သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံသူများသည် ဇန်နဝါရီလ ၆ ရက်က အမေရိကန်လွတ်တော် အဆောက်အအုံထဲသို့ အတင်းအဓမ္မ စီးနင်းဝင်ရောက်ခဲ့ကြသည်။ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရသည့် မစ္စတာဂျိုးဘိုင်ဒန် အနိုင်ရထားမှု ကို အတည်ပြုရန် ဆွေးနွေးနေစဉ် သမ္မတဒေါ်နယ်ထရမ့်ထောက်ခံသူများ၏ စီးနင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီးနင်းခံရမှုအတွင်း လူသေဆုံးမှုများရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်အချို့က လွှတ်တော်စီးနင်းခံရမှုကို ဒီမိုကရေစီ တိုက်ခိုက်ခံရခြင်းဟု ပြောဆိုကာ ပြစ်တင်ရှုံချထားသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လျှောက်လှမ်းနေသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး ဒီမိုကရေစီ ခိုင်မာ အားကောင်းသည့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများ၏ ဒီမိုကရေစီဖြစ်ထွန်းတိုးတက်မှုကို လေ့လာကြည့် ရှု နေရသည့် နိုင်ငံဖြစ်သည်။
သို့ဖြစ်ရာ အမေရိကန်ကွန်ဂရက်လွှတ်တော် စီးနင်းခံရမှုက ဒီမိုကရေစီအတွေ့အကြုံနုနယ်သေးသည့် မြန်မာနိုင်ငံ အတွက် မည်ကဲ့သို့သော သင်ခန်းစာမျိုး ပြောပြနေသည်ကို သိရှိနိုင်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးသမား၊ ဥပဒေ သမားနှင့် လေ့လာသူများ၏ အမြင်များကို ဧရာဝတီသတင်းထောက် ဇင်လင်းထက်က စုစည်းဖော်ပြပေးလိုက်ပါသည်။
၁။ ဦးမြအေး
ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးဦးဆောင်ကော်မတီဝင်
ကျနော်တို့ကတော့ အမေရိကန်မှာ သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း အတော် ကိုးရိုးကားရား နိုင်တယ်လို့ မြင်ပါတယ်။ အမေရိကန်ရဲ့ နှုန်းစံတန်ဖိုးတွေ လျော့ရဲလာတာသွားတွေ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်က အရင်တုန်းက တကမ္ဘာလုံးက အားကျရတဲ့ နှုန်းစံတန်ဖိုးတွေရှိတဲ့ နိုင်ငံတနိုင်ငံလေ။ ကျနော်တို့ ကိုယ်တိုင် အားကျခဲ့ ရတဲ့ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးပေါ့ဗျာ။
အခု သမ္မတဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲမှာလည်း ရှုံးတယ်။ ရှုံးတဲ့အပြင် လွှတ်တော်အဆောက်အအုံထဲ အထိ ဝင်ပြီးတော့မှ စီးဖို့လှုံဆော်တယ်။ လူတွေလည်း ၄ ယောက်လောက်သေတယ်။ ဒီဖြစ်ရပ်က အမေရိကန်သမိုင်းမှာ တော်တော့်ကို ရုပ်ဆိုးတဲ့ ဖြစ်ရပ်ကြီးပဲဗျ။ ဒါပေမယ့် အမေရိကန်က အင်စတီကျူးရှင်းတွေ အားကောင်းတဲ့အတွက် ပြန်ထိန်းနိုင်မယ်လို့ ယူဆပါတယ်။
ဒီဖြစ်ရပ်ကနေ သင်ခန်းစာကတော့ ကောင်းတဲ့ဘက်ကနေရော၊ ဆိုးတဲ့ဘက်ကနေ ၂ မျိုးယူလို့ရတယ်။ ဆိုးတဲ့ဘက်က ယူရင်ဗျာ ရွေးကောက်ပွဲက တရားမျှတမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုလုပ်လို့ ရပါလားဆိုတာလည်း ရှိသလို တကယ်တမ်းကျတော့ ဒါက ပိုပြီးတော့မှ ဆုံးရှုံးသွားတာပဲ။ အမေရိကန်သမ္မတတွေရဲ့ သမိုင်းမှာလည်း စွပ်စွဲပြစ်တင် ခံရမှု ၂ ကြိမ်တောင် အလုပ်ခံရမှာ ဖြစ်ခဲ့သေးတာပဲ။ နောက်ဆုံး သူ့အနေနဲ့က အာဏာလွှဲပေးမယ်ဆိုတဲ့ အဆင့်ဖြစ်ရ တာပဲလေ။ ကျနော်တို့က ကောင်းတဲ့ဘက်က ယူမယ်ဆိုရင် ကိုယ့်ရဲ့ အရှုံးကို လက်မခံဘဲ ဒီလိုအတင်းအဓမ္မ လုပ်တာ က ဒီမိုကရေစီနဲ့သွေဖယ်တယ်။ ကမ္ဘာကလည်း လက်ခံမှာမဟုတ်ဘူးဆိုတဲ့ ကောင်းတဲ့ သင်ခန်းစာယူရင်တော့ ကောင်းတာပေါ့။
၂။ ဒေါက်တာနန္ဒာလှမြင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ
ကျနော်မြင်တာကတော့ ဒီမိုကရေစီဘိုးအေလို့ခေါ်တဲ့ အမေရိကန်မှာတောင် ဒီလိုဖြစ်ရတဲ့ အဓိက အခြေခံအချက်က ဘာလဲဆိုတော့ မရိုးသားမှု၊ အာဏာရဖို့ မရိုးမသား ကြံစည်တာကို အခြေခံပြီး တဖက်နဲ့တဖက် သူ့ဖက်ကိုယ့်ဖက်ပေါ့။ နှစ်ဖက်စလုံးမှာလည်း သူတို့ကို ထောက်ခံတဲ့သူတွေက ရှိနေတာကိုး။ ဒီလို ကိုယ့်နိုင်ငံသားအချင်းချင်း ဒီလိုမျိုး အကြပ်တည်းတွေ မဖြစ်ဖို့က ပါတီခေါင်းဆောင်တွေက အမျှော်အမြင် ကြီးကြီးနဲ့ ဆောင်ရွက်ဖို့လိုတယ်။ အထူးသဖြင့် ကတော့ ရိုးသားမှုရှိဖို့ လိုတာပေါ့။
အခုကတော့ ရွေးကောက်ပွဲအကြပ်အတည်းပေါ့။ ရွေးကောက်ပွဲမှာ မမှန်ကန်မှုတွေရှိတယ်။ မရိုးသားမှုတွေရှိတယ်။ ဆိုတဲ့ နောက်ဆက်တွဲမှာ ဒီလိုအရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ်တွေဖြစ်လာရင် သမိုင်းမှာလည်း မကောင်းဘူးပေါ့။ ပြောချင်တာက အမေရိကန်လို ဒီမိုကရေစီသက်တမ်းရင့်တဲ့နိုင်ငံမှာတောင် ဖြစ်တတ်တာဆိုတော့ ဒီမိုကရေစီ သက်တမ်းနုတဲ့ ကျနော်တို့လို နိုင်ငံအနေနဲ့ဆိုရင် ဒါက ဂရုစိုက်ရမှာပေါ့ဗျာ။
၃။ ဦးရဲထွန်း (သီပေါ)
နိုင်ငံရေးလေ့လာသူ
ဒီဟာက ဒီမိုကရေစီစနစ် အခြေခိုင်ပြီးသား နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ်အရ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် တွေ ပေါ့။ ဥပမာအားဖြင့် မဲလိမ်၊ မဲခိုးရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ။ အဲဒါတွေကို သူ့လုပ်ထုံးလုပ်နည်းအရ တရားစွဲတာတို့ ပြန်ရေတွက်ခိုင်းတာတို့၊ တရားလွှတ်တော်ချုပ်ကို လျှောက်တာတို့ အကုန်လုံးကို ဒေါ်နယ်ထရန့်က လုပ်ပြီးပြီ။
လုပ်ပြီးတဲ့အခါမှာ သူ့ရဲ့ စိတ်ကြိုက်အတိုင်း မဖြစ်လာတဲ့အခါကျတော့ အာဏာရှင်နိုင်ငံတွေမှာ လူထုအုံကြွမှုနဲ့ အာဏာ သိမ်းတဲ့ပုံစံပေါ့ဗျာ။ သူ့ကိုထောက်ခံသူတွေကို လှုံ့ဆော်ပြီးတော့ အာဏာလွှဲဖို့ အကြပ်ကိုင်တာပေါ့။ သို့သော် အမေရိကန်မှာက ဒီမိုကရေစီက အခြေခိုင်ပြီးသားဖြစ်တော့ သူ့ရဲ့ အကြံအစည်က မအောင်မြင်ဘဲနဲ့ သူက ပြန်ပြီး တရားစွဲခံရမယ့်အနေအထား။ ဒုက္ခပြန်ရောက်မယ့်အနေအထားဖြစ်တာပေါ့။
၄။ ဒေါ်ထုမေ
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ကျမအနေနဲ့ကတော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ၊ ပြည်သူတွေရဲ့သဘောထားကို လွတ်လွတ် လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ပြပိုင်ခွင့် ရှိတယ်၊ ဒါပေမယ့် တဖက်မှာ ဘာတွေကို လုပ်လို့မရဘူးလဲဆိုရင် အကြမ်း ဖက်တာ လှုံ့ဆော်မှုတွေ ကျရင်တော့ ဒီမိုကရေစီစနစ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်ထွန်း စေတယ်ပေါ့။
ကျမတို့ မြင်တာတွေ့တာတွေက အခုဖြစ်နေတာက ရေထဲက ရေခဲတုံးတတုံးကို မြင်သလိုပဲ။
ကျမတို့ မြင်နိုင်ဖွယ်ရှိတဲ့အရာက နဲနဲပဲပေါ့။ ကျမတို့ မမြင်ရတာတွေက အောက်ခြေမှာ အများကြီးရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်ကြားထဲမှာ မမြင်နိုင်တဲ့ အာဏာလွန်ဆွဲပွဲတွေ အများကြီးရှိလိမ့်မယ်လို့ ယူဆတယ်။
သူတို့ဆီမှာက အင်စတီကျူးရှင်းတွေ ခိုင်မာတဲ့အတွက် ဖြစ်တော့ဖြစ်သွားပေမယ့်လည်း ဒီအရာတွေကို ပြန်လည် ကုစားနိုင်မယ်လို့ ယူဆတယ်။ သူတို့ဆီမှာက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်။ သမ္မတကို Impeachment လုပ်လို့ရ တယ်ပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဘက်ကလည်း ဒီတိုင်းလက်ပိုက်ကြည့်နေမှာတော့ မဟုတ်ဘူးပေါ့။ ပြန်လည်ထိန်းကျောင်းနိုင်မယ်လို့ထင်ပါတယ်။
၅။ ဦးခင်မောင်မြင့်
ဥပဒေအကြံပေး
ကျနော်တို့ကတော့ ဥပဒေအမြင်နဲ့ ကြည့်တဲ့အခါမှာ မစ္စတာထရမ့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပြောမယ်ဆိုရင် မိမိပါတီ မိမိအဖွဲ့အစည်း အာဏာရရှိရေးဘက်ကို လွန်လွန်ကဲကဲ စဉ်းစားတွေးခေါ်ပြီးတော့ ဘယ်နည်းနဲ့ဖြစ်စေ၊ အာဏာရဖို့ ဆောင်ရွက်မယ်ဆိုတဲ့ ပြောမယ်ဆိုရင်မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ပေါ့။ အဲဒီလုပ်ရပ်က ဘာကိုသွားထိခိုက်လဲဆိုရင် ဖွဲ့စည်း ပုံ အခြေခံဥပဒေပေါ့။
အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုရင်လည်း နှစ် ၂၀၀ လောက်ရှိပြီ။ အဆင့်ဆင့်ပြင်ဆင်ပြောင်းလဲပြီး ဒီမိုကရေစီ နိုင်ငံတွေက စံပြုထားရတဲ့ အခြေခံဥပဒေပေါ့။ ဒီအခြေခံဥပဒေကို သွားပြီးတော့ ထိခိုက်တယ်။ ထိခိုက်တဲ့အပြင် အဲဒီ အခြေခံဥပဒေအရ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ အကုန်လုံး ထိခိုက်ကုန်ပါတယ်။ ဒီဖြစ်ရပ်ဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ ရွေးကောက်ပွဲရလဒ်တွေ အပေါ်မှာ သွားပြီးတော့ ရောင်ပြန်ဟပ်နိုင်ပါတယ်။
ပြောမယ်ဆိုရင် ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အခြေခံထားတဲ့ အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုတောင်မှ ဒီလိုမျိုး ဆန့်ကျင်တဲ့လုပ်ရပ်တွေ ပေါ်လာပြီဆိုရင် ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အသားမကျသေးဘူး။ သက်တမ်းအားဖြင့် ၁၂နှစ်လောက်ပဲ ရှိသေးတယ်။ ပြီးရင် ဒီမိုကရေစီစစ်စစ် ဖွဲ့စည်းပုံလည်း မဟုတ်ဘူး။ နိုင်ငံရေး အခင်းအကျင်းကို တပ်မတော်က တစိတ်တပိုင်း ချုပ်ကိုင်ထားတဲ့ ဖွဲ့စည်းပုံနဲ့ သွားနေတဲ့ နေရာမှာ ဒီလိုမျိုး ဖွဲ့စည်း ပုံမှာ ပါတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်နေကြတာ။ ဆန့်ကျင်တဲ့နေရာမှာ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်လို့ ပြော ထားတဲ့ တပ်မတော်ဘက်က ပါဝင် ပတ်သက်နေတာသည် နိုင်ငံအတွက် အန္တရာယ်ကြီးတယ်လို့ မြင်ပါတယ်။
၆။ မုံရွာအောင်ရှင်
NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး
ကျနော်နိုင်ငံရေးအရမြင်တာကတော့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုပေါ့။ အဲဒီမှာ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ လွတ်လပ်မှုကို ကျနော်တို့ တပြေးညီတွေ့နေရတယ်လေ။ သို့သော်လည်း တခြားအပိုင်းတပိုင်းမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကြားမှာ ပါးပါးလေးခံနေတဲ့ တဖက်ကဘာလဲဆိုရင် မင်းမဲ့ဝါဒပဲဗျ။ မင်းမဲ့ဝါဒနဲ့ ဒီမိုကရေစီက ပါးပါး လေးရယ်။
ဒီမိုကရေစီ လွတ်လပ်မှု သိပ်များသွားရင် မင်းမဲ့စရိုက်ဝင်သွားတာပဲ။ အခုလည်း ဒီသဘောပါပဲ။ ကတ်ပီတိုလ်ကို ဝင်စီးတာက ဒီမိုကရေစီကွဆိုပြီး ဒို့ရဲ့ လွတ်လပ်ပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့ အလွန်အကျွံဖြစ်တဲ့အခါကျတော့ မင်းမဲ့စရိုက် ဘက်ကို ရောက်သွားတာပေါ့လေ။ အလွန်အကျွံဖြစ်တဲ့ လွတ်လပ်မှုကို တာဝန်ယူမှုနဲ့ ကန့်သတ်ရမယ်။
သင်ခန်းစာကတော့ တာဝန်ယူမှုမရှိတဲ့ လွတ်လပ်မှုကတော့ ကျဆုံးမှာပဲ။ ကိုယ့်ရဲ့အရှုံးကို အသိအမှတ်ပြုရမယ်။ သူတပါးရဲ့ အနိုင်ကိုလည်း အသိအမှတ်ပြုရမယ်။ အသိအမှတ်မပြုမှုကနေပြီးတော့ ဒီလိုပြဿနာဖြစ်တာပဲဗျ။ ကျနော် တို့ နိုင်ငံမှာ အဲဒီလိုမျိုး ဖြစ်လာမယ်လို့တော့ ကျနော်တော့ မယူဆဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာက အင်အားကြီးတဲ့ ပြည်သူလူထုက NLD ဘက်မှာရှိနေတဲ့ အခါကျတော့ ဒါမျိုးဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။
၇။ ကိုစိုင်းရဲကျော်စွာမြင့်
အမှုဆောင် ဒါရိုက်တာ
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE)ကျနော်ကတော့ ဒီကိစ္စကို ဒီမိုကရေစီစနစ်ကျဆုံးတယ်လို့ မမြင်ပါဘူး။ အမေရိကန်ရဲ့ ဒီမိုကရေစီအင်စတီကျုးရှင်းက ခိုင်လည်းခိုင်မာတယ်။ သက်တမ်းကလည်း ကြာနေပြီ။ ဒါပေမယ့် စိတ်ပူစရာကောင်းတာက ဒီလိုမျိုး လက်ယာ အစွန်းရောက်တွေကို မြှောက်ပေးတဲ့အတွက် ဒီလောက်ထိ ဖြစ်သွားတဲ့ အပေါ်မှာတော့ သတိချပ်ဖို့လိုတယ်။
အထူးသဖြင့်တော့ လက်ယာနိုင်ငံရေး အစွန်းရောက်တွေကို မြှောက်ပေးတဲ့ အတွက်ကြောင့် ဒီမိုကရေစီကို ကြီးမား တဲ့အန္တရာယ်သက်ရောက် စေတယ်လို့ ပြောလို့ရတယ်။ အမေရိကန်လိုနိုင်ငံမှာတောင် ဒီလိုဖြစ်တယ်ဆိုရင် တခြား ဒီမိုကရေစီ ထွန်းသစ်စ အသွင်ကူးပြောင်းဖို့ ကြိုးစားတဲ့နိုင်ငံတွေမှာဆိုရင် အကြီးအကျယ်သတိထားရမယ့် ကိစ္စလို့ မြင်ပါတယ်။
ကျနော်တို့လို တိုင်းရင်းသားပေါင်းစုံကွဲပြားတဲ့နိုင်ငံမျိုး၊ ဘာသာကိုးကွယ်ယုံကြည်မှုကွဲပြားတဲ့နိုင်ငံမျိုးမှာ ဒါဟာ ကြီးမားတဲ့ အန္တရာယ်ပဲ။ လက်ရှိမှာလည်း အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးဆိုတဲ့ လက်ယာ အစွန်းရောက် တွေ ကျနော်တို့ဆီမှာလည်း ရှိနေတာပဲလေ။
ကျနော်တို့လို နိုင်ငံမျိုးမှာ ပိုပြီးတော့ အန္တရာယ်ရှိတာပေါ့။ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေက မခိုင်မာသေးဘူး။ လုပ်ထုံးလုပ်နည်းပိုင်းမှာလည်း အားနည်းချက်တွေရှိတုန်းပဲ အထူးသဖြင့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ယုံကြည်မှုက တည်ဆောက်နေရတုန်းပဲရှိသေးတယ်လေ။ တကယ်လို့သာ ကျနော်တို့နိုင်ငံခေါင်းဆောင်တွေက မရင့်ကျက်ဘူးဆိုရင် ကျနော်တို့နိုင်ငံအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်နိုင်တယ်။
You may also like these stories:
သမ္မတ ကျမ်းကျိန်ပွဲမတိုင်မီ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်နိုင်ဟု FBI သတိပေး
ဧရာဝတီတိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး ခေါ်ယူမှုကို ပယ်ဖျက်
ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ပြည်သူများ စိတ်ဝင်စားဖို့ သမ္မတရုံး တိုက်တွန်း