တပ်မတော်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးလိုက်ရုံသာမက ၂၀၂၀ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ် ၄၀၀ ကျော်ကိုလည်း နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း အကျယ်ချုပ် ချုပ်ထားခဲ့သည်။
ထို့နောက် တပ်မတော်က ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအား စည်ပင်ရိပ်သာမှ ဖယ်ရှားရန်နှင့် နေရပ်အသီး သီးသို့ ပြန်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ တာဝန်ကို ထမ်းဆောင်ပါမည်ဖြစ်ကြောင်း စုဝေးကာ ကျမ်းသစ္စာပြုပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ယခုအခါ CRPH ကော်မတီက အာဏာသိမ်း စစ်အစိုးရကို လက်နက်အားကိုးဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖြုတ်ချ သည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီက CRPH ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဖြူဖြူသင်းကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ပထမဆုံး မေးချင်တာက တပ်မတော်က အာဏာသိမ်းတော့ မဲမသမာမှုကို အဓိက အကြောင်းပြချက် ပေး တယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂိုလ်ရေးအရ သမ္မတရာထူး ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံဆီ မှာ တောင်းဆိုတာတွေ မရလို့ လုပ်တယ်လို့လည်း NLD အသိုင်းအဝိုင်းကနေပဲ ကြားနေရတာ ရှိပါတယ်။ မဖြူဖြူသင်း အနေနဲ့ အတည်ပြု ပေးနိုင်ပါသလား။
ဖြေ ။ ။ ကျမအနေနဲ့ သေသေချာချာတော့ မသိပါဘူး။ ဒါပေမယ့် ညှိနှိုင်းတာတွေ ရှိခဲ့မယ်။ ထွက်နေတဲ့ သတင်းတွေ အရလည်း ဖြစ်နိုင်ချေကတော့ အရမ်းများပါတယ်။ အဓိကတော့ အာဏာနဲ့ ပတ်သက်ပြီး အာဏာ ပြန်စွဲကိုင်ချင်တယ်။ တပ်မတော်ထဲမှာဆိုရင် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က ထပ်ပြီး သက်တမ်းတိုးလို့ မရတော့ဘူး။ ပထမတချက်က သက် တမ်း တိုးပြီးပြီ။ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖျောက်ဖျက်ပြီးတောင် ယူထားပြီးပြီ။ တောင်းတယ်ဆိုတာ ဖြစ်နိုင်ချေ ရှိတယ်။ ဒါ ပေမယ့် အဲဒီလို ရာထူးတွေက ပြည်သူက ရွေးချယ်တင်မြှောက်မှ ဖြစ်တဲ့အတွက် ပေးလို့လည်း မရဘူး။ ပေးခွင့်လည်း မရှိ ဘူး။ ကျမအနေနဲ့ အတည်ပြုပြောဖို့ တော်တော်ခက်ပါတယ်။ ဖြစ်နိုင်ချေကတော့ တော်တော်ရှိပါတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ မဲမသမာမှုအပေါ်မှာ စွပ်စွဲပြီး အာဏာသိမ်းတဲ့အထိ ဖြစ်တယ်။ အစ်မဆိုရင်လည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တဦးဆိုတော့ ဒီအပေါ်မှာ အစ်မတို့ ရပ်တည်ချက်က ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျမတို့တွေ ၁၉၉၀ ရွေးကောက်ပွဲကိုလည်း ဖြတ်သန်းခဲ့တယ်။ ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၅ ကောက်ပွဲမှာရော ကိုယ် တိုင် ပါဝင်ခဲ့တယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲပေါ့။ ကျမတို့ ရွေးကောက်ပွဲတွေ အများကြီး ဖြတ်သန်းခဲ့တယ်။ ဒီနေ့ဆိုရင် သူတို့ မဲမသမာမှုလို့ စွပ်စွဲနေတာ ကျမတို့ ကိုယ်တိုင်က လက်ရှိ အနေအထားမှာ ရွေးကောက်ပွဲ အများကြီး ဖြတ်သန်း ခဲ့တော့ မသမာမှုတွေမျိုးစုံ ကြုံခဲ့ရတာ ဖြစ်တဲ့အတွက် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အခု ရွေးချယ် တင်မြှောက်ခံထားရတဲ့သူတွေ အကုန်လုံးကိုယ်တိုင်က မဲသမာမှုတွေ ဖြစ်မှာစိုးတဲ့အတွက် တကယ့်ကို ကိုယ့်ရဲ့ သက်ဆိုင် ရာ မြို့နယ်တွေမှာ ကြီးကြပ်ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စာရင်းတွေ မှား တယ်ဆိုပြီး အကြောင်းပြချက် ပေးပါတယ်။ စာရင်းဆိုတာ တကယ့်တကယ်ပြောရင် Digital စနစ်ကို မသွားနိုင်သေးသရွေ့ ကတော့ စာရွက်ပေါ်မှာက အများကြီး မှားနိုင်ပါတယ်။
အခုရွေးကောက်ပွဲကို ကျင်းပလိုက်တဲ့ အချိန်မှာ ကိုဗစ်ကာလနဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ အဲဒီမှာလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့က ညွှန်ကြားချက်တွေ ရှိပါတယ်။ မြေပြင်ပေါ်မှာရှိတဲ့ လူစာရင်းကိုပဲ ကောက်ရမယ်ဆိုတာပေါ့။ ကျမတို့ ကိုယ် တိုင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကောက်နေတဲ့ စာရင်းတွေကို စိုးရိမ်လို့၊ လွဲမှားမှုတွေ ဖြစ်ပေါ်မှာ စိုးတဲ့အတွက် သွားရောက် စစ်ဆေးတာ၊ လုပ်ကိုင်တဲ့ ပုံစံတွေကို သေချာ လေ့လာပါတယ်။ မရှိတဲ့သူတွေ စာရင်းကိုတော့ လုံးဝ မထည့်ပါ ဘူး။ ကျမတို့ မြို့နယ်ကတော့ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန်နဲ့ စနစ်တကျ လုပ်နေတာ မြင်တဲ့အတွက် ရွေးကောက်ပွဲမှာ မဲစာရင်းနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ အများကြီး ကြိုးစားထားတာကို တွေ့ရတယ်။
နှစ်အချက်အနေနဲ့ ရွေးကောက်ပွဲနေ့မှာ ကြည့်မယ်ဆိုရင် ပြည်သူလူထု တော်တော်များများက စိုးရိမ်ကြောက်လန့်မှု ကြီးစွာ နဲ့ မဲလာပေးကြတယ်။ ကိုဗစ်ကာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ ကျမတို့ ကိုယ်တိုင်လည်း မဲလာပေးသူများပါ့မလား၊ လူတွေက စိတ်ပါဝင်စားမှု ရှိပါ့မလားဆိုပြီး စိုးရိမ်တယ်။ တဖက်ကလည်း မဲပေးတဲ့နေ့ မတိုင်ခင် ဖောက်ခွဲမှုတွေ လုပ်ပြ တယ်။ ဒါပေမယ့် ပြည်သူတွေက အကြောက်တရားရှိတဲ့ ကြားကနေ တွန်းကန်ပြီး အင်တိုက်အားတိုက်နဲ့ မဲပေးခဲ့ကြတယ်။
ဒီတကြိမ် ရွေးကောက်ပွဲက ကျမတို့ကိုယ်တိုင် ကိုယ့်မြို့နယ်မှာ မသမာမှုတွေ ဖြစ်မှာစိုးတယ်ဆိုပြီး ကြီးကြပ်ပြီး သေသေ ချာချာ စနစ်တကျ လုပ်ကိုင်ခဲ့ပါတယ်။ ပါတီစုံလည်း ပါပါတယ်။ ဒီတော့ စွပ်စွဲတာက ရည်ရွယ်ချက်ရှိရှိနဲ့ စွပ်စွဲတယ်လို့ပဲ ကျမ မြင်ပါတယ်။ ဒီကိစ္စတွေ အကုန်လုံးကို ဖြေရှင်းမယ်ဆိုရင် ဥပဒေအရ ရှိပြီးသား။ အာဏာသိမ်းစရာ အကြောင်းကို မရှိဘူး။
ရည်ရွယ်ချက် ဘယ်လောက်ရှိလဲဆိုရင် ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အယောက် ၂၀၀ နီးပါးကို တပြိုင်နက် တည်း တရားစွဲတယ်။ စွဲတဲ့ထဲမှာလည်း ကျမတို့ ဆွေးနွေးကြ၊ ညှိနှိုင်းကြတော့ တော်တော့်ကို ခိုင်မာမှု မရှိဘဲ စာတစောင်နဲ့ တစောင် တပုံစံတည်း ကူးပြီး တရားစွဲတာကို တွေ့ရတယ်။ ဥပမာ အပေါ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဘယ်သူ့ ကို တရားစွဲပါတယ်ဆိုရင် အောက်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘယ်သူ့ကို တရားစွဲပါတယ်ဆိုပြီး တလွဲတွေ အများကြီး တွေ့ရတယ်။ ကျမတို့က တရားစွဲပါ။ စွဲလို့ရတယ်။ စွဲတဲ့အခါလည်း မှန်မှန်ကန်ကန်နဲ့ စွဲစေချင်တယ်။ အခု လုပ် သွားတာတွေက စနစ်တကျနဲ့ အာဏာသိမ်းဖို့ အတွက်ကိုပဲ ရည်ရွယ် ပြင်ဆင်ပြီး လုပ်ကိုင်သွားခဲ့တယ်လို့ ကျမ မြင်တယ်။
မေး ။ ။ အာဏာသိမ်းပြီးနောက်မှာ တပ်မတော်က UN ကိုယ်စားလှယ်တွေနဲ့ တွေ့ပြီး မဲစာရင်းကိစ္စ ပြောတာတွေ ရှိ တယ်။ CRPH အနေနဲ့ရော နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဘာတွေ လုပ်နေတာရှိလဲ။
ဖြေ ။ ။ ကျမတို့ CRPH က ၅ ရက်နေ့က စဖွ့ဲတယ်။ ကျမတို့ လွှတ်တော်ခေါ်တယ်။ နောက်ပြီး စဉ်ဆက်မပြတ် ပြည်သူနဲ့ တသားတည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ပြဋ္ဌာန်းတယ်။ သက်တမ်း ထပ်တိုးတယ်။ နောက်ပြီး ပြည်ထောင်စု လွှတ်တော် ဦးဆောင်ကော်မတီက တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးတာတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအ ဝင်ပေါ့။ ဥရောပသမဂ္ဂ ပါတယ်။ နောက် ဒီမိုကရက်တစ်တိုင်းပြည်တွေက သံရုံးတွေနဲ့လည်း ချိတ်ဆက်ပြီး ကျမတို့နိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လက်နက်အားကိုးပြီး အာဏာသိမ်းယူတဲ့ စစ်ကောင်စီကို လုံးဝ အသိအမှတ်မပြုဖို့ နိုင်ငံတကာကို တောင်းဆိုတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ထောင်ချတာတွေကို အကြွင်းမဲ့ ပြန် လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုတယ်။ ပုံမှန်အားဖြင့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတကာတွေနဲ့ ယှဉ်တွဲပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။
မေး။ ။ မဲမသမာဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ရော အစ်မတို့ဘက်က တစုံတရာ ပြန်တုန့်ပြန်ဖို့ ဆောင်ရွက်နေ တာများ ရှိပါသလား။
ဖြေ ။ ။ ဒါကို ဆောင်ရွက်မယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်တာပေါ့။ ပြီးခဲ့တဲ့ညက ရွေးကောက်ပွဲ ကော်မ ရှင်ရဲ့ မြို့နယ်အဆင့်ကနေ ဗဟိုအဆင့်အထိ အားလုံးကို ညကြီးအချိန်မတော် ခေါ်သွားခဲ့တယ်။ ဒါက ဘာရည်ရွယ်ချက်လဲ ဆိုတာ ကျမတို့ ပြန်ကြည့်ရပါမယ်။ နောက်ပြီး နိုင်ငံတော်အာဏာသိမ်းဖို့ အတွက်ကို လက်နက်ကိုင်အဖွဲ့က သမ္မတကို လက်နက်ကိုင်ခြိမ်းခြောက်ပြီး လက်မှတ် ထိုးခိုင်းတယ်။ အာဏာလွှဲပါတယ်ဆိုပြီး လုပ်ခိုင်းတယ်။ သမ္မတက လက်မှတ် မထိုးခဲ့ဘူး။ ဒီတော့ သူတို့ ဥပဒေမဲ့ အာဏာသိမ်းခဲ့တယ်။ အခုဆိုရင် ရွေးကောက်ပွဲကော်မရှင် အပါအဝင် အားလုံးကို မတရားသဖြင့် လက်နက်ကိုင် ခြိမ်းခြောက်ပြီး မလုပ်ဘူးလို့ ပြောလို့ မရဘူး။
ကျမတို့ ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ကိုယ်စားလှယ်တဦးအနေနဲ့ ရွေးကောက်ပွဲ မသမာမှု ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ အားလုံးက သိပြီးသား။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း သူ ထုတ်ပြန်သင့်တာတွေကို ထုတ်ပြန်ထားပြီးပြီ။ ဒီအပေါ်မှာမှ မတရား လွှမ်းမိုးပြီး ဥပဒေနဲ့ မညီတာတွေကျတော့ လုပ်ပေးလို့ မရဘူး။ ကျမ အခု မြင် တာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေ အပါအဝင် ဗဟို၊ တိုင်း၊ မြို့နယ်အဆင့်ဆင့် ဖမ်းဆီး ခေါ် ဆောင်တယ်။ မတရားသဖြင့် ဖိအားပေးပြီး လုပ်ကိုင်ဆောင်ရွက်တဲ့ အနေအထားတွေ ကျမတို့ လေ့လာနေတယ်။ ကျမတို့ ကိုယ်တိုင်ကလည်း ဒီလိုကိစ္စတွေကို လုံးဝ လက်မခံဘူး။ ခြိမ်းခြောက်ပြီး မတရား လက်မှတ် ယူတာကလည်း ဥပဒေ ကြောင်းအရ မမြောက်ဘူး။ ဒါကိုလည်း လက်မခံဘူးဆိုတာကို အခုကတည်းက ကျမတို့ ပြောထားပါမယ်။
မေး ။ ။ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အခြေအနေရော ဘာများ ကြားသိထားပါသေးသလဲ။ CRPH အနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို တရားစွဲဆိုဖို့ ပြင်နေတာတွေလည်း ပြောပြပေးပါ။
ဖြေ ။ ။ ဖမ်းဆီးသွားကတည်းက ကျမတို့ အကုန်လုံး အဆက်အသွယ်ပြတ်တာပါပဲ။ အကုန်လုံးကို ထိန်းသိမ်း လိုက် တာပေါ့။ အခုဖမ်းဆီးသွားတာ ၁၀၀ ကျော်ရှိပြီ။ တယောက်နဲ့မှ အဆက်အသွယ် လုံးဝ မရပါဘူး။ နောက်တချက် ကျမတို့ တရားစွဲဆိုသွားမယ်ဆိုတာက ကျမတို့ စစ်အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်။ စစ်အာဏာ ရှင်တွေက အဘဦးဝင်းတင်စကားနဲ့ပြောရင် ဘယ်တော့မှ အရှင်မထွက်ဘူး။ သူတို့က ရတဲ့အာဏာကို ကုပ်ပြီး နေနေမှာပဲ။ အဲဒီတော့ ဒီအာဏာကို စွန့်လွှတ်ဖို့ ကျမတို့က နည်းလမ်းပေါင်းစုံနဲ့ လုပ်ရမယ်။
အခုဆိုရင် မြန်မာနိုင်ငံတွင်းက လူငယ်မျိုးဆက်တွေ အပါအဝင် အကုန်လုံး တတ်ညီလက်ညီ ဆန္ဒပြတာ၊ တိုက်တွန်းတာ၊ CDM လုပ်နေတာတွေ အားလုံးက တပ်မတော်က မတရား အာဏာ သိမ်းပိုက်ထားတာကို စွန့်လွှတ်ဖို့ ဘက်ပေါင်းစုံကနေ ဆန္ဒပြတယ်။ နောက်တချက် ဒါဟာ ဥပဒေမဲ့ လုပ်ကိုင်ဆောင်ရွက်တာဖြစ်တယ်၊ ဘယ်ဥပဒေနဲ့မှ မညီဘူး၊ သူတို့ ရေးဆွဲ ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့တောင် မညီတာပါ။ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ကို လေးစားရမယ်။ လိုက်နာရမယ်။ ဒီဥပဒေတခုရှိရင် ရှိတဲ့အတိုင်း ကျမတို့ သွားရမယ်။ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်တယ်။ လက်ရှိ တည်ဆဲဥပဒေကို ချိုးဖောက်တာ ဘယ်သူလဲ။ ကျမတို့က ဥပဒေ မှာ ပေးထားတဲ့ တည်ဆဲဥပဒေတွေအရ အကုန်သုံးမှာပါ။ စစ်အာဏာရှင်ကို မြန်မာနိုင်ငံမှာတင်မက ကမ္ဘာ့နိုင်ငံအသီးသီး မှာပါ တရားစွဲဆိုသွားမှာပါ။ အခုဆိုရင် တရားစွဲဆိုဖို့အတွက် မြန်မာနိုင်ငံရှေ့နေများအဖွဲ့ကို လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ကျမတို့ တရားစွဲဆိုချင်တယ်။ ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးပါဆိုပြီး ကျမတို့ စာပို့ထားပါတယ်။
မေး ။ ။ စတင်ပြီး တရားစွဲဆိုမယ်ဆို ပြည်တွင်းမှာ စစွဲမှာလား။
ဖြေ ။ ။ ပြည်တွင်းရော ပြည်ပရောပါ။ ပြည်ပကလည်း ဥပဒေ အကူအညီတွေ လိုတာပေါ့။ အဲဒါကိုလည်း ကျမတို့ တဆက်တည်း လုပ်သွားမှာပါ။ အားလုံးသိတဲ့အတိုင်း ပြည်တွင်းက တရားဥပဒေ စိုးမိုးရေးကိစ္စက သူတို့လက်ထဲမှာပဲ အား လုံး ရှိနေတယ်။ ကျမတို့ကတော့ သူတို့လက်ထဲမှာရှိလို့ လုပ်လို့မရဘူး မဟုတ်ဘူး။ လုပ်ကိုလုပ်မှာပါ။ ပြည်တွင်းမှာလည်း လုပ်မယ်။ ဥပဒေအကြံပေးတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာမှာ တရားစွဲဆိုလို့ရတဲ့အထိ နိုင်ငံတကာမှာပါ စစ်ကောင်စီ အစိုးရအဖွဲ့ကို တရားစွဲဆိုပါမယ်။ တရားစွဲဆိုနိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။
တရားလိုကတော့ ကျမတို့ရဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဖြစ်ပါမယ်။ အဲဒီထဲကနေ တရားလို ဖြစ်ပါ မယ်။ တရားခံကတော့ လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဖြစ်ပါမယ်။ ဘယ်ပုဒ်မတွေလဲ ဆိုတာကတော့ ကျမတို့ ဥပဒေ အကြံပေးမှာ အကူအညီ တောင်းထားတယ်။ အဲဒီကနေ ဘယ်ပုဒ်မတွေနဲ့ စွဲဖို့ဆိုပြီး ရှေ့နေတွေက သုံးသပ်ပြီး ထွက်လာတဲ့ အပေါ်မှာ မူတည်ပြီး ကျမတို့ တရားစွဲသွားမှာပါ။
မေး ။ ။ အစ်မတို့ရဲ့ ထုတ်ပြန်ချက်တခုထဲမှာ စစ်ကောင်စီဟာ နိုင်ငံတော်ပုန်ကန်မှု လုပ်တယ်ဆိုပြီး ပြစ်မှုဆိုင်ရာ ဥပဒေ၊ အခန်း ၆ ကို ညွှန်းထားတာ တွေ့ပါတယ်။ တရားစွဲရင် ဒီပုဒ်မနဲ့ စွဲဆိုမှာပါလား။
ဖြေ ။ ။ တကယ်ကို သူတို့ ကျူးလွန်ခဲ့တဲ့ ကိစ္စရပ်တွေ ဖြစ်တဲ့အတွက် ဒီပုဒ်မတွေကတော့ အကုန်ပါမှာပါ။ နိုင်ငံတော် ပုန်ကန်မှုဆိုတာ အားလုံးလည်း သိပြီးသား။ သူတို့ကို တရားစွဲဆိုလို့ ရပြီ။ တခြားသော ဥပဒေကြောင်းအရ အကြံပေးမယ့် ကိစ္စရပ်တွေကိုလည်း ကျမတို့ ကြည့်ပြီး လုပ်သွားမှာပါ။ အကုန်လုံး ပေါင်းစပ်ပြီး လုပ်သွားမှာပါ။ ကျမတို့ ၉ ရက်နေ့က စပြီး ပြင်ဆင် နေပါတယ်။ အခုလည်း ရှေ့နေအဖွဲ့က ပြင်ဆင်နေပါတယ်။ ပြီးရင် ဘယ်နှစ်ရက် ကြာမလဲပေါ့။ ကျမတို့ကတော့ သိပ်မကြာဘဲ လုပ်ဖို့ ပြောထားတာရှိပါတယ်။ တကယ်လို့ တရားရေးဘက်က၊ ရှေ့နေဘက်က သုံးသပ်ပြီး ပြန်ပေးလာပြီဆို ရင် ဘယ်ဥပဒေပုဒ်မတွေဆိုတာ ရလာရင် ကျမတို့ တဆင့်ပြီး တဆင့် လုပ်သွားမှာပါ။
မေး ။ ။ အာဏာသိမ်းပြီးနောက်မှာ တရားစီရင်ရေးကဏ္ဍကလည်း စစ်ကောင်စီ လက်အောက်မှာပဲ ထားထားတာ ဆိုတော့ တရားစွဲဆိုရေးနဲ့ ပတ်သက်လို့ မျှော်လင့်ချက် ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ဒါကြောင့် ကျမတို့ ပြည်ပကိုပါ တရားစွဲဆိုဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာက စစ်ကောင်စီရဲ့ လက် အောက်ကို အကုန်ကျသွားမယ်။ ဘယ်လောက်ကြီးပဲ ကျကျပါ။ ကျမ မြင်သလောက်ကတော့ ဥပဒေကြောင်းအရဆိုရင် တရားသူကြီးတွေ မသိစရာ အကြောင်းမရှိဘူး။ ဘယ်လက်ထက်မှာဖြစ်ဖြစ် ဘယ်လောက်ထိ မှန်မှန်ကန်ကန်နဲ့ ပြည်သူ လူထုဘက်က ရပ်မလဲ ဆိုတာပေါ့။ ကျမတို့ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာကို မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထု အားလုံး သိရှိမယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရှေ့မှာလည်း ကျမတို့ တရားစီရင်ရေးက ဘယ်လောက်ထိ ပြိုလဲနေပြီလဲ ဆိုတာကို လည်း ပြသလိုက်သလို ဖြစ်သွားမှာပါ။
မေး။ ။ လက်ရှိ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီ ဆိုကတည်းက ကျမတို့က အဆင်သင့် ပြင်ထားပြီးသားကိစ္စ ဖြစ်ပါတယ်။ အဓိ ကတော့ အစိုးရအဖွဲ့တွေကို ဖမ်းမယ်။ ပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းမယ်၊ ပြည်သူတွေ ဆန္ဒပြသူတွေကို ဖမ်းမယ်။ ဒီလိုတွေ လုပ်မယ်ဆိုတာ ကျမတို့ ကြိုတွက်ထားပါတယ်။ စစ်အာဏာသိမ်းပြီဆိုရင် သူတို့ ဒါပဲ လုပ်တတ်တာ လေ။ ဒီတိုင်းပဲ လုပ်မယ်ဆိုတာ ကျမတို့ သိရှိပြီးသား ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ တနိုင်ငံလုံးမှာ ဘယ်သူမှ လုံခြုံမှု မရှိတော့ပါဘူး။ ကျမတို့ မျိုးဆက်တွေရော ကျမတို့ ပြည်သူတွေရောပါ။
စစ်အာဏာရှင် လက်ထက်မှာ ကျမတို့အားလုံး ရင်ဆိုင်ခဲ့ရတယ်။ ကျမတို့ အိပ်ကောင်းခြင်း မအိပ်ခဲ့ရဘူး။ ညဘက်ဆို ဧည့် စာရင်း စစ်သလိုနဲ့ ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ လုပ်ခဲ့တယ်။ လူတွေအားလုံးက အကြောက်တရားအောက်မှာ နေခဲ့ရ တယ်။ အခုမှ ပြည်သူ့အစိုးရ လက်အောက်မှာ ကျမတို့ ၅ နှစ်ပဲ နေရသေးတယ်။ မြန်မာနိုင်ငံမှာ လူငယ်မျိုးဆက်တွေက ဒါကြောင့် ဆန္ဒပြနေတာ။ ကျမတို့ဆို အကြောက်တရား အောက်မှာ နေခဲ့ရတဲ့ မျိုးဆက်လို့တောင် ပြောလို့ရတယ်။ လူငယ်တွေက သူတို့အနာဂတ်ကို သူတို့ကိုယ်တိုင် ဆန္ဒပြတဲ့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာကို တွေ့ ရပါတယ်။ ကျမတို့နိုင်ငံမှာ စစ်အာဏာသိမ်းရင် ဘယ်သူမှ လုံခြုံမှု မရှိတော့ဘူးဆိုတာကို ပြောချင်ပါတယ်။
မေး ။ ။ နိုင်ငံတော်အာဏာကို အရပ်သားအစိုးရလက်ထဲ ပြန်ရဖို့ အစ်မတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်တွေ အနေနဲ့ ဘာတွေ လုပ်ဆောင်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး လူထုကို ဘာများ အသိပေးချင်ပါသေးလဲ။
ဖြေ ။ ။ အာဏာ စသိမ်းကတည်းက ညဘက်ဆိုရင် သံပုံးတွေတီးပြီး ဆန္ဒပြတာ၊ ပြည်သူတွေ လုပ်ကိုင် ဆောင်ရွက်နေ တာတွေ၊ အစိုးရဝန်ထမ်းတွေ လုပ်နေတဲ့ CDM ဆိုတာကလည်း တကယ့်ကို ထိရောက်ပါတယ်။ ဆန္ဒပြတဲ့ မျိုးဆက်တွေကို ကြည့်တဲ့အခါ ကျမတို့ အရင်မျိုးဆက်တွေကတောင် ပြန်အားကျရတဲ့အထိ နည်းလမ်းပေါင်းစုံသုံးပြီး စစ်အာဏာရှင် ပြုတ် ကျဖို့ လုပ်ကိုင်နေတာရှိသလို ကျမတို့ လွှတ်တော်ကိုယ်စားလှယ်ပိုင်းကလည်း ပြည်သူက ရွေးချယ်တင်မြှောက်လိုက်လို့ ကျမတို့မှာ တာဝန်အများကြီး ရှိပါတယ်။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် ကိုယ့်ဒေသမှာ ပြည်သူတွေနဲ့ ညှိ နှိုင်း ဆောင်ရွက်နေတာတွေ ရှိတယ်။ တချို့ဆိုရင် ထိပ်ဆုံးက ဦးဆောင်ဆန္ဒပြနေတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆိုရင်လည်း လွှတ်တော် ခေါ်တယ်။ အစိုးရဖွဲ့တယ်။ ကျမတို့ ပြည်ထောင်စု လွှတ်တော် ကလည်း တိုင်းရင်းသားတွေပါ ပူးပေါင်း ပါဝင်လာအောင် အားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင် ဘယ်လောက် သိမ်း သိမ်း၊ လူထုရှေ့က ရပ်တည်ပါမယ်။ နိုင်ငံတကာကလည်း စစ်အာဏာရှင် စစ်ကောင်စီကို လက်မခံဘူး၊ အသိအမှတ်မပြု ဘူး။ ဒီလိုအချိန်မှာ ကျမတို့က ပြည်သူလူထုက ပေးထားတဲ့ တာဝန်နဲ့ အသိအမှတ်ပြုဖြစ်ဖို့ ဆက်လုပ်ကိုင် ဆောင်ရွက်နေ ပါတယ်။
အဓိကတော့ စစ်ကောင်စီအဖွဲ့ကို တရားစွဲဖို့ လုပ်ကိုင်ဆောင်ရွက်သွားမှာပါ။ အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှာ မရှိတော့တဲ့ အထိ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေက လူထုနဲ့ရော၊ အဖွဲ့အစည်းပေါင်းစုံနဲ့ရော ပူးပေါင်းပြီး စစ်အာဏာရှင် ပြုတ် ကျရေးကို တစိုက်မတ်မတ် လုပ်သွားမှာပါ။ ဖမ်းဆီးခံထားရတဲ့ ကျမတို့ ခေါင်းဆောင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံက ပုဂ္ဂိုလ်တွေ လွတ်မြောက်လာတဲ့အထိ၊ ဒီမိုကရေစီ အပြည့်အဝရတဲ့အထိ ကျမတို့ ပူးပေါင်းဆောင် ရွက်သွားပါမယ်။
You may also like these stories:
ပုသိမ်မြို့ဆန္ဒပြပွဲဦးဆောင်သူ၂ ဦး ဖမ်းဆီးခံရ
မော်လမြိုင် ဆန္ဒပြကျောင်းသားများ ပစ်ခတ်ဖြိုခွင်းခံရ၊ ထိခိုက်ဒဏ်ရာများရှိ