မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပွားမှုကို စတင် ထိန်းချုပ်လာနိုင်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံရသူ တဖြည်းဖြည်း ကျ ဆင်းစ ပြုလာသည့်အချိန်တွင် အခြားကမ္ဘာ့နိုင်ငံများတွင် တတိယလှိုင်းနှင့်အတူ ပိုမို ကူးစက်မြန်သည့် ကိုဗစ်ရောဂါပိုး မျိုး ကွဲကိုလည်း တွေ့ရှိလာနေသည်။
သို့ဖြစ်ရာ လက်ရှိ ဒုတိယလှိုင်းကို ထိန်းချုပ်နေမှု အခြေအနေနှင့် ထပ်ဆင့် လာနေသည့် တတိယလှိုင်းကို ကာကွယ် ထိန်း ချုပ်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် မည်သို့ ပြင်ဆင်ထားကြောင်း သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားမှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လက်ရှိကတော့ ရောဂါပိုး ဖြစ်ပွားကျဆင်းလာတယ်ဆိုတာ အများလည်း သိပြီးဖြစ်ပါတယ်။ ပိုးတွေ့ရှိတဲ့ လူပေါင်း ကဆိုရင် ၁၂၈,၀၀၀ ကျော် ရှိပါတယ်။ ၁၁၁,၀၀၀ လောက်က ပျောက်ကင်းအောင် ကုသမှုပေးနိုင်ပြီ ဖြစ်တဲ့အတွက် ကြောင့် ပိုးတွေ့တဲ့လူ ၁၀၀ မှာဆိုရင် ၈၅ ရာခိုင်နှုန်းက ပျောက်ကင်းအောင် ကုသပေးနိုင်ပါပြီ။ အဲဒီမှာ သေဆုံးတဲ့ ရာခိုင် နှုန်းဆိုရင် ၂ ဒသမ ၁၇ ရှိတဲ့အတွက်ကြောင့်မို့လို့ ၁၀ ရာခိုင်နှုန်းကျော်ကျော်က လက်ရှိမှာတော့ ဆေးရုံတက်ရောက် ကုသ မှု ရှိနေဆဲဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်။
လက်ရှိအနေအထားကို ပြန်သုံးသပ်ရမယ်ဆိုရင်တော့ ဒုတိယလှိုင်း ဖြစ်ပွားတဲ့ ရခိုင်မှာ ၁၆ ရက် ၈ လပိုင်းကနေ စလိုက် တာ နှစ်အကုန်နဲ့ ဒီနှစ်အစမှာ ဆိုရင် အခြေအနေကောင်းတခုကို စရောက်နေပြီလို့ ပြောလို့ရပါတယ်။ စထိန်းချုပ်နိုင်ပြီလို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ ကျမတို့ နိုင်ငံတခုတည်း လျော့တာတော့ မဟုတ်ပါဘူး။ အရှေ့တောင်အာရှမှာ ဖြစ်ပွားကူးစက်မှုတွေက လျော့ကျနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဥရောပဘက်မှာ သေဆုံးမှုက ၂ ရာ ခိုင်နှုန်းတက်တယ်ဆိုတဲ့ အနေအထား တွေ့ရပါတယ်။ ဒါကလည်း သတိထားရမယ့် အနေအထား ဖြစ်ပါတယ်။
လက်ရှိအခြေနေမှာ ဘာလို့ ပိုးတွေ့နှုန်းတွေ လျော့လာတာလဲဆိုရင် နိုင်ငံတော်အစိုးရနဲ့ ပြည်သူတွေ အကုန်လုံး အားလုံး ညီညွတ်စွာနဲ့ စည်းကမ်းတွေကို လိုက်နာတယ်။ ရောဂါတွေ မဖြစ်ပေါ်အောင် ထိန်းတယ်။ ကျမ သတိထားမိတာက ခရစ် စမတ်မှာရော နှစ်သစ်မှာရော ပြည်သူတွေက စည်းကမ်းကို တော်တော်ကြီးကို လိုက်နာတဲ့ အနေအထား တွေ့ရပါတယ်။ လူစုလူဝေး စုဝေးတာမျိုးတွေ၊ ပွဲတွေလုပ်တာမျိုးတွေ မရှိသလောက်ကို ဖြစ်သွားတဲ့ အခြေအနေမျိုးကို တွေ့ရှိရပါတယ်။ ဒါကလည်း ရောဂါကူးစက်မှုကို လျော့ကျစေတဲ့ အကြောင်းအရင်း တရပ်လည်း ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ လက်ရှိအနေအထားကတော့ အနေအထားကောင်းကို ရောက်ရှိနေပါပြီ။ သို့သော် ပေါ့ဆလို့ မရပါဘူး။ အခုနေ လျော့ကျနေပြီ၊ တော်တော်လေးတော့ ထိန်းချုပ်နိုင်တယ် ဆိုပြီးတော့ ပေါ့လိုက်တာနဲ့ တပြိုင်နက်တည်း ရောဂါ ဖြစ်ပွားမှုတွေက ထောင်တက်လာမှာ ဖြစ်ပါတယ်။ အဲဒီကျရင် ကျမတို့အနေနဲ့ ထိန်းချုပ်ရတာ ယခင်ကထက်စာရင် ပိုပြီး တော့ ခက်သွားမှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ်ပွားမှုတွေက အခုဆိုရင် မတ်လ ၂၃ ရက်က ပိုးစတွေ့တာဆိုရင် အခု ၈ လ ရှိသွားပြီဆို တော့ အတိုင်းအတာတခု အတွင်းမှာ COVID-19 ကုသရေးအတွက်ရော၊ လူအင်အားတွေရော ပစ္စည်းအင်အားတွေရော အတော်ကြီးကို သုံးစွဲခဲ့တဲ့ အနေအထား ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ ဒုတိယလှိုင်း ပြီးသွားပြီးရင် တောင်မှ နောက်ထပ် နောက်ထပ် ကပ်ရောဂါ ဖြစ်ပွားမှု မရှိအောင် အထူးစည်းကမ်းလိုက်နာပြီး နေထိုင်ဖို့ လိုပါတယ်။ ပေါ့လို့မရတဲ့ အနေအထား ဖြစ်ပါတယ်။
မေး။ ။ ဒုတိယလှိုင်းကတော့ ကူးစက်မှုနှုန်းတွေ စပြီးကျလာပြီ ဆိုပေမယ့် အခြားနိုင်ငံတွေမှာ ဆိုရင် လှိုင်းအဆင့်ဆင့်ပေါ့။ တတိယလှိုင်း၊ စတုတ္ထလှိုင်းအထိပါ ဖြစ်နေကြတာဆိုတော့ မြန်မာနိုင်ငံမှာ တတိယလှိုင်း ဖြစ်ပေါ်မလာမီ ဝန်ကြီးဌာန အနေ နဲ့ ဘာတွေကြိုတင်ပြင်ဆင်မှုတွေ လုပ်နေလဲဆိုတာ သိချင်ပါတယ်ရှင့်။
ဖြေ ။ ။ ကျမတို့ကတော့ ဒုတိယလှိုင်းကို စတင် ထိန်းချုပ်နေပြီ။ နောက်ထပ် နောက်ထပ် မဖြစ်ပေါ်ကတော့ ဝန်ကြီးဌာန တခုတည်းတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း အသီးသီးမှာလည်း တာဝန်ရှိသလို ပြည်သူ လူထုမှာလည်း တာဝန် ရှိပါတယ်။ ကိုယ်စီကိုယ်စီ တာဝန်ရှိတယ်လို့ ပြောမယ်ဆိုရင်တော့ ပိုမှန်ပါတယ်။ ယူကေမှာဆိုရင် ဗီဇပြောင်းပိုး တွေ့ရတယ်။ ကူးစက်မှုတွေက မြန်ဆန်တယ်။ မြန်ဆန်တဲ့အတွက် ကူးစက်မှုတွေ များနေတယ်။ များနေတဲ့ အတွက်ကြောင့် ကူးစက်မှုတွေ မခံရအောင်လို့ National Lockdown လုပ်တယ်။ လုံးဝအကြောင်း မရှိဘဲနဲ့ အပြင်မထွက် ရဘူး။
ဒါ့ပြင် တောင်အာဖရိကမှာလည်း ဗီဇပြောင်းပိုးက ရှိနေတယ်။ ယူကေမှာ တွေ့တဲ့ ဗီဇပြောင်းပိုးနဲ့ ဆင်ပြီးတော့ နောက်အမျိုး အစား တခု ခွဲထွက်နေတယ်။ ဒါ့ပြင် နိုင်ဂျီးရီးယားမှာ ဇန်နဝါရီလ ၃ ရက်မှာ ဗီဇမျိုးကွဲ အသစ်ကလည်း အထူးဂရုစိုက်ရမယ့် ဗီဇမျိုးကွဲသစ် ဖြစ်ပါတယ်။ အခုထက်ထိတော့ နာမည် မပေးရသေးပါဘူး။ လက်ရှိမှာဆိုရင် အဲဒီ ဗီဇပြောင်းပိုး ၃ ခုကတော့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားရှိတဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ အထူးဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ရင် ကျမတို့ ဆေးသုတေသန ဦးစီးဌာနကလည်း ဒီဇင်ဘာ ၃၀ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနကနေ တဆင့် ထုတ်ပြန်ထားတာ ရှိပါတယ်။ လက်ရှိအနေအထားမှာ မြန်မာနိုင်ငံမှာ ဗီဇပြောင်းပိုး ယူကေရော အာဖရိက ပိုးရော မတွေ့ရှိသေးပါဘူး။ သူတို့တွေ လေ့လာ စူးစမ်းနေပါတယ်။ ဒါ့ပြင် နိုင်ငံခြားက ပြန်လာပြီးတော့ ပိုးတွေ့တဲ့ လူတွေကိုလည်း သူတို့မှာ ဗီဇပြောင်းပိုး ရှိ၊ မရှိကို စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်နေတယ် ဆိုတာ ပြောပါရစေ။
ဇန်နဝါရီလ ၁ ရက်ကစပြီးတော့ ဗြိတိန်ရယ် မြောက်အိုင်ယာလန်က လာတဲ့လူတွေရယ်ကို ပြည်ဝင်ခွင့် ပိတ်ပါတယ်။ ဒါ့ပြင် တခြားနိုင်ငံသား ဖြစ်ပါစေ။ အဲဒီနိုင်ငံတွေကို ခရီးသွားရာဇဝင် ရှိခဲ့တယ်ဆိုရင် ပြည်ဝင်ခွင့် မပေးပါဘူး။ ပြည်ဝင်ခွင့်ပိတ်ပင် တဲ့အပြင် တခြားနိုင်ငံက လာတဲ့လူတွေကိုလည်း ယခင်က Hotel quarantine၊ facilities quarantine ကို တပတ်နဲ့ Home quarantine တပတ်လုပ်တာကနေ Hotel quarantine၊ facilities quarantine ကို ၂ ပတ် ထားရှိပြီးတော့ သူတို့ တွေကို ၃ ရက်နဲ့ ၁၁ ရက်မြောက်မှာ ဓာတ်ခွဲနမူနာ ရယူမှာ ဖြစ်ပါတယ်။ RT-PCR နဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး အဘက်ဘက်နေ အထပ်ထပ် ရောဂါမဝင်ရအောင် ကျမတို့ ဆောင်ရွက်နေသလိုပဲ ပြည်သူလူထု အတွင်းမှာလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ Awareness တိုးမြင့်စေဖို့ အတွက်ကိုလည်း Mask and Face shield ကမ်ပိန်းကို သက်ဆိုင် ရာတိုင်းနဲ့ ပြည်နယ် အသီးသီးမှာ လုပ်ဆောင်နေပါတယ်။ ရန်ကုန်တိုင်းမှာလည်း Yellow campaign ဆိုပြီး ပြုလုပ်ပြီးတော့ ပြည်သူလူထု အထူးသတိထားဖို့အတွက် ပိုပြီးတော့ Awareness ရအောင် ဆောင်ရွက်နေပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ COVID-19 ဒုတိယလှိုင်းကို ဘင်္ဂလားဒေရှ်နဲ့ ကပ်နေတဲ့ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ကနေ စခဲ့တာပေါ့။ အဲဒီတုန်းကလည်း ခိုးဝင်သွားလာမှုတွေရှိပြီး ပိုးတွေ့မှုတွေ ရှိခဲ့ပါတယ်။ အခုလည်း မြန်မာပြည် အနောက်ပိုင်း က အထောက်အထားမဲ့ တော်တော်များများ ခိုးဝင်မှုတွေ ရှိနေပါတယ်။ ဒီရက်ပိုင်းတင်ပဲ ရာနှင့်ချီပြီး ဖမ်းဆီးမိတာတွေ ရှိတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအပေါ်မှာ စိုးရိမ်မှုရှိပါသလား။ ဒီခိုးဝင်တွေ ကနေတဆင့် တတိယလှိုင်း မဖြစ် ပွားဖို့ ဘာတွေပြင်ဆင်ထားပါသလဲ။
ဖြေ ။ ။ ပြင်ဆင်ထားရှိမှုအနေနဲ့ကတော့ ဗီဇပြောင်းပိုးပဲ ဖြစ်ပါစေ လက်ရှိဖြစ်နေတဲ့ 614G ပဲ ဖြစ်ပါစေ အဓိကကတော့ သူ့ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေက လက်ဆေးတာရယ်၊ မက်စ်တပ်တာရယ်၊ လူအုပ်စုရှောင်တာရယ်ပါ။ စည်း ကမ်းချက်တွေကို လိုက်ပါ လုပ်ဆောင်သရွေ့ကတော့ စိုးရိမ်စရာ မလိုပါဘူး။ တရားမဝင် ဝင်ရောက်တဲ့ လူတွေကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ဆီလျော်တဲ့ ဥပဒေတွေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ ဒါတွေက တပိုင်းပါ။ ရောဂါ ကူးစက်မှု မခံရစေဖို့ကတော့ တယောက်စီတယောက်စီတိုင်းကတော့ စည်းကမ်းတွေကို လိုက်နာပြီး နေဖို့က အဓိက ကျပါတယ်။ ဒီလိုသာ လူတိုင်းက စည်းကမ်းလိုက်နာတယ် ဆိုရင် ကျမတို့က စိုးရိမ်စရာ မရှိပါဘူး။
မေး။ ။ လက်ရှိအခြေအနေက ဒုတိယလှိုင်း ပြန်ကျကာစ အချိန်ပဲ ရှိသေးတော့ ကိုဗစ် တတိယလှိုင်းသာ ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ ဘယ်လောက်ထိ ထိခိုက်လာနိုင်လဲရှင့်။
ဖြေ။ ။ ဒုတိယလှိုင်းတောင် မပြီးသေးတာ တတိယလှိုင်းကို စဉ်းစားစရာတောင် မရှိဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ ကိစ္စကိုပဲ အာရုံစိုက်ပြီး ကြိုးစားဖို့က အဓိကကျပါတယ်။ ရောဂါကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခြင်းသည်လျှင် နောက်ထပ် တတိယလှိုင်း တွေ စတုတ္ထလှိုင်းတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ အနာဂတ်ကို တွေးပူပြီးတော့ တတိယ လှိုင်း ဝင်လာရင် ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ စိုးရိမ်သောက ဖြစ်နေမယ့်အစား လက်ရှိဖြစ်နေတဲ့ ဒုတိယလှိုင်းကို အဆုံးထိ ကာကွယ်ထိန်းချုပ်နိုင်အောင် စည်းကမ်းတွေကို လိုက်နာခြင်းသည်သာလျှင် နောက်ထပ် နောက်ထပ် တတိယ လှိုင်းတွေ စတုတ္ထလှိုင်းတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ခြင်းလည်း ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။
You may also like these stories:
ကိုဗစ်ဒုတိယလှိုင်း ထိန်းချုပ်နိုင်ပြီ ဆိုသော်လည်း မပေါ့ဆသင့်ဟု ကျန်းမာရေး ဝန်ကြီးဌာန သတိပေး