“ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ Mother Law ပဲ။ မိမိတို့ တပ်မတော်သားတွေ အနေနဲ့ လေးစားလိုက်နာဖို့ ပြောလိုတယ်။ ဒီဥပဒေကို မလေးစား မလိုက်နာဘူးဆိုရင် ဒီဥပဒေကို အသုံးပြုရန် မလိုတော့တာကြောင့် ဖျက်ပစ်ရမယ်” ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုမှုအပေါ် တပ်မတော်က ယနေ့ ရှင်းချက်ထုတ်သည်။
ယင်းစကားရပ်ကို ဇန်နဝါရီ ၂၇ရက်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြနှင့် သင်တန်းသား အရာရှိကြီးများကို Video Conferencing ဖြင့် ပြောခြင်းဖြစ်ပြီး၊ တချို့အဖွဲ့အစည်းများနှင့် မီဒီယာများက ၂၀၀၈ အခြေခံ ဥပဒေကို ဖျက်သိမ်း လိမ့်မည်ဟု လိုရာဆွဲ ရေးသားပြောဆိုခြင်းများ ရှိနေ၍ ရှင်းလင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်လျက် ပြဋ္ဌာန်းထားသည့် ဥပဒေဘောင် အတွင်းမှသာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ ထုတ်ပြန်ချက်သည် နိုင်ငံရေးအရ ဘယ်လို အဓိပ္ပာယ်ဆောင်ပါသလဲ၊ လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါမည်လဲ စသည်ဖြင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို ဧရာဝတီ မှ သတင်းထောက်များက ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာရန်မျိုးသိမ်း
နိုင်ငံရေးလေ့လာသုံးသပ်သူ
တပ်မတော်ရဲ့ ဒီနေ့ထုတ်ပြန်ချက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ စိုးရိမ်မှုတွေ၊ တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ အစောပိုင်း ခြေလှမ်းလို့ မြင်ပါတယ်။ တကယ်တမ်း ပြောမယ်ဆိုရင် သတင်းမီဒီယာတွေ၊ လေ့လာသုံးသပ်သူတွေက လိုရာ ဆွဲပြီး ရေးတာမျိုး မဟုတ်ဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားတဲ့ မိန့်ခွန်းအပေါ်မှာ အခြေခံပြီး မိန့်ခွန်း မှာပါတဲ့ စကားရပ်တွေကို အတိအကျ ကိုးကားပြီး ရေးသားဖော်ပြခဲ့တယ်လို့ မြင်ပါတယ်။
ဒီနေ့ ထုတ်ပြန်ချက်က တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ အသားပေး ဖော်ပြ တဲ့ ကြေညာချက်လို့ နားလည်တယ်။ ဒါကို ကြည့်ရင် တပ်က ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် မယ်ဆိုတာ ထပ်လောင်း အတည်ပြုလိုက်သလို ဖြစ်တာလည်း တွေ့ရတယ်။ ဒါဟာ ဖြစ်ကောင်းဖြစ်လာနိုင်ဖို့ အလားအလာ ရှိနေတဲ့ အခြေခံဥပဒေအသစ် ရေးဆွဲရေးလမ်းကြောင်းကို ဗျူဟာမြောက် ကြိုကန်သလို၊ တားသလို လုပ်တာလည်း ဖြစ်ကောင်းဖြစ် နိုင်တယ်။
ဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဟောင်း
ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လုပ်မယ်ဆိုတာကို တပ်မတော်က တောက် လျှောက် ပြောလာတာပဲ။ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က အဲဒီအချက်ကို ထပ်ပြောတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းသား အရာရှိကြီးတွေကို ပြောတဲ့ မိန့်ခွန်း ကို ရှေ့နောက် ဆက်စပ်ဖတ်လိုက်ရင် ဒီသဘောပဲ ပြောတာပေါ့။
မလိုက်နာဘူး ပြဿနာတွေဖြစ်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားလိမ့်မယ်ဆိုတဲ့ သဘောကို ပြောတာလို့ပဲ နားလည်ပါ တယ်။ လူတွေက စိတ်တွေ လှုပ်ရှားနေကြတော့ အဓိပ္ပာယ်ကောက်တာမှာ လွဲတယ်လို့ပဲ ထင်ပါတယ်။ ဒီထုတ်ပြန်ချက် ကတော့ တပ်မတော်အနေနဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ အမှားအယွင်းရှိနေတာနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ကိစ္စ၊ အငြင်းအခုန် ဖြစ်နေတဲ့ ကိစ္စကို ဖွဲ့စည်းပုံ ဘောင်ထဲက နေပဲ ဖြေရှင်းမယ်ဆိုတာကို ထပ်ပြီး အတည်ပြုလိုက်တော့ လူတွေ ပိုစိတ်အေး သွားတာပေါ့။
ဦးရဲထွန်း
နိုင်ငံရေးလေ့လာသုံးသပ်သူ
ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတုန်းက အာဏာသိမ်းမယ်လို့ မပြောဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်သွား မယ်။ ဒါပေမယ့် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန် ရှိတယ်။ အဲဒီလိုပဲ တောက်လျှောက် ဖြစ်နေတာမှာ သတင်းထောက်က မေးလိုက်တာက ဒါဆိုရင် တပ်က အာဏာမသိမ်းဘူးလို့ ယူဆ လို့ ရမလားဆိုတော့ မရပါဘူးလို့ ပြောလိုက်တဲ့အခါမှာ အဲဒီ ၂ ချက်ကို ချိတ်ဆက် စဉ်းစားရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း မပျက်စေချင်ဘူး။ ဒီဟာကြီးကို မလိုက်နာကြတဲ့ ကိစ္စမှာလည်း ထိန်းချင်တယ်။
အဲဒီမှာ နောက်တခါ ကာကွယ်ရေးဦးစီးချုပ်က မလိုက်နာနိုင်ရင် ဖျက်ပစ်ရမယ်ဆိုတော့ အဓိပ္ပာယ်က ပိုရှင်းသွားပြီ။ အခု ထုတ်ပြန်ချက်ကတော့ သူက အဲဒါကို ရုပ်သိမ်းလိုက်တာပေါ့။ ဒါပေမယ့် ပြန်ပြောထားတာ က နောက်ဆုံးပိုဒ်မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းပြောတဲ့ အထိုင်ကို ပြန်ရောက်သွားတယ်။ လုံးဝ မသိမ်းတော့ဘူးလို့ ပြောတာတော့ မဟုတ်ဘူး။
မုံရွာအောင်ရှင် (အတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုပြန်ကြားရေးကော်မတီ
ဒီထုတ်ပြန်ချက်က သူတို့ အခြေအနေ သူတို့နားလည်တဲ့ သဘောလို့ ကျနော်တော့ ကောက်ချက်ချမိတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာတခု၊ တပ်ချုပ်ရဲ့ မိန့်ခွန်းမှာ ပြောတာတခုပေါ့။ အဲဒီ ၂ ခုက တော်တော်ကို ဂယက်ရိုက်သွားတယ်။ လူထုတွေရဲ့ အသံ၊ နိုင်ငံတကာအသံ၊ ကိုယ့်ပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ အသံ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အား စုတွေရဲ့ အသံ၊ အသံပေါင်းစုံက သူတို့အတွက် ကျေနပ်လောက်တဲ့ အသံမျိုး မဟုတ်ဘူးလေ။ အဲဒီတော့ ဒီဟာကို ပြန်ဖြေ လျှော့တဲ့ သဘောမျိုးနဲ့ သို့မဟုတ် ဒီဟာကို ရှင်းမှဖြစ်မယ်ဆိုတဲ့ သဘောနဲ့ ရှင်းလင်းတာလို့ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ပြန်လည်ရှင်းလင်းတယ် ဆိုတာက ကျနော်ကတော့ အပြုသဘော လို့ပဲ မြင်ပါတယ်။
ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)
ဗဟိုဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်
အစောပိုင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ပြောတဲ့အထဲမှာ ဘာမှတော့မပါဘူး။ မီဒီယာတွေက နှပ်ကြောင်းပေး မေးတဲ့အခါမှာ ဖြစ်သွားတယ်။ နောက်တခါ ကာ ကွယ်ရေး ဦးစီးချုပ်ရဲ့ Video Conferencing မှာ ပြောတဲ့ဟာကို အဓိပ္ပာယ် ကောက်လိုက်တဲ့အခါမှာ ဒါက အာဏာသိမ်းမယ် ဆိုပြီး ဖြစ်တာပေါ့နော်။ အခုထုတ်ပြန်ချက်က အဲဒါကို ပြန်ငြင်းတာပါ။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်မယ်ဆိုတာ မဟုတ်ပါ ဘူးဆိုပြီး သူတို့ပြောနေကျအတိုင်း ပြောတာပေါ့နော်။
ကျနော် နားလည်တာကတော့ မဲပြဿနာသည် ဥပဒေ ပြဿနာ မဟုတ်ပါဘူး။ ဥပဒေအရ ပြောလို့ရတဲ့ ပြဿနာကို မဟုတ်ဘူး။ ဒါက နိုင်ငံရေးပြဿနာ၊ ဥပဒေရဲ့ ပြင်ပက ပြဿနာဖြစ်တယ်။ အဲဒါတွေက တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေ ရှင်းရမှာပါ။ ဒီတလမ်းပဲ ရှိပါတယ်။
ဒေါ်နှင်းနှင်းမွှေး
တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ပထမတုန်းကတော့ သူတို့က ခြိမ်းခြောက်တဲ့ပုံစံမျိုး ပြောခဲ့တာကို မြင်ခဲ့ကြားခဲ့ရတယ်။ မြို့ထဲမှာဆိုရင်လည်း စစ်ကားတွေ လှည့်လည်သွားလာတာကို တွေ့ရတယ်။ ဒီနေ့ထုတ်လိုက်တဲ့ ထုတ်ပြန်ချက်အရ ဆိုရင်တော့ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ သွားမယ်ဆိုတာမျိုး တွေ့ရတယ်။ ဒါက ဘာကို ရည်ညွှန်းချင်တာလဲ။ နေပြည် တော်မှာလည်း သူတို့ ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာမျိုး ကြားရတယ်။ ဒီနေ့ သူတို့ ထုတ်ပြန်ချက်က နေပြည်တော် ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု များလားလို့ တွေးမိတယ်။
ဒေါ်ထုမေ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အခုထုတ်ပြန်ချက်ဟာ ပြည်သူတွေ စိုးရိမ်မှုကို အတိုင်းအတာ တခုထိ လျော့ကျသွားနိုင်တဲ့ အခြေအနေလို့ ပြောလို့ရ ပေမယ့် ပြည်သူလူထု အပါအဝင် မီဒီယာတွေရော၊ ကျမတို့တွေရော တပ်မတော်က ပြောကြားချက်တွေကို ဆက်စပ်ခြင်း အားဖြင့် ဘယ်သူမဆို ဒီလိုမျိုး သဘောပေါက်နိုင်ပါတယ်။
လိုရာဆွဲပြီး ပြောတာ မဟုတ်ဘူး။ တနိုင်ငံလုံး ကလည်း ဒီလိုပဲ နားလည်လိုက်တယ်။ လက်တွေ့မှာလည်းပဲ အပြင်မှာ စစ်ဖက်ဆိုင်ရာကားတွေ နေပြည်တော်မှာရော၊ ရန် ကုန်မှာရော မြို့ကြီးတွေမှာ တွေ့ရတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုက အတော့်ကို စိုးရိမ်မကင်း ဖြစ်သွားကြတယ်။ ဒီလိုမျိုး တစုံတခုကို ဥပမာ ပေးတဲ့အခါမှာ ခေါင်းဆောင်တွေအနေနဲ့ ပြောဆို တဲ့အခါ စကားလုံး တလုံးရဲ့ အနက်အဓိပ္ဗာယ်၊ သက်ရောက်မှု၊ ပြည်သူလူ ထုရဲ့ နားလည်မှု ဒါတွေကို စဉ်းစား ချိန်ဆလို့ ရှိရင်တော့ ပြည်သူဘက်က ဒီအပေါ်မှာ အယူအဆ လွဲမှားစရာတွေ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်;
You may also like these stories:
အာဏာသိမ်းမယ် သတင်းထွက်နေတဲ့ တပ်မတော်က ဥပဒေနဲ့အညီသာ ဆောင်ရွက်မည်ဟု ထုတ်ပြန်