တပ်မတော်က အာဏာသိမ်းပြီး ၃ ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ် ချုပ်ရေးကောင်စီများ ဖွဲ့စည်းရာ တပ်မတော်အရာရှိကြီးများ အပါအဝင် ယခင်က တပ်မတော်ကို ဝေဖန်ပြောဆိုပြီး ဒီမိုကရေ စီ အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်ခဲ့ကြသည့် တိုင်းရင်းသား နိုင်ငံရေးသမားများလည်း ပါဝင်နေသည်။
ရခိုင်အမျိုးသားပါတီ (ANP) ဒု-ဥက္ကဋ္ဌ ဒေါ်အေးနုစိန်၊ ကရင်လက်နက်ကိုင် တော်လှန်ရေးသမားဟောင်း ပဒိုမန်းငြိမ်းမောင် အပြင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဒု-ဥက္ကဋ္ဌတို့ ပါဝင်လာရာ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
ကောင်စီအတွင်း ဒေါ်အေးနုစိန် ပါဝင်ခြင်းနှင့် ပတ်သက်၍ ANP ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ထောက်ခံကြိုဆို ကြောင်း ပြောဆိုကြသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ပဒိုမန်းငြိမ်းမောင်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ KySDP ကလည်း ၎င်းတို့ ဒု-ဥက္ကဋ္ဌကို ပါတီမှ ထုတ်ပယ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်း တပ်မတော် အစိုးရဘက်မှ အစိုးရ တာဝန်များ ပေးအပ်ရန် လိုက်လံကမ်းလှမ်းသည့်ထဲတွင် တိုင်းရင်းသား ပါတီငယ်တခု ဖြစ်သော အရှိုချင်းအမျိုးသားပါတီ (ACNP) က လက်မခံကြောင်း ငြင်းဆိုခဲ့သည်။
ACNP ၏ သဘောထားနှင့် ပတ်သက်၍ ဧရာဝတီက အရှိုချင်းအမျိုးသားပါတီ (ACNP) ၏ အထွေထွေ အတွင်းရေးမှူး ဦးဆလိုင်းအောင်မင်းလှိုင်ကို ဆက်သွယ် မေးမြန်းထားပါသည်။
ACNP သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရခဲ့ခြင်း မရှိပါ။
မေး ။ ။ နိုင်ငံတော်ကောင်စီဘက်က အစိုးရတာဝန်အတွက် ကမ်းလှမ်းတာကို ငြင်းလိုက်တယ်လို့ သတင်းတွေ ကြားနေ ရလို့ပါ။ ဟုတ်ပါသလား။
ဖြေ ။ ။ အဲဒါက ကျနော့်ကို ကမ်းလှမ်းတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ပါတီ ဥက္ကဋ္ဌကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) က ဖုန်းဆက်ပါတယ်။ အစိုးရဌာန၊ အစိုးရအဖွဲ့မှာ ဖြစ်ဖြစ် တနေရာရာမှာ အလုပ်လုပ်ဖို့ဆိုပြီး ကမ်း လှမ်းပါတယ်။ ကမ်းလှမ်းတာကို ကျနော်တို့အနေနဲ့ လက်မခံတာပါ။ မလုပ်ချင်ဘူးဆိုပြီး ပြောတာပါ။ ဘယ်ရာထူး၊ ဘယ် နေရာဆိုပြီး ကျနော့်ကို နာမည်နဲ့ ကမ်းလှမ်းတာ မဟုတ်ပါဘူး။ ပါတီကို ကမ်းလှမ်းတာပါ။ ကမ်းလှမ်းတာကို ကျနော်တို့က လုပ်ဖို့ ဆန္ဒမရှိဘူးဆိုပြီး အကြောင်း ပြန်တာပါ။
မေး ။ ။ UEC က ဘယ်သူများ ဆက်လာတာပါလဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်က တိုက်ရိုက် ဆက်တာ မဟုတ်ဘူးပေါ့။
ဖြေ ။ ။ ဘယ်သူလဲတော့ မသိဘူး။ သူတို့ရုံးကပဲ ဆက်တာပဲ။ ကျနော်တို့ ပါတီဥက္ကဋ္ဌကို ဆက်လာတာပါ။ သူတို့ အဲဒီ လိုပဲ တခြားတိုင်းရင်းသားပါတီတွေကိုလည်း ဆက်ပါတယ်။ နေရာပေးတာပေါ့။ လုပ်ချင်တယ်ဆိုရင် လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းပေါ့။ ကျနော်တို့က မလုပ်ချင်ဘူးလို့ အကြောင်းပြန်ပါတယ်။ ဒါပါပဲ။
မေး ။ ။ ငြင်းရတဲ့ အကြောင်းရင်းကရော ဘာများလဲ။ ပါတီရဲ့ ရပ်တည်ချက်ကို ပြောပြပါဦး။
ဖြေ ။ ။ ကျနော်တို့က ရာထူး၊ နေရာ တခုအတွက် အလုပ်လုပ်ဖို့ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူနည်း စုတွေရဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေ ဒီထက်ပို ကျယ်ကျယ်ပြန့်ပြန့် ရရှိဖို့၊ ဥပဒေပြုအာဏာတို့၊ အုပ်ချုပ်ရေးအာဏာတို့၊ တရားစီ ရင်ရေး အာဏာတို့၊ ဖက်ဒရယ်စနစ်နဲ့အညီ ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရဖို့ ရည်မှန်းထားတဲ့ ပါတီပါ။ ကျနော်တို့က ရာထူး လေးတခု၊ နေရာလေး တခုအတွက် လုပ်ထားတာ မဟုတ်တဲ့အတွက် ဒါမျိုး ကမ်းလှမ်းတာတွေကိုလည်း စိတ်မဝင် စားတာ ဖြစ်ပါတယ်။
မေး ။ ။ တပ်မတော်က အာဏာသိမ်းပြီး ၁ နှစ် တာဝန်ယူ အုပ်ချုပ်သွားမယ့် ကာလမှာ ACNP ပါတီရဲ့ ရှေ့လျှောက် ရပ်တည်ရေး၊ အနာဂတ်ကို ဘယ်လိုများ တွေးထားပါသလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲကိုပဲ မျှော်လင့်ပါတယ်။ အကောင်းဆုံး တရားမျှတတဲ့ ရွေးကောက်ပွဲ စနစ် တခုကိုပဲ မျှော်လင့်ပြီးတော့ ရွေးကောက်ပွဲကျင်းပတဲ့အခါ ကျနော်တို့ ဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းလိုက်တဲ့ အပေါ်ရော ACNP ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဒါကတော့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်တာ ဘယ်ဟာဖြစ်ဖြစ် မဖြစ်သင့်ဘူးလို့ ကျနော်တို့ ယူဆပါတယ်။ ကျနော် တို့ ခံယူပါတယ်။
You may also like these stories:
အာဏာဖီဆန်ရေးမှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကူညီမယ့် “We Support Heroes”
၄ ရက် ထိန်းသိမ်းခံရသည့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပြန်လွတ်လာ
ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး