၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ အနိုင်ရပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံသေးဘဲ တပ်မတော်ကနေ မဲမသမာမှုတွေ ရှိနိုင်တယ် ဆိုပြီး ထုတ်ပြန်လာပါတယ်။ အစပိုင်းမှာ မြို့နယ် တချု့ိ စတင်ထုတ်ပြန်ခဲ့ပေမယ့် အခုဆိုရင် မြို့နယ် ၃၀၀ ကျော်မှာ မဲစာရင်းမှားတွေကြောင့် မဲမသာမှုဖြစ်နိုင်တဲ့ မဲစာရင်း ၇ သန်းကျော် ရှိတယ်လို့ ပြောဆိုလာတာပါ။
ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့တုန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ ဆန္ဒနဲ့ ထွက်ပေါ်လာမယ့် ရလဒ်ကို လက်ခံရမယ်လို့ သတင်းထောက်တွေကို ပြောဆိုထားတာပါ။ လက်ရှိ မှာတော့ တပ်မတော်က သူ့ရဲ့ ပြောဆို ထုတ်ပြန်ချက်တွေကို သက်ဆိုင်သူတွေအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး မဟုတ်ရင် နိုင်ငံရေး အကြပ်အတည်းတခု ဖြစ်လာနိုင်တယ်လို့ ဆိုလာပါတယ်။
အခုလို လတ်တလော နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မတော် အပါအဝင် နိုင်ငံရေး အသိုင်းအဝိုင်းက ပု ဂ္ဂိုလ်တွေရဲ့ သဘောထားကို သိရှိနိုင်ဖို့ ဧရာဝတီ သတင်းဌာန၊ နေပြည်တော် သတင်းအဖွဲ့က စုစည်းဖော်ပြပေးလိုက်ပါ
တယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်း
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ
ကျနော်တို့ ထုတ်ပြန်ချက် ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဲဒီအထဲမှာလည်း ဖော်ပြပြီးသား ဖြစ်ပါတယ်။ ဒီဟာမှာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးတော့ကျ ယခင်ကတည်းကတိုင် တပ်မတော်ကနေ ဘာတွေ လုပ်ထားတယ်၊ ဘာတွေ ထုတ်ပြန်ခဲ့တယ်။ ဘယ်လိုမျိုးတွေ ရှင်းလင်းပေးဖို့အတွက် ပြောဆိုခဲ့တာတွေ ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ တွေ့ ပါလိမ့်မယ်။
ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ မြို့နယ် ၃၁၄ မြို့နယ်ကို စိစစ်ဖော်ထုတ်ခဲ့တယ်။ ဖော်ထုတ်ခဲ့တဲ့ အခါမှာ မဲမသမာမှု ပြုနိုင်တဲ့ မဲ စာရင်း ထပ်နေတဲ့ စာရင်းတွေ စုစုပေါင်း ၇၆ သိန်းကျော် ရှိတယ်ဆိုတာကို ကျနော်တို့ ထုတ်ပြန်ခဲ့တယ်။ ပြီးရင် တိုင်း ဒေသကြီးထဲမှာရှိတဲ့ မြို့နယ် တခုနဲ့တခု အပြန်အလှန် စစ်ဆေးမှုတွေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တခုနဲ့တခု အပြန်အလှန် စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်ဆိုတာ ပြောကြားခဲ့ပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီးတော့ မဲမသမာမှုများ ရှိခဲ့လို့ရှိရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်သူလူထုကို ပွင့်လင်း မြင်သာစွာ ချပြမှု ပြုသင့်တဲ့အကြောင်း ကျနော်တို့ ပြောခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးနိုင်ဖို့ ပြည်
ထောင်စု လွှတ်တော် အစည်းအဝေးခေါ်ဖို့ ပြောခဲ့တယ်။
ဒါတွေ ထုတ်ပြန်တဲ့ ရည်ရွက်ချက်ကတော့ နောက်ဆုံးအပိုဒ်မှာလည်း ပါပြီး ဖြစ်ပါတယ်။ တပ်မတော် အပါအဝင် တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော် ပြသမည်ဆိုလျှင် ပြည်သူ့ဆန္ဒ ထင်ဟတ်ရင် ပြည်သူ့ဆန္ဒနဲ့အညီ လက်ခံသွားမည်သာ ဖြစ်တယ်။
ဒါကြောင့်မိုလို့ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ရှေ့ရှုပြီး နိုင်ငံရေး အကြပ်အတည်းတွေ ကျော်လွှားနိုင်စေခြင်းငှာ
လွှတ်တော်ကသော်လည်းကောင်း၊ နိုင်ငံတော်ကသော်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသော် လည်းကောင်း နည်းလမ်းရှာ ဖြေရှင်းပေးနိုင်ပါရန်ဆိုတာ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေး အကြပ်အတည်းဆိုတာသည် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စာရင်း အပြည့်အစုံနဲ့ ဒီဘက်ကနေ ပြီးတော့ မဲစာရင်းတွေ ထုတ်ပြန်ခဲ့တယ်။ ဒါတွေကို ဖြေရှင်းမပေးဘူးဆိုတာသည် ကျနော်တို့ ခနခန ပြောနေသလိုပဲ။ တပ်မတော်
သည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြည်သူ့ဆန္ဒနှင့်အညီ သွားနိုင်ဖို့အတွက် ကျနော်တို့ လမ်းခင်းပေးခဲ့တာ။ ဒီမိုကရေစီ မယိမ်းယိုင်အောင် ထိန်းသိမ်းစောင့်ရှောက်နေတယ်။
ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်ဖို့နဲ့ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒါ ကြောင့်မိုလို့ ကျနော်တို့ အနေနဲ့ကလည်း ဒီထဲမှာလည်း ပါပြီးသား ဖြစ်တယ်။ တပ်မတော် အနေနဲ့ ပါတီနိုင်ငံရေး လုပ် ငန်းစဉ်မှာ ပါဝင်ပတ်သက်နေတာ မဟုတ်ဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့အတွက် ရွေးကောက်ပွဲကို အနှောက်
အယှက် ကင်းကင်းနဲ့ အေးချမ်းစွာ အောင်မြင်နိုင်အောင် ဆောင်ရွက်နိုင်ရေး ကျနော်တို့ ကူညီခဲ့တယ်။
သို့သော် ဒီဟာတွေသည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးဆိုတာ တပ်မတော်ရဲ့ ဒီမိုကရေစီ လိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်တယ်။ ဒါတွေကို ကျနော်တို့ ဖြေရှင်းခြင်း မရှိဘူး ဆိုရင် ဆက်လက်ပြီးတော့ စစ်မှန်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အသိအမှတ်ပြုဖို့ ခဲယဉ်းမှာပဲ ဖြစ်တယ်။ ဒါသည် အဓိက အကြပ်အတည်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဒေါက်တာမျိုးညွန့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
အဲဒါတော့ ကြေငြာချက်ထုတ်တဲ့သူရဲ့ သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ကတော့ ဥပဒေနဲ့ အညီ အညွတ် ဖြစ်အောင် အထူး ဂရုစိုက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အကယ်၍ ဥပဒေနဲ့ အညီအညွတ်ရှိတဲ့ နိုင်ငံရေး အကြပ် အတည်း ဖြစ်လာရင်လည်း ဥပဒေနည်းလမ်းများနဲ့ ဖြေရှင်းဖို့ အသင့်ရှိပါတယ်။
အကြပ်အတည်းဆိုတာတော့ ဖန်တီးရင်ရတာပေါ့ဗျာ။ သို့သော် ဖန်တီးတဲ့ဟာကို ဥပဒေနဲ့အညီ ဖန်တီးမယ်ဆိုရင် ကျနော်တို့ ဥပဒေနဲ့အညီပဲ အောင်မြင်အောင် ဖြေရှင်းနိုင်တယ်လို့ ပြောတာပါ။
အခုကျတော့ စွပ်စွဲချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဖြေရှင်းပေးပါလို့ ပြောနေတာ။ ဘယ်နေ့ဘယ်နေရာမှာ ဘယ်သူက ဘယ်လိုလုပ်ရပ်ကိုပြုလုပ်တာဟာ ဥပဒေမှာပါတဲ့ ဘယ်ပြစ်ချက်ကိုကျုးလွန်တယ်ဆိုပြီး တိတိကျကျပြောရင် ကျနော်တို့ ဖြေရှင်းလို့ရပါတယ်။ ဥပမာ မဲမသမာမှု ဖြစ်နိုင်သောဆိုတာက ဘယ်သူလုပ်တာလဲ အဲတာအတွက် အပြစ်ရှိတယ်လို့ ဘယ်ဥပဒေမှာပြဌာန်းထားလဲ။ ဘယ်သူ့မှာတာဝန်ရှိလဲ။ ဒါတွေဟာ ပေါ်လွင်ခြင်း မရှိပါဘူး။
အဲဒီတော့ ကျနော်တို့ပြောချင်တာက အခုလို မရေရာတဲ့ စွပ်စွဲချက်တွေအစား နောင်ကိုဒီလိုအဖြစ်မျိုး မဖြစ်အောင် မဲစာရင်း မှန်ကန်ဖို့ စတဲ့အချက်များဟာ ရွေးကောက်ပွဲ မတိုင်ခင်ကဆိုရင် ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ နှစ်ပတ်တောင် မဟုတ်ဘူး။ တစ်ပတ်တိုးပြီး သုံးပတ်တောင် ပေးခဲ့တာ တွေ့ နိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ မဖြေရှင်းဘဲနဲ့ အခုချိန်မှာ စွပ်စွဲမှုတွေ ပြုလုပ်နေတာ မသင့်တော်ပါဘူး။ နောင်ဒါမျိုးမဖြစ်စေလိုတဲ့ တိုင်းပြည်အတွက် တကယ်စေတနာထားတယ်ဆိုရင်တော့ ဒီလိုမဖြစ်အောင် ကျနော်တို့ ဘယ်လိုပူးပေါင်းဆိုရွက်မလဲဆိုပြီးတော့ ရွေးချယ်တာ ပိုပြီးသင့်တော်ပါမယ်လို့ ပြောချင်ပါတယ်။
ဦးသန်းစိုးနိုင်
နိုင်ရေးလေ့လာသုံးသပ်သူ

နိုင်ရေးလေ့လာသုံးသပ်သူ
အကျိုးအကြောင်း ဆီလျော်မှု မရှိပါဘူး။ မရှိပါဘူးဆိုတာက မဲမသမာမှုတွေရှိနိုင်တယ် ဘာညာဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြောရင် UEC ရဲ့ အဆုံးအဖြတ်ဟာ နောက်ဆုံးပဲလေ။ နောက်ဘယ်ခုံရုံးမှ တက်စရာ လည်း မလိုဘူး။ အဲဒီတော့ အဲဒါတွေက မရှိဘူးလို့ ငြင်းတာမဟုတ်ဘူး။ အခုသူတို့ပြောနေတဲ့ မဲမသမာမှုတွေဆိုတာ ဒုတိယ အကြိမ်မဲစာရင်းက ဟာတွေကိုယူပြီးပြောနေတာ။ နောက်ဆုံး မဲစာရင်းတွေကျတော့ ဒါက UEC က ထုတ်ပြန်မှ ဒါက ရနိုင်တာလေ။ UEC ကလည်း အဲဒါ ထုတ်မပြန်ဘူး။ ပြန်ခြင်း၊ မပြန်ခြင်းကလည်း ဘာမှ တာဝန်မရှိဘူး။ သူ့ဆန္ဒ သူ့သဘောထားအလျောက်ပဲ။ အဲတာကြောင့် နဂိုကတည်းက ဒီမဲစာရင်းတွေဟာ မမှန်ကန်ဘူး။ မပြည့်စုံဘူးဆိုလို့ တတိယအကြိမ်လုပ်ခဲ့တာကိုး။ အဲဒီတော့ ဒါအကြောင်းအကျိုး မရှိပါဘူး။
တကယ့်သဘောထားကတော့ အခုရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်ပြီး ကြံ့ခိုင် ဖွံ့ ဖြိုးရေး အပြတ်အသတ် ရှုံးတဲ့ ကိစ္စနဲ့ပတ်သက်လို့ မခံမရပ်နိုင်ဖြစ်နေတဲ့ တပ်မတော်ကနေပြီးတော့ ဖွနေတဲ့ကိစ္စပါ။ ခုနက သူပြောတဲ့ နိုင်ငံရေး အကြပ်အတည်း တွေကြုံတယ်ဆိုတာ နိုင်ငံရေးအကြပ်အတည်းကတော့ ကြုံမှာပဲ။ ဘာလို့ဆိုတော့ သူတို့လုပ်မှာကိုး။ သူတို့လုပ်မယ့်ကိစ္စတွေအတွက် ဒါတွေက ကြိုပြီးတော့ အာဘော်ဖန်တီးထားတာတွေပါ။
အဲဒါကြောင့်မိုလို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်အခမ်းအနားနဲ့ပတ်သက်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး အင် အားစုနဲ့ တပ်မတော်ရဲ့ထောက်ခံမှုနဲ့ ဒီအစီအစဉ် မဖြစ်မြောက်ဖို့အတွက် နည်းမျိုးစုံနဲ့လုပ်လိမ့်မယ်လို့ ကျနော် ယူဆတယ်။ အဲဒီအတွက် NLD အစိုးရအနေနဲ့ တော်တော်လေး သတိရှိရှိ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ လူထုကို စည်းရုံး လှုံ့ဆော်ထားဖို့လည်း လိုတယ်လို့ ကျနော်ယူဆပါတယ်။
NLD အစိုးရကို တိုင်းပြည်အုပ်ချုပ်လို့မရအောင် မတည်မငြိမ်ဖြစ်အောင် တပ်မတော်က လုပ်နိုင်တဲ့ အခြေအနေတွေ အချက်အလက်တွေ ရှိပါတယ်။ အဲဒါတွေ လုပ်မလား မလုပ်ဘူးလားဆိုတာ စောင့်ကြည့်ရမှာပါ။
အဲဒီတော့ ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် ကာ/လုံ လက္ခဏာဆောင်တဲ့ ကာ/လုံထက် ပိုမြင့်မားတဲ့ အဆင့်နဲ့ နိုင်ငံရေး စုစည်းမှု တစုံတရာလုပ်ပြီးတော့ ဒီကိစ္စတွေကို စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းသင့်တယ်လို့ ကျနော်ယူဆပါတယ်။
ဦးအောင်သူငြိမ်း (ဒါရိုက်တာ)
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ
နိုင်ငံရေး အကြပ်အတည်း ဆိုတာတော့ တပ်မတော်ဘက်က ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် သူ့ရဲ့ စွပ်စွဲချက်ကတော့ ကျနော်တို့ တွေ့သလောက်ဆိုရင် မဲမသမာမှု တော်တော်များရှိတယ်။ ဆိုတော့ ဒါနဲ့ပတ်သက်ပြီး အစိုးရ သို့မဟုတ်ရင်လည်း ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ မြင်တာပေါ့။ ဆိုတော့ ဒါပေ မယ့် အစိုးရဘက်ကရော ကော်မရှင်ဘက်ကရော ပါးစပ်ပိတ်နေတယ်။ လုံးဝ ဖြေရှင်းမယ်တို့ ဘာတို့ မရှိဘူးပေါ့နော်။
ဆိုတာ့ အဲဒီကြားထဲမှာပဲ လွှတ်တော်ခေါ်ခိုင်းတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း မကုန်ဆုံးခင် နိဂုံးချုပ် ခေါ်ခိုင်းတာမျိုး ပေါ့။ ဒါလဲ မဖြစ်ပြန်ဘူး။ မဖြစ်ပြန်တဲ့အခါကျတော့ ဆိုလိုတဲ့သဘောက လာမယ့် လွှတ်တော်အသစ် စခေါ်မယ့်အချိန်မှာ ဒါနဲ့ပတ်သက်ပြီး ဒါ အောင်မြင် အထမြောက်မလား။ မမြောက်ဘူးလား။ ပူးပေါင်းဆောင်ရွက်မလား ။ မဆောင်ရွက်ဘူး လားပေါ့။ အကြပ်အတည်းဆိုတာ အဲဒါကို ဆိုလိုချင်ပုံရပါတယ်။
တပ်မတော်ဘက်ကလည်း သူ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ သူ့ဘာသာသူတော့ ခိုင်လုံနေတာပဲ။ အစိုးရဘက်ကလည်း အခု အ ချိန်အထိ တုံ့ပြန်ပြောဆိုတာ မရှိသေးဘူးဗျာ။ မရှိသေးတော့ ရွေးကောက်ပွဲရလဒ်ကို သိက္ခာချနေတယ်ဆိုတဲ့ အမြင်မျိုးပဲ ရှိတာကို။ အဲဒီတော့ ကျနော်မြင်တာကတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲပေါ့။ နည်းလမ်းတခု တော့ လိုတယ်လို့ ထင်ပါတယ်။
ဘယ်လို ကျော်လွှားမလဲဆိုရင် အချိန်ကလည်း တော်တော်နည်းသွားပြီဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဖေဖော်ဝါရီလ ၁ ရက် နေ့မှာ လွှတ်တော်အသစ်ကို ခေါ်ထားပြီဆိုတော့ ကြားထဲမှာ ၁၀ ရက်လောက်ပဲ ရှိတော့တာပေါ့နော်။ ဒီ ၁၀ ရက်လောက် အတွင်းမှာ ဒီပြဿနာကို ပြေလည်အောင် ဘယ်လို ဖြေရှင်းမလဲဆိုတာက ပြဿနာ ဖြစ်လာတယ်။ ဆိုလိုတာက အစည်း အဝေး တခါနှစ်ခါ ထိုင်ရုံနဲ့ ပြေလည်မှာလားပေါ့။
ဒါမှမဟုတ်လို့ရှိရင် ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုမျိုးစာရင်းဇယားတွေနဲ့ တိုက်ဆိုင်စစ်ဆေးရင် အဆင်ပြေမှာလဲပေါ့။ ဒါလဲ မသေချာဘူး။ အဲဒီတော့ ဒီအတိုင်းပဲ တဘက်သတ် ဆက်သွားမယ်ပေါ့။ ဒီ ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော် ခေါ်မယ်။ ဆက်သွားမယ်ဆိုရင် အရေးကြီးတာက ကျနော်ထင်တယ်။ အရပ်ဘက်နဲ့ စစ်ဘက်ကြားထဲမှာ ရှိတဲ့ ဆက်ဆံရေး ပေါ့နော်။ အဖုအထစ်တွေ ရှိလာနိုင်တယ်လို့ မြင်တယ်။
ဦးစိုင်းသီဟကျော် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ ချုပ်

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ ချုပ်
မဲစာရင်းတွေကို UEC က ထုတ်ပြန်ကြေညာထားတယ်။ အဲဒီအချိန်ကတည်းက မှားယွင်းတဲ့ မဲစာရင်းတွေကို ပြင်ပါ။ ထပ် နေတဲ့ မဲစာရင်းတွေကို ပြင်ဆင်တာ ပယ်ဖျက်တာ ဖြည့်စွက်စရာရှိတာ လုပ်ပါဆိုပြီးတော့ UEC ဘက်က တောက်လျှောက် ပြောတယ်။ အမှန်တော့ သူ့ ဒီ Process က အဲဒီကတည်းက စစ်ရမှာပေါ့နော်။ လုပ်ရမယ့်ကိစ္စ ကျော်လာခဲ့ပြီးပြီ။ အခု ဒီ အချိန်ကျမှ အစဆုံး ပြန်ဖော်တယ်ဆိုတော့လဲ ဒါက ပြန်လုပ်ရခက်တယ်။
ဆိုတဲ့အခါကျတော့ နောက်ဆုံး အခု တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေက ဘာအတွက်ဆောင်ရွက်နေတာလဲ။ တပ်က ဘာဖြစ်ချင်တာလဲ။ ကျနော့်အမြင် သဘောထားပြောရရင် အနိုင်ရပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေကို အမျိုးသား ရင် ကြားစေ့ရေးအရ သွားရောက် တွေ့ဆုံဆွေးနွေးပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာတွေ၊ လက်နက်ကိုင်ပဋိပက္ခ ပြဿနာတွေ၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ရန် ကြိုးစားသကဲ့သို့ပဲ အခု ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီကိုသော်လည်းကောင်း၊ တပ်မတော်ဘက်ကသော်လည်းကောင်း၊ ဒီအစိုးရဘက်မှာသော်လည်းကောင်း၊ လွှတ်တော်ဘက်မှာသော်လည်းကောင်း ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်လို့ ရမလဲ။ ဒီလိုမျိုး နည်းလမ်းကို သွားချင်တာလားပေါ့။
တပ်မတော်ရဲ့ ဆန္ဒသဘောထားကို ကျနော်တို့က တိတိလင်းလင်း မသိရတဲ့အခါကျတော့ သုံးသပ်ရခက်တယ်။ အဲဒီတော့ မြင်တာကတော့ တပ်မတော်အနေနဲ့ သူနဲ့ စေ့စပ်ဆွေးနွေးဖို့ လမ်းကြောင်းကို ဖော်နေတာလားဆိုတာပဲ၊ အဲလိုသာ ဖော် မယ်ဆိုရင်တော့လည်း ဒီအကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ နည်းလမ်းကတော့ ဒီအနိုင်ရပါတီ NLD နဲ့ တပ်မတော်ရော တဘက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီပေါ့ စေ့စပ်ညှိနှိုင်းမှသာလျှင် တိုင်းပြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပြီးတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကလည်း တည်ငြိမ်သွားမယ်လို့ သုံးသပ်ပါတယ်။
တဘက်နဲ့ တဘက် ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ ဒီအတိုင်းသာ တဘက်နဲ့ တဘက် စွပ်စွဲပြစ်တင် ပုတ်ခတ်မယ်ဆိုရင်တော့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်နိုင်ပြီးတော့ တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီးတော့ ဒီကာလမှာလည်းပဲ ကိုဗစ်ကာလ လည်း ဖြစ်နေတော့ အဘက်ဘက်က အများကြီးပဲ သက်ရောက်မှုတွေ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ကျနော်တို့က ဒီအ ချိန်မှာ တိုင်းပြည်အကြပ်အတည်းဖြစ်နေချိန်မှာ စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ ဝိုင်းဝန်းပြီးတော့ ကိုယ့်တိုင်းပြည်ကို ပြန်လည် တည်ဆောက်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။
You may also like these stories:
နိုင်ငံတော်ကို ပုန်ကန်ဖို့မဟုတ်ဘူး
ဘင်္ဂလားဒေ့ရှ်အနေနဲ့ အလုပ်နဲ့ သက်သေပြဖို့ လိုတယ်
ကျနော်တို့ကို တန်ဖိုးထားမှု အရမ်းနည်းတယ်လို့ ခံစားရပါတယ်