးအတိုင်း အတာဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မကြာမီအချိန်အတွင်း အနိုင်ရ NLD ပါတီက အစိုးရသစ်တရပ်ကို ဖွဲ့စည်းတင်မြှောက်ရတော့မည် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော အစိုးရလက်ထက်၌ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်တောမြို့နယ်တို့တွင် မွတ်စလင် အရေးအပြင်၊ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တပ်မတော် နှင့် AA တို့ တိုက်ပွဲများမှာလည်း ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲများကြောင့် ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့တွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရသည်။ သို့သော်လည်း ပြည်နယ် အစိုးရအနေဖြင့် ယင်းကိစ္စရပ်များကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့သလို ပြည် ထောင်စုအစိုးရ၏ ညွှန်ကြားချက်ဖြင့် လုပ်ကိုင်ခဲ့ရသဖြင့် မိမိပြည်နယ်အတွက် အကန့်အသတ်ဖြင့်သာ လုပ်ခွင့်ရရှိခဲ့သည်။ ယင်းသို့ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အပေါ်တွင်လည်း ရခိုင်ပြည်သူများ အားမလိုအားမရဖြစ်မှုများလည်း ရှိခဲ့သည်။
အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသစ် ထပ်ဖွဲ့စည်းမည့် ပြည်နယ်အစိုးရအပေါ် ရခိုင်ပြည်သူများ၏ မည်သို့ ပုံစံ ဖြစ်စေချင်သနည်း၊ တောင်းဆိုချက်၊ မျှော်လင့်ချက်များကို ဧရာဝတီသတင်းထောက် ခိုင်ရိုးလက မေးမြန်း တင်ဆက်ထား သည်။
ဒေါ်စောစံငြိမ်းသူ
ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ (RWIO) ဥက္ကဋ္ဌ
ကျမတို့ကတော့ လက်ရှိ အစိုးရနဲ့ တက်လာမယ့် အစိုးရဟာ ပါတီကိုကြည့်တော့ အတူတူ ဖြစ်နေတယ်။ ဒီအစိုးရကတော့ ကျမတို့ မျှော်မှန်းထားတဲ့ ပုံစံအထိ မပေါက်မြောက်ခဲ့ဘူးလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီကို ကြွေးကြော် လာတဲ့ ပါတီတခုအနေနဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ပိုပြီးလုပ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒီအတိုင်း မဖြစ် လာခဲ့တဲ့ အနေအထားတွေ ရှိတယ်။ အဓိကအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဦးသိန်းစိန် အစိုးရထက် ပိုပြီးတော့ လုပ်ဆောင်နိုင်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲဖို့ ကိစ္စတွေအပေါ်မှာ ပိုပြီး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့တာ။
အဲဒီလုပ်ရပ် နှစ်ခုစလုံး ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဒီထက်မက ရခိုင်ဒေသအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပြီးတော့ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ဘူး။ ဆိုတော့ အခုလည်း နာမည်က အစိုးရသစ်ဆိုပေမယ့် လူပုဂ္ဂိုလ်နဲ့ ပါတီကတော့ အဲဒီလူတွေပဲ ဖြစ်မယ်။ အဲဒီအနေထားမှာ ပြီးခဲ့တဲ့ ပုံစံတွေ မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ ရပ်တွေကို ပိုပြီး လုပ်ဆောင်သွားဖို့နဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကဏ္ဍတွေကို ပိုပြီးလုပ်ဆောင်ပေးဖို့ မျှော်လင့်နေတာ။ ဒါပေမယ့် ဘယ် လောက်ထိ လုပ်ပေးနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်။ နောက်ပြီး ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းစေ ဖို့ စွမ်းဆောင်နိုင်တဲ့ အစိုးကို လိုလားတယ်လို့ ပြောရမယ်။
ကိုမျိုးလွင် ( ပြည်သူ )
အမ်းမြို့ဒေသခံ
ပထမ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့တယ်။ တိုင်းရင်းသား ဒေသတွေမှာတော့ တိုင်းရင်းသား ကိုယ်စားပြုပါတီတွေက အနိုင်ရတာ ရှိတယ်။ အဲဒီအချိန်ကလည်း သူတို့ရဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်တဲ့အခါ အစိုးရ ဖွဲ့စည်းတဲ့အပိုင်းမှာ တိုင်းရင်းသားပါတီ တချို့ကို ချန်လှပ်ထားခဲ့တာလည်း ရှိတယ်။ တချို့ တိုင်းရင်းသားတွေက အစိုးရ ဖွဲ့စည်းတဲ့ အပိုင်းမှာ တိုင်းရင်းသား ပါတီဘက်က မပါဝင်ခဲ့ဆိုပြီးတော့ အယူအဆ ကွဲလွဲမှုတွေ ရှိခဲ့တယ်။ ရခိုင်ဘက်မှာ ဆို ရင် ပိုပြီးတော့ အဲဒီလိုဖြစ်ခဲ့တာ ရှိတယ်။
အခု၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ကပဲ အစိုးရ ဖွဲ့စည်းနိုင်မယ်။ နောက်ပြီးတော့ NLD ဘက်က တိုင်းရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ခေါ် ကမ်းလှမ်းထားတာ ရှိတယ်။ အရင်တုန်းကထက် အခုဖွဲ့မယ့် အစိုးရက ပိုပြီးတော့ တိုင်းရင်းသားတွေ ပါဝင်မှု၊ ကိုယ်စားပြုမှု အများကြီး လိုအပ်တယ်။ ဒါမှ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ သူတို့ နစ်နာဆုံးရှုံးနေတဲ့ အခွင့် အရေးတွေကို ကိုယ်စားပြုနိုင်မှာ ဖြစ်တယ်။ တိုင်းရင်းသားပါတီက လူတွေ အစိုးရ ဖွဲ့တဲ့အခါမှာ ပိုမိုပါဝင်ခွင့်ပေးရင် လက်ရှိ အနေအထားထက် ပိုကောင်းမယ်လို့ မြင်တယ်။
တိုင်းရင်းသား ဒေသထဲက တကယ် အလုပ်လုပ်နိုင်မယ့် ဒေသခံတွေ အစိုးရအဖွဲ့မှာ ပါဝင်လာနိုင်ဖို့လည်း လိုအပ်တယ်။ သူတို့က ကြားကနေ အလုပ် လုပ်ပေးရင်းနဲ့ လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ တပ်မတော်နဲ့ AA တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာလည်း ပိုပြီးကောင်းမွန်လာမှာ ဖြစ်တဲ့အတွက် လာမယ့် အစိုးရသစ်ကို တိုင်းရင်းသားဒေသက ပြည်သူတွေစိတ်ချပြီး ယုံကြည်တဲ့လူတွေကို ရွေးချယ်တင်မြှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်။
မဦးခင်သိန်း
စစ်တွေ ဒေသခံ
အစိုးရအနေနဲ့ ပထမဆုံး လုပ်ပေးစေချင်တာကတော့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ဒေသကို တိုက်ပွဲတွေ ရပ်တန့်စေဖို့နဲ့ ငြိမ်းချမ်း ရေးကို အကောင်အထည်ဖော်ပေးဖို့ လိုမယ်။ ပြီးရင် စစ်ဘေးရှောင်စခန်းတွေမှာ နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေ ကင်း လွတ်သွားအောင် သူတို့ မိမိနေရပ်ကို ပြန်ရောက်နိုင်အောင် ဖော်ဆောင်ပေးပြီးတော့ နေရပ်ကိုရောက်သွားတဲ့အခါမှာ သူတို့တွေရဲ့ ဘဝတွေကို ပြန်လည် ထူထောင်လို့ ရနိုင်အောင် ဖန်တီး ဖော်ဆောင်ပေးရမယ်။ စစ်ပွဲတွေကြားထဲမှာ ကလေး၊ လူကြီးအပါဝင် သေဆုံးခဲ့ရတာ ရှိသလို၊ သံသယနဲ့ မတရား ဖမ်းဆီးခံရတဲ့ သူတွေကိုလည်း တရားမျှတအောင် ကူညီဖြေရှင်းပေးရမယ်။ နောက်တခါ ပြည်သူတွေအတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားလူငယ်တွေကို ဖမ်းဆီးထားတဲ့ ကိစ္စကိုလည်း လွှတ်ပေးဖို့ လိုတယ်။
လက်ရှိ ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုအရမ်း အားနည်းတဲ့ ဒေသတခုဖြစ်နေတဲ့အတွက် ကုန်သွယ်ရေး လုပ်ငန်းတွေနဲ့ လူငယ် တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးတဲ့ အစိုးရမျိုးကို ကျမတို့ လိုလား တယ်။ နောက်ပြီးတော့ ရခိုင်က မွတ်စလင်တွေကိုလည်း လွပ်လပ်ခွင့်တွေ၊ ပူးပေါင်း ပါဝင်ခွင့်တွေ ပေးရမယ်။ အဲဒီ လို မပေးလို့ လူမျိုးစုတွေရဲ့နောက်ကွယ်မှာ လူမျိုးရေး၊ ဘာသာရေးတွေကို အခြေခံပြီးတော့ ပြဿနာတွေ ဖြစ်ခဲ့တာ ရှိ တယ်။ အဲဒီကိစ္စတွေကို လုပ်ဆောင်ပေးဖို့ အစိုးရကို မျှော်လင့်တယ်။
ဦးမောင်စောဝင်း
ရသေ့တောင်ဒေသခံ
လာမယ့် အစိုးရကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ပိုပြီး တွင်ကျယ်စွာ လုပ်နိုင်မယ်လို့တော့ မျှော်လင့်ထားပါတယ်။ အစိုးရသစ် ဟာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဆင်းရဲ မွဲတေမှုတွေကို စွမ်းဆောင်ပေးမလားလို့ မျှော်လင့်ရတာပေါ့နော်။ ဒါပေမယ့် သံ သယတော့ ရှိနေတယ်။ အခု လာတက်လာမယ့် အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဖြစ်တဲ့ အတွက် အခုလို အဟောင်းအတိုင်း ဆက်သွားမလား ဆိုတာကို သံသယတော့ ထားတယ်။ အခုက ရခိုင်မှာဖြစ်နေတဲ့ ကိစ္စ တွေကို မျက်နှာလွှဲပြီးတော့ NLD အမတ်လောင်းတွေ ဖမ်းပြီးမှ အသံထွက်တယ်။
ဒီမှာ ရခိုင်ပြည်သူတွေ သေကြေကြ၊ ပျက်စီးမှုတွေရှိတာကျတော့ တခွန်းမှ မဟဘဲ နှုတ်ပိတ်နေတယ်။ နောက်ပြီးတော့ တက်လာမယ့် အစိုးရကို ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးတွေကို ထဲထဲဝင်ဝင် လုပ်ပေးနိုင်စွမ်း ရှိစေချင်တယ်။ လက်ရှိမှာတော့ တပ်မတော်နဲ့ AA တို့ဟာ အတိုင်းအတာအနည်းငယ်အထိ အပစ်ခတ် ရပ်စဲထားတာကို တွေ့ရတယ်။ အဲဒီကိစ္စမှာလည်း NLD ဘက်က ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ထုတ်ဖော်ပြောဆိုတာတော့ မတွေ့ရသေးဘူး။ လက်ရှိ ပစ်ခတ်မှုတွေ မရှိတာ ကိုပဲ ဆက်လက်ပြီး ဒီထက် အဆင်ပြေအောင် နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ခိုင်မာစေချင်တယ်။
ဦးအောင်ကျော်ထွန်း
မုန့်သန်းပြင် ကျေးရွာ၊ ကျောက်တော်မြို့နယ်
ရွာမှာနေတုန်းက လယ်၊ ဥယျာဉ်တွေ လုပ်စားတယ်။ မီးဝတိုက်ပွဲ ရက်ပေါင်း ၄၀ ကျော် ဖြစ်ပွားနေတုန်းမှာ ရွာ ထဲကို လက်နက်ကြီးကျည်ကျလို့ ကျနော့် ညာခြေထောက်မှာ အရိုးကျိုးပြီးတော့ ဒဏ်ရာခဲ့တာ။ အခုတော့ ကျနော်က မသန်စွမ်း တယောက်ဖြစ်သွားပြီ။ ဒါကြောင့် တက်လာတဲ့ အစိုးရအနေနဲ့ ကျနော်တို့ကို ကူညီ ထောက်ပံ့ပေးမှုတွေ ပေးစေ ချင်ပါတယ်။ နောက်ပြီးတော့ အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဆောင်ရွက်ပေးစေချင် တယ်။ ကျနော်တို့ အိမ်ပြန်ချင်တယ်။ နှစ်ဖက်အဖွဲ့တွေကလည်း ပြေပြေလည်လည် ညှိနှိုင်းမှုတွေရပြီးတော့ တိုက်ပွဲတွေရပ်တန့် စေချင်တာ။
ဒီစစ်ဘေးရှောင်စခန်းမှာ နေရတာက သူများ ပေးကမ်းမှ စားရတာ။ ငွေကြေး မလုံလောက်မှုတွေ၊ ကျန်းမာရေး မကောင်း ဖြစ်ရင် တော်တော် ခက်ခဲတယ်။ ကိုယ့်ရွာကိုယ့်ဒေသမှာဆိုရင် ရှာဖွေ လုပ်ကိုင်စားသောက်လို့ ရတယ်။ ဒါကြောင့် စစ်ဘေး ရှောင်တွေကို ကြည့်ရှုပြီးတော့ ကောင်းမွန်တဲ့ အစိုးရ တရပ်ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။
ကိုကျော်မင်းခိုင်
ဥက္ကဋ္ဌ၊ ရသေ့တောင် ပြည်သူ့ကွန်ရက် (RPN)
အဓိက အစိုးရအဖွဲ့မှာ ပြည်သူတွေ လိုလားနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီးတော့ သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်စေချင်တယ်။ အထူးသဖြင့် ဒီမိုကရေစီ အာဏာရှင်ပုံစံမျိုး မဟုတ်ဘဲ ပြည်သူမျက်နှာကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေးတရပ်ကို ပီပြင်စွာ ဖော်ဆောင်ပေးမယ့် အစိုးရပဲ ဖြစ်စေချင်တာ။
အခုဖြစ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း ချုပ်ငြိမ်းသွားအောင် အစိုးရ သစ်အနေနဲ့ အလေးအနက်ထားပြီးတော့ ပြည်သူ့မျက် နှာကို ကြည့်လို့ အပစ်ခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဘက်ကိုပဲ တစိုက်မတ်မတ် လုပ်ပေးမယ့် အစိုးရမျိုးကို လိုလားတယ်။ လက်ရှိ အစိုးရလက်ထက်မှာ ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ အများကြီး တွေ့ခဲ့ရတယ်။ ဒါမျိုးတွေ ကို တတ်နိုင်သလောက် ထိန်းပေးမယ့် အစိုးရလို မျှော်လင့်နေတယ်။
You may also like these stories:
ငြိမ်းချမ်းရေးအတွက် မြောက်ဦးက မျှော်လင့်ချက်များ
ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်
သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်