နိုင်ငံတော်ကို ပုန်ကန်ဖို့မဟုတ်ဘူး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကိုမြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျှက်ရှိရာမှာ ခွင့်ပြုချက်ကျော်လွန်လုပ်ကိုင်မှုတွေကြောင့် စီမံကိန်းရပ်တန့်ထားဖို့ ညွှန်ကြားထားပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်အရာရှိအချို့ကို အရေးယူခဲ့သလို နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်အချို့ကို အရေးယူမှုဖို့ ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။
ဒီလိုအရေးယူဖို့ ဆောင်ရွက်လာတာတွေနဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ BGF အကြား သဘောထား တင်းမာ မှုတွေရှိခဲ့ပြီး BGF တပ်ဖွဲ့မှ အရာရှိ တရာခန့် နှုတ်ထွက်စာတင်လာမှုကြောင့် တပ်မတော်ဘက်က အမှတ် ၄ စစ် ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကိုယ်တိုင် မြိုင်ကြီးငူဒေသမှာ BGF ခေါင်းဆောင်တွေနဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ တရုတ်လုပ်ငန်းစုနဲ့ BGF ရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည် ဖော်နေတာဖြစ်ပြီး BGF ဘက်ကတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်သာဖြစ်တယ်လို့ ပြောဆိုပေမယ့် ပြည် တွင်း/ပြည်ပအဖွဲ့အစည်းအချို့ကတော့ ဒီစီမံကိန်းဟာ လောင်းကစားနဲ့ ငွေကြေးခဝါချမှုတို့လို ရာဇဝတ်မကင်းတဲ့ တရုတ်မာဖီးယားဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ဖော်ထုတ်စွပ်စွဲကြပါတယ်။
ယခုလို စွပ်စွဲမှုတွေနဲ့အတူ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကြောင့် တပ်မတော်က နှုတ်ထွက်ဖို့ ဖိအားပေးခံရ သူတွေထဲက တဦးဖြစ်တဲ့ BGF တပ်နယ် ၂ မှ ဗိုလ်မှူးစောတင်ဝင်းကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထွန်းထွန်း က ဆက်သွယ်ခဲ့ပြီး လတ်တလော အခြေအနေတွေနဲ့ BGF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို မေးမြန်းထားပါတယ်။
မေး ။ ။ အခုလက်ရှိမှာ BGF တပ်ဖွဲ့ဝင်တွေ နှုတ်ထွက်စာ တင်ထားတဲ့ကိစ္စ ပြန်ရုတ်သိမ်းမယ် ပြောနေတော့ အခြေအနေ ဘယ်လိုရှိသလဲ။
ဖြေ ။ ။ အခြေအနေကတော့ ကျနော်တို့ အစည်းအဝေးတခု ကျန်သေးတယ်ခင်ဗျ။ လာမယ့် သုံး၊ လေးရက် လောက်ကျရင် BGF ခေါင်းဆောင်တွေရဲ့ အစည်းဝေးပေါ့။ အဲ့ဒီကျမှ နှုတ်ထွက်စာနဲ့ ပတ်သက်လို့ အပြီးသတ်ဆုံး ဖြတ်မယ့် သဘောပေါ့။ အခြေအနေကတော့ ဆိုးတဲ့ဘက်မရှိပါဘူး၊ ကောင်းအောင်လုပ်နေကြတာပဲ။
မေး ။ ။ ဘာကြောင့် အခုလို အရာရှိတွေ အစုလိုက်၊ အပြုံလိုက် နှုတ်ထွက်ဖို့ ဖြစ်လာခဲ့တာလဲ။
ဖြေ ။ ။ အဲ့ဒါက အခြားမဟုတ်ဘူး။ အမှန်ကတော့ စီးပွားရေးကြောင့်ဖြစ်တာပါ။ ကျနော်တို့ BGF တွေက စီး ပွားရေးလုပ်တဲ့အခါကျတော့ အမှန်က တပ်ရဲ့စည်းကမ်းအရ တပ်ဖွဲ့ဝင်ဆိုရင်တော့ စီးပွားရေးလုပ်လို့ မရဘူးပေါ့ နော်။ ကျနော်ဘက်ကကျတော့ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေအရ စီးပွားရေးလုပ်ရတဲ့ အပိုင်းတွေ ရှိတာပေါ့နော်။ စီးပွားရေးလုပ်တဲ့အခါကျတော့ တပ်မတော်ဘက်ကို ဖိအားတွေ ရှိလာတာပေါ့နော်။ တခုခုဆိုရင် BGF ကြောင့်၊ BGF က တရားဝင်လုပ်ငန်းတွေ လုပ်တာတို့၊ အကြောင်းအမျိုးမျိုးပေါ့၊ တပ်ကို သွားထိခိုက်တဲ့ ပုံစံ မျိုး ဖြစ်နေတာပေါ့။ အဲ့ဒီတော့ BGF ဘက်ကလည်း တပ်ကိုထိခိုက်မှုမရှိအောင်လို့ဆိုပြီးတော့ အားလုံးလက်မှတ် ထိုးပြီးတော့ နှုတ်ထွက်တဲ့သဘောမျိုးပေါ့။ ကျန်တာကတော့မရှိပါဘူး။
မေး ။ ။ တပ်ဘက်နှုတ်ထွက်ခိုင်းတဲ့ ၃ ဦးထဲမှာ ဗိုလ်မှူးကိုယ်တိုင်ပါနေတော့ ဒါဟာ ဘာကြောင့်လို့ထင်မိလဲ။ တကယ်ရော နှုတ်ထွက်ဖြစ်ခဲ့ရင် စီးပွားရေးပဲလုပ်မှာလား၊ ဘယ်လို အစီအစဉ်ရှိပါသလဲ။
ဖြေ ။ ။ အဓိကတော့ ကျနော်တို့ စီးပွားရေးလုပ်လို့ပေါ့လေ။ တပ်ရဲ့ စည်းကမ်းအရတော့ စီးပွားရေးလုပ်လို့မရဘူး။ တကယ်လို့ စီးပွားရေးလုပ်ချင်တယ်ဆိုရင်တော့ အရပ်ဖက်ကို ပြောင်းပေါ့နော်။ တပ်မတော်ကလည်း ဖိအား အမျိုးမျိုးကြောင့် ကျနော်တို့အတွက်နဲ့ ဖြေရှင်းပေးရတဲ့ဟာတွေ ရှိတဲ့အခါကျတော့ ထွက်စာတင်ခိုင်းတာပေါ့နော်။ ဒါပါပဲ။
စီးပွားရေးပိုင်းကတော့ ကျနော်က အဲ့ဒီအဆင့်ထိ မရောက်သေးတော့ အဲ့ဒီအထိ ကျနော်ပြောလို့မရသေးဘူး၊ ဒါပေမယ့် ကျနော့် တဦးတည်းအမြင်နဲ့ ပြောမယ်ဆိုရင်တော့ ဘာလုပ်ငန်းပဲမဆို တရားဝင်လုပ်ငန်းတွေပဲ လုပ်ချင်တယ်။ ကျနော်တို့ တတ်သလောက်နဲ့ အစိုးရကထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ ခွင့်ပြုမိန့်ယူရမယ်ဆိုတာတွေ အဲ့ဒီ အတိုင်းပဲ လုပ်တာပေါ့နော်။ ပြောချင်တာကတော့ တဖက်က ကျနော်တို့ကို ဆုံးဖြတ်ပေးနိုင်တဲ့ အစိုးရဘက်က လည်း ကျနော်တို့ကို တတ်နိုင်သလောက်ပေါ့နော် ကူညီပေးဖို့၊ ဒါပါပဲ။
မေး ။ ။ နှုတ်ထွက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်က တပ်မတော်နဲ့ ဆွေးနွေးပွဲမှာ ဘယ်လို သဘောတူညီ ချက်တွေ ရရှိခဲ့လဲ။
ဖြေ ။ ။ ကျနော်တို့ နှုတ်ထွက်စာတင်တဲ့ဟာကို ဆန္ဒမစောဖို့။ သေသေချာချာလေး စဉ်းစားပြီးတော့မှ ဆုံးဖြတ် ချက်ချဖို့ပေါ့နော်။ လောလော၊ လောလောနဲ့ ဆုံးဖြတ်ချက်ချရင် မှားတတ်တာပေါ့နော်၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မှာကိုလည်း စိုးရိမ်တာပေါ့နော်။ အချိန်လေး နည်းနည်းယူပြီး ဆုံးဖြတ်ချက်ချဖို့ပေါ့နော်၊ အဲ့ဒီလိုလေးပြော တာပေါ့။
မေး ။ ။ ဗိုလ်မှူးမုတ်သုန်ဆိုရင် တဦးတည်း သက်သက် နှုတ်ထွက်စာ လက်မှတ်ထိုးခဲ့တာပေါ့နော်၊ ဒီအတွက် နှုတ်ထွက်ဖို့ဆိုတဲ့ကိစ္စတွေမှာ တပ်ဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေ ရှိနေတာလား။
ဖြေ ။ ။ အဲ့လိုမျိုးတော့ မဟုတ်ဘူးဗျ။ ဒါတွေက တချို့ကလည်း သတင်းအရ မသိတာတွေလည်းဖြစ်မှာပါ။ ဗိုလ်မှူးမုတ်သုန်က ကွဲပြီးတော့မှ လက်မှတ်ထိုးတာ မဟုတ်ပါဘူး။ သူလည်းတာဝန်တခုအနေနဲ့ လုပ်သင့်လုပ် ထိုက်တာ လုပ်ပေးလိုက်တာပဲရှိပါတယ်။ ဒါက သဘောထား ကွဲတာတို့ ဘာတို့မရှိပါဘူး။
မေး ။ ။ တကယ်သာ တပ်ဖွဲ့ဝင်တွေ နှုတ်ထွက်ဖြစ်ခဲ့ရင် BGF က ဘယ်လိုပုံစံနဲ့ ဆက်ရပ်တည်သွားမလဲ။
ဖြေ ။ ။ အဲ့ဒါကတော့ ဟိုအရင် မြိုင်ကြီးငူ ဆရာတော်ကြီးရှိတုန်းကလည်း လမ်းညွှန်မှုပေးထားတာပဲ၊ အကယ်၍များ တပ်မတော်အနေနဲ့က ကျနော်တို့ကို မလိုလားအပ်တော့ဘူး ဆိုရင်တော့လည်း အရင်းအတိုင်းပဲပေါ့နော်။ ဆရာတော်ကြီးရှိစဉ်က DKBA ပုံစံအတိုင်းပဲပေါ့၊ နိုင်ငံတော်ကိုလည်း ပုန်ကန်ဖို့မဟုတ်ဘူး၊ အခြားအဖွဲ့အစည်း တွေကိုလည်း တိုက်ခိုက်ဖို့မဟုတ်ဘူး။ စီးပွားရေး၊ ဘာသာရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဒါတွေပဲ လုပ်မှာပါ၊ ဘာမှ တခြားထူးထူးထွေထွေ ရည်ရွယ်ချက်မရှိပါဘူး။ အဓိကတော့ ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာ ယာဖို့ပါပဲ။
BGF ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့က တပ်မတော်ဘက်ကလည်း မူတည်တာပေါ့နော်။ တပ်မတော်နဲ့ လက်တွဲလာ တာလည်း ဟိုး DKBA အနေနဲ့ ၁၅ နှစ်၊ BGF အနေနဲ့ ၁၁ ရှိပြီပေါ့နော်။ သူတို့ရဲ့ သဘောထားအပေါ်မှာလည်း မူ တည်တယ်လို ကျနော်ထင်တယ်နော့။
မေး ။ ။ စီးပွားရေးနဲ့ ပတ်သက်ပြီး တချို့ကတော့ နှုတ်ထွက်မယ်ကြားနေရတယ်။ တဖက်မှာလည်း ကာစီနိုလို တရားမဝင်သေးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဝေဖန်တာတွေလည်းရှိတော့ ဒါတွေကို ဘယ်လိုဆက်လုပ်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ ဒီလုပ်ငန်းတွေကလည်း ခိုးကြောင်ခိုးဝှက် လုပ်လို့ရတဲ့ လုပ်ငန်းတွေမဟုတ် ဘူးဗျ။ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ကလည်း တတ်သလောက်မှတ်သလောက် ဒါကို တရားဝင်ပဲလုပ်တာပဲ။ လိုအပ်တဲ့ အစိုးရကို ခွင့်ပြုမိန့်တင်ရတဲ့ စာရွက်စာတမ်းတွေလည်း တင်ထားတာရှိတယ်။ အဓိကတော့ ကျနော်တို့ မှာ အဆောက်အဦးတွေ ဆောက်ဖို့အတွက် မြေအခြားသုံးနည်းတွေ တင်ထားတာရှိတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့က တရားဝင်ဘဲလုပ်ချင်တယ်၊ ဒါကြောင့်လည်း တရားဝင်ပဲ တင်ထားတာပေါ့နော်။ ဒါပေမယ့် ပြည်နယ်အစိုးရဘက်ကလည်း ဘာအခက်အခဲရှိလို့ ဘယ်လိုအကြောင်းကြောင့်လဲ ကျနော်တို့လည်း မသိဘူးပေါ့။ အခွန် ဆောင်ရမယ်ဆိုရင်လည်း ပြည်သူတွေလိုပဲ ဆောင်ဖို့အစီအစဉ် ကျနော်တို့မှာ ရှိပြီးသားပဲ။ အခုထိ မြေအခြားနည်း သုံးခွင့်တွေ မကျလာတော့ တရားမဝင် လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးပဲဖြစ်နေတာပေါ့။
မေး ။ ။ ရွှေကုက္ကို မြို့သစ်စီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေက ဝေဖန်ကြတယ်၊ လုံးခြုံရေးအရ စိုးရိမ်တဲ့အကြောင်း ပြောကြတာတွေရှိတယ်၊ ဒါကို ဘယ်လိုသဘောထားရှိသလဲ။
ဖြေ ။ ။ အဲ့ဒါတွေက ကျနော်ရှင်းရှင်းပြောရရင်တော့ ဒေသခံတွေက ကန့်ကွက်တယ်ဆိုတာ ဘယ်ဒေသခံတွေ က ကန့်ကွက်လို့လဲ။ ကျနော်တို့ရဲ့ မြဝတီမြို့နယ်၊ ကျေးရွာတွေဆိုတာက ကျနော်တို့ရဲ့ ရွာသားတွေပဲ၊ ဒီဒေသခံ တွေ ကန့်ကွက်တယ်ဆိုတာ ကျနော်သိပ်မမြင်ဘူး။ ဒါတွေက တချို့မီဒီယာတွေရဲ့ အပိုင်းဖြစ်လိမ့်မယ်။ တချို့ မီဒီ ယာတွေကလည်း အဲ့ဒီလိုတွေ ရေးထားတာတွေတော့ရှိတယ်။ ကျနော်တို့လည်း ဖတ်ရတယ်၊ ဒါပေမယ့် တကယ့် မြေပြင်မှာက အဲ့ဒီလိုမဟုတ်ဘူးဗျ။ ကျနော်တို့လုပ်တဲ့ လုပ်ငန်းပိုင်းမှာ တချို့ဟာတွေကလည်း မနာလိုတာတွေ လည်း ရှိမှာပေါ့။ ဒါကတော့ လူတွေက သဘာဝပါပဲ၊ အကောင်းမြင်တဲ့လူနဲ့ အဆိုးမြင်တဲ့လူနဲ့ ရှိမှာပဲ။
အမှန်ကတော့ ကျနော်တို့လုပ်တာက အမှန်က ကျနော်တို့နယ်မြေမှာက မဖွံ့ဖြိုးဘူးဗျ။ လွန်ခဲ့တဲ့ ၂၀ တုန်းကဆို ဘယ်သူမှ သွားလာလို့ ရတဲ့နေရာတွေ မဟုတ်ဘူး။ တကယ့်စစ်မြေပြင်ကြီးဗျ။ ရှေ့တန်းမှာတိုက်ခိုက်နေတဲ့ နေရာ တွေ။ ဒီနေရာတွေက ဘယ်မီဒီယာ၊ ဘယ်အစိုးရ၊ ဘယ်ဌာနမှ ရောက်ဖူးတဲ့နေရာတွေလည်းမဟုတ်ပါဘူး။ အခုချိန် ကျမှပဲ ကျနော်တို့က ဒါမျိုးတွေလုပ်လာမှ သွားလာလို့ရတာ။ ပြောရရင်တော့ အများကြီးရှိတာပေါ့။
ကျနော်တို့ရဲ့ အခက်အခဲက ကျနော်တို့ဘဲ သိတာကိုးဗျ။ ကျနော်တို့ထက် ဘယ်သူပိုသိမှာလည်း ဒီနယ်မြေမှာ။ အပြင်ကနေ မသိနိုင်ပါဘူး။ ရှင်းရှင်းပြောရရင် ပြည်သူတွေလည်း အလုပ်ရအောင်၊ စားဝတ်နေရေး အဆင်ပြေအောင်။ နောက်တ ခုက ကျနော်တို့လည်း တရားဝင် စီးပွားရေးတွေလည်း နည်းလမ်းအမျိုးမျိုးနဲ့ စဉ်းစားပါတယ်။ ဒါပေမယ့်လည်း လတ်တလောအခြေအနေမှာ ဒီစီးပွားရေးတွေ လုပ်တယ်ဆိုတာကလည်း အဓိက နယ်မြေမှာတိုးတက်အောင်၊ ပြည်သူတွေလည်း အလုပ်အကိုင်ရအောင် တတ်နိုင်သမျှ ကျနော်တို့လုပ်တာပါ။
မေး ။ ။ လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အသစ်တက်လာမယ့် အစိုးရအပေါ် ဘယ်လို မျှော် မှန်းထားလဲ။
ဖြေ ။ ။ ကျနော်တို့ဘက်ကတော့ အစိုးရက ကျနော်တို့ကို ကူညီစောင့်ရှောက်ပေးမယ်လို့ပဲ မျှော်မှန်းထားပါ တယ်။ သူတို့ ကူညီမယ်၊ မကူညီဘူး ဆိုတာကတော့ သူတို့အပိုင်းပေါ့။ ကျနော်တို့ကတော့ သူတို့ကို ကျနော်တို့ အများကြီး မျှော်လင့်ချက်ထားပါတယ်။ နောက်တခုကတော့ ဒီတပ်မတော်ဘက်အပိုင်းနဲ့ဆိုတာလည်း ဘာမှပြော စရာ မရှိပါဘူး။ BGF နဲ့တပ်မတော်ဆိုတာက DKBA ကတည်းက လက်တွဲလာတာ နှစ်ပေါင်း ၂၀ ကျော်ပြီဆိုတော့ ပြဿနာလည်း ကြီးကြီးမားမားဖြစ်ဖို့တော့ မရှိပါဘူး။ အဆင်ပြေသွားမှာပါ။
မေး ။ ။ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ ။ ။ အခြားတော့မရှိပါဘူး။ ကျနော်တို့ ဒီဒေသမှာ ရပ်တည်နေတာလည်းကြာပြီ၊ ရှင်းရှင်းပြောရရင် တချိန်က ကော့ကရိတ်နဲ့ မြဝတီဆိုတာ တခေါက်တခေါက်လာဖို့ မလွယ်ဘူးလေ။ တောင်ပေါ်လမ်းမှာ အခက်အခဲအများကြီး။ ပစ်ကြခတ်ကြ အဲ့လိုမျိုးတွေပေါ့။ အခုချိန်ကတော့ အေးချမ်းပြီ၊ နေ့ရောညရော သွားလာလို့ရပြီး။ ကျနော်တို့ လည်း ဒီဒေသကို ဒီအတိုင်းပဲ ငြိမ်းချမ်းပြီး အားလုံးထိန်းထိန်းသိမ်းသိမ်းနဲ့ ရှေ့ဆက်သွားဖို့ ကျနော်တို့ရဲ့ သဘော ထားက ဒီလိုပဲရှိပါတယ်။
You may also like these stories:
အစုလိုက် နုတ်ထွက်သည့် အစီအစဉ် BGF ပြန်ရုပ်သိမ်း
BGF နှင့်တင်းမာမှုကို အကောင်းဆုံးအခြေအနေ မျှော်လင့်ကြောင်း တပ်မတော်ပြော