ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သော အသက် ၁၉ နှစ် အရွယ် မမြသွဲ့သွဲ့ခိုင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့ပြီး လက်ရှိ အချိန်၌ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။
ဆန္ဒပြလူအုပ်စုအား ရဲတပ်ဖွဲ့က ဖြိုခွင်းနေစဉ် မမြသွဲ့သွဲ့ခိုင်နှင့် ၎င်း၏ အစ်မဖြစ်သူတို့သည် လုံခြုံရေးစည်းကို မကျော်ခဲ့ သလို ပစ်ခတ်မှုများ ဖြစ်နေချိန် လာမည်မှန်စိုးသဖြင့် ပြန်လှည့်ပြီး အကာကွယ်ယူချိန်တွင် ပစ်ခံရခြင်း ဖြစ်ကြောင်း မမြသွဲ့ သွဲ့ခိုင်၏ အစ်မက ဖြစ်သူက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ မနေ့က နေပြည်တော်က ဆန္ဒပြပွဲတခုမှာ ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိပါရဲ့လား။ လူစုခွဲတဲ့နေရာမှာ ဘယ်လို လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းထားတာ ရှိပါသလဲ။
ဖြေ ။ ။ ပြောရင်တော့ ဘယ်လိုမှ ဥပဒေနဲ့ ညီညွတ်တဲ့ ဆောင်ရွက်ချက် မဟုတ်ပါဘူး။ ဒါမျိုး လူစုလူဝေးနဲ့ အဓိကရုဏ်း ပုံစံမျိုး သို့မဟုတ် ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုခဲ့ရင် လုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာလည်း ပြဋ္ဌာန်းထားသလို ၁၉၅၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှု လက်စွဲဥပဒေဆိုတာလည်း ရှိပြီးသား ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က လူအုပ်စုတစု ဥပဒေ အသုံးအရ ပြောမယ်ဆိုရင်တော့ ဥပဒေနဲ့ ဆန့်ကျင်သော လူအုပ်စုတစုပေါ့။ ဒါကို သေ နတ်နဲ့ ပစ်ခတ်ဖြိုခွင်းဖို့ ဆိုတာသည် အခြေအနေ ၂ ရပ် လိုအပ်ပါတယ်။ တခုကတော့ လူတယောက်ရဲ့ (သို့) လူအုပ်စုရဲ့ အသက်ကို ချက်ချင်း ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေ ရှိတဲ့အခါမျိုး ဒီအချိန်မှာ လက်နက်သုံးစွဲပြီးတော့ ဟန့်တားလို့ ရပါတယ်။
နောက်တခုကတော့ ရာဇဝကျင့်ထုံး ဥပဒေပုဒ်မ ၁၄၁ အရ ဥပဒေနဲ့ ဆန့်ကျင်သော အစုအဝေးဆိုပြီးတော့ ၅ ယောက် ထက် ပိုပြီးမစုဝေးရဘူးလို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားတဲ့ အချိန်မှာ ၅ ယောက်ထက် ပိုပြီး စုဝေးတယ်၊ အဲဒီစုဝေးတဲ့ လူအစုအဝေးကလည်း လူစုခွဲဖို့ အမိန့်ပေးတာ၊ ညွှန်ကြားတာကို မနာခံဘဲနဲ့ လုံခြုံရေး ထိန်းသိမ်း မယ့် တပ်ဖွဲ့တွေရဲ့ ဘေးအန္တရာယ်ကို ပြုလာခဲ့မယ်၊ အသက်ကို ရန်ရှာလာခဲ့မယ်ဆိုရင် အဲဒီအချိန်မှာမှ လူစုခွဲဖို့၊ ဖမ်းဆီးဖို့၊ လိုအပ်ရင် လက်နက်ကို သုံးစွဲဖို့အတွက် ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ကျန်အချိန်တွေမှာ သုံးစွဲလို့ မရဘူး။
သုံးစွဲတဲ့ အခါမှာလည်းပဲ ပစ်ခတ်မိန့်က ခရိုင်တရားသူကြီး တဦးကနေမှ ကြီးကြပ်ပြီး အမိန့်ပေးရတာ ဖြစ်ပါတယ်။ ခရိုင် တရားသူကြီးကို ချက်ချင်း ဆက်သွယ်နိုင်တဲ့ အခြေအနေ မရှိဘူးဆိုရင်တော့ အဲဒီ ရဲတပ်ဖွဲ့မှာ ရှိနေတဲ့ အကြီးဆုံး အရာရှိ ကနေမှ ဒီအခြေအနေကို အကဲခတ်ပြီး သူက လိုအပ်တဲ့ ပစ်ခတ်မှုကို အမိန့်ပေးလို့ ရပါတယ်။ သို့တည်းမဟုတ် လူအုပ်က အင်မတန် ကြီးနေတယ်။ ရဲတပ်ဖွဲ့နဲ့ မနိုင်တော့ဘူးဆိုရင်တော့ စစ်ဖက်အင်အားကိုသုံးပြီး ဖြိုခွင်းဖို့လည်းပဲ အမိန့်ပေးနိုင် တယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။
သို့သော်လည်း မနေ့က ဖြစ်စဉ်ကို ကြည့်တဲ့အခါမှာ အရေးကြီးတဲ့ ဥပဒေတရပ် ရှိပါတယ်။ အဲဒါသည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၃၀ မှာ ဒီလို လူစုလူဝေး၊ အဓိကရုဏ်း ဖြစ်မှုတွေကို ဖြိုခွင်းတဲ့အခါ၊ နှိမ်နင်းတဲ့အခါမှာ ဘေးအန္တရာယ် အနည်း ဆုံးဖြစ်အောင် စီမံဆောင်ရွက်ရမယ်လို့ ပြောထားပါတယ်။ ရဲတပ်ဖွဲ့ အင်အားနဲ့ နံပါတ်တုတ်နဲ့ ကိုင်ပြီးတော့ တုတ်၊ ဒိုင်းနဲ့ နှိမ်နင်းလို့ရတဲ့ အခြေအနေမျိုးမှာ သေနတ်နဲ့ပစ်လို့ မရဘူး။ ဒါ နံပါတ်တစ်။ နံပါတ်နှစ်က ဒီလို ပစ်ခတ်တော့မယ်ဟေ့လို့ ဆိုရင် ဒီလူအုပ်ကို ဟန့်တားနိုင်တဲ့ မိုးပေါ်ထောင်ပြီးတော့မှ ၃ ချက် ပစ်ခတ်ပြီးတော့ ဟန့်တား သတိပေးရပါမယ်။ ပြီးရင် သူတို့ကို တားမြစ်ထားတဲ့စည်း ၃ တန် တားပြီးတော့မှ နောက်ဆုံးစည်းကို ကျော်မှသာလျှင် ပစ်ခတ်ခွင့် ရှိပါတယ်။
အဲဒါကလည်း အဲဒီမှာ ရှိနေတဲ့ တရားသူကြီးကို ခေါ်နိုင်တဲ့ အခြေအနေရှိရင် ခရိုင်တရားသူကြီးကို ခေါ်ပြီးတော့မှ သူ့ရဲ့ ဥပဒေနဲ့ ညီညွတ်တဲ့အမိန့် အခြေအနေပေးတယ်ဆိုရင် စာနဲ့ရေးသားပြီးတော့ ညွှန်ကြားချက် ပေးရမယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။
မေး ။ ။ ဟုတ်ကဲ့။ အခု ဆရာရှင်းပြသွားတဲ့ ဥပဒေ အချက်အလက်တွေ အရဆိုရင် မနေ့က ဖြစ်ရပ်ဟာ ဒီဥပဒေ၊ လုပ် ထုံးလုပ်နည်းတွေနဲ့ ကွဲလွဲဆန့်ကျင်နေတဲ့ သဘောလားရှင့်။
ဖြေ ။ ။ မနေ့က ဖြစ်စဉ်ကို ကြည့်လိုက်တဲ့အခါကျတော့ ဒီရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံရတဲ့ လူအုပ်စုက ချက်ချင်းကြီး အသက်ဘေး အန္တရာယ် ကြုံတွေ့ရလောက်အောင် ရန်မူတဲ့ အနေအထား ကျနော်တို့ မတွေ့ဘူး။ ဒီ လူအုပ်ထဲကနေမှ ခဲနဲ့ပေါက်တာတွေ ဒါမျိုး တွေ့ပေမယ့် အဲဒီလောက်နဲ့ကတော့ ချက်ချင်းကြီး အသက်ဘေးအန္တရာယ်ကို စိုးရိမ်ရလောက်တဲ့၊ သေနတ်နဲ့ ပစ်ခတ်ရလောက်တဲ့ အနေအထား မရှိဘူးလို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ လိုအပ်တာထက် ပိုပြီး သုံး တယ်လို့ မြင်တယ်။
နောက်တခုက ဒီဖြစ်စဉ်ကြီးသည် တောက်လျှောက် ဖြစ်နေတာ ကာလအကြာကြီး ဖြစ်တဲ့အချိန်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေအရ လိုအပ်တဲ့ ခရိုင်တရားသူကြီးကို ကြီးကြပ်ဖို့အတွက် ခေါ်နိုင်တဲ့ အခြေအနေ လုံလောက်ပါလျက်နဲ့ ဒီ ရာဇဝတ် တရားသူကြီး တယောက်ရဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ အမိန့်မဟုတ်ဘဲ ရဲအရာရှိကနေ ပစ်ခတ်သွားတဲ့ ကိစ္စသည် ဥပဒေနဲ့ ညီညွတ်မှု မရှိဘူး။ ဒါက လုပ်ထုံးလုပ်နည်းအပိုင်း။
နောက်တခု ပစ်ခတ်စဉ်မှာ အသုံးပြုတဲ့ လက်နက်။ ကျနော်တို့ လူအုပ်စုကြီးနဲ့ လူအစုအဝေးနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တယ်၊ အဓိကရုဏ်း ဖြစ်တယ်ဆိုရင် သုံးစွဲရတဲ့ လက်နက်တွေ ရဲတပ်ဖွဲ့မှာ သီးခြားရှိပါတယ်။ အော့အန်ဗုံးတွေသုံးမယ်၊ မျက်ရည် ယိုဗုံးတွေသုံးမယ်၊ ရေပိုက်နဲ့ထိုးပြီး လူစုခွဲတာ ရှိမယ်။ ပြီးရင် တုတ် (ရော်ဘာတုတ်)၊ ဒိုင်းနဲ့ နှိမ်နင်းတာတွေ ရှိမယ်။ အဲဒီ ကနေ ကျော်လွန်လာခဲ့ရင် ရော်ဘာကျည်နဲ့ ပစ်တာ ရှိမယ်။ နောက်တခါ blind ပစ်ခတ်ပြီးတော့ အသံနဲ့ ထိန်းချုပ်တာတွေ ရှိမယ်။ ဒါမျိုးလည်း သုံးရပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အခုလိုမျိုး တကယ့်ကို ချေမှုန်းရေး ရိုင်ဖယ်လိုဟာမျိုး သုံးပြီးတော့မှ ပစ်မှတ်တခုကို တိတိကျကျ ချိန်တွယ်ပြီး ပစ်ခတ်တာမျိုး သို့မဟုတ် မုဆိုးကနေ သားကောင်ကို ပစ်သတ်တာမျိုး မြင်ရတဲ့ အတွက် ဒါ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူး။ တကယ် အတိအကျ ပြောရရင် ဒါ လူသတ်မှုပါပဲ။
မေး ။ ။ ဆိုတော့ နေပြည်တော် ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ သူဟာ ရဲအရာရှိ ဖြစ်နေသော်လည်းပဲ ရဲအရာရှိတို့ လိုက်နာရမယ့် တည်ဆဲဥပဒေဖြစ်တဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေကိုလည်း လိုက်နာမှု မရှိဘူး။ နောက်တခု ရဲအရာရှိ အနည်းဆုံး စခန်းမှူးအထက်က လုံးဝ သိကိုသိရမယ့် ရုန်းရင်း ဆန်ခတ်မှု လက်စွဲ ဥပဒေ ၁၉၅၆ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်ကိုလည်း လိုက်နာမှု မရှိဘူး။ သူသည် ရဲဝတ်စုံကို ဝတ် ပြီးတော့ ဒီဖြစ်စဉ်မှာ သူ ပစ်ခတ်ခဲ့သော်လည်းပဲ သူသည် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကို ကျူးလွန်တယ်လို့ ဥပဒေကြောင်း အရ ဒီအတိုင်းပဲ မြင်ပါတယ်။
ကျနော်တို့ ဝမ်းနည်းပြီး စိတ်မကောင်းတာက ရဲလုပ်ငန်းနဲ့ ရဲဥပဒေတွေကို နားမလည်တဲ့ အသွင်ပြောင်း ရဲအရာရှိက ဒီလို မျိုး ရမ်းရမ်းကားကား နိုင်ငံသားတဦးကို ပစ်ခတ်လိုက်တဲ့ ဖြစ်စဉ်ကို ရဲချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ယူပြီးတော့ ပြည်သူကို တောင်းပန်တာ မရှိဘူး။ ပြည်သူကို ဒါ မှားယွင်းသွားပါတယ်လို့ ဝန်ခံတာ မရှိဘူး။ ဒါ တခုတော့ တရားဥပဒေ စိုးမိုးရေးအတွက် အင်မတန် စိတ်မကောင်းစရာ ဖြစ်ပါတယ်။
ပြန်ချုပ်ပြီး ပြောမယ်ဆိုရင် မနေ့က ဖြစ်စဉ်မှာ သေနတ်နဲ့ ပစ်ခတ်တာသည် လုပ်ထုံးလုပ်နည်းအရလည်း ဥပဒေနဲ့ ညီညွတ် မှု မရှိဘူး။ သုံးစွဲတဲ့ လက်နက်နဲ့ ကျည် အမျိုးအစားအရလည်း ဒီလိုသုံးစွဲရမယ့် ဥပဒေနဲ့ ညီညွတ်တဲ့ လက်နက်နဲ့ ကျည် မဟုတ်ဘူး။ နောက်တခါ ပစ်ခတ်စဉ်မှာ ပစ်ခတ်တဲ့ နည်းလမ်း၊ ပုံသဏ္ဍာန်က ဒီပစ်မိန့်ကို ဦးစီးပြီး အမိန့်ပေးရမယ့် အကြီး ဆုံး အရာရှိက သူအမိန့်ပေးတဲ့ အလုပ်ကို မလုပ်ဘဲနဲ့ သူကိုယ်တိုင် ရန်ငြိုးနဲ့ အာဃာတနဲ့ မုဆိုးကနေ သားကောင်ကို ပစ် ခတ်သလိုမျိုး ပစ်ခတ်သွားတာသည် ဒါ လူရမ်းကား တယောက်ကနေမှ နိုင်ငံသား တယောက်ကို လူသတ်မှု ကျူးလွန် တယ်လို့ပဲ သုံးသပ်လို့ ရပါတယ်။
မေး ။ ။ လက်ရှိမှာလည်း တပ်မတော်က အာဏာသိမ်းမှုကို မလိုလားတဲ့ ပြည်သူလူထုရဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေပါတယ်။ မနေ့က နေပြည်တော်လို အဖြစ်အပျက်မျိုး ထပ်ဖြစ်လာနိုင်ပါသလား။ ဒီအပေါ် ဆရာ့ အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ လက်ရှိ စစ်ကောင်စီအနေနဲ့ တည်ဆဲအစိုးရ တရပ်ဆီကနေ အာဏာလွှဲယူတယ်ပြောပြော၊ အာဏာသိမ်းယူ တယ်ပြောပြော ဒါသည် နိုင်ငံရေး ပြဿနာ ဖြစ်ပါတယ်။ ဒါ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစု အချင်းချင်း ညှိနှိုင်းဖြေရှင်းရ မယ့် ပြဿနာလို့ ကျနော် မြင်ပါတယ်။ ပြည်သူလူထုကတော့ သူတို့တွေ ၂၀၂၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးရွေးချယ် လိုက်ကြတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီးတော့မှ ဒီလို အာဏာသိမ်းလိုက်တဲ့အပေါ်မှာ သူတို့ရဲ့ ကျေနပ်မှု မရှိ ကြောင်းကို ၂၀၀၈ အခြေခံဥပဒေမှာ ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးအရ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်တယ်။
တပြည်လုံးမှာ ကြည့်လိုက်ရင်လည်း ရိုင်းစိုင်းတာ၊ ရုန့်ရင်းကြမ်းတမ်းတာ၊ ရန်လို တိုက်ခိုက်တာတွေ မပါဘဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကို အမိန့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ လက်အောက်က ရဲမှူးကြီးအဆင့်လောက်ရှိတဲ့ ပုဂ္ဂိုလ်က ဒီလိုမျိုး ရမ်းရမ်းကားကား ဆောင်ရွက်လိုက်တာသည် အင်မတန် စိုးရိမ်ကြောင့်ကြစရာ အခြေအနေ ဖြစ်ပါတယ်။ ဆက်ပြီးတော့မှ ဒါမျိုး အလားအလာတွေလည်း ဖြစ်နိုင်စရာ အခြေအနေတွေ မြင်နေပါတယ်။ တက်လာတဲ့ သတင်းတွေ အရ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေကို ရန်လိုတိုက်ခိုက်တဲ့ အသွင်သဏ္ဍာန်မျိုး ပုံဖျက်မယ့် ဆောင်ရွက်ချက်တွေလည်း တဖက်အင်အားစုတခုက စီမံဆောင်ရွက်နေတယ်။ ဒါကို ငြိမ်းချမ်းစွာ ဆောင်ရွက်နေတဲ့ ပြည်သူလူထုတွေက လိမ္မာပါးနပ် စွာနဲ့ ရှောင်ကွင်းနေကြတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
အကယ်၍သာ နိုင်ငံရေးအရ ဖြေရှင်းရမှာ နှောင့်နှေးခဲ့ရင် လူထုတွေရဲ့ ဆန့်ကျင်မှု ပိုပြီးကြီးမားလာမယ်၊ လူထုအင်အား ပိုကြီးမားလာတဲ့ အခါကျရင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံသားတွေနဲ့ ထိပ်တိုက်တွေ့ပြီဆိုရင် ဒီလိုအခြေအနေမျိုးတွေ ထပ်မံ ပေါ်ပေါက်လာစရာ အကြောင်းတရားတွေ မြင်နေပါတယ်။ အာဏာသိမ်းသည်ပဲဖြစ်စေ၊ အာဏာကို လွှဲပြောင်းရယူသည် ပဲဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ၊ လက်ရှိအားဖြင့် နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်းထား တယ်၊ ကိုင်တွယ်ထားတယ် ဆိုရင်တော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အသက် ဘေးအန္တရာယ်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတို့ကို စောင့်ရှောက်ကာကွယ်ပေးရေးသည် အဲဒီအစိုးရရဲ့တာဝန်ပဲ။ အခု စစ်ကောင် စီက တာဝန်ယူထားတယ်ဆို စစ်ကောင်စီရဲ့ တာဝန်ပဲ ဖြစ်တဲ့အတွက် ဒါကိုတော့ အလေးထားပြီး ဆောင်ရွက်ဖို့ လိုတယ်။
ထို့အတူပဲ မနေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ထပ် ဒီလိုဖြစ်စဉ်မျိုးတွေ မဖြစ်အောင်လို့ ရဲချုပ်ကိုရော၊ ပြည်ထဲရေး ဝန်ကြီးဌာနကိုရော ညွှန်ကြားချက်တွေ တရားဝင် ပြည်သူလူထု သိအောင်၊ နိုင်ငံတကာသိအောင် ထုတ်ပြန် ညွှန်ကြားဖို့ လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။
မေး ။ ။ လက်ရှိ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ ။ ။ ဒီကနေ့ နိုင်ငံသူ/သားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာကို ရာဇဝတ်ပြစ်မှုတခု အနေနဲ့ ရှုမြင်ပြီးတော့မှ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ၅ ယောက်ထပ်ပိုရင် ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေး၊ ဒီအစုအဝေးကို လိုအပ်တဲ့အချိန်မှာ ပစ်ခတ် နှိမ်နင်းမယ်ဟေ့ ဆိုရင်တော့ ဒါသည် အစိုးရတရပ်ရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းမဟုတ်ဘူး။ ဥပဒေနဲ့ မညီညွတ်ဘူးလို့ မြင် တဲ့အတွက် ဒီလို ဆန့်ကျင်မှုတွေ၊ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်မှုတွေ အင်အားကောင်းပြီး အင်မတန် ပြင်းထန်မလာခင်မှာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံရေး နည်းလမ်းအရ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို အမြန်ဆုံး စဉ်းစားပြီး အကောင်းဆုံး အဖြေတခု ထုတ်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒါမှသာလျှင် ဥပဒေနဲ့ ညီညွတ်ပြီးတော့ နိုင်ငံကလည်း အမြန်ဆုံး တည်ငြိမ်အေးချမ်းမှု ရမယ်။ နိုင်ငံသူ/သားတွေ အနေနဲ့ လည်း စိတ်ချမ်းသာ လုံခြုံမှုကို ရမယ်။ တဖက်ကလည်းပဲ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ ထိပ်တိုက် ရင်ဆိုင်တွေ့ကြပြီး မလိုလား အပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်အောင် အချိန်မီ ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မြင်ပါတယ်။
You may also like these stories:
အကြမ်းဖက်ပြီး နိုင်ငံကို အုပ်ချုပ်ထားသူ စီစဉ်တဲ့ ပညာရေးလမ်းကြောင်းက ယုံကြည်စရာ မရှိဘူး
စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့များ ရှုတ်ချခံရ
မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်