ကချင်လူထု ကန့်ကွက်နေသည့် ကြားမှ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖိတ်သည့် အစည်းအဝေးကို တက်ခဲ့သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)မှနေ၍ ဦးကွမ်ဂေါင်အောင်ခမ်း ဦးဆောင်သည့် ကချင်ဒီမိုကရက် တပါတီ (KDP)လုံး နုတ်ထွက်လိုက်ပြီ ဖြစ်သည်။
KSPP သည် ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကချင်ပါတီ ၄ ခု ပူးပေါင်းလိုက်သည့် ပူးပေါင်းပါတီကြီးတခု ဖြစ်ပြီး ဦးကွမ်ဂေါင် အောင်ခမ်းသည် KSPP ၏ ဒု-ဥက္ကဋ္ဌ တဦးလည်း ဖြစ်၏။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းပြီးနောက် KSPP ကို ရာထူးတချို့ပေးရန် ဖိတ်ခေါ်ရာ ငြင်းခဲ့သော် လည်း ဖေဖော်ဝါရီ ၂၆ ရက်တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖိတ်သည့် အစည်းအဝေးကို ကချင်လူထု ကန့်ကွက်နေသည့်ကြားမှ KSPP က သွားတက်ရောက်ခဲ့သည်။
အဆိုပါ UEC အစည်းအဝေးသို့ တက်မတက် ပါတီတွင်း ဆွေးနွေးခဲ့ရာတွင် ဦးကွမ်ဂေါင်အောင်ခမ်းက ကန့်ကွက်ခဲ့သော် လည်း KSPP အတွင်းမှ အစည်းအဝေးသွားတက်ရန် မဲပေးသူများခဲ့သဖြင့် ပါတီတွင်း မကျေလည်မှုများ ရှိနေခဲ့သည်။
ယခုအခါ KSPP မှ နုတ်ထွက်လိုက်ခြင်းနှင့် ပတ်သက်၍ ဧရာဝတီက ဦးကွမ်ဂေါင်အောင်ခမ်းကို ဆက်သွယ်မေးမြန်း ထားပါ သည်။
မေး ။ ။ KSPP ကနေ ဘာကြောင့်များ နုတ်ထွက်လိုက်တာပါလဲ။
ဖြေ ။ ။ ကျနော်တို့ အတူတကွ လုပ်ချင်တဲ့ ဆန္ဒမရှိတော့ပါ။ ဘာပြဿနာမှ မရှိပါဘူး။ လုပ်ဆောင်ချင်တဲ့ ဆန္ဒမရှိတာ လို့ပဲ ကျနော် အခုချိန်မှာ ပြောလိုပါတယ်။
မေး ။ ။ KSPP ကို UEC အစည်းအဝေး သွားတက်လို့ ကချင်လူထုကြား ဝေဖန်မှုတွေ ရှိနေတယ်။ ဒါကြောင့်လား။ စစ်ကောင်စီနဲ့များ ပတ်သက်တာကြောင့်ပါလား။
ဖြေ ။ ။ တခြားမရှိပါဘူး။ ကျနော်တို့က ဒီမှာ ဆက်လက်ပါဝင်ပြီး အတူတကွ ဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးဆိုတာပဲ ကျနော် ပြောလိုပါတယ်။
မေး ။ ။ KSPP ကနေ ပြန်နုတ်ထွက်တဲ့ KDP က ပါတီဝင် ဘယ်လောက် ရှိပါသလဲ။
ဖြေ ။ ။ အဲဒါကတော့ အခု မခန့်မှန်းတတ်သေးဘူးဗျာ။ အတိအကျ စာရင်းယူထားတာ မရှိပါဘူး။ ကျနော်တို့ CEC မှာတော့ ၅ ဦးစီ ထားပါတယ်။ ပါတီတခုကနေ ၅ ဦးစီ ထားတော့ လွန်ခဲ့တဲ့ တပတ်ကလည်း KSPP ကနေ CEC တဦးက ထွက်လိုက်ပါတယ်။ ဒီနေ့က ကျနော် အပါအဝင် ကျန်တဲ့သူတွေပေါ့။ အားလုံးဆန္ဒအပေါ် မူတည်ပြီး ကျနော်တို့က ညှိနှိုင်း ပြီး ပါတီရဲ့ သဘောထားအရရော ရှေ့ဆက်ပြီး အတူတကွ လုပ်ဆောင်ဖို့ မလုပ်ဆောင်နိုင်တော့ဘူးဆိုတာကို တင်ပြပြီး နုတ်ထွက်တယ်ဆိုတာကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။ KSPP က ကျနော်တို့ မရှိသော်ငြားလည်း ဒီမှာရှိတဲ့ အဖွဲ့ဝင်တွေ၊ အဖွဲ့သားတွေနဲ့အတူ လုပ်ဆောင်သွားမှာလို့ ကျနော် တွေ့မြင်ပါတယ်။ ကျနော်တို့ကတော့ ဒီမှာ ဆက်ပါဝင်ဖို့ စိတ်ဆန္ဒ မရှိတော့လို့ပါ။
မေး ။ ။ ဒီတော့ နိုင်ငံရေးပါတီသစ် တခုကို ပြန်မှတ်ပုံတင်သွားမှာလား။ ဘယ်လို ဆက်ရပ်တည်ပါမလဲ။
ဖြေ ။ ။ အခုချိန်မှာ ဒါတွေ ပြောဖို့ အချိန်မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေက ပါတီတွေက အကုန်လုံး အခု ချိန်မှာ ရွေးကောက်ပွဲလည်း အသိအမှတ် မပြုတော့ဘူး။ ပါတီတွေ ရှေ့ဆက်ပြီး ဘယ်လိုရှိမယ်ဆိုတာလည်း ကျနော် မပြော တတ်ဘူး။ ဒါကြောင့် ပါတီတခုအနေနဲ့ သွားမယ် မသွားဘူးဆိုတာကို ပြောမယ်၊ မပြောဘူးဆိုတာကို ပြောဆိုဖို့ထက် ပြည် သူလူထုနဲ့အတူတကွ ဘယ်လို လက်တွဲဆောင်ရွက်မလဲ၊ ဘယ်လို လက်တွဲမယ်ဆိုတာပဲ ကျနော်ပြောလိုပါတယ်။
ကျနော်တို့ အနေနဲ့ မည်သည့် အာဏာရှင်ကိုမဆို သဘောတူတာ မရှိပါဘူး။ ဒါ့ကြောင့် အာဏာရှင်စနစ်က မုချ ကျဆုံးရ မယ်။ နောက်တချက်က ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရမယ်။ ဒီမိုကရေစီ ပြန်လည်ထွန်းကားရမယ်ဆိုတဲ့ အချက်တွေကို ပြောလိုပါတယ်။ တတိယအချက်က တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ၃ ချက်ကို ကျနော်တို့က ပြည်သူလူထုနဲ့ လက်တွဲ ဆောင်ရွက်သွားမှာပါ။ ဒါကို တင်ပြလိုပါတယ်။
မေး ။ ။ ဦးအောင်ခမ်းဆိုရင် ကချင်လူထုတွေရဲ့ ထောက်ခံမှုရှိတဲ့ နိုင်ငံရေးသမား တဦးလည်း ဖြစ်တယ်။ ဆိုတော့ ဒီက နုတ်ထွက်ပြီးနောက် ဘယ်လို ဆက်ရပ်တည်ပြီး ဘာတွေ ဆက်လှုပ်ရှားမလဲ။ ကချင်လူထုကိုရော ဘာများ အသိပေးချင်ပါ သလဲ။
ဖြေ ။ ။ အခုလက်ရှိမှာ ကျနော်တို့ နိုင်ငံက ဒီမိုကရေစီ ဆိတ်သုဉ်းတဲ့အချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီ ထွန်းကားရပါမယ်။ အာဏာရှင်စနစ် မရှိရပါဘူး။ ဒါပြီးမှ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရပါမယ်။ ဒါမှလည်း အနာဂတ်မှာ ငြိမ်းချမ်းတဲ့ ဖက် ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတခုက မငြိမ်းချမ်းဘူး၊ ဖက်ဒရယ်ပြည်ထောင်စု မရဘူးဆိုရင် ငြိမ်းချမ်းဖို့ ခက်ပါတယ်။ ဒါကြောင့်လည်း တွေ့ဆုံညှိ နှိုင်း ဆောင်ရွက်တဲ့ နည်းပုံစံမျိုးနဲ့သွားဖို့ လိုပါတယ်။ ပြည်သူလူထုနဲ့ တသားတည်း ကျနော်တို့ သွားပါမယ်ဆိုတာကို လူထု ကို ကျနော် ပြောလိုပါတယ်။ ကျနော့်ရဲ့ ကတိ၊ ခံယူချက်က ပြည်သူလူထု ခက်ခဲတဲ့ အချိန်မှာလည်း အတူတကွ သွားပါ မယ်။ ပျော်ရွှင်တဲ့ အချိန်မှာလည်း အတူတကွ သွားပါမယ်ဆိုတာ နှလုံးသားမှာထားပြီး ပြည်သူလူထုနဲ့ အတူရပ်တည်ပြီး သွားပါမယ် ဆိုတာကိုပဲ ကျနော် ပြောလိုပါတယ်။
You may also like these stories:
ပူတာအိုတွင် ဖမ်းဆီးခံရသည့် လူငယ် ၅ ဦး ငွေ ၁ သိန်းစီ ဒဏ်ဆောင်စေ၍ ပြန်လွှတ်ပေး
စစ်ကိုင်းတိုင်း၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၈၁ ရာခိုင်နှုန်း ဖွဲ့စည်းပြီး
ဦးဝင်းထိန်ကို အာမခံပေးရန် သင့်၊ မသင့် ရှေ့လာမည့် ရုံးချိန်းတွင် ဆုံးဖြတ်မည်