မြန်မာနိုင်ငံသို့ ပထမအသုတ်အနေဖြင့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲအပြင် ဖေဖော်ဝါရီလ ပထမပတ်တွင် ကိုဗစ် ကာ ကွယ်ဆေး ၂ သန်းခန့် ထပ်မံရောက်ရှိလာမည် ဖြစ်သဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံမည့် အချိန်ကာလကို ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ဇန်နဝါရီလ၂၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ၊ ၂၉ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၊ ၃၀ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များကို ထိုးပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ကာ အစိုးရ အဖွဲ့ဝင်များ အပါအဝင် နိုင်ငံတဝန်းတွင် စတင် ထိုးနှံပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
သို့ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် အသေးစိတ်အချို့ကို သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို ဧရာဝတီက ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ ဇန်နဝါရီ၂၇ ရက်ကနေစပြီး ကာကွယ်ဆေး စထိုးမယ်ဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ထိုးသွားမှာလား။ ဘယ်လို စီစဉ်ထားလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် တချို့တိုင်းနဲ့ ပြည်နယ်တွေကိုတော့ ရောက်နေပြီ။၂၂ ရက်ကနေ ကာကွယ် ဆေးတွေ ရောက်တဲ့အခါကျတော့၂၄ ရက်ကနေ စပို့တာ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အနှံ့ကိုပေါ့။ မန္တလေးတိုင်းကို ရောက်နေပြီ၊ စစ်ကိုင်းကို စသည်ဖြင့် ရောက်နေပါပြီ။ တိုင်းနဲ့ပြည်နယ်တွေက မတိမ်းမယိမ်းမှာပဲ ဇန်နဝါရီ၂၆ ရက်မှာ ရောက်ဖို့ ရှိပါတယ်။
၂၇ ရက်မှာ ကျန်းမာရေး ဝန်ထမ်းတွေတော့ စထိုးမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကိုဗစ်ကုသရေးမှာ ပါဝင် ဆောင်ရွက်နေတဲ့ စေတနာ့ ဝန်ထမ်းတွေ ၂၇ ရက်မှာ ထိုးမှာဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကတော့ တသိန်း တသောင်းကျော် ရှိတယ်။ ကျန်းမာရေးရော၊ စေတနာ့ ဝန်ထမ်းရော တသိန်းနှစ်သောင်းကျော်လို့ စာရင်းမှာ တွေ့ဖူးတော့ သူတို့လည်း ၁ သောင်း ဝန်းကျင်လောက် ရှိတယ်ဆိုပြီး မှန်းမယ်ဆို မှန်းလို့ရပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးနှံပေးဖို့ ဆရာဝန်၊ ဆရာမ ပြင်ဆင်ထားမှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တိုးချဲ့ကာကွယ်ဆေးထိုးစီမံချက်က ကာကွယ်ဆေး ၁၃ မျိုးကို ထိုးပေးတဲ့ အစဉ်အလာ ရှိပါတယ်။ ထိုးနေ ကျ ဖြစ်ပါတယ်။ ကလေးဦးရေ ၁ ဒဿမ ၃ သန်းကျော်ကို အမြဲထိုးပေးနေကျ ဖြစ်ပါတယ်။ ကာကွယ်ဆေး သိုလှောင်တဲ့ အခါမှာလည်း 2 to 8 ဒီဂရီစင်တီဂရိတ်မှာပဲ ဆေးအများစုက သိုလှောင်ရမှာ ဖြစ်တဲ့အတွက် ကာကွယ်ဆေး သိုလှောင် တာ၊ ဖြန့်ဖြူးတာ၊ ထိုးနှံပေးတာ၊ စာရင်းသွင်းတာ ဒါတွေ အားလုံးကတော့ ကျွမ်းကျင်ပြီးသား လုပ်နေကျအလုပ်တွေပဲ ဖြစ် ပါတယ်။
ကာကွယ်ဆေး ထိုးတဲ့အခါမှလည်း လက်မှာပဲ ထိုးရတယ်။ အသားဆေးပဲ ဖြစ်တဲ့အခါမှာ မေးခိုင်ကာကွယ်ဆေး ထိုးသလို ပါပဲ။ ကာကွယ်ဆေးထိုးပေးတဲ့ ကာကွယ်ဆေးထိုး ကျန်းမာရေး ဝန်ထမ်းတွေ ရှိပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေမှာ ဆို ရင် အကုန်လုံးက ကာကွယ်ဆေး ထိုးပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ကာကွယ်ဆေးထိုး စီမံချက်က လက်ရှိအောင်မြင်နေတဲ့ စီမံချက်လည်း ဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးပေးဖို့ လူအနေနဲ့ကတော့ ဘာမှ အခက်အခဲ မရှိပါဘူး။
တခုရှိတာကတော့ ကပ်ရောဂါကြီးမှာ ကာကွယ်ဆေးထိုးပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ရောဂါတယောက်နဲ့ တယောက် ကူးစက်မှု မရှိစေဖို့၊ အန္တရာယ်ကင်းစေဖို့။ အခုကာကွယ်ဆေးသည် နှစ်နဲ့ချီပြီးတော့ စမ်းသပ်ထားတဲ့ ကာကွယ်ဆေး မဟုတ်ဘူး။ လပိုင်းအတွင်း ၁ နှစ်မပြည့်ခင်မှာတင် ဒီဆေးကို ဖော်စပ်တာဖြစ်တဲ့ အတွက်ကြောင့်မို့ ကာကွယ်ဆေးကို အန္တရာယ်ကင်းစွာ စိတ်ချစွာ ထိုးဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေတော့ အများကြီး ဆောင်ရွက်ရပါတယ်။
ကြိုတင် ပြင်ဆင်မှုဆိုတာ ကာကွယ်ဆေး မထိုးခင်မှာ ရောဂါ ရာဇဝင်ယူတဲ့ ကိစ္စကအစ ကာကွယ်ဆေးထိုးတဲ့ အခါမှာ ထိုးတဲ့လူက Level 2 PPE ဝတ်ပြီးတော့ ထိုးပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခံသင့်တဲ့ လူတွေ ထိုးဖြစ်အောင် ဆောင်ရွက်ဖို့ လိုသလို ကာကွယ်ဆေးထိုးတဲ့အခါမှာ ဂရုစိုက်ပြီး ထိုးရမယ့်လူတွေအနေနဲ့လည်း အထူးဂရုစိုက်ပြီး ထိုးနှံဖို့က အရေးကြီးတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စတွေကိုလည်း အလေးအနက်ထားပြီးတော့ သင်တန်းပေးထားပြီး ဖြစ်ပါ တယ်။
ဒါ့ပြင် ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း ဘေးထွက်ဆိုးကျိုးတွေ မရှိအောင်လည်း Emergency Box တွေ ထားရှိပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ နောက်တခုက ထိုးပြီးရင်လည်း စွန့်ပစ်ပစ္စည်းတွေကို ဒီတိုင်းပြီးစလွယ် စွန့်ပစ်လို့ မရပါဘူး။ စနစ်တကျ အန္တရာယ်ကင်းစွာ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင်လည်း ချက်ချင်း မပြန်ရပါဘူး။ နာရီဝက် စောင့်ကြည့်မှာ ဖြစ်ပါတယ်။
တကယ်လို့သာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်လာရင်လည်း အရေးပေါ် ကုသ မှုပေးမယ့်အပြင် ကုသမှု ပေးရတဲ့ အခါမျိုးဆိုရင်လည်း ဆရာဝန်၊ သူနာပြုနဲ့ ကားဆရာပါဝင်တဲ့ Ambulance Team ၊ Emergency Medical Team ကိုလည်း ကာကွယ်ဆေးထိုး စုရပ်တွေ အပြင်မှာ ထားရှိမှာဖြစ်တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး စိတ်ချလုံခြုံမှုရှိအောင် အန္တရာယ်ကင်းစွာနဲ့ ထိုးပေးနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါတယ်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးမယ့် နေရာတွေက ဆေးရုံတွေမှာပဲလား၊ ဒေသန္တရ ဆေးခန်းတွေရော ပါဦးမလား။
ဖြေ။ ။ ဒေသန္တရ ဆေးခန်းတွေကတော့ ပါဖို့ သိပ်မရှိပါဘူး။ သင်တန်းပေးတာက ၂၃ ရက်နဲ့ ၂၄ ရက်မှာ ပေးတာက ဗဟို အဆင့် ကာကွယ်ဆေး သင်တန်းပေးတာ ဖြစ်ပါတယ်။ ဗဟိုအဆင့်ဆို တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ တိုင်းဦးစီးမှူး၊ ရောဂါ ကာ ကွယ်ရေးမှာ ဦးဆောင်တဲ့လူ ဖြစ်ပါတယ်။ ဗဟိုအဆင့်ကနေပြီးတော့ ခရိုင်အလိုက်၊ မြို့နယ်အလိုက်။ မြို့နယ်အဆင့် သင် တန်း ပေးတာကျတော့ လကုန်မှာ ပေးမှာဖြစ်တဲ့အတွက်ကြောင့် လောလောဆယ်ကတော့ အောက်ခြေအဆင့်လောက် ထိ ကာကွယ်ဆေးထိုးဖို့အတွက် မဖြစ်နိုင်သေးပါဘူး။
စထိုးမှာက ကျန်းမာရေး ဝန်ထမ်းတွေပဲ ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်း တသိန်းတသောင်းက သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အလိုက်ဆိုရင် ၁ သောင်း၂ သောင်းဝန်းကျင်တွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြဿနာ မရှိပါဘူး။ ကောင်း စွာထိုးနိုင်ပါတယ်။ ဥပမာ မန္တလေးဆိုရင် မန္တလေးမှာရှိတဲ့ ခန်းမတွေမှာ ထိုးပေးဖို့ ဒါမျိုးတွေ ပြင်ဆင်ထားတာ ရှိပါတယ်။ အဲဒီလိုပါပဲ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ကိုဗစ်ကော်မတီရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မေး။ ။ ပထမအသုတ်မှာ လူဦးရေ ခုနှစ်သိန်းခွဲ ထိုးနှံမယ်ဆိုတော့ ဘယ်နှပတ်အတွင်းမှာ ထိုးနှံမယ်လို့ မျှော်မှန်းထားတာ မျိုးရှိလဲ။
ဖြေ။ ။ ၂၁ ရက်မှာ နိုင်ငံတော် အတိုင်ပင်ခံ မိန့်ခွန်းလည်း ပြောထားပြီး ဖြစ်ပါတယ်။ အဲဒီမှာ ကာကွယ်ဆေးတွေကို ၇ ရက် ကနေ ၁၀ ရက်အတွင်း အပြီးထိုးရမယ်လို့ ပြောထားတာလည်း ရှိပါတယ်။ ထပ်ထပ်ပြီးတော့လည်း ကာကွယ်ဆေးတွေ ထပ်ရောက်လာဖို့လည်း ရှိပါတယ်။ အဲဒီကျရင် ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးတွေ ထိုးပေးမှာ ဖြစ်ပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးနှံမယ့် အဆင့်ဆင့်ဆိုပြီး စာတစောင် ထွက်လာတာက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတာပါလား။ ကျန်းမာရေး ဝန်ကြီးဌာနက လက်ရှိ ဘယ်သူတွေ၊ ဘယ်သူတွေကို ထိုးပေးမယ်ဆိုပြီး အုပ်စုခွဲထားတာ ရှိလဲ။
ဖြေ။ ။ ကျန်းမာရေး ဝန်ထမ်းတွေသည် ပထမဦးစားပေး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ ဝန်ထမ်းတွေပါ တယ်။ ဒါတွေကတော့ ပထမဦးစားပေး ဖြစ်ပါတယ်။ ဒုတိယ ဦးစားပေးကတော့ နိုင်ငံတော် တည်ဆောက်ရေးမှာဆိုရင် မရှိ မဖြစ် လိုအပ်တဲ့ အဓိက ဝန်ထမ်းတွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်တွေ ဒါတွေပါမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပထမ ဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့အတူ အသက်ကြီးတဲ့လူတွေ အသက် ၆၅ နှစ်အထက် လူတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ခုနက ပြောသလို မီဒီယာမှာ ထွက်နေတဲ့ဟာက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တာတော့ မဟုတ်ပါ ဘူး။ သို့သော် လိုအပ်တဲ့ စာရင်းဇယားတွေကို ကောက်ယူဖို့အတွက် လုပ်ထားတဲ့ ကိစ္စရပ်တွေလို့ ကျမကတော့ ထင်မြင်ပါ တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒေတာတွေ ရရှိပြီဆိုရင်တော့ ကာကွယ်ဆေး ရရှိမှုအပေါ်၊ ဒီအချက်အလက်တွေအပေါ် မူ တည်ပြီးတော့ ဘယ်သူ့ကို အရင် ထိုးသင့်သလဲပေါ့။ ဒါကတော့ ကာကွယ်ဆေး ရရှိမှုအပေါ် မူတည်ပါတယ်။
ဥပမာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် အသက် ၆၅ နှစ်အထက် မြန်မာနိုင်ငံ မှာ စုစုပေါင်း ၃ ဒသမ ၆ သန်းကျော် ရှိပါတယ်။ အခု ကျမတို့ရတဲ့ ကာကွယ်ဆေး ၃ ဒသမ ၆ သန်း မရှိသေးပါဘူး။ ၁ ဒသ မ ၅ သန်းပဲ ရှိသေးပါတယ်။ လူ ၇ သိန်းခွဲစာပဲဖြစ်တဲ့ အတွက်ကြောင့် ကာကွယ်ဆေးရရှိမှုပေါ် မူတည်ပြီး ခုနက ပြောသလို ဦးစားပေး အုပ်စုလေးတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
အခုရောက်တဲ့ ကာကွယ်ဆေးကို ဖြစ်ပွားမှုများတဲ့ တိုင်းနဲ့ ပြည်နယ်က အသက်အရွယ်ကြီးတဲ့ သူတွေကို ဦးစားပေးဖို့ ရှိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ပွားမှုကို ရပ်တန့်စေချင်ပါတယ်။ အဖြစ်များတဲ့ ဒေသတွေ ဖြစ်ရင် သေဆုံးနိုင်တဲ့သူတွေ ကို ကာကွယ်ဆေးထိုးပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကျမတို့ဟာ ဖြစ်ပွားမှုကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်မှာ ဖြစ် သလို၊ ဖြစ်ပွားသေဆုံးမှုတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ စာရင်းဇယားက ကောက်ထားတာတော့ မမှားပါဘူး။
မေး။ ။ မှာထားတဲ့ ကာကွယ်ဆေး သန်း ၃၀ က နောက်ထပ်ရောက်ရှိမယ့် အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဖေဖော်ဝါရီလ ပထမပတ်လောက်တော့ ကနဦး ရောက်ဖို့တော့ ရှိပါတယ်။ COVAX က ဆေးတွေလည်း ရောက်ဖို့ ရှိပါတယ်။ မတ်လလောက် ကျမတို့ မကြာမီ ဆက်တိုက်၊ ဆက်တိုက် ထိုးနှံဖို့ လုပ်တော့မှာ ဖြစ်ပါတယ်။ ဧပြီလောက်မှာ ရောက်မယ်ပြောထားပေမယ့် မတ်လလောက်မှာ စတင် ရောက်ဖို့ ရှိနေပါတယ်။
You may also like these stories:
“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”
ကိုဗစ်ဒုတိယလှိုင်း စတင်ရာ ရခိုင်မှာ ကျန်းမာရေးဝန်ထမ်း ၄ ထောင်ကျော် ကာကွယ်ဆေး ထိုးမည်
ကိုဗစ် ကာကွယ်ဆေးထိုးရန် တိုင်းနှင့် ပြည်နယ်များတွင် စာရင်းကောက်ယူ
ဝင်ငွေနည်း တိုင်းပြည်တွေဆီ Pfizer ကနေ ကာကွယ်ဆေး သန်း ၄၀ ထောက်ပံ့မည်