ပြည်သူ့အုပ်ချုပ်မှုစနစ်ကို အမြန်ဆုံးပြန်လည်ရနိုင်မယ့် အနေအထားရှိပါတယ်

ဧရာဝတီ
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် 
Want create site? Find Free WordPress Themes and plugins.

တပ်မတော်အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြု ကျမ်းကျိန်တာတွေ ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) တရပ်ကို ဖွဲ့စည်းထားပါတယ်။

CRPH အနေနဲ့ ဥပဒေအရ တရားဝင်မှုအားလုံး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ကိုယ်စားလှယ်အချို့ကလည်း NLD အမတ်တွေနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိ သစ္စာပြုကာ ပူးပေါင်းပါဝင်မှုတွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအချို့မှာလည်း အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ကြပြီး သူ တို့ရဲ့တရားဝင်မှုကို ပြသလျှက်ရှိပါတယ်။

လတ်တလောမှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်တဲ့ လူထုဆန္ဒပြပွဲတွေ မြို့အသီးသီးမှာ ပြုလုပ်နေကြပြီး ပြည်သူ့အာဏာဖီဆန်မှု(CDM) လို စစ်အစိုးရလက်အောက်မှာ မလုပ်မလုပ်လိုကြောင်း ပြည်သူ့ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ်နေကြပါတယ်။

တဖက်မှာ ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေသလို ရွေး ကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်နေမှုတွေကိုလည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးအောင်ကြည်ညွန့်ထံ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ တိုင်းနဲ့ပြည်နယ်တွေမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ခေါ်ယူနေတဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ တိုင်းနဲ့ပြည်နယ် အကုန်လုံးမှာ ရနိုင်သမျှကြိုးစားနေကြတာပေါ့၊ အခုဆို တိုင်းနဲ့ပြည်နယ်အချို့မှာ အကောင်အထည်ဖော်ပြီးပြီ။ ဆက်ပြီးတော့လည်း အကောင်းအထည်ဖော်ဖို့ရှိကြပါတယ်။ အကုန်လုံးဖြစ်မဖြစ်တော့ မသိသေးပါဘူး။ ဖြစ်အောင်တော့ ကြိုးစားရမှာပဲ။

မေး ။ ။ အခုဆို လူထုက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြချိန်မှာ အနိုင်ရ NLD အမတ်တွေ ဘာလုပ်နေသလဲ မေးခွန်းထုတ်ကြတာ ရှိနေပါတယ်။

ဖြေ ။ ။ အခုဆိုရင် ပြည်သူတချို့က NLD အမတ်တွေ ငြိမ်နေတယ်ထင်နေတာ၊ အမတ်တွေက သူ့နေရာနဲ့သူ အလုပ်လုပ်နေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ အမတ်တွေအကုန်လုံးနဲ့ ၈၈ တုန်းကလိုတော့ သွားလုပ်လို့မရဘူး။ သူတို့မှာ လုပ်စရာအလုပ်တွေက hard power ရော soft power ရောအများကြီးရှိတယ်။ အကြမ်းမဖက်တဲ့နည်းနဲ့ သွားရမှာလေ။

အခုက လွှတ်တော်ကိုယ်စားလှယ်ဆိုတာမျိုးက တကယ်တမ်းကျတော့ ပြည်သူလူထုရဲ့ Mandate ရထားပြီးသား ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် Organization တခုကို အကောင်အတည်ဖော်ဖို့ရန်အတွက် အကြပ်အတည်း ဖြစ်သွား အောင်တော့ လုပ်လို့မရဘူး။ သူ့အပိုင်းနဲ့သူ လိုင်းချင်းမတူဘူးပေါ့။ တချို့လူတွေက လမ်းပေါ်လိုက်ပြီးထွက်နေမှ အလုပ်လုပ်တယ်လို့ထင်တာ။

အခုဆိုရင် လွှတ်တော်အစည်းအဝေးတွေ ခေါ်နေကြတယ်။ ကတိသစ္စာတွေ ပြုနေ ကြတယ်ဆိုတဲ့ တကယ့် legitimacy (တရားဝင်) အရ ဆောင်ရွက်ရမယ့်ဟာတွေ လုပ်နေကြတယ်။ အဲ့ဒါကိုတော့ နားလည်းအောင် ရှင်းပြပေးရမှာပေါ့။ ဒီအချိန်မှာ ထောင့်ပေါင်းစုံက အားလုံးပါဝင်အောင် လုပ်ရမှာ။

မေး ။ ။ CRPH အနေနဲ့ အစိုးရဖွဲ့ဖို့ရော ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ ။ ။ အနာဂတ်က ကိစ္စတွေကို ကြိုပြောလို့ ရလို့လား။ ဒီလို အခြေအနေမျိုးမှာပေါ့။

မေး ။ ။ လက်ရှိ လူထုလှုပ်ရှားမှုတွေကို ဘယ်လို သဘောထားပါသလဲ။

ဖြေ ။ ။ မြန်မာပြည်မှာ တကယ်ကို နိုးကြားတက်ကြွပြီးတော့ စစ်အုပ်ချုပ်ရေးကို ဘယ်သူကမှ မလိုလားတော့ ဘူးဆိုတာ ဒီလောက်အထိပြနေတာကို တာဝန်ယူထားတဲ့သူတွေက မြင်ဖို့၊ သိဖို့ကောင်းတယ်။ တကယ်တမ်းကျ တော့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက်ထားရမယ်ဆိုတဲ့ မူဘောင်ကို ဆန့်ကျင်နေတာ တဖြေးဖြေးနဲ့ ဘယ်သူ တွေလည်းဆိုတာ ရုပ်လုံးပေါ်လာတာပေါ့။

အခုဆိုရင် ရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ တထပ်တည်းကျနေတာကို အထူးသက်သေပြနေသလိုပဲပေါ့။ ရွေးကောက်ပွဲမှာ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ပေးလိုက်တဲ့ဟာကို မကျေနပ်ပါဘူးဆိုပြီး တဖက်ကပြောနေတဲ့အချိန်မှာ ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို ဝိုင်းပြုံပြီး ဆန့်ကျင်နေတာကိုကြည့်ရင် သူတို့ရွေးကောက်ပြီး အနိုင်ပေးလိုက်တဲ့ NLD ပါတီရဲ့ အနိုင်ရခြင်းက ရွေးကောက်ပွဲရလဒ်နဲ့ ပြည်သူတွေရဲ့ဆန္ဒဟာ တထပ်တည်း ဖြစ်နေတယ်။ မသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ဘာမှအရာမဝင်ဘူးဆိုတာ ရဲရဲတင်းတင်းပြောနိုင်၊ ဆုံး ဖြတ်နိုင်တဲ့အနေအထားကို ရောက်နေပြီ။ ဒါကိုမသိကျိုးကျွံပြုလို့ မကောင်းပါဘူး။

မေး ။ ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ လူထုကို ဘာများ ပြောလိုပါသလဲ။

ဖြေ ။ ။ လက်ရှိ လူထုက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အနေအထားနဲ့ သွားနေတယ်၊ ဒီနေရာမှာ အကြမ်းဖက်မှု လုံးဝ မပါဘူး။ တဖက်က လုပ်ကြံပြီးတော့ အကြမ်းဖက်မယ့် အင်အားစုတွေ သွတ်သွင်းလာမယ့်အနေအထားမျိုး သတိရှိရှိ၊ အသိရှိရှိနဲ့ ကာကွယ်ဖို့လိုတယ်။ ပြည်သူတွေရဲ့ ရိုးသားဖြောင့်မတ်တဲ့ စေတနာမှန်ကို ပုံပျက်အောင်လုပ်မယ့် အနေအထားမျိုးဖြစ်လာရင် သတိကြပ်ကြပ်ထားဖို့လိုတယ်။ အရှိန်အဟုန် လျော့မသွားဖို့လိုတယ်။

အထူးသဖြင့်တော့ အများပြည်သူနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement(CDM) လှုပ်ရှားမှုကို ခိုင်ခိုင်မာမာနဲ့ မားမားမတ်မတ်ရပ်လိုက်မယ်ဆိုရင် ပြည်သူ့အုပ်ချုပ်မှုစနစ်ကို အမြန်ဆုံးပြန်လည် ရနိုင်မယ့် အနေအထားရှိပါတယ်။ လတ်တလောမှာလည်း သူတို့တွေအတွက် နိုင်ငံတော်နဲ့ ပြည်သူတွေအနေနဲ့ ဘယ်တော့မှ မျက်ကွယ်ပြုမှာ မဟုတ်ဘဲနဲ့ ထိခိုက်နစ်နာမှုမရှိအောင် ကူညီပံ့ပိုးသွားနိုင်ဖို့အတွက် အားလုံးအဆင်သင့် ပြင်နေကြပါတယ်။

ပြည်သူလူထုအနေနဲ့ တည်တည်ငြိမ်ငြိမ်၊ သတ္တိရှိရှိ၊ ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်ဖို့လိုပါတယ်။ ဒါမှ ကျနော်တို့ရဲ့ အနာဂတ်၊ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို စစ်အုပ်ချုပ်မှုကြီးအောက်ကနေ အကာအကွယ်ပေးနိုင်မယ့် အနေအထား ဖြစ်တယ်ဆိုတာကို အမြဲတမ်း သတိချပ်ထားစေချင်ပါတယ်။

You may also like these stories:

အာဏာသိမ်းမှုကို အာခံကြတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲ

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အရှိန်မြင့်လာ

တပ်မတော်မှ ဖမ်းထားသူများ သတင်းအစအန ပျောက်နေ၍ မိသားစုပူပန်

Did you find apk for android? You can find new Free Android Games and apps.
Loading