၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်၍ နယ်မြေတချို့တွင် မဲစာရင်း မှားယွင်းမှုများ၊ မဲ မသမာမှုများ ရှိနေကြောင်း တပ်မတော်က ပြောဆိုနေသလို ယင်းကိစ္စများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန်လည်း အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို တောင်းဆိုထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုလ ၂၇ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကား ပြောကြားရာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် လေးစားလိုက်နာဖို့ ပြောလိုတယ်။ ဒီဥပဒေကို မလေးစား မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေကို ဖျက်ပြစ်ရမှာပေါ့” ဟု ပြောဆိုခဲ့သည်။
ထိုပြောဆိုချက်ကြောင့်ပင် နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူများသာမက လူထုအကြားတွင် တပ်မတော်က အာဏာပြန်သိမ်းတော့မလားဟူသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေလျှက်ရှိသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ယခုလ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို မဖြေရှင်းပါက အာဏာသိမ်းမှု မဖြစ်နိုင်ဟု ပြော၍မရကြောင်း ပြောဆိုထားသည်။
UEC ကတော့ ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ ရှိပါက နစ်နာသူများ အနေဖြင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ကန့်ကွက်လွှာများ တင်သွင်းခြင်းဖြင့် ရွေးကောက်ပွဲခုံအဖွဲ့၏ အဆုံးအဖြတ်ကို ဥပဒေအရ ခံယူနိုင်သလို ကော်မရှင်အနေဖြင့်လည်း ဥပဒေနှင့်အညီ စစ်ဆေးကြားနာ ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၂၈ ရက်) ရက်စွဲဖြင့် သတင်းထုတ်ပြန်ပြီး တုံ့ပြန်လိုက်သည်။
ထို့အတူ “နိုင်ငံတော် အခြေခံမူအရ မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျှော့ အပေးအယူဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကမျှ ဥပဒေကျော်လွန်ကာ တမျိုး၊ တဖုံ ပြောင်းလဲ၍ ရသည့် ကိစ္စ မဟုတ်ပါ။ ဤသို့ပြောင်းလဲမည် ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ လွှတ်တော် အသီးသီး၏ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်ပါသည်” ဟုလည်း ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအပြီး တပ်မတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ကြား အငြင်းပွားနေသည့် အခြေ အနေများနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ အမြင်များကို ဧရာဝတီမှ သတင်း ထောက်များက ဆက်သွယ် မေးမြန်းထားပါသည်။
ဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဟောင်း
အဓိကတော့ ကိုယ့်ဘက်မှာ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိတယ်ဆိုရင် အဲဒီ အထောက်အထားတွေကို ချပြပြီး ရှင်း လင်းနိုင်ရင် ဒီကိစ္စဟာ ချက်ချင်း ပြေလည်သွားမှာပေါ့။ ခက်တာက ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်က သူ့ စာရင်း ဇယားတွေ အပေါ်မှာ ဒီလို ယုံကြည်မှု မရှိလို့သာ ထွက်မရှင်းတာပေါ့။ အခုလို မရှင်းတဲ့အတွက်ကြောင့် နိုင်ငံရေး အခြေ အနေ တင်းမာအောင် လုပ်ရာရောက်ရုံတင် မကဘဲ ရွေးကောက်ပွဲ နိုင်တဲ့ NLD ပါတီ အနေနဲ့ပါ အစိုးရသစ် ဖွဲ့စည်းရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဆက်လက် နှောင့်နှေးစေတာပေါ့။
ပြန်ချုပ်ရရင် ရွေးကောက်ပွဲကော်မရှင်မှာ အဓိက တာဝန်ရှိတယ်။ အခု အခြေအနေကတော့ ကျနော်တို့က စာချွန်တော် လျှောက်ထားတာကိုပဲ လောလောဆယ် စောင့်ကြည့်ရဦးမှာပေါ့။ ဥပဒေ လမ်းကြောင်းအတိုင်း သွားတာကို ကျနော်တို့ စောင့်ကြည့်ရမယ်။ သို့သော် သေချာတာ တခုကတော့ ဥပဒေကြောင်းအရ ဘယ်လိုပဲ အမိန့်ချသည်ဖြစ်စေ၊ နိုင်ငံရေး အရ အဓိက အင်အားစု နှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာတော့ လုပ်တာကိုင်တာ မသေသပ်မှု ကြောင့် နိုင်ငံရေး အကြိတ်အခဲကတော့ ကျန်နေခဲ့ဦးမှာပဲ။ ဒါကတော့ အချိန်ယူပြီး ဖြေရှင်းရမှာပဲ။
ဒေါက်တာ မျိုးညွန့်
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ
ဥပဒေကို မလိုက်နာနိုင်တာ ဘယ်သူလဲဆိုတာ ကျနော်တို့ မရှင်းဘူး။ အဲဒီတော့ ဖျက်မယ့်လူက သူ မလိုက်နာနိုင်ရင် ဖျက် မယ်လို့ ပြောတာလား အဲဒီစကားက မရှင်းပါဘူး။ တခြားလူက ဥပဒေကို မလိုက်နာရင်တော့ ဥပဒေနဲ့အညီပဲ အရေးယူရ မှာပေါ့။ ကိုယ်မလိုက်နာနိုင်တော့လို့ ဥပဒေကို ဖျက်တော့မယ်ဆိုရင်တော့ ဒါက အင်အားရှိနေတဲ့သူတွေ အနေနဲ့တော့ လုပ်လို့ရတာပေါ့ဗျာ။ ပြည်သူ့ဆန္ဒနဲ့ အညီ ဖြစ်မဖြစ်ကတော့ တပိုင်းပေါ့။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ကျတော့ ဥပဒေအရဆိုရင် သူ့မှာ ရှင်းဖို့ တာဝန် မရှိဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ကျတော့ ဥပဒေအရဆိုရင် သူ့မှာ ရှင်းဖို့ တာဝန် မရှိဘူး။ သို့သော် အခြေ အနေကို ထောက်စပြီး တပ်မတော်ရဲ့ မကြာသေးခင်က သတင်းစာရှင်းလင်းပွဲမှာ တတိယအကြိမ် မြို့နယ် ၄၀ လောက် က စာရင်းတွေကို ပြထားတယ်။ အဲဒါကို ရှင်းလင်းပြီးတော့ သံသယတွေ ကင်းသွားအောင် လုပ်မယ်ဆိုရင်လည်း လုပ်နိုင်တယ် လို့ မြင်ပါတယ်။
သို့သော် ဥပဒေအရ သီးခြားကင်းလွတ်ခွင့် ရထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ကျနော်တို့က ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့ ဆိုတာတော့ ပြောခွင့်မရှိပါဘူး။ နိုင်ငံရေးမှာတော့ လုပ်နိုင်တဲ့ အင်အားရှိတဲ့သူတွေ လုပ်မယ်ဆိုရင်တော့ ပုံမှန်လမ်းကြောင်း မဟုတ်ရင် အကျပ်အတည်းတော့ ဖြစ်တာပေါ့။ ကျနော်တို့ကတော့ ပုံမှန်လမ်းကြောင်းပဲ သွားမယ်။ ဥပဒေလမ်းကြောင်း အတိုင်းပဲ သွားမယ်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အကြမ်းမဖက်ရေးကိုပဲ သွားမယ်။
ဒေါ်မြနန္ဒာသင်း
(ရွေးကောက်ပွဲဆိုင်ရာအကြံပေး) New Myanmar Foundation
မဲစာရင်း မှားတာနဲ့ ရွေးကောက်ပွဲ မသမာမှုဆိုတာကို ခွဲခြားပြီး မြင်ဖို့လိုတယ်။ မဲစာရင်း မှားတဲ့ကိစ္စကို အထူးသဖြင့် နိုင်ငံ ရေး ပါတီတွေနဲ့ ကိုယ်စားလှယ်တွေလောင်းက ပိုပြီး အာရုံစိုက်သင့်တဲ့အလုပ် ဖြစ်တယ်။ မဲ မသမာမှုဆိုတာကျတော့ ကိုယ့်မျက်စိရှေ့မှာ တွေ့ခဲ့တယ်ဆိုရင် ဒီဟာကို ဥပဒေကြောင်းအရ သွားဖို့ပဲ။ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ အဲဒါကိုပဲ အားကောင်းအောင် လုပ်သင့်တယ်လို့ ထင်တယ်။ မဲစာရင်း မှားမှုကြောင့် အာဏာသိမ်းတယ်ဆိုတာတော့ သိပ်ပြီး ဆက်စပ်မှု မရှိဘူးလို့ ကျမ ထင်တယ်။ ဒါ Issue တခု လုပ်တာလည်း ဖြစ်ရင်ဖြစ်မယ်။
မဲစာရင်းမှားတဲ့ ကိစ္စတွေဆိုတာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ မှာရော ရှိနေခဲ့တယ်ဆိုတာ အကုန်လုံးကလည်း သိပြီးဖြစ်တယ်။ ဒီ အခြေအနေပေါ်မှာ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တဲ့ stakeholder တွေအားလုံးကို ခေါ်ပြီးတော့မှ ပြန်လည်စိစစ်တဲ့ဟာ မျိုး၊ နောက် ရွေးကောက်ပွဲတွေအတွက် မဲစာရင်းကို မှန်အောင်ဘယ်လိုလုပ်မလဲ၊ နည်းပညာတွေ လိုအပ်နေသလား၊ ဘယ် အပိုင်းမှာ မှားယွင်းနေတာလဲ စသဖြင့် ဒီလိုမျိုး အဖြေရှာတဲ့ အလုပ်ကို ကော်မရှင်က လုပ်သင့်တယ်။
ဦးကျော်ဝင်း
နိုင်ငံရေးလေ့လာသူ
ကျနော့် သဘောကတော့ အာဏာသိမ်းမှုဖြစ်ဖို့ သိပ်ပြီးတော့ အလားအလာ နည်းလိမ့်မယ် ထင်ပါတယ်။ သိမ်းမယ် မထင် ပါဘူး။ သိမ်းလိုက်ရင်တော့ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ သိမ်းတဲ့ တပ်မတော်အတွက်လည်း မကောင်းဘူး။ ဘယ်ဘက်ကမှ မကောင်းဘူး။ အဲဒီလောက်အထိတော့ ဆိုးဆိုးရွားရွား ဖြစ်မယ် မထင်ပါဘူး။ အမှန်က သိပ်ပြီး ကြီးကျယ် တဲ့ ပြဿနာတော့လည်း မဟုတ်ပါဘူးဗျာ။ နှစ်ဖက်တွေ့ပြီး နည်းနည်းလေး ညှိလိုက်ရင် ပြီးသွားမယ် ထင်ပါတယ်။
အခု နောက်ဆုံးထွက်တဲ့ ကြေညာချက်ထဲမှာလည်း ပါတယ်။ NLD ကပဲဖြစ်ဖြစ်၊ အစိုးရဘက်ကပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရွေး ကောက်ပွဲ ကော်မရှင်က ဖြစ်ဖြစ် ဖြေရှင်းပေးပါဆိုတာ ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ထိပ်တိုက်တွေ့တာ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်က ထွက်ရှင်းလိုက်ရင်လည်း ပြီးသွားမယ် ထင်ပါတယ်။ အခုဖြစ်နေကြတာက တပ်က လည်း ၂၀၀၈ အခြေခံပေါ်က ပြောနေတယ်။ အစိုးရကလည်း၂၀၀၈ အခြေခံပေါ်က ပြောနေတယ်။ အဲဒီလို ပြောရင်းက တကယ်တမ်းကျတော့ ထိပ်တိုက်က တွေ့ တွေ့လာတယ်။
အဲဒီအခါကျတော့ ဒါက ဥပဒေပြဿနာ မဟုတ်တော့ဘူး။ တကယ်က နိုင်ငံရေး ပြဿနာ ဖြစ်သွားပြီ။ နိုင်ငံရေး ပြဿနာ ဖြစ်ပြီဆိုရင်တော့ နိုင်ငံရေးနည်းအရ ဖြေရှင်းတာက အကောင်းဆုံးပဲ။ နှစ်ဦးတွေ့ပြီး ရှင်းကြတာ ကောင်းတယ်။ မဟုတ်လို့ ရှိရင် အလကားနေရင်း ပြဿနာတွေ ကြန့်ကြာနေရင် မကောင်းဘူးပေါ့။
ဦးမင်းသူနောင် (Program Manager)
လွတ်လပ်မျှတသော ရွေးကောက်ပွဲများဆိုင်ရာ ပံ့ပိုးရေးကွန်ရက်အဖွဲ့ (MYNFREL)
သူက မဲစာရင်းအမှားတွေကို ပြောချင်တာလား၊ ဒါမှမဟုတ် ဒီမဲရလဒ်ကို သူ လက်မခံတာလား။ အဲဒါ သိပ်မသဲကွဲဘူး ဖြစ် နေတယ်။ မဲစာရင်းမှားတာနဲ့ ဒီမဲရလဒ်ကို လက်မခံဘူးဆိုတဲ့ ကြားထဲမှာရော ဘယ်လို ချိတ်ဆက်လဲ။ အဲဒါလည်း ကျနော် တို့ သိပ်နားမလည်ဘူး။
အဲဒါကြောင့် ကော်မရှင်က ဒီလိုအချိန်မှာ ဒီလို ငြိမ်နေတာက ဥပဒေအရ အဆင်ပြေတယ်၊ ညီတယ်။ သူ့အနေနဲ့ တပ်မတော်ဘက်ကို ဘာမှ ပြန်လှန်ပြီး ရှင်းပြစရာ မလိုဘူး။ မရှင်းပြတဲ့အခါ သို့လောသို့လော အမြင်တွေ ရှိပေမယ့် ဥပဒေအရဆိုရင်တော့ ရှင်းပြစရာ မလိုဘူး။ ဒီတိုင်း အဆင်ပြေတယ်။
ကျနော်တို့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး အခင်းအကျင်းတွေ မပြောဘဲနဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနဲ့ ဒီအခြေခံဥပဒေကို ပြန်ပြီးဖတ်ကြည့်တဲ့အခါ တပ်မတော်ကနေပြီး ရွေးကောက်ပွဲ ကိစ္စ တွေကို လာပြီး ထိန်းကျောင်းခွင့်လည်း မရှိသလို ဒီလိုမျိုး တပ်မတော်က လာပြီးထောက်ပြဝေဖန် ပြောဆိုနေတဲ့ဟာတွေ ကိုလည်း ကော်မရှင်ဘက်ကနေ ပြန်ပြီး တုံ့ပြန်စရာ အကြောင်းမရှိဘူး။
အဲဒါကြောင့် ကော်မရှင်က ဒီလိုအချိန်မှာ ဒီလို ငြိမ်နေတာက ဥပဒေအရ အဆင်ပြေတယ်၊ ညီတယ်။ သူ့အနေနဲ့ တပ်မတော်ဘက်ကို ဘာမှ ပြန်လှန်ပြီး ရှင်းပြစရာ မလိုဘူး။ မရှင်းပြတဲ့အခါ သို့လောသို့လော အမြင်တွေ ရှိပေမယ့် ဥပဒေအရဆိုရင်တော့ ရှင်းပြစရာ မလိုဘူး။ ဒီတိုင်း အဆင်ပြေတယ်။
ဒါပေမယ့် ဒီနေ့မှာ ထူးထူးခြားခြားပေါ့နော်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ Facebook page ကနေ တက်လာ တာ နိုင်ငံရေးပါတီတွေကနေ ကြေညာချက်တွေ တောက်လျှောက် ထုတ်တယ်။ ဒီလိုမျိုး နိုင်ငံရေးပါတီတွေကနေပြီး ကွန်ပ လိန်း တက်တယ်ဆိုရင်တော့ ကော်မရှင်အနေနဲ့ ငြိမ်နေလို့ မရတော့ဘူး။ နိုင်ငံရေးပါတီတွေဘက်က တောင်းဆိုတဲ့ဟာကို ကော်မရှင်က ရှင်းပေးဖို့၊ ပြန်ပြီး တုံ့ပြန်ဖို့ လိုတယ်လို့ ထင်တယ်။
ဦးနေဝင်းနိုင်
Program Director & Lawyer ၊ ပဉ္စမမဏ္ဍိုင်အဖွဲ့ (The Fifth Pillar)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်တာတွေ၊ မဖျက်တာတွေက အဓိက မကျဘူး။ တကယ် အဓိကကျတာက နိုင်ငံရေး သဘော တူညီချက်ပဲ။ နောက်ပြီး အရပ်ဘက် စစ်ဖက် ဆက်ဆံရေးမှာလည်း သဘောတူညီမှုတွေ မရသေးဘူး။ အဲဒီလို အနေအ ထားမျိုးမှာ အခြေခံဥပဒေကို ဖျက်မယ်လုပ်ရင် ကောင်းလာနိုင်တဲ့ အနေအထား ဘာတခုမှ မရှိဘူး။ တပ်မတော်အနေနဲ့ လည်း ရင်ဆိုင်ရမှာ အများကြီး။ ဒါကြောင့် အခု ပြောပြောနေတဲ့ အခြေခံဥပဒေ ဖျက်သိမ်းမယ်၊ အာဏာသိမ်းမယ်ဆိုတာ မျိုးကတော့ အင်မတန်မှ အန္တရာယ်ကြီးမားတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။
တပ်မတော်ဆိုတာက နိုင်ငံ့ဝန်ထမ်း ဖြစ်တယ်။ မဲစာရင်းကိစ္စက အားလုံးနဲ့ ဆိုင်တယ်ဆိုပေမယ့် ပါတီတွေ လုပ်ရမယ့်ကိစ္စ ကို သူ့အလုပ် မဟုတ်ဘဲ မဆိုင်တဲ့ကိစ္စကို ဝင်လုပ်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အခုကတော့ မဆိုင်တဲ့ကဏ္ဍကို ဝင် လုပ်နေပြီဆိုတော့ အစိုးရ သော်လည်းကောင်း၊ UEC သော်လည်းကောင်း တစုံတရာထွက်ပြီး ပြောဖို့ လိုအပ်နေပြီလို့ ထင် ပါတယ်။ နောက်ပြီး တပ်မတော်က တောင်းဆိုတဲ့အထဲမှာ အစိုးရက ဖြေရှင်းပေးပါဆိုတာ အစိုးရက ဖြေရှင်းရမယ့်အလုပ် မဟုတ်ဘူးလို့ မြင်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲသူက UEC ဖြစ်တယ်။ UEC က လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ် ပါတယ်။ အစိုးရက ထွက်ပြီးဖြေရှင်းလိုက်တာနဲ့ နိုင်ငံတကာ မျက်နှာစာမှာ UEC နဲ့ အစိုးရ တဖွဲ့တည်းဆိုတဲ့ သဘောအယူ အဆ သက်ရောက်မှာမို့လို့ ထွက်ရှင်းလို့ မရဘူး။
ဦးတင်ဦး
ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ
စွပ်စွဲချက်တိုင်းကတော့ လက်ခံလို့ မရဘူး။ မဲစာရင်း မှားတာနဲ့ မသမာမှု ဖြစ်နိုင်တယ်လို့တော့ ပြောလို့မရဘူး။ မဲနှစ်ကြိမ် ပေးဖို့ ဆိုတာလည်း မလွယ်ပါဘူး။ ကြိုတင်မဲပေးတဲ့သူဆိုရင် သူ့အမည်ကို မဲစာရင်းမှာ မှင်နီတားလိုက်တာပဲ။ မသမာမှု လုပ်တာတွေ့ရင်လည်း အမှုဖွင့် အရေးယူတာတွေ လုပ်တာပဲလေ။ မှားတာကလည်း သူတို့ တင်ပြသလို ၈ သန်းကျော် ဆို တာတော့ အဲဒီလောက်ကြီး မဟုတ်ပါဘူး။ တကယ်မှားတဲ့ နေရာအချို့လည်း ရှိပါတယ်။
မဲစာရင်းတွေကို ပြန်စိစစ်နိုင်ကြဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို CD တွေနဲ့ ပေးခဲ့တာပဲ။ တချို့က လာတောင် မယူကြဘူး။ အခုကျမှ မရပါဘူးဆိုပြီး ဖြစ်ကြတာ။ တကယ်တော့ မဲစာရင်းက မှန်ပါတယ်လို့လည်း ဘယ်သူမှ အာမ မခံ နိုင်ပါဘူး။ ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသေးသူတွေ၊ မှတ်ပုံတင်နံပါတ် တခုတည်းနဲ့ လူ သုံး၊ လေးယောက် ဖြစ်နေတာ တွေ ရန်ကုန်တိုင်းမှာ အများဆုံး တွေ့ရတယ်။ ဒါမျိုးတွေပေါ့။ ဘာလို့ဆို မြန်မာပြည်ရဲ့လူဦးရေ ထိန်းသိမ်းတဲ့စနစ်က ဟုတ် မှ မဟုတ်တာကိုး။ ဖြစ်နိုင်ရင်တော့ ဒါတွေကို အစကနေ သေချာ စာရင်းတွေ ပြန်ကောက်ပြီး ပြန်လုပ်ရမှာပါ။
မသမာဘူးဆိုတာ အထောက်အထားရှိရင် ကန့်ကွက်လွှာတင်။ အဲဒီအခါ ခုံအဖွဲ့တွေက မဲထုတ်တွေ ပြန်စစ်ပေါ့ဗျာ။ တနေ ရာ၊ နှစ်နေရာ ဖြစ်တာနဲ့ တနိုင်ငံလုံး ဖြစ်တယ်တော့ ယေဘူယျ ဆန်ဆန် ပြောလို့တော့ မရဘူးပေါ့။ အခုကတော့ တင်းမာ နေတာပေါ့။ တပ်က သူ့အကွက်တွေ့တယ်ဆိုပြီး နင်းပြီး ထုတ်ပြန်။ UEC ကလည်း သူကမှားတာ မလုပ်ထားဘူး၊ မှန်တာပဲ လုပ်ထားတာ ဆိုပြီး တင်းနေတာပေါ့။ တကယ်တော့ အခုလို မှားတာတွေကို စစ်မယ်ဆို ပူးပေါင်းလုပ်ကြ၊ နောက်ရွေး ကောက်ပွဲကျရင် ဒါမျိုးမဖြစ်အောင် အဖြေရှာရမှာပေါ့။ ကော်မရှင်ကလည်း ပြန်ဖြေရှင်းမယ်လို့လည် ထင်ပါတယ်။
You may also like these stories:
မျိုးချစ်များ၏ တပ်ဂုဏ်ပြု ကျောက်တိုင်စိုက်ပွဲပျက်
မဲ မသမာမှု ဖြစ်စေနိုင်သည် ဟူသော တပ်မတော်၏ ထုတ်ပြန်ချက်ကို UEC တုံ့ပြန်
ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း
ရွေးကောက်ပွဲ ရလဒ် တပ်မတော် ကန့်ကွက်လွှာတင်