ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို မဖြေရှင်းပါက အာဏာသိမ်းမှု မဖြစ်နိုင်ဟု ပြော၍မရကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နေပြည်တော်တွင် ဇန်ဝါရီ၂၆ ရက် က ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ၌ သတင်းထောက်တဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်က ထုတ်ပြန်နေသည့်၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း စိစစ်ချက်များ မှန်ကန် ကြောင်းနှင့် ၎င်းတို့၏ တွေ့ရှိချက်အရ မှားယွင်းမှုရှိသော မဲစာရင်း ၈ ဒသမ ၆ သန်းကျော်ရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ် သက်၍ တပ်မတော်၏ တောင်းဆိုချက်များကို ဖြေရှင်းပေးခြင်း မရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို အတိ အကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ၎င်းတို့တွင် အဖြေရှိပြီး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ တဦး၏ ထိုကဲ့သို့ ပြောဆိုချက်များအပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘော ထား တုံ့ပြန်ချက်များအား ဧရာဝတီမှ သတင်းထောက်များက ဆက်သွယ် မေးမြန်းထားပါသည်။
ဦးစိုင်းညွန့်လွင်
ဒု ဥက္ကဋ္ဌ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)

သူက အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ဘူးလို့ ပြောတယ်ဆိုပေမယ့် အခြေခံဥပဒေနဲ့အညီလို့ ပြောထားတယ်လေ။ အခြေ ခံ ဥပဒေမှာက ခွင့်ပြုမထားဘူး။ အဲဒီတော့ ကောက်ယူလို့တော့ မရဘူးထင်ပါတယ်။ လက်ရှိမှာ အာဏာသိမ်းရင် ရှုပ်ကုန် မှာပေါ့။ အခြေခံဥပဒေလည်း ပျက်သွားမှာပေါ့။
ဦးဘိုကြည်
တွဲဖက် အတွင်းရေးမှူး
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

အာဏာသိမ်းတယ်ဆိုတဲ့ စကားမျိုးကတော့ မပြောသင့်ဘူး။ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိတယ်။ အားလုံးလည်း သိတယ်။ ရွေးကောက်ပွဲ ရလဒ်ကလည်း ပြည်သူအများ စုက ပေးထားတာ ဖြစ်တယ်။ အလေးထားရမယ်။ မဲမှားတယ်ဆို တာ အသစ်ဖြစ်တဲ့ ပြဿနာတွေ မဟုတ်ဘူး။၂၀၁၀ မှာလည်း ဖြစ်ခဲ့တယ်၊၂၀၁၅ မှာလည်း ဖြစ်ခဲ့တယ်။ စဉ်းစားရမှာက လာမယ့် ကြားဖြတ်ရွေး ကောက်ပွဲတွေမှာ ဒီလို အမှားမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ပြောမယ်ဆိုရင် တိုင်းပြည် အတွက် ပိုပြီး အကျိုး ရှိတယ်။
မလိုအပ်တဲ့ ပြောစကားတွေကို ပြောနေရင်းနဲ့ တိုင်းပြည်က ရှေ့ရောက်မယ့်ဟာ ရှေ့မရောက်ဘဲ တန့်နေတာ မျိုး ဆိုရင် ပြည်သူရော၊ တိုင်းပြည်အတွက်ပါ မကောင်းဘူး။ ပြည်သူတွေလည်း နဂိုကတည်းက စိုးရိမ်မှုတွေ များနေတယ်။ အခုကိုဗစ် ဖြစ်နေတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက်ကို အမြဲတမ်း စိုးရိမ်နေရတာ။ အဲဒီအချိန်မှာ အခု က လုံခြုံရေးကပါ ပိုပြီးတော့ ကြောက်စရာ ကောင်းတဲ့၊ စိုးရိမ်စရာ ကောင်းတဲ့ အနေအထား ဖြစ်လာ တယ် ဆိုတာတော့ မကောင်းဘူး။
ပဒိုစောကွယ်ထူးဝင်း
ဒု ဥက္ကဋ္ဌ
ကရင်အမျိုးသားအစည်းအရုံး (KNU)

အဓိပ္ပာယ်က မမှတ်ယူနိုင်ဘူးဆိုတော့ သိမ်းယူနိုင်တယ်ဆိုတဲ့ သဘောတော့ သက်ရောက်တာပေါ့။ သူက အဓိပ္ပာယ်ကို ပွင့် ပွင့်လင်းလင်း မပြောဘဲ Indirect ဝင်္ကဝုတ္တိပုံစံနဲ့ ပြောတာပေါ့။ သို့သော် တပ်မတော်ကလည်း၂၀၀၈ ဖွဲ့စည်းပုံရဲ့အောက် မှာ တည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်ဆိုတဲ့ တာဝန်လည်း ရှိတဲ့အခါကျတော့ သူက အာဏာသိမ်းမယ်ဆို ရင် ဖွဲ့စည်းပုံကို ကာကွယ်တာ မဟုတ်ဘဲနဲ့ ပျက်တဲ့သဘောတော့ သက်ရောက်တာပေါ့။ ဒါက ဘယ်အတိုင်းအတာအထိ ဘယ်အခြေအနေရောက်မှ အာဏာသိမ်းမလဲ ဆိုတာကတော့ ကျနော်တို့ အတပ်ပြောလို့ မရသေးဘူးပေါ့။ နိုင်ငံတကာမှာ လည်း အာဏာသိမ်းတယ် ဆိုတာက ခေတ်ကုန်သွားပြီလို့ ထင်ပါတယ်။
ရဲဘော်မျိုးဝင်း
ဒု ဥက္ကဋ္ဌ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)

ဥပဒေက ပေးထားတဲ့ ဘောင်အတွင်းကပဲ ဖြေရှင်းကြရင်တော့ အကောင်းဆုံးပေါ့။ တိုင်းပြည်အတွက် သင်ခန်းစာ ယူရ မှာ တွေလည်း ရှိခဲ့ပြီးပြီလေ။ တပ်မတော်ရဲ့ နိုင်ငံရေးအရ ပါဝင်မှုကလည်း ဥပဒေကြောင်းအရပဲ၂၅ ရာခိုင်နှုန်း ပါဝင်မှုက လည်း ရှိနေပြီပေါ့။ ဒီထက်ပိုပြီး ပါဝင်ချင်တယ် ဆိုရင်တော့ တိုင်းပြည်မှာ ၆၂ မှာရော၊ ၈၈ မှာပါ အတွေ့အကြုံတွေ အများ ကြီး ရှိခဲ့ပြီးပြီ။ အဲဒီကနေ တိုင်းပြည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေသလား ဆိုတာတွေက သင်ခန်းစာ ယူစရာ တွေပေါ့။
ဦးမြအေး
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေး ဦးဆောင် ကော်မတီဝင်

ပြည်သူကို ထိပါးစော်ကားလိုက်သလိုမြင်တယ်။ အာဏာသိမ်းတဲ့ဒဏ် ပြည်သူက များစွာခံခဲ့ပြီးပြီ။ ခြိမ်းခြောက်လိုက်တဲ့ ပုံစံမျိုးလည်း ဖြစ်တယ်။ လူတွေကြားထဲမှာ အဲဒီစကားပဲ ပြောတော့ ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုဖြစ်တာပေါ့။ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးတွေ ကောင်းတာ မဟုတ်ဘူး။ အမှန်တကယ်ဆိုရင် တိုင်းပြည်ရဲ့ တရားဝင် အဖွဲ့အစည်းတခု က ဒီလိုမျိုး လက်လွတ်စပယ် မသုံးသင့်ဘူး။
အာဏာသိမ်းခဲ့ရင်လည်း Democratization ကို နောက်ပြန်လန်ကျစေမယ့် ဖြစ်ရပ်ဖြစ်တဲ့အတွက် ကျနော်တို့ လက်ခံနိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်က လုံးလုံးလျားလျား Failed state ဖြစ်သွားမယ်ဆိုရင် နိုင်ငံရေး အကျပ်အတည်း ဖြစ်အောင် ဖန်တီးတဲ့ စောစောက ပုဂ္ဂိုလ်များမှာပဲ တာဝန်အပြည့်အဝ ယူရလိမ့်မယ်။ စီးပွားရေး၊ ပြည်တွင်းစစ်၊ နိုင်ငံတကာနဲ့ ရင်ဆိုင်နေရတဲ့ ICJ လို ပြဿနာတွေနဲ့ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ တိုင်းပြည်က အဲဒီလို အဆိုးသံသရာထဲ ရောက်သွား မယ်ဆိုရင် ကျနော်တို့ Stability (တည်ငြိမ်မှု) ပျက်သွားမှာပေါ့။
ဒေါက်တာ စိုးထွန်း
စီးပွားရေး လုပ်ငန်းရှင်

လက်ရှိဖြစ်နေတာက UEC (ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်) ကို မဲနဲ့ပတ်သက်ပြီး သူတို့က ထောက်ပြနေတာပေါ့။ UEC အနေနဲ့ ဒီထက်ပိုပြီး ခေါ်ယူဆွေးနွေး ရှင်းပြလိုက်သင့်တယ်လို့ မြင်တယ်။ ကျနော်တို့က အေးအေးချမ်းချမ်း ပိုဖြစ်စေ ချင်တာပေါ့။ တခြား မလိုလားအပ်တဲ့ဟာမျိုး ဖြစ်လာရင် စီးပွားရေး တည်ငြိမ်မှုတွေကို လာပြီး ထိခိုက်မှာလေ။ အခုဆိုရင် ဒီမိုကရေစီ အစိုးရအနေနဲ့ သွားနေတာ သက်တမ်းနှစ်ခု ရှိလာနေပြီ။ ဒီအခြေအနေမှာ နောက်ကြောင်း ပြန်လှည့်သွားမယ် ဆိုရင် စီးပွားရေး တည်ငြိမ်မှုကို လာပြီး ရိုက်ခတ်မှုက ရှိလာမှာပဲ။ အထူးသဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဝင် ရောက်လာမှုတွေ ရပ်သွားမယ့် အခြေအနေ ရှိတာပေါ့။
ဒေါ်ပြုံးကေသီနိုင်
ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အာဏာ မသိမ်းဘူးလို့ မှတ်ယူလို့ ရမလားလို့ မေးတာကို မရပါဘူးလို့ ပြောတယ်။ ဒါပေမယ့် တဆက်တည်းမှာပဲ သိမ်းမယ် လို့ မှတ်ယူလို့ မရဘူး ဆိုတာမျိုးတွေလည်း ပြောသွားတယ်။ ဒီဟာက လက်ရှိအခြေအနေ Natural ပါပဲ။ ကျမကတော့ ဒီလိုပဲ သုံးသပ်ပါတယ်။ သူတို့ ထပ်ပြောတာက၂၀၀၈ အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်၊ ပေးထားချက်တွေနဲ့အညီ လုပ်မယ် လို့ ပြောလာတဲ့အခါမှာကျတော့ အဲဒီမှာလည်း အာဏာသိမ်းမယ်ဆိုတဲ့ အခြေအနေကို ဥပဒေက ရှင်းရှင်းလင်းလင်း ဖော် ပြထားတယ်။ ဘယ်လိုတွေ ဆောင်ရွက်ရမလဲဆိုတာတွေ။ အဲဒီတော့ ကျမက ဒီကိစ္စကို အရမ်းကြီး အကျယ်ချဲ့ပြီး မပြော ချင်ပါဘူး။
ဒေါက်တာ မောင်မောင်လေး
ဒု ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)

နိုင်ငံရေးမှာလည်း တော်တော်ကို ဆုတ်ယုတ်သွားနိုင်ပါတယ်။ စီးပွားရေးအရလည်း ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေမှာ အား လုံးရဲ့ ယုံကြည်မှုကို ပျက်ပြားသွားစေနိုင်ပါတယ်။ အခုတောင်မှ နိုင်ငံတကာရဲ့ အမြင်မှာ မြန်မာနိုင်ငံက နာမည်ကောင်း သိပ်မရှိတဲ့ အခြေအနေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက လာဖို့ တွန့်ဆုတ်နေတာ။ အထူးသဖြင့် အနောက်နိုင်ငံနဲ့ အရှေ့ တိုင်းဘက်က တာဝန်သိ စီးပွားရေး လုပ်ငန်းတွေဟာ မလာချင်ကြသေးဘူး။
ရင်းနှီးမြှုပ်နှံမှု အကြီးတွေ မလာလို့ရှိရင် အခုလာနေတဲ့ နိုင်ငံတွေက လုပ်ငန်းအငယ်တွေလည်း လာကြတော့မှာ မဟုတ် ဘူး။ သူတို့ပြောသလို တကယ် ဖြစ်လာခဲ့ရင် နိုင်ငံတကာ ပြဿနာတွေမှာ လည်း ပိုပြီး ရှုပ်ထွေးမှုတွေ ဖြစ်သွားနိုင်တယ်။ ပြည်တွင်း မငြိမ်သက်မှုတွေကိုလည်း ပိုပြီး ထိန်းရသိမ်းရ ခက်ကုန်ပါလိမ့်မယ်၊ ဖြစ်ခဲ့ဖူးတဲ့ အတိတ်က သမိုင်းတွေမှာလည်း သင်ခန်းစာတွေ အများကြီးရှိပါတယ်။ ကျနော့်အမြင်အရ သူတို့လည်း ဒီလောက်အထိ မမိုက်ပါဘူး။ သိပ်ကို ပါးနပ်တဲ့သူတွေပါ။
ဦးသိန်းသန်းဦး
တရားလွှတ်တော်ရှေ့နေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မပေါင်း ၄၅၇ ခုမှာ အာဏာသိမ်းဖို့ ပြဋ္ဌာန်းထားတာ တခုမှ မပါဘူ။ အာဏာသိမ်းတာနဲ့ တပြိုင်နက် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက အလိုလို ပျက်ပြီ။ အရေးပေါ် အခြေအနေ တရပ်မှာ နိုင်ငံတော် သမ္မတက ကာ/လုံ ခေါ်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းနိုင်တယ်။ အရေးပေါ် စီမံချက် ပုဒ်မတွေကိုလည်း သီးသန့် ပြဋ္ဌာန်းထားတာ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီပဲ သွားရမှာ။ ဒါလည်း သမ္မတကလုပ်ရမှာ၊ ဘယ်သူကမှ လုပ်ရမှာ မဟုတ်ဘူး။ အခုကလည်း အရေးပေါ်လို့ ပြောရအောင် ဘာမှမရှိဘူး။
အခု မဲတွေ မသမာမှုဖြစ်နိုင်တဲ့ မဲ ၈ သန်းကျော်လို့ ပြောတာ၊ ဖြစ်နေတယ်လို့ ပြောတာ မဟုတ်ဘူး၊ အဲဒီ ပြဿနာက အာ ဏာ သိမ်းနိုင်တဲ့ ပြဿနာလည်း မဟုတ်ဘူး။ တပ်မတော်ကြီး တခုလုံးကလည်း အဲဒီလို လုပ်လိမ့်မယ် မထင်ဘူး။ လက်ရှိ ပေါ်ပေါက်ချက်တွေက အစိုးရနဲ့ တပ်မတော်က ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံမှု မရှိဘူး ဆိုတာ ပေါ်တယ်။ ဒါသည် တပ်မ တော်အတွက်လည်း မကောင်းဘူး၊ တိုင်းပြည်အတွက်လည်း မကောင်းဘူး။
ဦးခင်မောင်မြင့်
ဥပဒေအကြံပေး

ဥပဒေအရတော့ အာဏာသိမ်းတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အာဏာကို ရယူသုံးစွဲတာနဲ့ မတူဘူး။ အာဏာသိမ်း တယ် ဆိုတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသိအမှတ်မပြုတော့ဘဲနဲ့ ဖျက်သိမ်းပြီးမှ အခြေခံဥပဒေအရ တည်ရှိနေတဲ့ လွှတ်တော်တွေ၊ အစိုးရတွေ၊ တရားစီရင်ရေးတွေ အကုန်ဖျက်သိမ်းလိုက်ပြီးတော့မှ နိုင်ငံရဲ့ အာဏာကို ရယူလိုက် တာ။ ၁၉၆၂ နဲ့ ၁၉၈၈ မှာ ဒါမျိုးဖြစ်ရပ်တွေက အာဏာသိမ်းတယ်လို့ သုံးစွဲလို့ရတာပေါ့။
တပ်မတော်က အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ အဓိက အဖွဲ့အစည်း၊ ဖွဲ့စည်းပုံအရလည်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့ လက်အောက်က ယန္တရားတခုဖြစ်တဲ့ တပ်မတော်အနေနဲ့ ပုဒ်မ ၄၀ မှာ ပေးထားတဲ့ အခြေခံမူ တွေအရပဲ နိုင်ငံမှာ ပေါ်ပေါက်လာတဲ့ အနေအထားတွေအရ သမ္မတကနေတဆင့် နိုင်ငံတော် အာ ဏာကို လွှဲပြောင်းပေးပြီး မှ ထိန်းသိမ်းရတဲ့ အနေအထားဖြစ်တယ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူး။ နိုင်ငံသူ/သားတွေရဲ့ စိုးရိမ်စိတ်ကို မြင့်တက်လာစေတဲ့ ခြိမ်းခြောက်မှု ပုံစံမျိုး ဖြစ်သွားတယ်လို့ မြင်ပါတယ်။
You may also like these stories:
ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း
မျိုးချစ်ဆိုသူများ၏ ကျောက်တိုင်စိုက်ပွဲ ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်း
ရုရှားကာကွယ်ရေးဝန်ကြီးကို တပ်မတော်က ကော်ဇောနီဖြင့် ကြိုခဲ့သည်