ဂုဏ်သိက္ခာကို ထိန်းမလား၊ နိုင်ငံတကာရဲ့အရေးယူမှုတွေကို ရင်ဆိုင်မလား ဆုံးဖြတ်ရမှာ

ဇူးဇူး
ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်၊ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူး / ဟိန်းထက် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင် ရာတရားရုံး (ICJ) မှာ လျှောက်ထားချက်နဲ့ ပတ်သက်လို့ မြန်မာဘက်က ပြန်လည်ခုခံချေပချက်ကို ၂၀၂၁ ဇန်နဝါရီ ၂၅ ရက် မှာ ICJ ကို တင်သွင်းရမယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က တရားစွဲဆိုခဲ့ပြီးနောက်၂၀၂၀ ဇန်နဝါရီ ၂၃ ရက် မှာ ICJ က မြန်မာနိုင်ငံအနေနဲ့ လိုက်နာရမယ့် ကြားဖြတ် အစီအမံ (Provisional Measure) ၄ ချက်ကို ချမှတ်ခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရက တရားရုံးဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်စရာ ရှိ တာတွေကို အချိန်မီ လုပ်ဆောင်သွားမှာဖြစ်ပြီး အသေးစိတ် ပြောဖို့မရှိဘူးလို့ ယခုလဆန်းပိုင်းက နေပြည်တော်မှာ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။

မြန်မာက တင်သွင်းမယ့် ခုခံချေပချက်မှာ ဘယ်လို အချက်မျိုးတွေ ပါဝင်နိုင်မလဲ၊ ဒီလို တင်သွင်းပြီးပြီဆိုရင် တရားရုံး လုပ် ငန်းစဉ်အရ ဘာဆက်ဖြစ်မလဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အခြေစိုက် ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်၊ လူ့အခွင့် အရေး ရှေ့နေ ဦးအောင်ထူးကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ICJ ကို ခုခံချေပချက် တင်သွင်းရပါမယ်။ အစိုးရဘက်က အချိန်မီ တင် သွင်းဖို့ရှိတယ် ဆိုတာက လွဲပြီး အသေးစိတ် ထုတ်ပြန်ထားတာ မရှိပေမယ့် ဆရာတို့လို ဒီအမှုကို စိတ်ဝင်တစား စောင့် ကြည့် လေ့လာနေတဲ့သူတွေ အနေနဲ့ မြန်မာအစိုးရရဲ့ ခုခံချေပချက်မှာ ဘယ်လို အချက်မျိုးတွေ ပါဝင်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ နှစ်ပိုင်း ရှိတယ်။ တပိုင်းက ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီမံဆောင်ရွက်မှု အမိန့်အတိုင်းပဲ လိုက်နာဆောင် ရွက်နေပါတယ် ဆိုတာမျိုး ဖြစ်နိုင်တယ်။ ဥပမာ လက်ရှိကျန်နေသေးတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်က ဘာမှ မဖြစ်တော့ ဘူး။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကိုလည်း ပြန်ခေါ်ဖို့လုပ်နေတယ်။ နောက်တခါ ပြစ်မှုကျူးလွန်တဲ့သူတွေ ကိုလည်း ထိုက်သည့်အားလျော်စွာ အင်းဒင်လိုအမှုမျိုး အရေးယူနေပါတယ် ဆိုတာမျိုးကိုလည်းပဲ တင်သွင်းနိုင်တယ်။

နောက် တဖက်ကလည်းပဲ ICJ က ချမှတ်လိုက်တဲ့ တရားရုံးစီရင်ချက်ရဲ့ မတိကျမှုအပေါ်မှာ အခြေခံပြီးတော့မှ တရားရုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးချတဲ့ provisional measure အမိန့် နံပါတ်တစ်မှာ to prevent the commission of all acts within the scope of Article II of this Convention (Genocide Convention ပုဒ်မ ၂ ရဲ့ ဘောင်ထဲကနေ အကျုံး ဝင်တဲ့ ကျူးလွန်မှုတွေကို ကာကွယ်တားဆီးဖို့) အဲဒီမှာ အဓိကကျတာက လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ရန် ရည်ရွယ် ချက် (Intent) နဲ့ ဒါတွေဒါတွေ မလုပ်ရလို့ ဆိုထားတယ်။

အဲဒီလို ဆိုထားတဲ့အတွက် မြန်မာအစိုးရရဲ့ တရားရုံးမှာ ခုခံကာကွယ်သွားတဲ့ အချက်ကလည်း သူတို့က ဒီကိစ္စရပ်တွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ မစ္စတာဝီလျံရှဘတ် အပါအဝင် သူ့ရဲ့ရှေ့နေတွေက ပြီးခဲ့တဲ့ တရားရုံးမှာ အဓိက ခုခံချက်အနေနဲ့ ရည်ရွယ်ချက် မရှိဘူး ဆိုတာကို သက်သေပြသွားတယ်။ ရှေ့နေက နားလည်တယ် လေ။ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ်နဲ့ တရားရုံးက ဆုံးဖြတ်ချက် ချနိုင်ဖို့ဆိုရင် ရည်ရွယ်ချက်ကို သက်သေပြရမယ်။ ဒါက လူမျိုးတုဉ်းသတ်ဖြတ်မှုဆိုတာရဲ့ ထူးခြားချက် ဖြစ်တယ်။ တခြား စစ်ရာဇဝတ်မှု၊ လူသားဆန့်ကျင်ပြစ်မှု အဲဒါတွေမှာ ရည် ရွယ်ချက်က အဓိက မဟုတ်ဘူး။ လူမျိုးတုံး သတ်ဖြတ်မှုမှာ ရည်ရွယ်ချက်က အဓိက ဖြစ်တယ်။

အဲဒီတော့ မြန်မာအစိုးရက ပြောနိုင်တယ်။ တရားရုံး ဆုံးဖြတ်ချက်ထဲမှာလည်း တဖက် ဂမ်ဘီယာက တင်တဲ့အထဲမှာ Intent နဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အထောက်အထားတွေ တင်တာ မတွေ့ရသေးဘူး ပါထားတဲ့အခါကျတော့ သူတို့ ဒါတွေ ကို ရည်ရွယ်ချက်နဲ့ ကျူးလွန်တာ မဟုတ်ဘူး။ ဒါကြောင့် အမှုကို ဆက်ရင်ဆိုင်သွားမယ်။ အဲဒီတော့ ရည်ရွယ်ချက်နဲ့ ကျူး လွန်လား၊ မကျူးလွန်လားဆိုတာ အမှုက နောက်ဆုံးအဆင့် ကြားနားပြီးမှ ဆုံးဖြတ်ရမှာ။ အခုလို အချိန်ကာလမှာ ကြား ဖြတ် စီမံဆောင်ရွက်မှု အမိန့်ကို လိုက်နာစရာ မလိုဘူးလို့ တင်ချင်လည်း တင်နိုင်တယ်။ ဘက်နှစ်ဖက်စလုံး ဖြစ်နိုင်ပါတယ်။

မေး။ ။ မြန်မာဘက်က ဒီခုခံ ချေပချက် တင်သွင်းပြီးတဲ့နောက် တရားရုံးလုပ်ငန်းစဉ်အရ ဘာဆက်ဖြစ်မှာလဲ။

ဖြေ။ ။ ICJ က သူ့ရဲ့ လုပ်ထုံးလုပ်နည်း (Procedure) တွေက မကြာမကြာ ပြောင်းတယ်။ ပြောင်းခွင့်လည်း ရှိတယ်။ မြန် မာနိုင်ငံအမှုမှာ အခု ကြားဖြတ်စီမံဆောင်ရွက်မှု အမိန့်ချလိုက်တယ်။ အဲဒီအမိန့်ကို လိုက်နာဆောင်ရွက်တဲ့အနေနဲ့ ပထမ လေးလ အစီရင်ခံစာတင်၊ နောက် ခြောက်လ၊ ခြောက်လ အစီရင်ခံစာတင်။ ဒါပဲ ချလိုက်တယ်။ အတိအကျ အစီရင်ခံစာ အရေအတွက် ဘယ်လောက်တင်တယ်၊ အချိန်ကာလ ဘယ်လောက်အတွင်းမှာ ဒါကို အပြီးသတ် ဆုံးဖြတ်သွားမယ်၊ အပြီး သတ် လေ့လာသွားမယ်ဆိုတာလည်း မပါဘူး။ အဲဒီတော့ ဘယ်လောက်ထိအောင် ဆက်သွားမယ်၊ ဘယ်အချိန်မှာ ရပ်ရ မလဲဆိုတာက တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်တယ်။

တဖက်ကလည်းပဲ ဆရာတို့ ကြားရတဲ့သတင်းအရ အထူးသဖြင့် Global Justice Center က ထုတ်ပြန်တဲ့ သတင်းအရ မြန်မာအစိုးရက ICJ မှာ ပဏာမကန့်ကွက်ချက်ကို တင်လိုက်တယ်။ အဲဒီကန့်ကွက်ချက်က ဂမ်ဘီယာကို ဆန့်ကျင်ပြီး တင် တာမျိုး ဖြစ်နိုင်တယ်။ ဆိုလိုချင်တာက ဂမ်ဘီယာဟာ တရားစွဲခွင့် မရှိဘဲနဲ့ တရားစွဲတာ။ OIC လို့ခေါ်တဲ့ အဖွဲ့ကို ကိုယ်စား ပြု ပြီးတော့မှ ဂမ်ဘီယာက တရားစွဲတာ။ ဂမ်ဘီယာနဲ့ မြန်မာကြားထဲမှာ အငြင်းပွားမှု (Dispute) မရှိဘူး။ ဒီလို ရိုဟင်ဂျာ တွေ ဖြစ်သွားတဲ့ မှုခင်းကြောင့် တရားစွဲတဲ့ ဂမ်ဘီယာမှာ နစ်နာဆုံးရှုံးမှု မရှိဘူး။ ဒါကြောင့် ဂမ်ဘီယာမှာ တရားစွဲခွင့် မရှိဘူး လို့ အဲဒါမျိုးကို အခြေခံပြီးမှ ပဏာမ ကန့်ကွက်ချက် တင်လိုက်တယ်လို့ ကြားရတယ်။

ပဏာမ ကန့်ကွက်ချက်က တင်ခွင့်ရှိတယ်။ အဲဒီလို တင်လိုက်ရင် လုပ်ထုံးလုပ်နည်းက ပဏာမ ကန့်ကွက်ချက်ကို တရား ရုံးက အရင်ဆုံးဖြတ်ရမယ်။ ဆုံးဖြတ်ပြီးတော့မှ အမှုရဲ့အရည်အသွေး၊ တကယ်တမ်း ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ ဆိုတာကို နောက်ဆုံးမှ ဆုံးဖြတ်ရမယ့်ဟာကို ရွှေ့ရပါမယ်။ အဲဒီလိုမျိုးနဲ့ သွားနေတာဖြစ်တဲ့အခါကျတော့ ဆရာတို့ဘက်က အတိ အကျ ပြောရတာ ခက်တယ်။

မေး။ ။ ဒီလိုမျိုး မြန်မာနိုင်ငံရဲ့ ပဏာမ ကန့်ကွက်ချက်တွေ၊ ခုခံချေပချက်တွေဟာ ဒီအမှုဖြစ်စဉ်အပေါ်နဲ့ နိုင်ငံတကာ မျက် နှာစာမှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ။

ဖြေ။ ။ ပထမဦးဆုံး စဉ်းစားဖို့က မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ ICJ ဟာ ICC လို့ခေါ်တဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးနဲ့ မတူဘူး။ ICC က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း။ ကုလသမဂ္ဂ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ မရှိဘူး။ အုပ်ချုပ်ရေးအရ သူ့ဘာသာ လွတ်လပ်စွာ လည်ပတ်နေတာ။ တိုင်းပြည်တွေက တိုက်ရိုက်ဖွဲ့စည်းထားတာ။ ICJ ကျတော့ ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတရပ် ဖြစ်တယ်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လိုက်နာဖို့အတွက် အဖွဲ့ဝင် နိုင်ငံ အားလုံးမှာ တာဝန်ရှိတယ်။ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၉၄ (၁) မှာ ICJ က ချမှတ်လိုက်တဲ့ အမိန့်တွေကို လိုက်နာရမယ်ဆိုတာ အတိအ လင်း ဖော်ပြထားတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခု ဖြစ်တာကြောင့် ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်း သိမ်းဖို့ လိုတယ်။ လိုက်နာဖို့ တာဝန်ရှိတယ်။ မလိုလားအပ်ဘဲနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ငါတို့ကို အမြဲတမ်း ထောက်ခံတဲ့ တရုတ်နဲ့ရုရှား ရှိတယ်ကွာဆိုပြီး လုပ်ချင်တာလုပ်မယ် ဆိုတဲ့ ပုံစံမျိုး မသွားသင့်ဘူး။

မလိုက်နာဘူးဆိုရင် ဘာဖြစ်လာနိုင်လဲ ဆိုတဲ့အပေါ်မှာ ဆက်စပ်မှုတွေက အများကြီးပဲ။ ဒီ Provisional measure ကို မလိုက်နာတဲ့ သာဓကတွေ တခြားနိုင်ငံတွေမှာလည်း ဖြစ်ပျက်ခဲ့တာတွေ ရှိတယ်။ မလိုက်နာလို့ ဖြစ်လာတဲ့ အကျိုးဆက် တွေက မကောင်းဘူး။ ဥပမာ Bosnia နဲ့ Herzegovina case မှာဆိုရင် နောက်ပိုင်းမှာ International Criminal Tribunal of Yugoslavia- ICTY နဲ့ ဆက်သွားတာမျိုးတွေ ရှိတယ်။ နောက်တခါ R2P လို့ ခေါ်တဲ့ Responsibility to Protect နိုင်ငံ တကာရဲ့ ကာကွယ် စောင့်ရှောက်ရန် တာဝန်ဆိုတာမျိုးတွေ ပေါ်လာတယ်။ ဒါတွေထိ ရောက်သွားမှာ။ ပြောလို့ မရဘူး။

ဒါကို လက်ရှိ အစိုးရအနေနဲ့ စဉ်းစားသင့်တယ်။ အခု အမေရိကန်မှာလည်း အစိုးရ ပြောင်းသွားပြီ။ အခု တက်လာတဲ့ ဂျိုးဘိုင်ဒန် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒီကိစ္စကို စိတ်ဝင်စားတယ်။ ဒီပြစ်မှုကျူးလွန်မှုဟာ Genocide မြောက်လား၊ မမြောက်လား ဆိုတာကို စစ်ဆေးနေပြီ။ ဆိုလိုချင်တာက နှစ်ချက်ပေါ့။ ၁ အချက်က မြန်မာနိုင်ငံဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ထိန်းမလား။ အခုနကပြောတဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့အညီ ထိန်းဖို့ တာဝန်ကို ရှိတယ်။ အဲဒီလို မထိန်းဘူး။ ဗြောင်ဆန့်ကျင်မယ်။ ICJ က တိုက်ရိုက် ဘာမှလုပ်လို့ မရဘူးဆိုတာမျိုးတွေကို တင်းတင်းခံထားပြီးတော့ မလိုလားအပ်တဲ့ နိုင်ငံတကာရဲ့ အရေးယူမှုတွေကို ရင်ဆိုင်မလားဆိုတာ ကနေ့အချိန်မှာ ဆုံးဖြတ်ရမှာ မြန်မာအစိုးရ ဖြစ်တယ်။

မေး။ ။ သိပ်မကြာသေးခင်ကပဲ ICJ ကနေပြီး ကြားဖြတ်အစီအမံ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်မယ့် တရားသူကြီး ၃ ဦးပါ အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်ပေါ့။ ဒါကရော မြန်မာနိုင်ငံအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ။ ။ မှန်ပါတယ်။ ကော်မတီဖွဲ့ လိုက်တယ်။ တရားသူကြီး ၃ ဦး ပါတယ်။ သူတို့ရဲ့ ယေဘုယျ တာဝန်က ဘက်နှစ်ဖက် တင်လာတဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးမယ်။ တရားရုံးကို အစီရင်ခံမယ်။ ဘာလုပ်သင့်တယ်ဆိုတာ ထောက်ခံ တင်ပြမယ်။ အဓိက ဆုံးဖြတ်ရမှာက တရားရုံးက ဆုံးဖြတ်သွားမယ်။ ဒီမှာ အဓိကတွေ့ရတဲ့ ပြဿနာက မြန်မာအစိုးရ တင် လိုက်တဲ့ အစီရင်ခံစာတွေကို အများပြည်သူသိအောင် မလုပ်ပေးတာဘဲ။ အများပြည်သူ မသိတဲ့အခါကျတော့ အများပြည် သူက စစ်ဆေးခွင့်၊ မေးမြန်းခွင့်၊ ကြီးကြပ်ခွင့် မရဘူး။ သတင်းဌာနတွေကလည်းပဲ ဒီကိစ္စကို နောက်က လိုက်မေးလို့ကို မရ ဘူး။ အဲဒါ ပြဿနာ အကြီးအကျယ် တက်တယ်။

တဖက်ကကျတော့လည်း အဲဒီလို ပေးမသိတော့ ကြီးကြပ်ခွင့်မရဘူး။ ICJ က နိုင်ငံတကာတရားရုံး ဖြစ်တယ်။ ICJ က တတ်နိုင်သမျှ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို လေးစားတယ်။ ဒါကြောင့် သူဟာ ဖြစ်နိုင်ရင် ဒီအမှားကို သက်ဆိုင်ရာ တိုင်းပြည်ကပဲ ပြင်သွားတာမျိုး ပိုလိုချင်တယ်။ နိုင်ငံတကာ ဆက်ဆံရေး ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ဘူး။ အဲဒါကြောင့် provisional measure ချလိုက်တဲ့အခါမှာ ရိုးရိုးသားသားပဲ ကိုယ့်အစီရင်ခံစာ ဟုတ်ပါတယ်။ ဒီကိစ္စကို ဘယ်လို အရေးယူ ဆောင်ရွက်နေပါတယ်ဆိုတာ အစိုးရက ပွင့်ပွင့်လင်းလင်း ချပြလိုက်ရင် လူထုအသင်းအဖွဲ့တွေကလည်း စစ်ဆေးမေးမြန်း ခွင့်ရတယ်။ အထူးသဖြင့် သတင်းဌာနတွေက မေးမြန်းခွင့်ရတယ်။ အမှန်တရားကို အများကြီး ဖော်နိုင်တယ်။

အဲဒီလို လုပ်မထားတဲ့အတွက် ICJ ကနေ ပုဒ်မ ၁၁ အရ နောက်ထပ် အသစ်ပြဋ္ဌာန်းလိုက်တယ်။ အခု ပညာရှင်တွေ အဓိပ္ပာယ် ဖွင့်ဆိုကြတာတော့ ဒီထုတ်လိုက်တဲ့ ကြားဖြတ်အမိန့်ကို ပြင်ဆင်နိုင်၊ ပြောင်းလဲနိုင်၊ ရုပ်သိမ်းနိုင်၊ ထပ်ဖြည့်နိုင် တယ်။ တရားသူကြီး ၃ ဦးရဲ့ တွေ့ရှိချက်ကနေပြီးတော့မှ မြန်မာအစိုးရဟာ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်ဆောင် ရွက်ဖို့ အမိန့်အတိုင်း ဆောင်ရွက်ခြင်း ရှိလားမရှိလားဆိုတဲ့အပေါ်မှာ တကယ်လို့ မကျေနပ်ဘူးဆိုရင် ချမှတ်ထားတဲ့ provisional measure ကို ထပ်တိုး၊ ထပ်ပြင်တာတွေ ဖြစ်သွားနိုင်တယ်။

အဲဒီမှာ အစောကပြောတဲ့ အများပြည်သူသိအောင် လုပ်ပါဆိုတာမျိုး အပါအဝင် တခြားအချက်အလက်တွေ အများကြီး ပါသွားနိုင်တယ်။ ပိုရှုပ်ထွေးတာပေါ့။ ပို အချိန်ကြာတာပေါ့။ အစိုးရအတွက်လည်း ဂုဏ်သိက္ခာကျဆင်းတယ်။ အဲဒါမျိုးတွေ ဖြစ်သွားမယ်ဆိုရင် မကောင်းဘူး။ ဒီလိုမျိုး အဆင့်ထိ ဆက်တိုက် လုပ်ငန်းစဉ်တွေ ရှိလာနိုင်တယ်လို့ နားလည်ပါတယ်။

မေး ။ ။ ဒီအမှုနဲ့ ပတ်သက်လို့ နောက်တက်လာမယ့် အစိုးရသစ်ကို ဘာများ အကြံပြုချင်ပါသလဲ။

ဖြေ။ ။ ဒီအမှုနဲ့ ပတ်သက်လို့ အချက် ၅ ချက်လောက် အကြံပြုချင်တယ်။ တချက်က အစိုးရအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေး ဆိုတာကို အလေးအနက် လှိုက်လှိုက်လှဲလှဲ နှလုံးသားထဲက ပြန်လည်မြှင့်တင်သင့်တယ်။ ဒါ သိပ်အရေး ကြီးတဲ့အချက်ပါ။ နောက်တချက်က ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ်အဖြစ်နဲ့ ရပ်တည်စေချင်တယ်။ အခြေခံအင်္ဂါရပ် တချက် က ဘာလဲဆို နိုင်ငံတကာဥပဒေတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်။ လေး စားလိုက်နာကြောင်း ပြရမယ်။ ပြည်တွင်းထဲမှာ ပညာရေးစနစ်ကိုလည်း ပြောင်းရမယ်။ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေ သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းပြဋ္ဌာန်းဖို့ လိုအပ်လာပြီ။

တတိယ အချက်က တိုင်းပြည်ကို တကယ်တမ်း ဥပဒေစိုးမိုးရေး အခြေခံက ချဉ်းကပ်အကောင်အထည်ဖော်အုပ်ချုပ်ဖို့ လို အပ်လာပြီ။ ဥပဒေစိုးမိုးရေးရဲ့ အနိမ့်ဆုံးက ဘာလဲ။ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးရမယ်။ ပြစ်မှုကျူးလွန်ခံရတဲ့သူတွေကို တရားမျှတမှုရအောင် ကာကွယ်စောင့်ရှောက်ရမယ်။ ဒီအခြေခံနှစ်ချက်ရှိမှ ဥပဒေစိုးမိုးရေး ဖြစ်လာတာ။ ဒါကြောင့် ပြစ်မှု ကျူးလွန်သူကို အပြစ်ပေးရေး ဖော်ဆောင်ဖို့ လိုတယ်။

နောက်တချက်က ပြစ်မှုကျူးလွန်သူကို အပြစ်ပေးတဲ့အခါမှာ အဟန့်အတားဖြစ်တာက မြန်မာစစ်တပ်က သူ့ရဲ့ တရားစီ ရင်ရေးကို သီးခြားလုပ်ထားလိုက်တာ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သီးခြားလွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ဖြစ်နေတယ်။ အဲဒီတော့ လွတ်လပ် ဘက်မလိုက် ထက်မြက်ပြီးတော့ လိုအပ်တဲ့အရင်းအမြစ်တွေ ဖြည့်ဆည်းပေးခံထားရတဲ့ အရပ်ဘက် တရားစီရင်ရေးတရပ် အားကောင်းပေါ်လာအောင် လုပ်ပြီး စစ်ဖက်တရားစီရင်ရေးကို အဲဒီအောက်မှာ ပြောင်းဖို့လိုတယ်။

နောက်ဆုံးအချက် ပြောချင်တာတော့ လူသားချင်းစာနာတဲ့ စိတ်ဓာတ် (Humanity) ၊ ကိုယ်ချင်းစာတဲ့ စိတ်ဓာတ်ကို အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သူခေါင်းဆောင်တဲ့ အစိုးရတွေက လက်တွေ့ ကျင့်သုံးစေချင်တယ်။ ဘာကြောင့် ရို ဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေအပေါ်မှာ အစိုးရက လိုက်ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ။

အခု ICJ မှာ ဂမ်ဘီယာ စွဲထားတဲ့အမှုကို အစိုးရက နိုင်သွားအောင် ကြိုးစားတယ်။ နိုင်ချင်လည်း နိုင်သွားတယ်။ အဲဒီအ ခါမှာ ကြောက်စရာကြီး ဖြစ်သွားပြီ။ ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို လူသတ်လက်နက်ပေးလိုက်သလို ဖြစ်သွားပြီ။ ဆက်လုပ်တော့မယ်လေ။ ဘာနဲ့ ဆက်ကာကွယ်တားဆီးတော့မလဲ။ ကနေ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အရပ်သားအစိုးရ ပိုတာဝန်ရှိသွားပြီ။ အဲဒီလောက် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီးတော့မှ လူသားချင်းစာနာတဲ့ စိတ် ဓာတ်၊ ကိုယ်ချင်းစာတဲ့ စိတ်ဓာတ်နဲ့ ဒီအမှုကို ကိုင်တွယ်ချဉ်းကပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

You may also like these stories:

မြန်မာဘက်က ခုခံချေပချက်ကို ICJ သို့ အချိန်မီ တင်သွင်းသွားမည်

ICJ က ဖွဲ့စည်းလိုက်သည့် အထူးကော်မတီ မြန်မာအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲ

ဟိန္ဒူဒုက္ခသည်များကို အမြန်ဆုံး ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်ထံ မြန်မာ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading