ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ အစိုးရ ထိပ်သီးခေါင်းဆောင်များ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ပြည်ထောင်စု လွှတ်တော်၏ ကိုယ်စားလှယ်များကို ဖမ်းဆီး ထိန်းသိမ်းထားသည့်အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို ကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပါတီ ဥက္ကဋ္ဌများကိုလည်း ဖမ်းဆီးထားသည်။
ဖေဖော်ဝါရီ၂ ရက်တွင် NLD ပါတီ၏ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဝန်ကြီးချုပ်များ၊ ဝန်ကြီးတချို့၊ လွှတ်တော်ကိုယ်စား လှယ်များကို ပြန်လည် လွှတ်ပေးခဲ့ပြီး၊ တချို့ကို နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂ ရက်တွင် တပ်မတော်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဟူ၍ ဖွဲ့စည်းလိုက်ပြီး လစ်လပ်သွား သော အစိုးရ အဖွဲ့နေရာများအတွက် အဖွဲ့အစည်းအသစ် အသီးသီးကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထွက်ရှိလာခဲ့သည်။
ယနေ့ ဖေဖေါ်ဝါရီ ၃ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ဇဗ္ဗူသီရိမြို့ နယ် အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့် တရားစွဲမှုများ ပြုလုပ်ခဲ့သည်၊ အမှုများမှာ ဒေါ်အောင်စုကြည် နေအိမ်မှ ဆက်သွယ်ရေး စက်များ တွေ့ရှိမှု၊ ဦးဝင်းမြင့်အား ကိုဗစ်ကာလ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဥပဒေကို မလိုက်နာမှု တို့ဖြင့် ဖြစ်သည်။
တပ်မတော်က နိုင်ငံကို အရေးပေါ်ကာလ ကြေညာကာ တနှစ် အုပ်ချုပ်မည်ဟု ပြောဆိုထားသဖြင့် တပ်မတော် အုပ်ချုပ် နေသည့် ကာလအတွင်း တိုင်းရင်းသား ပါတီများ၏ ရပ်တည်ချက်နှင့် အနာဂတ်အပေါ် မည်သို့ ဖြတ်သန်းရမည်ကို နိုင်ငံ ရေး ပါတီများကြား မေးခွန်းထုတ်မှုများ ရှိနေသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ပါတီများ၊ ပြည်နယ်အခြေ စိုက် တိုင်းရင်းသား ပါတီများ၏ မျှော်မှန်းချက်နှင့် ရပ်တည်ချက်၊ သဘောထားများကို ဧရာဝတီမှ စုစည်း တင်ပြလိုက်ပါ သည်။
ဦအောင်ကြည်ညွန့်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ

ဘာမှ မဆိုင်ဘဲ ပါတီအပေါ်မှာ အတင်း ဖိအားပေးမှုတွေ ပေါ်ပေါက်လာတယ်ဆိုတာက တနေရာရာမှာ လွဲမှားချက်တခုခု ရှိ သလားဆိုတာလည်း စောင့်ကြည့်နေတာပေါ့။ ပါတီဆိုင်းဘုတ်တွေ အတင်းဖြုတ်ချတယ်ဆိုရင်လည်း ဖြုတ်ချခွင့် မရှိတဲ့ အတွက် ကိုယ့်ဆိုင်းဘုတ်တွေ ပြန်တင်ထားဖို့နဲ့ အစီရင်ခံစာ မှတ်တမ်းတင်ထားဖို့ပေါ့။ ဒီလို ဖြုတ်ချခိုင်းတာကလည်း မဖြစ် သင့်တဲ့ ကိစ္စပါပဲ။
ဒါက လက်ရှိ အုပ်ချုပ်နေပါတယ်ဆိုတဲ့ စီမံခန့်ခွဲတဲ့ သူတွေမှာ တာဝန်ရှိပါတယ်။ ပါတီ ရပ်တည်ချက်က ရှင်းရှင်းလေးပါ။ တရားဝင် ရပ်တည်နေတဲ့ ပါတီဖြစ်သလို လက်ရှိအချိန်အထိ ပြည်သူလူထုရဲ့ ထောက်ခံမှု အများဆုံးရှိတဲ့ပါတီ ဖြစ်တယ်။
တကယ်တမ်းကျတော့ မြန်မာနိုင်ငံရဲ့ဖြစ်စဉ်၊ သမိုင်းကြောင်းကို အမဲကွက် မစွန်းထင်းအောင် ပြည်သူ လူထုအနေနဲ့ရော နိုင်ငံတော်မှာ တာဝန်ရှိတဲ့ သူတွေ အနေနဲ့ရော အလေးအနက်ထားပြီးတော့ စဉ်းစား ဆောင်ရွက်ရမယ့် အခြေအနေ ရောက်နေပြီလို့ ပြောလိုပါတယ်။
ဦးအိုက်မုန်း
ဥက္ကဋ္ဌ၊ တအန်းအမျိုးသားပါတီ (TNP)
အခုသွားမယ့် ဒီမိုကရေစီ လမ်းကြောင်းရယ် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်လမ်းကြောင်းအတွက်တော့ အဟန့်အတား အနှောင့်အယှက် ဖြစ်သွားတယ်လို့ယူဆပါတယ်။ ဘယ်လိုဖြစ်လာမလဲ၊ ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာကို တော့ စောင့်ကြည့်ရမယ်။ ဘယ်လိုပုံစံ အနေအထား၊ ဘယ်လို အခင်းအကျင်းနဲ့ သွားမလဲ မသိရသေးတော့ ကျနော်တို့ စောင့်ကြည့်ရမယ့် အနေအထားလို့ပဲ ပြောချင်ပါတယ်။
ကျနော်တို့ကတော့ အခုသွားမယ့် ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းကိုပဲ မယိမ်းမယိုင် ဆက်သွားဖို့ပဲ သုံးသပ်ထားပါ တယ်။ အခုက ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကိုတော့ ပြန်သုံးသပ်စေချင်တယ်။ သုံးသပ်ပါ ဆိုတာက ၂၀၂၀ ရလဒ်ကို လက်ခံစေချင်တယ်လို့ ပြောတာပါ။
ဦးနိုင်စံတင်
တွဲဖက်အတွင်းရေးမှူး-၂ ၊ မွန်ညီညွတ်ရေးပါတီ (MUP)

အခု တပ်ကနေ အစိုးရ ဖွဲ့လိုက်တော့ လက်ရှိအစိုးရအပေါ်မှာ မူတည်သွားရော။ ရှိနေတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီတွေကို လက်ခံဦးမလား၊ ဒါမှမဟုတ် ပါတီအသစ် ထောင်ရမလား ဖြစ်လာနိုင်တယ်။ လက်ရှိ အစိုးရအပေါ်မှာပဲ မူတည်တယ်။ သူတို့က ကော်မရှင်အသစ်ဖွဲ့ပြီးတော့ ပါတီသစ် ထောင်ရမှာလား။ ဒါက သူတို့ အစိုးရ သေချာဖြစ်ပြီးမှ ဒါတွေကို ကျနော်တို့ ဆက်ဆောင်ရွက်လို့ ရမယ်။ ကျနော်တို့လို ဒေသခံ တိုင်းရင်းသားပါတီတွေ အတွက်တော့ သိပ်ပြဿနာ မရှိဘူးလို့ မြင်တယ်။ ဒီကိစ္စတွေက ကျနော်တို့ ၁၉၉၀၊ ၂၀၁၀ ကြုံခဲ့ဖူးပြီးပြီ။ ဒီတခါလည်း ဒီအတိုင်း ပြန်ဖြစ်သွားမယ်ဆို အဓိကက ကိုယ့်အင်အား လူမကွဲဖို့ဘဲ အရေးကြီးပါတယ်။
ဦးသဲရယ်
အထွေထွေအတွင်းရေးမှူး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)

တပ်မတော်အနေနဲ့ အရင်တုန်းက ရပ်တည်ချက်နဲ့ပဲ ဆက်သွားမလား၊ သို့မဟုတ် အပြောင်းအလဲ တစုံတရာ လုပ်လိုတဲ့ ဆန္ဒ ရှိသလား ဆိုတာကတော့ ကျနော်တို့လည်း မပြောနိုင်ဘူး။ ဒီလို အာဏာသိမ်းတာကတော့ မကောင်းဘူး။ တဖက်က စွပ်စွဲတာ မဲမသမာမှု ရှိတယ်ဆိုတဲ့အပေါ်မှာ ဒါ တချို့ နေရာမှာတော့ ရှိကောင်းရှိနိုင်တယ်။ အားလုံးတော့ ကျနော်တို့ မဆိုလိုဘူး။ ဒီလို မဲမသမာမှုနဲ့ ရလာတဲ့ လူတွေရဲ့ လုပ်ရပ်ကိုလည်း ကျနော်တို့ မနှစ်သက်ပါဘူး။ ရှုတ်ချပါတယ်။
သူတို့ ပြန်လည်ဖွဲ့စည်းမယ့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်ပြီး သူတို့ ထုတ်ပြန်မယ့် ဥပဒေအပေါ်မှာ အများကြီး မူ တည်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူတို့ထုတ်ပြန်မယ့် ဥပဒေပေါ့နော်။ နိုင်ငံရေးပါတီကို ဘယ်လိုလက်ခံထားမလဲ အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့အနေနဲ့တော့ ဒီအပေါ်မှာ မပြောနိုင်သေးဘူး။ လက်ရှိအာဏာ ယူထားတဲ့ စစ်တပ်ပဲ ပြောပြော အာဏာရယူထားတဲ့ အစုအဖွဲ့ကနေပြီးတော့မှ သူတို့ထုတ်ပြန်မယ့် ဥပဒေကိုပဲ စောင့်ကြည့်ရတော့မှာပေါ့။
ဦးကွမ်ဂေါင်အောင်ခမ်း
ဒုဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)

ကျနော် တို့တည်ရှိမယ်၊ မရှိဘူး။ ပါတီ ရှိမယ်မရှိဘူး ဆိုတာကတော့ သူတို့ လက်ထဲမှာပဲရှိပါတယ်။ ဒါပေမယ့် ဘယ်လို မျိုးပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ စိတ်ဝိဉာဉ်၊ ကျနော်တို့ရဲ့ ခံယူချက်ကတော့ အမြဲတမ်း ရှင်သန်သွားမှာပါ။ ကချင်ပါတီကတော့ အမြဲတမ်း ရှိ နေမယ် ဆိုတာကိုတော့ ပြောလိုပါတယ်။
ဦးမန်းအောင်ပြည်စိုး
ဥက္ကဋ္ဌ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)

ကျနော်တို့ကတော့ စစ်အုပ်ချုပ်ရေးကို ခံစားလာရတာ ဦးနေဝင်း လက်ထက်တည်းကပါ။ နောက် ဦးစောမောင်၊ ဦးသန်းရွှေ တို့ အခုချိန်ထိပါ။ စစ်အုပ်ချုပ်ရေးကို ကျနော်တို့ မကြိုက်တာတော့ ရိုးရိုးသားသားပဲ ပြောချင်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ကတိကဝတ်အတိုင်း တနှစ်၊ သူ့အထွေထွေ မကျေနပ်ချက်တွေကို ရှင်းလင်းမယ် ဆိုတာကို စောင့်ကြည့်ရမှာပေါ့။ တနှစ်မှာ သူ့ကတိကဝတ်အတိုင်း မဖြစ်လာဘူး ဆိုရင်တော့ ဒါက လက်မခံနိုင်စရာလို့ ကျနော်တို့ ပြောရပါမယ်။ သို့ပေမယ့် သူ့ကတိကဝတ် အတိုင်းပေါ့။
ရွေးကောက်ပွဲ တခုတည်း မကဘူး။ ငြိမ်းချမ်းရေးလည်း သူတို့ ဆက်လုပ်မယ်လို့ ပြောထားတော့ ဒီလို အခြေအနေမှာ ကျနော်တို့က စောင့်ကြည့်ရုံမှတပါး အခြား မရှိတော့ပါဘူး။ ကျနော်တို့ ဘာမှ ပြောလို့မရ၊ လုပ်လို့မရဘူးလို့ ပဲ ပြောချင်ပါတယ်။
You may also like these stories:
တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်၊ ဝန်ကြီးတချို့ ယနေ့ ပြန်လွတ်လာ
ရွေးကောက်ပွဲ မဲစာရင်း ပြန်စစ်ဆေးမည်
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်လက်ခံရန် တပ်မတော်ကို နိုင်ငံရေးပါတီများတိုက်တွန်း