မြန်မာနိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်း ကာလ ကြာရှည်လာခြင်း၊ ကာကွယ်ဆေးများ ထွက်ပေါ်နေပြီဆိုသည့် သတင်းများ ပျံ့ နှံ့ခြင်းနှင့်အတူ လူထုအတွင်း ကိုဗစ်ကူးစက်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု လျော့ပါးလာသည့်နောက်တွင် လူစုလူဝေး ဖြစ် ပေါ်မှုများလည်း တစစဖြင့် များပြားလာသည်။
ထိုသို့သော အခြေအနေတွင် ကိုဗစ် ကူးစက်မှုကလည်း လျော့ကျခြင်း မရှိသည့် အခြေအနေဖြစ်ရာ အဆိုပါအခြေအနေကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖြင့် မည်သို့ ကိုင်တွယ် ထိန်းကျောင်းနေသည်ကို သိရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို ဧရာဝ တီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ ကိုဗစ် ကူးစက်မှု အခြေအနေက ဘယ်လို ရှိနေတာလဲဆိုတာ အရင်ဆုံး ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ လက်ရှိ ကူးစက်မှု အခြေကတော့ အရမ်းကြီးတော့ မဆိုးဘူးလို့ ပြောလို့ ရတာပေါ့။ ဆပွား ဆပွား ပွားနိုင်တဲ့ အခြေ အနေတခုကို ထိန်းထားနိုင်တယ်။ ဒါပေမယ့်လည်း ၁ ရက်ကို ၁,၀၀၀ ပတ်ဝန်းကျင် ဒီလိုမျိုး တောက်လျှောက် တက်နေ တာကို ခံရတာကတော့ တော်တော်လေးတော့ မလွယ်ဘူး။ ၁,၀၀၀ လောက်က ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေ အထား ဖြစ်ပေမယ့်လည်း ဒီ ၁,၀၀၀ ဆိုတဲ့ အင်အားက မလွယ်ဘူး။ လူနာ တယောက်တယောက်ကို ကုသစောင့်ရှောက်ရ တဲ့ အပိုင်းကိုပဲ တွက်ကြည့်ပေါ့။
ရေရှည်မှာတော့ ဘာပဲပြောပြော ကျန်မာရေး ဝန်ထမ်းတွေက ပန်းလာကြတာတော့ အမှန်ပဲ။ ၁,၀၀၀ ဆိုတဲ့ ကိန်းဂဏန်း ဘာဖြစ်လို့ တက်နေတာလဲ ဆိုပြီး အဖြေရှာကြည့်လိုက်တဲ့ အခါကျတော့ အမှုမဲ့ အမှတ်မဲ့ လိုက်နာမှု အားနည်းလို့ ဖြစ်သွား တာတွေ နောက် လူစုလူဝေးထဲမှာ ပါတာတွေပေါ့။ နောက်တခုက နိစ္စဓူဝ ဆောင်ရွက်တဲ့ ဈေးသွားတာလို ကိစ္စတွေ ဒီလို နေရာတွေကနေ ကူးစက်တယ်။
တဦးတယောက် ကူးစက်ပြီးရင် အဲဒီလူက အိမ်ပြန်တဲ့အခါမှာ မိသားစုကို အကုန်ကူးစက်တာပေါ့။ ပြီးရင် သူနဲ့ ထိတွေ့ခဲ့တဲ့ အပေါင်းအသင်းတွေကို ကူးစက်တယ်။ အဲဒီလူတွေက အိမ်ပြန်သွားတဲ့အခါမှာ ထပ်ပြီးတော့ ကူးစက်တယ်။ အဲဒီလိုနဲ့ ကူးစက်မှု သံသရာက လည်နေတဲ့ အခါကျတော့ တော်တော်နဲ့ မပြတ်နိုင်သလို ဖြစ်နေတာ။ ဒါပေမယ့် တဖက်က ကျန်း မာရေး ဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေ အနေနဲ့ကျတော့ ဝိတ်တုန်း ၁ တုံးကို ထမ်းထားရသလိုပေါ့။ အစပိုင်းမှာ သိပ် မသိသာဘူး ဆိုပေမယ့် ကြာကြာနေတဲ့ အခါကျတော့ လေးတာတော့ အမှန်ပဲပေါ့။
ပြည်သူတွေအနေနဲ့ ပိုပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေ ခပ်ခွာခွာနေခြင်း၊ လက်ဆေးခြင်း၊ Mask ကို မဖြစ်မနေ တပ်ခြင်း ဒါတွေကို အထူး အလေးအနက်ထား သတိထားပြီးတော့ လိုက်နာသင့် တယ်။ လိုက်နာစေလိုပါတယ်။ ဒါမှ ဆေးရုံကို ဝင်လာတဲ့ Positive လူနာတွေ နည်းသွားမှာ၊ အဝင်ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါ တယ်။
မေး။ ။ ပြီးခဲ့တဲ့လကတော့ ကိုဗစ်ကို အနည်းငယ် ထိန်းချုပ်နိုင်ပြီ ဆိုပြီး ပြောထားတာဆိုတော့ လက်ရှိ ထိန်းချုပ်နိုင်စွမ်းကို ပြောမယ်ဆိုရင်ရော ဘယ်လို အခြေအနေ ရှိနေတာလဲ။
ဖြေ။ ။ အတိုင်းအတာ တခုအထိ ထိန်းချုပ်ထားနိုင်တယ် ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့ မရတဲ့ ကိစ္စပဲ။ နိုင်ငံတကာ ဖြစ်ပွားမှု ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ၁,၀၀၀ ကနေ၂,၀၀၀ ၊ ၂,၀၀၀ ကနေ ၃,၀၀၀၊ ၃,၀၀၀ ကနေ ၄,၀၀၀၊ အများကြီး သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်း ရောက်သွားတဲ့ နိုင်ငံတွေလည်း လက်ညှိုးထိုးပြမယ်ဆို အများကြီး ထိုးပြလို့ ရ တာပေါ့။ ကျနော်တို့က အဲဒီ အနေအထားတော့ မရောက်ဘူး။ မရောက်ဘူး ဆိုတာလည်း အများကြီး လိုက်နာပေးတဲ့ ပြည်သူတွေလည်း ရှိလို့ပေါ့။
ပြည်သူ့ ကျန်းမာရေး ကာကွယ်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အပိုင်းတို့ တဖက်ကလည်း ပါဝင်ပြီးတော့ ပူး ပေါင်း ဆောင်ရွက်ကြတဲ့ လူတွေလည်း ရှိနေတဲ့ အခါကျတော့ ဒီလောက် အတိုင်းအတာ အထိကို ထိန်းချုပ်နိုင်တာပေါ့။ ဒါပေမယ့် ဘာကြောင့် အမြစ်မပြတ်လည်း ဆိုတော့ မလိုက်နာတဲ့ လူတွေရှိသေးလို့ အမြစ်မပြတ်တာပေါ့။
မလိုက်နာတဲ့လူ တွေက ဆက်ပြီးတော့ လိုက်နာပေးမယ်။ တကယ်တော့ အင်မတန်မှ ရိုးစင်းတဲ့ ကာကွယ်ရေး နည်းလမ်း တွေပါ။ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ တတ်နိုင်သမျှ အိမ်မှာနေပေးဆို တာပေါ့။ ဒါလေးကို လိုက်နာလိုက်ရင် ဦးကျိုးသွားမှာပေါ့။
မန္တလေးဆို ကျနော်တို့ အများကြီး မျှော်လင့်ထားတယ်။ မန္တလေးကနေပြီးတော့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရတာပေါ့။ တယောက်နဲ့ တယောက် ထိတွေ့မှုကနေ ကူးစက်တာဆိုတော့ ထိတွေ့မှု မရှိဘူးဆိုရင် ကူးစက်မှုက ပြတ်တောက်သွားမှာပဲ။ တကယ့်ကို အခြေခံကျတဲ့ အချက်အလက်ပဲ ဖြစ်တယ်။
မေး။ ။ ကိုဗစ်ဖြစ်ပွားမှု အချိန်ကာလ ကြာလာတဲ့ အနေအထားရယ်၊ နောက်ပြီးတော့ ကာကွယ်ဆေး ရပြီဆိုတဲ့ သတင်း ကြောင့်ရော ကိုဗစ် စည်းကမ်း လိုက်နာမှု အပိုင်းမှာ လျော့ရဲလာတဲ့ အနေအထားရှိတော့ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့ ထိန်းကျောင်းသွားဖို့ ရှိမလဲ။
ဖြေ။ ။ စစချင်းအပိုင်းမှာ ဝန်ကြီးဌာနအပိုင်းက အရမ်း အရေးကြီးတာပေါ့။ ဒါက ကူးစက်ရောဂါ ဖြစ်တယ်၊ ဘယ်လို ကာ ကွယ်ရမယ်၊ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ မလုပ်သင့်ဘူး၊ လုပ်ငန်းတွေမှာလည်း ဘာတွေကို ဆောင်ရွက်သင့်တယ် ဆိုတာ SOP (လုပ်ငန်းလမ်းညွှန်) တွေ၊ Guideline တွေ၊ ကျန်းမာရေး အသိပညာတွေ ဖြန့်ဝေပေးရတာပေါ့။ အစပိုင်းမှာ ကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဆောင်ရွက်ချက်တွေက တော်တော်ကြီးကို အရေးပါပြီးတော့ အရေး ကြီးတဲ့ နေရာမှာ ရှိတယ်။
ဒါပေမယ့် ကူးစက်မှုရဲ့ နောက်ပိုင်းကာလကို ရောက်လာတဲ့အခါမှာတော့ ပြည်သူတွေ အနေနဲ့လည်း Mask တပ်၊ လက် ဆေး၊ ခပ်ခွာခွာနေပေးပါ ဆိုတာကတော့ ကလေးတောင် သီချင်းလုပ်ပြီး ဆိုတတ်တဲ့ အနေအထား ဖြစ်သွားပြီ။ မသိဘူး ဆိုတဲ့ အပိုင်းက မရှိတော့တဲ့အခါ ဝန်ကြီးဌာနရဲ့ သိအောင် လုပ်ပေးရမယ့် အပိုင်းက တာဝန်တခုကို ထမ်းဆောင်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် တဖက်က လိုက်နာ ကျင့်သုံးတဲ့ အပိုင်းကတော့ ပြည်သူတွေ ကိုယ်တိုင် ဆောင်ရွက်မှ ဖြစ်မှာဖြစ်တဲ့အတွက် ပြည်သူတွေသာ အဓိက ဆိုတဲ့ အတိုင်း ပြည်သူတွေ ပါဝင်မှ ဒါကြီးက အောင်မြင်မယ်။
မေး။ ။ နောက်တချက်ကတော့ ဘယ်လိုပဲ ကျန်းမာရေး ဝန်ကြီးဌာနက လိုက်နာရမယ့် စည်းကမ်းတွေချက်တွေ ထုတ် ထုတ်ပေါ့။ လိုက်နာမှု မရှိရင် အရေးယူမှုပိုင်းတွေ၊ တကယ့်မြေပြင်မှာ စောင့်ကြည့်တဲ့ အပိုင်းတွေက အုပ်ချုပ်ရေး အပိုင်းနဲ့ ဆက်စပ်နေတော့ အဲဒီအချက်ပေါ်မှာရော ဘယ်လိုအကြံပြုချက်ပေးချင်လဲရှင့်။
ဖြေ။ ။ အဓိကကတော့ လိုက်နာအောင်ပေါ့။ သိပ်လည်း မထိခိုက် မနစ်နာစေတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောင်ရွက်ပြီး တော့ အချင်းချင်း ထိန်းကျောင်းပေးကြရင်တော့ အကောင်းဆုံးပေါ့။ ဖြစ်နိုင်ရင်တော့ အပြုအမူဆိုတာ ကိုယ့်ခန္ဓာကိုယ်ထဲ က ဖြစ်တယ်။ ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတွေရဲ့ တိုက်တွန်း စေ့ဆော်မှုကြောင့် ဖြစ်တယ်ပေါ့။ ဒါမျိုးတွေကို ကိုယ့်ကိုယ်ကိုယ် က စပြီး ပြင်ရမယ်။ တဖက်က အရေးယူတယ် ဆိုတာကလည်း ကျနော်တို့ နိုင်ငံက ချမ်းသာတဲ့ နိုင်ငံမဟုတ်တဲ့ အခါကျ တော့ ဒီရှုထောင့် တခုတည်း စဉ်းစားလို့ မရတဲ့ အပိုင်းတွေလည်း အများကြီးရှိမှာပေါ့။
ကိုယ့်ကျန်းမာရေးက ကိုယ့်ကိုယ်ကိုမှာ တာဝန်ရှိတယ်။ ကိုယ်ကျန်းမာဖို့က မိမိကိုယ်တိုင်စပြီး ကျင့်သုံးလိုက်နာမှ ရမယ်။ မိမိကစ ကာကွယ်ပါပေါ့။ ဒါကို အလေးအနက်ထားပြီးတော့ လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အရေးယူစရာတောင် မလိုတော့ဘူး။ သူ့ဟာသူ အားလုံး တည့်မတ်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ရန်ကုန်မှာဆိုရင် ရွေးကောက်ပွဲပြီးကတည်းက လူစုလူဝေး ပြဿနာက တောက်လျှောက်ဖြစ်လာတာပေါ့။ အောင် ပွဲခံတာမျိုးတွေ နောက် ရန်ကုန်တက္ကသိုလ်ထဲ လူစုတဲ့ ကိစ္စမျိုးတွေ နောက် အပန်းဖြေနေရာတွေမှာ လူတွေ ပြန်စည်ကား လာတာတွေပေါ့။ မကြာမီလည်း နှစ်သစ်ကူးက လာဦးမှာ ဆိုတဲ့အခါကျတော့ ဒီအခြေအနေတွေက ဘယ်လောက် အထိ စိုးရိမ်စရာ ရှိနေလဲ ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ လူတွေရဲ့သဘာဝအရလည်း အိမ်ထဲမှာ အောင်းတာကြာရင် ခဏလေးတော့ အပြင်ထွက်ချင်တယ်ပေါ့။ ဒါတွေက တော့ တတ်နိုင်သမျှ ပညာပေးရတာပေါ့။ တတ်နိုင်သမျှ အိမ်မှာနေပါ၊ အိမ်မှာနေရင် ကူးစက်မှုနှုန်းက ဇီးရိုးပဲ။ အပြင် ထွက် ပြီ ဆိုတာနဲ့ စပြီး ကူးစက်နိုင်ပြီ။ ဘယ်သူက ရောဂါပိုးရှိတယ် ဆိုတာလည်း မသိနိုင်ဘူး။ လူ ၁၀၀ မှာ ၆၅ ယောက် လောက်က ပိုးရှိပေမယ့် လက္ခဏာ ဘာမှမပြဘူး။ ဒါမျိုးတွေဆို အင်မတန်မှ စိုးရိမ်စရာ ကောင်းတယ်။ ဖြတ်လျှောက်တဲ့ လူမှာလည်း ပိုးရှိနိုင်တယ်။ ဘတ်စ်ကား တူတူစီး ဒါမျိုးက ပိုတောင် ဆိုးတာပေါ့။
အချိန်မရွေး ရောဂါပိုးက ဝင်ရောက်သွား နိုင်တယ်ပေါ့။ ကိုယ့်ဘာသာဝင်လို့ ဝင်တယ် မသိ အိမ်ပြန်တယ်ပေါ့။ အိမ်က အဖေ၊ အမေ အသက်ကြီးတဲ့သူတွေ ဖြစ်တဲ့ အခါကျတော့ သေဆုံးမှုနှုန်း မြင့်တဲ့အခါကျတော့ ဘာပဲပြောပြော စိတ်ဒဏ် ရာတော့ ရတာပေါ့။ ဒါမျိုးတွေ မဖြစ်ဖို့ အတွက်ကတော့ တတ်နိုင်သမျှ အိမ်မှာ နေပါ။ အပြင်ထွက်ရင် ကာကွယ်ရေး နည်း လမ်းတွေ အပြည့်သုံးပါ။ အိမ်ကလူတွေကိုလည်း သတိ ထားပြီး မကူးစက် ပါစေနဲ့ပေါ့။ ဒါမျိုးတွေကိုပဲ ပညာပေးရတာပေါ့။ ဖြစ်စဉ် တခုတည်း၊ တဦးတယောက်တည်းကို အပြစ်တင်တဲ့ ကိစ္စကတော့ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
မေး။ ။ တဖက်မှာကျတော့ စီးပွားရေးက ယိုယွင်းလာတဲ့ အခါမှာ ကန့်သတ်တဲ့၊ ပိတ်တဲ့ နည်းလမ်းတွေနဲ့ ရေရှည်မှာ ဆက် သွားလို့ မဖြစ်ဘူးဆိုပြီး အကြံပြုထောက်ပြချက်တွေလည်း ရှိနေပါတယ်။ ရှေ့လျှောက်ဘယ်လို အစီအစဉ်မျိုးတွေ ရှိဦးမလဲ၊ ဘယ်လိုပုံစံနဲ့ လုပ်သင့်တယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ နိုင်ငံတကာမှာလည်း တချို့နိုင်ငံတွေက သွားပုံသွားနည်းတွေ မတူဘူး။ တချို့နိုင်ငံတွေက အတင်းအကြပ်ကြီးကို Lockdown ချပစ်လိုက်တယ်။ တချို့နိုင်ငံတွေကျတော့လည်း ဖွင့်ပေးထားတယ်။ တချို့ကျတော့လည်း ဖွင့်လိုက်ပိတ်လိုက် လုပ်တယ်ပေါ့။ ကြည့်လိုက်မယ်ဆိုရင် တအားကြီး ပိတ်ချလိုက်တဲ့ နိုင်ငံတွေကတော့ အမြစ်ပြတ်အောင် ဖြတ်နိုင်ရင်တော့ အောင်မြင်သွားတယ်။ ထိန်းသွားနိုင်တယ်။
ဒါပေမယ့် အမြစ်ပြတ်အောင် မဖြတ်နိုင်တဲ့ နိုင်ငံတွေ ဥပမာ နိုင်ငံအနေအထားက သိပ်ပြီးတော့ မချမ်းသာတဲ့ နိုင်ငံအနေ အထား၊ လူဦးရေလည်း အရမ်းများတယ်၊ အခြေခံ လူတန်းစား အရမ်းများတယ်ပေါ့။ ကျနော်တို့ အနောက်ဘက်က နိုင်ငံ တနိုင်ငံဆိုရင် ဒီလိုပဲပေါ့။ အဲဒါကို ပိတ်ချလိုက်တယ်။ နောက်ပိုင်း ပြန်ဖွင့်လိုက်တဲ့ အခါမှာ ထိန်းမနိုင်တော့ဘူးပေါ့။ အဲဒါ မျိုးတွေလည်း ဖြစ်တာရှိတယ်။
အရှေ့ဘက်က နိုင်ငံတချို့ကို ပြန်ကြည့်တော့လည်း သူတို့ ထိန်းတာကနေ အောင်မြင်သွားတာတွေလည်း ရှိတယ်။ ကျနော်တို့ အနေနဲ့က ထိန်းဖို့ဆိုတာ စစချင်းကို ဗိုင်းရပ်စ်ပိုး သယ်ဆောင်ပြီးတော့ ရောက်ရှိလာတဲ့ လူဦးရေကလည်း ထောင်ဂဏန်း ဆိုတဲ့ အခါကျတော့ လိုက်ဖို့ရာ တော်တော် ခက်ခဲတာပေါ့။ ကျနော်တို့ အနေနဲ့က အတင်းအကြပ်ကြီး ပိတ်ဖို့ရာ အတွက်ကလည်း စီးပွားရေးဆိုတာ ထမင်းမစားဘဲ နေလို့မှ မရတာ။
တဖက်ကလည်း ရောဂါကလည်း ရှိတဲ့အခါ ဒီ၂ ခုရဲ့ ကြားထဲမှာ မလျော့မတင်း စောင်းကြိုးညင်းသလိုပေါ့။ မဇ္စျိမပဋိပဋာ အလယ်အလတ် လမ်းစဉ်ပေါ့။ ဒီလိုနည်းနဲ့ တောင့်ခံပြီးတော့ ကာကွယ်ဆေး ရောက်လာတဲ့အထိ New Normal ဒါကိုပဲ တဖြည်းဖြည်း ကျင့်သုံးဖို့ လိုတာပေါ့။
You may also like these stories:
ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ထိ ရှိလာ
ကိုဗစ် ၁၉ ကာကွယ်ဆေး ဝယ်ယူ ထိုးနှံပေးနိုင်ရေး မြန်မာပြင်ဆင်နေ
မန္တလေးပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း ၁၀၀ ခန့် ကိုဗစ် ကူးစက်ခံရ