ကိုဗစ် – 19 ဒုတိယလှိုင်း ဖြစ်ပွားမှုနှုန်းက မြန်မာပြည်တွင် ပြန်မကျသေးပေ။ ရန်ကုန်တွင် အခြေအနေ အလွန်ဆိုးနေပြီး နေ့စဉ် လူတထောင်နှင့် အထက် ရောဂါပိုး ကူးစက်နေပြီး ၂၀ ကျော် ပုံမှန် သေဆုံးနေရသည်။ ရေရှည်တိုက်ရမည့် တိုက် ပွဲတွင် ရှေ့တန်းမှ ကျန်းမာရေး ဝန်ထမ်းများလည်း ပွဲပန်းနေပြီ ဖြစ်၍ နယ်အသီးသီးမှ ကျန်းမာရေး ဝန်ထမ်းများဖြင့် ဆက် တိုက်နေရသည့် အခြေအနေ ဖြစ်သည်။
ယနေ့ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထပ်တိုးလူနာ ၁၃၂၁ ဦး၊ သေဆုံးလူနာ ၂၇ ဦး ရှိပြီး မြန်မာနိုင်ငံတွင် ကိုဗစ် – 19 ရောဂါ ဖြစ်ပွားသူ ၁ သိန်းကျော်သွားပြီ ဖြစ်သည်။ သေဆုံးလူနာ စုစုပေါင်းမှာ လည်း ၂၂၀၁ ဦး ရှိနေပြီ ဖြစ်သည်။
အာဏာရှင်စနစ်တခုအောက်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံသည် ကိုဗစ် – 19 ကဲ့သို့သော် ကမ္ဘာ့ ကပ် ရောဂါတခုကို ပြန်လည် တိုက်ခိုက်ရန် အဆင်သင့် မဖြစ်ခဲ့ပါ။ ထို့ကြောင့် လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ ကိုဗစ် အရေး ကျွမ်းကျင်သူများ၊ စေတနာ့ ဝန်ထမ်းများ၊ လေ့လာသူများ၏ အမြင်များကို ဧရာဝတီ သတင်းဌာန၏ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က စုစည်း ဖော်ပြလိုက်ပါသည်။
ဒေါက်တာ မင်းဇော်ဦး (အမှုဆောင် ဒါရိုက်တာ)
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူ
Second Wave မှာ ကိုဗစ်ကို မထိန်းချုပ်နိုင်တဲ့ အဓိက အကြောင်းကတော့ Lockdown ဆိုလည်း တကယ့် Lockdown မဟုတ်ဘူး။ သူက ဟိုမရောက် ဒီမရောက် ဖြစ်သွားတဲ့အခါမှာ ကူးစက်မှုနှုန်းတွေကလည်း ဆက်ရှိလာတယ်။ နောက်တခု
က စစ်တဲ့နှုန်းမှာလည်း ဥပမာ ပညာရှင်တွေကလည်း ပြောတယ်။ ထိုင်းက ပညာရှင်တယောက်ကလည်း ပြောတယ်။
ကိုဗစ်ပြန့်နေတဲ့ နှုန်းက ၂၀၀ လောက် ရှိတဲ့အချိန်မှာ စစ်နိုင်တဲ့နှုန်းက ၁၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောတယ်။ ကျနော်တို့ အတွေ့ အကြုံအရဆိုရင် ကိုယ်ကနေပြီးတော့ ကိုဗစ်စင်တာ ရောက်တယ်။ အဲဒီမှာ ဘယ်သူ၊ ဘယ်သူတွေကတော့ ကိုယ်နဲ့ ထိတွေ့ ထားတယ်။ အိမ်မှာ နေတဲ့သူတွေကို ပြောပြတာ။ အဲဒီမှာ သူတို့က ဖုန်းတခါပဲ ဆက်လိုက်တာမျိုး ရှိတယ်။
အဲဒီလူတွေကို စစ်ရမယ်တို့၊ ဆေးရမယ်တို့ ဘာမှ ညွှန်ကြားတာလဲ မရှိဘူး။ စီစဉ်ဆောင်ရွက်ပေးတာလည်း မရှိဘူး။ အဲဒီ
လူတွေက သူတို့ သွားလာနေမယ်ဆိုရင် သူတို့ ကူးမှာပဲလေ။ ကျနော်တို့က ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် သွားစစ် လုပ် လိုက်တော့ Negative ထွက်တာလေ။ အဲလိုမျိုး မဟုတ်ဘဲနဲ့ တကယ်တန်း Contact Tracing ဆိုတာလည်း ထိထိရောက်
ရောက် မလုပ်နိုင်ဘူးဆိုတဲ့ သဘောပေါ့။
ရောဂါဖြစ်တဲ့လူတွေက များလာချိန်မှာ Contact Tracing ကိုရော စစ်တာကိုရော ထိထိရောက်ရောက် မလုပ်နိုင်တော့ ရောဂါတွေက အပြင်မှာ ပြန့်ပြန့်သွားတဲ့အခါကျတော့ ဘယ်လိုမှ မထိန်းနိုင်ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်လာတာပေါ့။ အခုက ပြန့်တဲ့နှုန်းက အရမ်းများသွားပြီ။ ဒါပေမယ့် ကိုဗစ်တွေ့တဲ့နှုန်းက ဒီလောက်ပဲ တန့်နေတယ်။ ပြန့်တဲ့နေရာတွေကို ကြည့်လိုက်တော့ အခုက နယ်တွေကို ရောက်သွားပြီ။
နယ်တွေကို ရောက်သွားပြီ ဖြစ်တဲ့အတွက် သူပြန့်တဲ့ Geographical Location ပေါ့နော်။ အဲလို ပြန့်လာတာနဲ့အမျှ တွေ့ တဲ့ Rate တွေကလည်း တိုးလာရမှာ။ မတိုးပဲ တန့်နေတာက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဆိုလိုတဲ့သဘောက တွက်တာ ချက်တာမှာ စစ်တာဆေးတာမှာ ဘာတွေ အမှားအယွင်း ရှိနေလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
နောက်တခု ပိုပြီးတော့ စိုးရိမ်စရာ ကောင်းတဲ့ဟာက အခု လူထုကျန်းမာရေး ဆရာဝန်တွေ ကြားထဲမှာ တယောက်နဲ့ တ ယောက် ရှယ်နေတဲ့ Slide တခု ရှိတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်တဲ့ တံဆိပ်ပါတဲ့ Slide တခု ဖြစ်တယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ကိုဗစ်ဆေးကို ၂၀၂၁ နှစ်ကုန်မှာ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းပဲ ထိုးနိုင်မယ်။
ပထမ ၄၀ ရာခိုင်နှုန်းကိုတောင်မှ ၂၀၂၁ နှစ်ကုန်မှာ ထိုးနိုင်မယ်ဆိုရင် ဒီရောဂါပြန့်တာက ၂၀၂၁ တနှစ်လုံး နီးပါး ဆက် ဖြစ်မယ့် သဘောမယ့်။ လက်ရှိမှာ စီးပွားရေးပျက်နေတာတွေက အများကြီးပဲ။ သဘောက ဒီဟာတွေက ဆက်ဖြစ်မယ့် သဘောဖြစ်နေတယ်။ ဒီဟာတွေကို အစိုးရက ဘာအစီအစဉ်တွေ လုပ်ထားလဲဆိုတော့ ဘာမှ မယ်မယ်ရရ မတွေ့ ရဘူး ပေါ့။
တခြားနိုင်ငံတွေမှာ လုပ်သလို ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့ တိတိကျကျ လုပ်တာတွေ ရှိတယ်။ ဒီမှာ မရှိဘူး။ ရန်ကုန်မှာလည်း ပြန့်နေပြီ။ နယ်တွေမှာလည်း ပြန့်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ကိုဗစ်ရောဂါ ပြန့်နှံ့မှုက ဒီထက်ပိုဆိုးဖို့ပဲ ရှိတော့တယ်။
တရုတ်မှာ Lockdown က တကယ် ပိတ်ချလိုက်တာ။ ဘယ်သူမှ ထွက်မရဘူး။ အိမ်တိုင်းကိုလည်း လိုက်စစ်တယ်။
ဒီမှာက Lockdown လည်း မဟုတ်ဘူး။ စီးပွားပျက်သွားတဲ့ Lockdown လောက်ပဲ ဖြစ်သွားတယ်။ ရောဂါကျတော့ မထိန်း နိုင်ဘူး။ ပိတ်လားဆိုတော့ မပိတ်ဘူး။ စီးပွားကျတော့ ပျက်သွားတယ်။ ရောဂါတွေက ဆက်ကူးနေတယ်။ နောက်ပြီး စစ်တဲ့ အခါမှာလည်း ဆေးစစ်တဲ့ပုံစံက ကျနော့်အမြင်မှာတော့ မှားနေတယ်။ ဒီပုံစံအတိုင်းပဲ ဆက်ပြီး သွားနေမယ်ဆိုရင် ရောဂါ က ဘယ်လိုမှ ထိန်းနိုင်ခြေ မရှိဘူး။ စာရွက်ပေါ်မှာပဲ မပြန့်တာ။ မြေပြင်ပေါ်မှာက ပြန့်နေပြီ။ အဲဒီ ၂ ခုက အခု တော်တော်ကွာနေပုံရတယ်။
ဒေါက်တာ ကျော်စွာဦး (ကိုဗစ်ကာလ စေတနာ့ ဝန်ထမ်း ဆရာဝန်)
ရန်ကုန်မြို့
ပထမလှိုင်းတုန်းကတော့ နိုင်ငံခြားကနေ ပြန်လာပြီးမှ တွေ့ တာတွေက များတာပေါ့လေ။ ဒီထဲမှာ ပြည်တွင်း ကူးစက်မှုက နည်းခဲ့တယ်။ ဒါပေမယ့် ဒုတိယလှိုင်းရဲ့ အစကတော့ ပြည်တွင်း ကူးစက်မှုကနေ စသွားတာ။ ဒါကြောင့်မိုလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း တောက်လျှောက်ပြောနေတယ်။ ဒီ Silent Carrier လို့ ခေါ်တဲ့ ရောဂါ လက္ခဏာ မပြတဲ့ Positive တွေ ရှိကောင်း၊ ရှိနိုင်တယ်။ အမြဲတန်း သတိပေးခဲ့တယ်။
အဲဒီမှာလည်း တချို့က သတိမမူ၊ ဂူမမြင်လိုက်တော့ ဒီပြည်တွင်း ကူးစက်မှုကြောင့် လှိုင်းက ပိုပြီးတော့ ကြီးသွားတယ် ပေါ့ နော်။ အဲလိုတော့ မြင်ပါတယ်။ အဓိကအကြောင်းရင်းကတော့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ပြည်သူတွေ အဓိက မလိုက်နာနိုင်ခဲ့ကြဘူး။ လူစုလူဝေးတွေ ဖြစ်ခဲ့တာတွေ၊ မလိုက်နာနိုင်ခဲ့တာတွေပေါ့။
ကျနော်တဦးတည်း အမြင်ရတော့ Stay at Home ဆိုတာလည်း Lockdown သဘောပါပဲ။ တချို့ကလည်း Semi-Lock down လို့ သုံးတာပေါ့။ တရုတ်လုပ်သွားတာကတော့ Fully Lockdown ပေါ့။ မထွက်ရအမိန့်တွေ ဘာတွေ ထုတ်ပြီး တော့ ပြောရရင် ပုဒ်မ ၁၄၄ လို ကာဖျူးတွေဘာတွေ ထုတ်တဲ့အဆင့်ပေါ့။ ပြီးတော့ သူက ဒေသမှာရှိတဲ့ လူတွေ အကုန်လုံးကို တာဝန်ယူပြီး ဆောင်ရွက်ပေးရတာ။
ကျနော်တို့ နိုင်ငံအတွက်ကျတော့ အဲလောက်တော့ မလွယ်ဘူး။ စီးပွားရေးအရေရော၊ ကျန်တဲ့ ကိစ္စတွေ အတွက်ရောပေါ့။ ကျနော်ကတော့ Stay at Home ။ တချို့ကလည်း Semi-Lockdown လို့ ခေါ်တဲ့ Stay at Home ကို လုပ်ရင်းနဲ့ စည်းကမ်း တွေကို တင်းကျပ်မယ်ဆိုရင်တော့ ဒါကို ထိန်းနိုင်မယ်လို့ ယူဆတယ်။
စည်းကမ်း တင်းကျပ်တဲ့နေရာမှာတော့ ဆုပေး၊ ဒဏ်ပေးတွေလည်း ဖြစ်လာနိုင်တယ်။ ကျနော်တို့ နိုင်ငံအနေထားနဲ့တော့ Fully Lockdown လုပ်ဖု့ိကတော့ မဖြစ်နိုင်ဘူး။ မလွယ်ဘူးလို့တော့ ယူဆတယ်။ ကျနော် တယောက်တည်းရဲ့ အမြင်ပါ။
အခု ကာကွယ်ဆေးရဖို့တော့ ကျနေ်ာတို့ ခေါင်းဆောင်တွေလည်း ကြိုးစားနေတယ်။ ခွဲတမ်းက ၁ ဒသမ ၃ သန်းပေါ့နော်။ သူတို့အခေါ် COVIX ပေါ့နော်။ အဲဒီကနေ ခွဲတမ်းက ၃ ရာနှုန်းလောက်ရမယ်။ ရတဲ့ဆေးကို ဦးစားပေးခွဲပြီး ထိုးမှာက သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုပေါ့။
နောက်တခုက ကျနော်တို့ ခေါင်းဆောင်တွေ အနေနဲ့က ဝယ်ပြီး ထိုးလို့ရတာဆိုရင် ဝယ်ပြီးထိုးဖို့ လုပ်နေတယ်။ နောက် တခုကလည်း နောက်ပိုင်း အစိုးရနဲ့ ပုဂ္ဂလိကနဲ့ ညှိနှိုင်းလို့ရရင် ပုဂ္ဂလိကကလည်း တင်သွင်းခွင့်ရမလားပေါ့နော်။ ပုဂ္ဂလိက ဆေးရုံတွေမှာ ထိုးလို့ရမလားဆိုတာလည်း စဉ်းစားချက်တခုအနေနဲ့တော့ ဖြစ်လာမယ် ထင်ပါတယ်။
နောက်တခုကတော့ ဒီမှာရှိနေတဲ့ လုပ်ငန်းရှင်ကြီးတွေက ထည့်ဝင်ပြီးတော့ ဒါကို ဝယ်တာလည်း ဖြစ်နိုင်တယ်။ စဉ်းစား
ချက်ပါ။ နောက်တခုက ကုမ္ပဏီတွေက ကိုယ့်ဝန်ထမ်းကို ထိုးပေးဖို့အတွက် အစိုးရဆီမှာ လျှောက်ထားတာပဲ ဖြစ်ဖြစ်ပေါ့။ အဲလိုတော့ လုပ်ကြမယ်လို့လည်း ထင်ပါတယ်။ နိုင်ငံတော်ပိုင်းကလည်း နိုင်ငံတော်ပေါ့။ ပုဂ္ဂလိကလည်း ပုဂ္ဂလိက အ လျောက်ပေါ့။
ပြည်သူလူထုကလည်း နည်းနည်းလေး အချိန်ရလို့ ထိုးခွင့်ရပြီဆိုရင် လူတန်းစာအလွှာတချို့ကတော့ နိုင်ငံခြားအထိ သွားထိုးလို့ ရတဲ့ အခြေအနေလည်း ရှိတာကိုး။ ရှိတော့ အဲလိုသာ ထိုးခွင့်ရရင် သွားထိုးမယ့်သူလည်း ရှိမှာပဲ။ ထိုင်းတို့ စင်ကာပူတို့မှာလေ။ အဲလိုဆိုရင် ၂၀၂၁ တနှစ်လုံးမှာတော့ ရသင့်သလောက်တော့ ရသွားမယ်လို့ ထင်ပါတယ်။ တနိုင်ငံလုံး လွှမ်းခြုံမှု မရှိရင်တောင်မှ တချို့ ကိစ္စတွေမှာ လွှမ်းခြုံသွားမယ်လို့ ထင်ပါတယ်။
ဒေါက်တာမြတ်ဝဏ္ဏစိုး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)
ပြည်သူ့ ကျန်းမာရေး ဦးစီဌာန/နေပြည်တော်
အဓိကကတော့ ရောဂါကူးစက်မှု Chain (ကွင်းဆက်)တွေကို မဖြတ်နိုင်တာ၊ ကူးစက်နိုင်တဲ့လမ်းကြောင်းကတော့ လူစု လူဝေးပါပဲခင်ဗျ။ အဲဒီတော့ တဦးချင်း Personal Protection လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုကို မလုပ်တဲ့အခါမှာ တယောက်နဲ့တယောက် ကူးစက်မှုတွေ များလာတာပါပဲ။ ကျနော်တို့ပြောတဲ့ Mask တပ်တာရယ်၊ လက်ဆေးတာရယ်၊ ၆ အပေအကွာနေတာရယ်၊ လူစုလူဝေးရှောင်တာရယ် အဲဒီ ၄ ချက်ကိုမလိုက်နာလို့ ဒီလိုတွေ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
လူစုလူဝေး ဖြစ်စေတဲ့အကြောင်းတွေတော့ အများကြီးရှိတာပေါ့။ အဲဒီလိုလူစုလူဝေးဖြစ်တဲ့အခါမှာတော့ ရောဂါပိုး ရှိတဲ့လူ ပါလာလို့ရှိရင် အဲဒီမှာ ကူးကုန်တာပေါ့။ အဲလိုနဲ့များလာတာလည်း ဖြစ်ပါတယ်။
အဲဒီတော့ တနေရာနဲ့တနေရာဆက်သွယ်မှု ကူးလူးမှုက ဒီခေတ်က အရမ်းမြန်တာကိုး။ သွားရေးလာရေးကလည်း လွယ်ကြ တဲ့ အခါကျတော့ သွားကြတာပေါ့။ ကျနော့်အခုနက ပြောသလိုပဲ တကိုယ်ရေ စည်းကမ်းလိုက်နာမှု အားနည်းလို့လည်း ဖြစ် ပါလိမ့်မယ်။ Mask တပ်တာ၊ လက်ဆေးတာ၊ ကိုယ့်ရောဂါကိုသူများဆီကို မကူးအောင်၊ သူများဆီက ရောဂါ ကိုယ့်ဆီမကူး အောင် အဲဒီလို Personal Protection လုပ်ရင်တော့ ရမယ်လို့ ထင်ပါတယ်။ အခုဟာတော့ အဲဒါ အားနည်းလို့ ကူးတယ် လို့ပဲ သုံးသပ်မိပါတယ်။
ကာကွယ်ဆေးကို မျှော်လင့်ရမယ်ဆိုပေမယ့် ကာကွယ်ဆေးကလည်း ကျနော်တို့ပြည်သူတွေအားလုံးပေါ့။ လူဦးရေ သန်း ၅၀ ကျော်ကို တခါတည်းနဲ့ ထိုးပေးဖို့ဆိုတာကတော့ သိပ်တော့ မမျှော်လင့်နိုင်ပါဘူး။ ရောဂါကာကွယ်ရေး နည်းလမ်းတွေ ကာကွယ်ဆေးထိုးသလို တဖက်ကလည်း ရောဂါကာကွယ်ရေး နည်းလမ်းတွေကိုတော့ မပေါ့မဆ လုပ်သွားမှ ဖြစ်ပါမယ်။
အဲဒီတော့ Law Enforcement ကို ဒီထက်ပိုပြီး ဆောင်ရွက်သင့်ပါတယ်။
တခြားနိုင်ငံတွေမှာက အမိန့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာတာတွေ ကျနော်တွေ့ရတယ်။ အဲဒီတော့ တဦးချင်း စီကလည်း စည်းကမ်းလိုက်နာတဲ့အတွက် ဒီရောဂါ ဖြစ်ပွားမှု ကူးစက်မှု Chain (ကွင်းဆက်)က ချက်ခြင်းကို ပြတ်သွား တယ်။ ကျနော်တို့ဆီမှာတော့ တဦးချင်းစီ လိုက်နာမှု အားနည်းလို့ပဲလို့ ကျနော်မြင်ပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုရဲ့ အန္တရာယ်ကတော့ မသေးပါဘူး။ မသေးတော့ ဒါကိုကျနော်တိုပေါ့ပေါ့နေလို့ မရပါဘူး။ ဒီအချိန်မှာ တော့ တဦးချင်း၊ တဦးချင်းစီက တာဝန်ယူပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထိန်းသိမ်းမှသာ လူသားအကျိုး၊ အားလုံး တဦးချင်း အကျိုးအတွက် ရနိုင်မယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။
ဦးကျော်သူရ (ဒုတိယ ဥက္ကဌ)
မျှဝေသောလက်များ ပရဟိတအသင်း/နေပြည်တော်
ကျနော်တို့လူမျိုးတွေရဲ့ စရိုက်နဲ့ အများကြီး သက်ဆိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျနော်တို့နိုင်ငံမှာ အခုလို ကူးစက်ရောဂါပုံစံမျိုးက ရှေ့မှာ သူများနိုင်ငံတွေ ဆားစ်ရောဂါတို့ တခြား H1N1 တို့ ကြီးကြီး ကျယ်ကျယ် ဖြစ်နေ ပေမယ့် ကျနော်တို့နိုင်ငံ မဖြစ်ခဲ့ဘူး။ မဖြစ်ခဲ့တော့ ဒီလိုကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ အလေ့အကျင့် ကောင်းတွေ မရှိခဲ့ဘူး။ အဲဒီရဲ့အကျိုးဆက်လို့တော့ ကျနော်ထင်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ သတင်းတခုတက်လာတယ်။ ကူးတယ်ကူးတယ်ဆိုတော့လူတွေကြောက်လိုက်ကြပေါ့နော်။ ပြီး တာနဲ့ တရက်နှစ်ရက်ကျော်လာတယ်။ သတင်းတခု အခြားအက်ရှုးတခု ပေါ်လာတာနဲ့ ဒီဟာကြီးက မေ့သွားပြန်ရော။ ပြီးလို့ရှိရင် ကျနော်တို့လူမျိုးတွေရဲ့ အပျော်ကို မထိန်းနိုင်တဲ့ဟာပေါ့နော်။ တခုတခုဆိုရင် ကျနော်တို့က အပြင်ထွက်မယ် ပျော်မယ်။ ဒီလိုကျနော်တို့လူမျိုးတွေက ၁၂ လ ရာသီပွဲတော်တွေနဲ့ ရင်းနီးလာခဲ့တဲ့အခါကျတော့ အဲဒီရဲ့ ကျနော်တို့ရဲ့ ယဉ်ကျေးမှုပုံစံနဲ့ပိုပြီး နီးစပ်မယ်လို့ ထင်တယ်။ အမှန်ဆိုလို့ရှိရင် ဒီအနေအထားနဲ့ဆိုရင် ကိန်းဂဏန်းတခုက အပေါ်ထောင် တက်ရင်လည်း ထောင်တက်သွားမယ်။ ကျရင်လည်းကျရမယ်။ ဒီပုံစံဖြစ်ရမှာ ဒါကြီးက ဒီအတိုင်းတန်းနေတာကြီးက လည်း ကြာသွားပြီ။ ဒါကြီးကရှေ့အလားအလာတော့ မကောင်းဘူးပေါ့။
ကျနော်ကတော့ ကျန်းမာရေးတို့ ဘာတို့ကိုလည်း တအားကြီး အပြစ်တော့ မပြောလိုဘူး။ သူတို့လည်း ရှိတဲ့အားနဲ့ ရှိတဲ့ ဝန်နဲ့ သူတို့ လုပ်နေကြတာပဲ။ ဌာနဆိုင်ရာတခုခုကို အပြစ်တော်ရုံတန်ရုံ မတင်ချင်ပါဘူး။ အခုက ပြည်သူ အတော်များ များက ခုနကလိုပေါ့။ နည်းနည်းလေးလွတ်ရင် လွတ်တဲ့ နေရာကနေ လွတ်သလို လုပ်မယ်။ နောက်ပြဿနာက ဘာ တုန်းဆိုတော့ အရေးယူမှုပေါ့။ အဲဒီအပိုင်းကတော့ လိုတယ်လို့ မြင်တယ်။ ဥပမာ တခုခု အမိန့်ထုတ်ပြန်ထားတယ်။ ထုတ်ပြန်ထားရင် ထုတ်ပြန်ထားတဲ့ အတိုင်းအရေးယူရမယ်။ အခုကထုတ်တာထုတ်ပြန်ထားတယ်။ အရေးမယူဘူး။ ဒီလိုပုံစံမျိုးတွေကအများကြီး တွေ့နေရတာပေါ့။
ကျနော် ပရဟိတသမား တယောက်အနေနဲ့ အစိုးရနဲ့ပြည်သူရဲ့ ကြားထဲမှာရှိနေတဲ့ လိုအပ်ချက်တွေကို ကျနော်တို့ ဘယ် လောက်ဖြည့်ဆည်းပေးနိုင်တုန်း။ အဲဒါပဲ ဇောင်းပေးမယ်။ အပြစ်မတင်ဘူး။ ပြည်သူကိုလည်း အပြစ်မတင်ဘူး။ ကြားထဲမှာ လွတ်နေတာ ဘာတွေရှိတုန်း အခုကျနော်တို့ လုပ်နေတာဆို အခုကိုဗစ် – 19 နဲ့ ပါတ်သက်တဲ့လူနာတွေ နောက်ပြီးလို့ရှိရင် နေပြည်တော်ထဲကိုဝင်ဖို့ အခက်အခဲတွေဖြစ်နေရင် ကျနော်တို့သယ်ယူပို့ဆောင်ပေးတယ်။ ဒီနေရာက Gap ဖြစ်နေတယ် လို့မြင်တယ်။ မြင်နေတဲ့ အတွက်ကြောင့် ကျနော်တို့ ဝင်ပြီးတော့ဖြည့်ဆည်းပေးတယ် ကျနော်တို့လုပ်နိုင်တာ ဝင်လုပ် ပေးတာပဲ ဒီသဘောပါပဲ။
ဒီကိုဗစ်ကာလကြီးက ကျနော်တို့ တနိုင်ငံတည်း ဖြစ်တာမဟုတ်ဘူး တမ္ဘာလုံး ဖြစ်တာ။ နိုင်ငံတိုင်းဖြစ်တာ။ နိုင်ငံတိုင်းပဲ ထားပါတော့။ မြောက်ကိုးရီးယားလို သတင်းမကြားတဲ့ နိုင်ငံတွေပဲ ကျန်တော့တယ်။ အဲဒီတော့ ဒီဟာကြီး ဖြစ်လာတဲ့ အချိန်မှာ လူမှုရေး၊ စီးပွားရေးတွေ ချွတ်ခြုံကျမယ်။
ကျနော်တို့မှန်းထားတဲ့ ရည်မှန်းချက်တွေ အများကြီး လက်လွှတ်ဆုံးရှုံးလိုက်ရမယ်။ အဲဒီအပေါ်မှာ ကျနော်တို့ တယောက်နဲ့ တယောက် အပြစ်တွေ တင်မနေကြဘဲနဲ့ တယောက်နဲ့တယောက် စိတ်ညစ်ပေမယ့် ဖေးဖေးမမနဲ့ ဆက်ဆံပြီးတော့ သွားဖို့ လိုပါတယ်။ အခုအိမ်ထောင်ရေးတွေဆိုရင် အခုကာလအတွင်းမှာ ပြဿနာတွေ တွေ့နေရတာတွေ ကျနော်တို့ မြင်ရပါ တယ်။
အိမ်ထောင်ရေး ပြဿနာပေါ့နော်။ ဘာဖြစ်တုန်းဆိုတော့ မရှာနိုင်၊ မဖွေနိုင် စားရသောက်ရတာ အရင်နဲ့မတူ ခက်ခဲလာ တယ်။ ကြမ်းတမ်းလာတယ်။ ဝင်ငွေတွေ လျော့ကျလာတယ်။ အဲဒီမှာ အထူးသဖြင့် အိမ်ထောင်ရေးပေါ့ဗျာ။ အိမ်ထဲမှာ နေရတာ ဒီမျက်နှာ၊ ဒီမျက်နှာတွေ့တယ် အလုပ်တွေ မဖြစ်ကျဘူး။ အဲဒီတော့ ပြဿနာတွေ တက်လာတာပေါ့။
အဲဒါတွေ အကုန်လုံးလည်း တယောက်နဲ့တယောက် မဖြစ်ကြပါနဲ့ပေါ့။ တယောက်နဲ့တယောက် ဖေးဖေးမမနဲ့ ဆက်ဆံကြ ပါ။ အလုပ်မကောင်းတာ ကိုယ့်တယောက်တည်း မဟုတ်ပါဘူး။ လူတိုင်း မကောင်းတာပါ။ အဲဒါကို အရှိတရားကို ကျနော် တို့ လက်ကိုင်ထားပြီးတော့ ကျနော်တို့ ဘယ်လို တောင့်ခံကြမတုန်း။ အဲဒါလေးနဲ့ ကျနော်တို့ လောကကြီးကို ၂ နှစ် ၃ နှစ် လောက် ကျနော်တို့ ဖြတ်သန်းကြရဦးမှာပါ။ အဲဒီအတွက်အားတွေ မွေးထားကြပါ။ အဲလိုလေး ပြောချင်ပါတယ်။
ဒေါက်တာစစ်နိုင် (မြန်မာပြည်ဆိုင်ရာ ညွန်ကြားရေးမှူး)
Marie Stopes International အဖွဲ့
အကြမ်းဖျင်းပြောရရင်တော့ တိုင်းပြည်က ဆင်းရဲနေလို့ ဖြစ်တာ။ ဆင်းရဲတော့ ဘာလုပ်ရမယ်မှန်း သိသော်လည်း အဲဒါ တွေအတွက်ကို အကုန်လိုက် မလုပ်နိုင်ဘူးပေါ့။ ၁ ခုက ဒုတိယလှိုင်း ပြန်စရခြင်း အကြောင်းက (မှန်းတာပေါ့) နယ်စပ် ဖြတ်တဲ့ ဇာတ်လမ်းက စတာ။ နယ်စပ်မှာ အကြောင်းကြောင့် ဖြတ်ခွင့်မရှိတဲ့ လူတွေက လုံးဝမဖြတ်ရဘူး။ သို့သော် ဖြတ်ခွင့်ရှိပါတယ် ဆိုတဲ့လူတွေ ဖြတ်လိုက်တော့ ဒီပြန်ရောက်လာတာပေါ့။
နောက် ၁ ချက်က စစ်ဆေးမှုတွေကို အများကြီး မလုပ်နိုင်ခဲ့ဘူး။ တရုတ်မှာ ထိန်းနိုင်တာကို ကြည့်လိုက်ရင် တရုတ်က ၃၊ ၄ ယောက် Positive တွေ့တာနဲ့ ရက်ပိုင်းအတွင်း ၅ သိန်းလောက် စစ်ပစ်လိုက်တာ။ လူ ၁ ယောက်ကနေ နောက် ၁ ယောက် ကို ကူးပြီး ဖြန့်တာထက် သူစစ်တဲ့ ပမာဏက ပိုမြန်တယ်။ ပြေးပြီး ပိတ်ပစ်လိုက်သလို ဖြစ်တာပေါ့။
နိုင်ငံတကာနဲ့ ကျနော်ဆီမှာ လုပ်တာနဲ့ အတူတူပဲ။ လုပ်တဲ့နည်းတွေက ဒါပဲ လုပ်နိုင်တဲ့အားက ကွာသွားတာ။ အလွန်အကျွံ စစ်တာတွေ မလုပ်နိုင်ဘူးပေါ့။ အဲဒါကို လုပ်နိုင်ရင် ဒုတိယလှိုင်းကို ဒီထက်စောစော အုပ်မိရင် အခုလောက် မခက်တဲ့ အနေ အထားမှာ ရှိတယ်။
ကျနော်တို့ဆီက ပိုက်ဆံ၊ လူ အဲဒီ ၂ ခု အားနည်းတာပေါ့။ နည်းနည်းလေး မျှော်လင့်ရတာက လှိုင်းတွေနည်းနည်းငြိမ်တဲ့ အ ချိန်နဲ့ ကျသွားတဲ့အချိန်မှာ ပြန်ပြီးများ ထိန်းနိုင်မလားပေါ့။ ရောဂါထက် ကိုယ်က ဦးအောင် မပြေးနိုင်ဘူး။ နောက်ကလိုက်ရ တာ။ ဒါကျနော်တို့ ၁ နိုင်ငံတည်း မဟုတ်ဘူး။ အမေရိကားဆို ငွေအား အရမ်းများတယ် နည်းပညာလည်း အတိုးတက်ဆုံး ထဲမှာ ပါတယ်။ နည်းပညာရော ပိုက်ဆံရော ရှိရဲ့သားနဲ့ နောက်ကလိုက်ရတာ ဖြစ်တဲ့အတွက် ဘယ်လိုမှ မမီနိုင် ဖြစ်သွား တာ။ တရုတ်ကကျတော့ ကပ်ရောဂါထက် သူက ရှေ့ကိုရောက်အောင် ပြေးပစ်လိုက်တာ။
အပြုအမူ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ပညာရပ်က သီးသန့်ရှိတယ်။ အဲဒီမှာ ဘာတွေပါလဲဆိုတော့ ပညာပေးတာ ကတော့ အခြေခံ နံပါတ် ၁ ပေါ့။ ပညာပေးအပြီးမှာ လိုက်နာလုပ်ဆောင်တဲ့ လူရှိတယ်။ အဲဒါသည် အကုန် မဟုတ်ဘူး။ ပညာပေးတာ ပါမယ်။ အရေးယူတာလည်း နည်းနည်းတော့ ပါရတယ်။ နောက်တခုက ဒါကို သူတို့လိုက်နာနိုင်အောင် ပံ့ပိုးတဲ့ဟာလိုတယ်။ လိုက်နာတဲ့လူတွေဘက်ကို လိုက်ကြည့် လိုက်စဉ်းစားပြီးတော့ တစ်ခါတလေကျ အချိန်ယူပြီးကို လိုက်မေးရမယ် ဘာဖြစ်လို့ မလုပ်တာလဲ၊ ဘာအခက်အခဲရှိလဲ ဆိုတာကို လိုက်မေးပြီး ရှင်းပေးရတာတွေလည်း ရှိတယ်။ အဲဒါမျိုးလည်း လိုတယ်။
တမင်ကိုရွဲ့ ပြီး မလုပ်တာဆိုရင်လည်း အရေးယူတာလေးပေါ့။ သိပ်ပြင်းပြင်းထန်ထန် မဟုတ်ဘဲ နည်းနည်းဟန့်အောင်၊ ရှိန်အောင် လုပ်တာလည်း လိုတယ်။ ဒီပြဿနာကို အဲဒီလိုရှင်းရမှာပေါ့။ လူခွာတာရယ်၊ မျက်နှာဖုံးရယ်က လက်ဆေးတာ ထက်တောင် အရေးကြီးတယ်။ နောက်တခုက အခန်းပိတ်လှောင်တဲ့ အခန်းထဲမှာ လူအများကြီးနေတာတို့ စုစားတာတို့၊ အလုပ်လုပ်တာတို့၊ အစည်းအဝေးတွေဘာတွေဆိုတာ မလုပ်သင့်တာပေါ့။
ဒေါက်တာခင်ခင်ကြီး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး)
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ပထမလှိုင်းနဲ့ ဒုတိလလှိုင်း ဘာကွာလဲဆိုရင် ပထမလှိုင်းသည် နိုင်ငံခြားက ပြန်လာတဲ့လူတွေ အရမ်းများတယ်။ ကမ္ဘာပေါ် မှာလည်း ဖြစ်ပွားကူးစက်မှုက ဒီလောက်ကြီးအထိ မများသေးဘူး။ ဖြစ်ပွားမှုရော သေဆုံးမှုရော ဒီလောက်မများသေးဘူး။ သို့သော်မျိုးကွဲ ဗီဇပိုး ဖြစ်လာတာနဲ့ တပြိုင်တည်း ကူးစက်မှုတွေက များလာတယ်။ ကူးစက်တဲ့ထဲမှာမှ ရောဂါ နောက်ခံရှိတဲ့ သူတွေ အသက်ကြီးတဲ့သူတွေ ပါလာတော့ သေဆုံးမှုကလည်း များလာတယ်။ ကူးစက်မှုက အခုထိမကျသေးပါဘူး။ တ ကမ္ဘာလုံးရဲ့ ဖြစ်ပွားမှုက အရင်တုန်းက ၂ သန်း၊ ၃ သန်းဆိုတာ များလှပြီလို့ ထင်နေတာ အခုဆိုရင် တပတ်ကို ၄ သန်း ဖြစ်တယ်။
နောက်တခုက ဆောင်းတွင်းထဲ ဝင်လာပြီ ရာသီဥတုက အေးတယ်။ အေးလာပြီဆိုရင် ဗိုင်းရပ်စ်တွေ မြူးတဲ့ရာသီဖြစ်တယ်။ ဗိုင်းရပ်စ်က ပိုပြီးတော့ ကူးစက်ဖို့ကလည်း အခွင့်အလမ်းများတယ်ဆိုတာ သုတေသန စာစောင်တွေလည်း ရှိပါတယ်။ ဒါ ကြောင့်လည်း ဖြစ်ပွားမှုက မကျတာ ဖြစ်ပါတယ်။ သို့သော် ဖြစ်ပွားမှု ကျအောင်လုပ်လို့ရတဲ့ နည်း ၁ နည်းရှိပါတယ်။ အဲဒါ ကတော့ အားလုံးလည်း သိပြီးသားပါပဲ။ တယောက်စီ တယောက်စီကသာ Mask တပ်မယ်၊ လက်ဆေးမယ်၊ လူ အုပ်စုကို ရှောင်မယ်ဆိုရင်တော့ အဲဒါတွေ အကုန်လုံးကို ပေါင်းပြီး လုပ်တဲ့နေ့က စပြီးတော့ ကျသွားမှာ ဖြစ်ပါတယ်။ ဒါဟာ အ ကောင်းဆုံး ကာကွယ်ဆေးလည်း ဟုတ်တယ်။ အကောင်းဆုံး ကုသဆေးလည်း ဟုတ်တယ်။
ပြည်သူလူထု လိုက်ပါဆောင်ရွက်ဖို့ အားနည်းနေသေးတယ်ဆိုရင် ဒီလိုမျိုး ရောဂါဖြစ်ပွားမှု အခြေအနေက တန်းနေမှာ၊ တန့်နေဦးမှာ။ အခုလက်ရှိအနေအထားကတော့ ကျမတို့ နိုင်ငံမှာသာ ဒုတိယလှိုင်း မကျသေးတာ ဂျပန်မှာဆိုရင် တတိယ လှိုင်းတောင် ဖြစ်နေတယ်။ တောင်ကိုရီးယားမှာဆိုရင်လည်း နောက်ထပ် ဖြစ်ပွားဖို့အတွက် အခြေအနေများနေပြီလို့ သတိ ထားဖို့ ပြောနေပြီ ဖြစ်ပါတယ်။ ဒါဆို ဒီ ဒုတိယလှိုင်းကရော ဘယ်တော့ကျမှာလဲ။ ပြည်သူတွေ စည်းကမ်းလိုက်နာပြီးတော့ တစ်ယောက်စီ တစ်ယောက်စီက တာဝန်ကျေကျေနဲ့ဆို ကျသွားမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကြာနေဦးမှာ ဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ အပြုအမူတွေ၊ အမူအကျင့်တွေလုပ်ပြီဆိုတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ခံစားရမှာ ဖြစ်ပါ တယ်။ လူစုလူဝေးလုပ်ခြင်းက High Risk ဖြစ်တယ်ဆိုတာ WHO ကလည်း ပြောထားပြီး ဖြစ်ပါတယ်။ လူစုလူဝေးတွေ ကိုတော့ နောက်ထပ် မဖြစ်အောင်တော့ ထိန်းချုပ်ဖို့ တိုင်းဒေသကြီး ပြည်နယ် အစိုးရတွေ အနေနဲ့ ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ အခုဆိုရင် ပန်းခြံတွေ ပိတ်ပစ်လိုက်တာမျိုးတွေ ရှိပါတယ်။ ဒါလုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စကို လုပ်တာဖြစ်ပါတယ်။
အခုချိန်က ပျော်ရမယ့် အချိန်မဟုတ်ပါဘူး။ အခုချိန်က လွတ်လပ်ရေးကို မြတ်နိုးနေရမယ့် အချိန် မဟုတ်ပါဘူး။ အခုချိန် ဟာ ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်တဲ့အတွက် ကပ်ရောဂါကို ထိန်းချုပ်ဖို့ ဆိုတာက အားလုံးမှာ တာဝန် ရှိပါ တယ်။ ပြည်သူတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အုပ်ချုပ်တဲ့ အစိုးရအဖွဲ့မှာလည်း တာဝန်ရှိပါတယ်။ ခုနက ပြောတဲ့ စည်းကမ်းဖောက်ဖျက်တဲ့ လူတွေ စည်းကမ်း မလိုက်နာတဲ့ လူတွေကိုလည်း အရေးယူ အပြစ်ပေးလည်း အထူး လိုပါတယ်။
သတင်းထောက် သဇင်လှိုင်နှင့် သီဟလွင်တို့ ပါဝင် ရေးသားသည်။
You may also like these stories:
ရခိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ကိုဗစ်ပြန်ကြားရေးတာဝန်ခံ ပိုးကူးစက်ခံရ
Stay Home မြို့နယ်များမှ လုပ်သားများ ဝင်မလာစေရန် ကယားပြည်နယ်အစိုးရ တားမြစ်
ရန်ကုန်မြို့တော်ဝန်နှင့် ဆက်စပ်သူ ၂၇ဦးကို ကိုဗစ်စစ်ဆေး