ဧရာဝတီသတင်းဌာနသည် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်မှ ၂၁၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒဲရက်မစ်ချယ်နှင့် ဆွေးနွေးခဲ့သည်။ မစ်ချယ်သည် သံအမတ်အဆင့်ဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပထမဆုံးသော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းသူ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တပ်က ခန့်အပ်သည့် သမ္မတဦးသိန်းစိန်လက်အောက်တွင် နိုင်ငံတံခါးဖွင့်ချိန်နှင့် တိုက်ဆိုင်နေသည့် သူ၏ရာထူးသက်တမ်းအတွင်း မစ်ချယ်သည် မြန်မာနိုင်ငံတွင် လူသိအများဆုံးနှင့် လူကြိုက်အများဆုံး အနောက်တိုင်းသံတမန်အဖြစ် ထမ်းဆောင်ခဲ့သည်။ သူသည် ယခုအခါ အမျိုးသား ဒီမိုကရက်တစ် အင်စတီကျု National Democratic Institute တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။
မေး။ စစ်အာဏာသိမ်းတဲ့သတင်းကြောင့် အံ့သြမိလား။ ဒီစစ်အာဏာသိမ်းမှုက နိုင်ငံမှာ ချီးကျူးဂုဏ်ပြုခံရတဲ့ ပြုပြင်ပြောင်းလဲရေးတွေ စတင်ပြီး ၁၀ နှစ်နီးပါးအကြာမှာ ပေါ်ပေါက်လာတယ်။ အနောက်နိုင်ငံတွေနဲ့အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံပြီး အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းခဲ့ပြီး န်ိုင်ငံမှာ မဆုံးနိုင်တဲ့ သတင်းကောင်းတွေဖြစ်ပေါ်ခဲ့တယ်။ အခုဘယ်လိုတွေးမိလဲ။
ဖြေ ။ စစ်တပ်က ဒီလိုလုပ်လိုက်လို့ မြန်မာနိုင်ငံကိုသိတဲ့ဘယ်သူ့ကိုမှ လုံးဝအံ့သြစေမယ်လို့ကျနော်မထင်ဘူး။ ဇန်နဝါရီလ ၃၁ ရက်နေ့အထိဖြစ်ရပ်တွေကို ကျနော်လေ့လာနေခဲ့ပြီး စစ်တပ်က စိတ်ပျက်နေတယ်၊ လှုပ်ရှားနေတယ်၊ တခုခုလုပ်နိုင်တယ်ဆိုတာကို ကျနော်သတိထားမိတယ်။ ဒါပေမယ့် ဒီသတင်းကို ကြားရတော့ တုန်လှုပ်မိတယ်ဆိုတာကိုတော့ ဝန်ခံရမှာပဲ။ သူတို့ပေးတဲ့အကြောင်းပြချက်က သူတို့လုပ်ရပ်နဲ့ယှဉ်လိုက်ရင် အရမ်းကိုသေးသိမ်လှပါတယ်။
ကျနော့်စိတ်မှာခံစားရတာကတော့ ဒီစစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံနဲ့ပြည်သူခံစားရမယ့် ပျက်စီးဆုံးရှုံးမှုတွေအပေါ် နက်ရှိုင်းတဲ့ဝမ်းနည်းမှုနဲ့ ဒေါသပဲ။ ဒုက္ခမီးတွေလည်း လောင်ကျွမ်းနေခဲ့ပြီ။ အရာအားလုံးကို လုံးဝဖျ က်ဆီးလိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလုပ်ရပ်က အမျိုးသားအကျိုးစီးပွားလို့ ယုံကြည်အောင်ပြောလို့ရတဲ့ ဘာအကြောင်းမှ မရှိဘဲ တိုင်းပြည်ကို အမှောင်ခေတ်ကို ပြန်လည်ခေါ်ဆောင်သွားပြီး နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ ပါရမီနဲ့အလားအလာတွေကို ဆက်လက်ဖြုန်းတီးပစ်တော့မယ်။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကြေကွဲစရာပါ။
မေး။ မဲမသမာမှုရှတယ်လို့ ရွေးကောက်ခံပါတီနဲ့ အစိုးရကို စစ်ကောင်စီက စွပ်စွဲတယ်။ အခုကျတော့လည်း ရွေးကောက်ခံခေါင်းဆောင်တွေကို စွဲချက်အတုတွေနဲ့ စွပ်စွဲတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရခေါင်းဆောင်အများအပြားကိုလည်း သူတို့က ထိန်းသိမ်းထာတယ်။ တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ဖြိုခွဲတာ၊ ဥပဒေမဲ့ဖမ်းဆီးတာနဲ့ ထိန်းသိမ်းထားတာတွေကို ကျနော်တို့တွေ့နေရတယ်။ ဖြိုခွဲမှုတွေ၊ ဝင်ရောက်စီးနင်းမှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ထိန်းသိမ်းထားတာတွေ ရှိနေပေမယ့် တနိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေနဲ့ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်။ ပြည်ပက သံတမန်တွေကလည်း လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်နေကြတယ်။ စစ်ကောင်စီမှာ တရားဝင်မှုမရှိဘူး။ စစ်တပ်ကကျူးလွန်တဲ့ ကြောက်မက်ဖွယ်ရာ ရုပ်ပုံတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တိုက်ရိုက်လွှင့်တာတွေကို ကျနော်တို့တွေ့နေရတယ်။
စစ်တပ်အပေါ် အမုန်းတရားနဲ့ ဒေါသအဆင့်က အရမ်းကို မြင့်မားနေပုံရတယ်။ စစ်တပ်က ပြည်သူတွေနဲ့ စစ်ဖြစ်နေတယ်။ လွန်ခဲ့တဲ့အပတ်က ခင်ဗျား တွစ်တာမှာရေးထားတာတခု တွေ့လိုက်တယ်။ “မြန်မာစစ်တပ်ဟာ အရာရာမှာ ရက်စက်ကြမ်းကြုတ်မှု၊ အကျင့်ပျက်ခြစားမှု၊ ကျဆုံးမှုနဲ့ မိုက်မဲမှုတို့ကို ကိုယ်စားပြုနေတယ်။ နိုင်ငံ ဖျက်နေသူတို့ခေတ်ကို အဆုံးသတ်ရမယ်” လို့ ရေးထားတာတွေ့ရတယ်။ တော်တော်လေး ခွန်အား ပြင်းထန်ပြီး ခံစားမှုတွေ ပါနေတယ်။
ဖြေ။ ဟုတ်တယ်၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်တဲ့သတင်းတွေ ညတွင်းချင်း သိလာရပြီး တော်တော်လေး ခံစားရတယ်။ စစ်တပ်ထဲကတချို့တွေ ဒီ တွစ်တာရေးသားချက်ကို တွေ့ပြီး သူတို့လုပ်နေတာတွေကို တကမ္ဘာလုံးက ဘယ်လိုမြင်တယ်ဆိုတာကို သိစေချင်တဲ့ မှုန်းဝါးဝါး မျှော်လင့်ချက်နဲ့ ရေးသားခဲ့ပါတယ်။
ခင်ဗျားပြောတဲ့အတိုင်းပဲ စစ်တပ်က သူ့ပြည်သူနဲ့ပြန်ပြီး စစ်ဖြစ်နေတယ်။ သူတို့က သူတို့ရဲ့ ရည်မှန်းချက်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ ပြောတယ်။ ကောင်းပြီ၊ သူတို့ရဲ့ ရည်မှန်းချက်က အောင်မြင်နေတာကိုး။ နေရာတိုင်းက၊ ကဏ္ဍတိုင်းက၊ နိုင်ငံရဲ့ အစိတ်အပိုင်းအားလုံးက ပြည်သူတွေဟာ စစ်တပ်နဲ့စစ်အာဏာသိမ်းမှုကို တညီတညွတ်တည်း ဆန့်ကျင်နေကြပြီ။ စစ်တပ်အနေနဲ့ သတိထားသင့်ပြီ။
ဒီတွစ်တာရေးသားချက်နဲ့ပတ်သက်ရင် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ အငြင်းပွားစရာ မရှိဘူး။ အကျင့်ပျက်မှုလို့ ကျနော်ပြောတဲ့အခါ ကျဉ်းမြောင်းတဲ့ ငွေကြေးအကျင့်ပျက်ခြစားမှုကိုသာ ဆိုလိုတာမဟုတ်ဘူး။ စီးပွားရေးတခုလုံး၊ လူ့အဖွဲ့အစည်းတခုလုံး၊ နိုင်ငံရေးနဲ့ မြန်မာပြည်သူတွေအားလုံးရဲ့ ဂုဏ်သိက္ခာကိုအပေါ်မှာပါ အကျင့်ပျက်တာကို ဆိုလိုတာ။ သူတို့တွေက ဥပဒေပြင်ပက လုပ်တယ်။ ဒါဟာ အကျင့်ပျက်မှု ဖြစ်တယ်။ တန်ိုင်ငံလုံးရဲ့ ကျန်းမာရေးနဲ့ ကောင်းမွန်စွာ ရှင်သန်ရေးကိုပါ အတားအဆီးဖြစ်စေတယ်လို့ ကျနော်ပြောရမှာပဲ။
မအောင်မြင်ကျဆုံးမှုဟာ စစ်အုပ်ချုပ်ရေးရဲ့အမွေအနှစ်ကိုသာ ပြသနေတယ်။ တကယ်လို့ စစ်တပ်က သူတို့ရဲ့ ဥခွံထဲက ထွက်လိုက်ရင် မြန်မာပြည်မှာ လိုအပ်တယ်လို့ သူတို့ပြောတဲ့ အရာရာအားလုံး ကျရှုံးနေတော့ ဘယ်သူက သူတို့ရဲ့ အမွေဟာ အောင်မြင်မှုလို့ ဆုံးဖြတ်နိုင်ကြမှာလဲ။
သူတို့ဟာ အလားအလာရှိတဲ့ နိုင်ငံတခုကို ဆယ်စုနှစ် ၅ ခုကြာ အုပ်ချုပ်ရေးနဲ့ အောက်ဆုံးအထိရောက်အောင် လုပ်ခဲ့တယ်။ ရွေးကောက်ပွဲတွေမှာလည်း ပြည်သူလူထုရဲ့ ထောက်ခံမှုကို မရဘူး။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင်လုပ်လည်း တည်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် နည်းလမ်းမရှာနိုင်ဘူး။ နိုင်ငံဟာ ကြီးမားတဲ့ အလားအလာတွေကို အကောင်အထည် မဖေါ်နိုင်ဘူး၊ ကမ္ဘာတဝန်းက လေးစားတာကို မခံရဘူး။
စစ်တပ်ဟာ နိုင်ငံကို ရုပ်ပိုင်းအရ အောင်အောင်မြင်မြင် စုစည်းထားကြောင်း ပြောဖို့ ကြိုးစားလို့ရတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် အခြားနိုင်ငံတော်တော်များများက သူတို့ပြည်သူတွေအပေါ် သိမ်းကြုံး ရက်စက်ကြမ်းကြုတ်မှု ဆက်တိုက်မလုပ်ဘဲ ဒါကို လုပ်နိုင်ကြတယ်။ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ မြန်မာနိုင်ငံက ကွဲပြားတဲ့ပြည်သူတွေအကြားမှာ ပိုမိုပြီးတော့ ခွဲခြားမုန်းတီးစေမှု၊ မယုံကြည်မှု၊ မလုံခြုံမှု၊ သွေးကွဲမှုနဲ့ နာကျင်မှုတွေကိုဖြစ်စေပြီး ဆယ်စုနှစ်များစွာအတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ပိုမိုဝေးကွာအောင် လုပ်လိုက်တယ်။
ပြီးတော့ သူတို့ရဲ့နည်းလမ်းက အိမ်နီးချင်းနိုင်ငံကြီးတွေအနေနဲ့ အဲဒီသွေးကွဲမှုတွေကို သူတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးချဖို့ ခွင့်ပြုသလို ဖြစ်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှု၊ သယံဇာတရင်းမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်။
ကျနော်ပြောနိုင်သလောက် ခုချိန်အထိ သူတို့အောင်မြင်အောင် လုပ်နိုင်တာကတော့ သူတို့ကိုယ်သူတို့ ချမ်းသာအောင်လုပ်တာပဲ။ အနည်းဆုံးတော့ သူတို့ခေါင်းဆောင်ပိုင်းကို ချမ်းသာအောင်လုပ်ပြီး ကမ္ဘာ့အမြင်မှာ မြန်မာနိုင်ငံဟာ ကျဆုံးနေတဲ့ နိုင်ငံဖြစ်အောင် လုပ်တာပဲ။ ဦးသိန်းစိန်အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်ဟာ ကမ္ဘာကတွေ့ရတဲ့ စစ်တပ်ရဲ့ အောင်မြင်မှုအနည်းငယ်ထဲက တခုသာဖြစ်တယ်။ အခုတော့ အဲဒီအောင်မြင်မှုကို စစ်အာဏာသိမ်းမှုက ဖျက်ဆီးလိုက်ပါပြီ။
မိုက်မဲမှုဆိုတဲ့ စကားလုံးကို သုံးတာနဲ့ပတ်သက်ပြီး ကျနော်နောင်တရတဲ့အချိန်တွေ ရှိတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒီလိုပြောတော့ သိပ်ပြီး သံတမန်မဆန်ဘူး။ ဒါပေမယ့် ထပ်ပြီးပြောရရင် ကျနော်ရည်ရွယ်တာက ဒီစစ်အာဏာသိမ်းမှုဟာ ဘယ်လောက်တောင် အဓိပ္ပါယ်ကင်းမဲ့ပြီး အကျိုးမဲ့သလဲ ဆိုတာပဲ။ တကယ်လို့ နိုင်ငံအတွက် အကျိုးမယုတ်စေဘဲ နာရီကိုနောက်ပြန်လှည့်ဖို့ မျှော်လင့်တယ်၊ ပြီးတော့ မြန်မာပြည်သူတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လွတ်လပ်မှုအရသာကို ခံစားပြီးနောက် သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ဖျက်ဆီးတာနဲ့ သူတို့ရဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးထားတာကို တိတ်ဆိတ်စွာ လက်ခံမယ်လို့ တပ်မတော်က ထင်တာဟာ တော်တော်လေးကို ရူးမိုက်တဲ့ အယူအဆဖြစ်တယ်။ နိုင်ငံတကာအသိုက်အဝန်းက ဒီစစ်အာဏာသိမ်းမှုကို လက်ခံပြီး ပေါ်ပေါက်လာတဲ့အခြေအနေကို လက်ခံမယ်လို့ စစ်တပ်က ထင်တယ်ဆိုရင် ဒါဟာလည်း စိတ်နောက်နေတာပဲ။
သူတို့တွေက နိုင်ငံရဲ့မျှော်လင့်ချက်ကောင်းလှတဲ့ အနာဂတ်ကို သတ်နေတာပဲ၊ အမှန်တကယ် ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံအတွက် အလားအလာတွေ ဆုပ်ကိုင်ထားသူတွေကို လမ်းမတွေပေါ်မှာ တကယ်ပဲသတ်ဖြတ်နေကြတယ်။ ဒီလုပ်ရပ်က ခုခံကာကွယ်လို့ မဖြစ်နိုင်ရုံသာမက အခြေခံအားဖြင့်လည်း ဂုဏ်သိက္ခာကင်းမဲ့ပြီး သူရဲဘောတောင်မှ ကြောင်လွန်းတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ရှက်နေရမယ့် ကိစ္စဖြစ်တယ်။ တကမ္ဘာလုံးက စောင့်ကြည့်နေတယ်။ တွန်းလှန်နေတယ်။ နိုင်ငံအတွက် ရေရှည်ထိခိုက်မှုကတော့ အရမ်းကို လေးနက်ပြင်းထန်ပါလိမ့်မယ်။
စစ်တပ်ထဲက အဆင့်မြင့်အရာရှိတွေအပါအဝင် အများအပြားက ဒါတွေအားလုံးကို သိမယ်လို့ ကျနော် ထင်တယ်။ ပြဿနာက ဒါကို ထုတ်ပြောရဲတဲ့ သတ္တိရှိပြီး တိုင်းပြည်ရဲ့အနာဂတ်ကို အမြန်ဆုံးကယ်တင်ဖို့ သေနင်္ဂဗျူဟာ ပြန်လည်တွက်ချက်မှုကို လုပ်မလုပ်ပဲ ဖြစ်တယ်။
မေး။ အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတယ်။ မြန်မာန်ိုင်ငံထဲက ပြည်သူတွေကတော့ တနည်းနည်းနဲ့ ကြားဝင်ဆောင်ရွက်တာကို လိုချင်တယ်။ အရေးယူပိတ်ဆို့မှုတွေကလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောနေကြတယ်။ အမေရိကန်ရဲ့ သြဇာသက်ရောက်မှုကလည်း အကန့်အသတ်ရှိတယ်။ စင်္ကာပူနဲ့ အင်ဒိုနီးရှားလို အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် န်ိုင်ငံတွေက စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့တော့ ပြောတယ်။
အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှံဖို့ စစ်ကောင်စီခေါင်းဆောင်တွေကို ဖိအားပေးဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ။ နောက်ထပ်သွေးထွက်သံယိုမှုတွေ တားဆီးဖို့နဲ့ အခုဖြစ်နေတဲ့လမ်းကြောင်းကို နောက်ပြန်လှည့်ဖို့ နိုင်ငံတကာ အသိုက်အဝန်း၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ဘာတွေလုပ်နိုင်လဲ။
ဖြေ။ နိုင်ငံတကာအသိုက်အဝန်းမှာ အပြောင်းအလဲတွေဖြစ်စေဖို့ သြဇာအကန့်အသတ်ရှိတယ်။ ဒါပေမယ့်လည်း ကျနော်တို့ လုပ်ရမယ့်ကိစ္စ ကျနော်တို့မှာ ရှိတယ်။ နိုင်ငံတွေဟာ စစ်ကောင်စီကို အသိအမှတ်မပြုသင့်ဘူး။ စစ်အာဏာသိမ်းမှုကို တရားဝင်အောင် လုပ်မပေးသင့်ဘူး။ အကောင်းဆုံးကတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီကို ပြန်ပို့ဖို့ ဘုံအကျိုးစီးပွားရှိတဲ့ နိုင်ငံတွေ ရေရှည် အားထုတ်ညှိနှိုင်းပြီး အမှန်တကယ်ပေးဆပ်ရမယ့် တန်ဖိုးတခုကို စစ်တပ်နဲ့သူ့ရဲ့အကျိုးစီးပွားအပေါ် ချမှတ်ဖို့ပဲဖြစ်တယ်။
စစ်တပ်က သူ့ငွေ၊ သူ့မိသားစု၊ သူဂုဏ်သတင်း၊ သူ့အချုပ်အခြာအာဏာကို အလေးထား ဂရုစိုက်တယ်။ လက်တွေ့မှာ တရုတ်နဲ့ရုရှားက ကန့်ကွက်မှာဖြစ်ပေမယ့် ကုလသမဂ္ဂအနေနဲ့ သဘောတရားအရ လက်နက်ပိတ်ဆို့မှု လုပ်လို့ရတယ်။ စစ်တပ်နဲ့ စီးပွားရေး လုပ်နေတဲ့ နိုင်ငံတခုချင်းအနေနဲ့ သူတို့ဖာသာသူတို့ လက်နက်ပိတ်ဆို့မှု လုပ်လို့ရတယ်။ စစ်တပ်က လူတွေ၊ သူတို့မိသားစုတွေ၊ သူတို့ကုမ္ပဏီတွေကို ပစ်မှတ်ထားအရေးယူမှု၊ စစ်တပ်ရဲ့ န်ိုင်ငံခြားငွေစာရင်းတွေကို အမြစ်လှန်တာ၊ စစ်တပ်ပိုင်လုပ်ငန်းတွေက ထုတ်ကုန်တွေကို ပိတ်ဆို့တာတွေဟာ သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းကို ပိတ်ဆို့နိုင်တယ်။ ဒီလမ်းကြောင်းတွေ တလျှောက်မှာ ညှိနှိုင်းဆောင်ရွက်တဲ့ နိုင်ငံတကာဖိအားပေးမှုကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်နိုင်သလို ဦးလည်း ဦးဆောင်သင့်တယ်။
ဒီလို ဖိအားပေးမှုတွေက သင့်တော်ပေမယ့် စစ်တပ်က သူတို့ရဲ့ထုံးစံအတ်ိုင်း ရက်စက်ကြမ်းကြုတ်မှုတွေကိုပဲ အားကိုးနေမယ်ဆိုရင် နောက်ထပ်သွေးထွက်သံယိုမှုကို တားဆီးဖို့ လုံလောက်တယ်ဆိုတာ မရှိနိုင်တော့ပါဘူး။ အဓိကကတော့ အောင်မြင်မှုဆိုတာ ဘာလည်းဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့တွက်ချက်မှုကို တစုံတရာ ပြောင်းလဲသွားစေဖို့ သို့မဟုတ် အနည်းဆုံးတော့ မျက်နှာမပျက်ရအောင် လမ်းကြောင်းပြောင်းဖို့ အတွင်းကျိတ်ဆွေးနွေးတာမျိုးဖြစ်တယ်။ စစ်တပ်က ယုံကြည်တဲ့ ပြင်ပက တစုံတယောက်က တိတ်ဆိတ်စွာ ထိတွေ့ဆက်ဆံခြင်းဟာ သဘောတရားအရ အထောက်အကူဖြစ်နိုင်တယ်။ ဒါပေမယ့် စစ်တပ်အနေနဲ့ သူတို့အခုသွားနေတဲ့လမ်းကြောင်းဟာ ရေရှည်မှာ သူတို့အတွက် အကျိုးမရှိဘူးဆိုတာကို လက်ခံရမှာဖြစ်ပါတယ်။ ခုချိန်အထိတော့ အဲဒါမျိုး ဘာအထောက်အထားမှ မတွေ့ရသေးဘူး။
ကျနော်စိုးရိမ်တာက နောက်ဆုံးမှာ စစ်တပ်က သူ လုပ်ချင်ရာလုပ်မှာကိုပဲ။ နောက်ဆုံးမှာ စစ်တပ်က ပြည်သူလူထုထံကို အာဏာပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ရင်တောင်မှ စစ်မှန်တဲ့ ဒီမိုကရေစီ ပုံစံမျိုး ဖြစ်တော့မှာ မဟုတ်ဘူး။ ဒီထက်တော့ ကျနော် အကောင်းမြင်ချင်ပါတယ်။
မေး။ ဂျပန်ကလည်း ကြားဝင်ဖို့ တက်တက်ကြွကြွဆောင်ရွက်နေတယ်။ မြန်မာနိုင်ငံကို အကူအညီအများဆုံး လှူဒါန်းပြီး သေနင်္ဂဗျူဟာကျတဲ့ စီမံကိန်းတွေမှာ အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ ဂျပန်အနေနဲ့ သြဇာလွှမ်းမိုးမှု ရှိတယ်လို့ အများအပြားကပြောနေကြတယ်။ အမေရိကန်နဲ့အာရှက သေနင်္ဂဗျူဟာ မဟာမိတ်တွေက အာဏာသိမ်းတဲ့သူတွေကို ဖိအားပေးဖို့ လုပ်နိုင်မယ်ထင်လား။
ဖြေ။ ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တနိုင်ငံတည်းအနေနဲ့ သြဇာလုံလုံလောက်လောက် မရှိသလို စစ်အာဏာသိမ်းသူတွေ တန်ဖိုးတခုပေးဆပ်ရအောင် ချမှတ်တဲ့ တခုတည်းသော နိုင်ငံလည်း မဖြစ်သင့်ပါဘူး။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကာလကြာမြင့်နက်ရှိုင်းတဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပြည်သူချင်းဆက်ဆံရေးတွေရှိပြီး ဗိုလ်ချုပ်မင်းအောင်လှိုင်အပါအဝင် စစ်တပ်နဲ့ ယုံကြည်ရတဲ့ ပုဂ္ဂလိက ဆက်ဆံရေးရှိတယ်။ အာဏာသိမ်းမှုအတွက် စစ်တပ်ကို အပြစ်ပေးဖို့ ပြည်သူ့ဆန္ဒတွေနဲ့ သွေးစည်းခိုင်မာစွာရပ်တည်ကြောင်း ပြသဖို့ ဂျပန်က ခိုင်မာတဲ့ အရေးယူမှုမလုပ်ဘဲ အာဏာသိမ်းမှုဟာ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ ဂျပန်ရဲ့ပုံရိပ်ကျဆင်းပြီး အကျိုးစီးပွားတွေ ထိခိုက်မှာကိုလည်း သတိထားမိမယ်လို့ ကျနော်မျှော်လင့်တယ်။
အဲဒီလို ထိတွေ့ဆက်ဆံနေတာတောင်မှ ဂျပန်ဖက်က စကားပြောသူတွေဟာ ထိတွေ့ဆက်ဆံမှုကို ဂျပန်န်ိုင်ငံရဲ့ ခွန်အားနဲ့ကျားကန်ထားရမယ်။ ဂျပန်န်ိုင်ငံရဲ့ခွန်အားဆိုတာကတော့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အရေးယူပိတ်ဆို့မှုတွေဖြစ်တယ်။ အိန္ဒိယနဲ့ စင်္ကာပူနဲ့ ASEAN တို့ဟာလည်း သူတို့ဖက်က စိတ်မပါကြောင်း ထင်ရှားစေကာမူ အလားတူဆောင်ရွက်နိုင်တယ်။ မျှော်လင့်ချက်ကတော့ ဂျပန်နဲ့ အမေရိကန်က ပူးတွဲနည်းလမ်းတခုအတွက် နားလည်မှုရလာရင် Quad ( အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့အိန္ဒိယ) အပါအဝင် နေရာအနှံ့အပြားက ပူးတွဲ ညှိနှိုင်းအရေးယူမှု အခြေခံအုတ်မြစ်ဖြစ်လာမယ်။
မေး။ မြန်မာနိုင်ငံက သက်ဆိုင်တဲ့အဖွဲ့အားလုံးဟာ အေးဆေးတည်ငြိမ်မှုကိုထိန်းသိမ်း၊ ချုပ်တည်းမှုကို ကျင့်သုံးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေ မူဘောင်အတွင်းကနေ ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုက တဆင့် သူတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး ဒီမိုကရေစီအကူးအပြောင်းကို ရှေ့ဆက်ဖို့ တရုတ်န်ိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံအကြားလက်ရှိဖြစ်ပေါ်နေတဲ့ ပထဝီ နိုင်ငံရေးအားပြိုင်မှုမှာ မြန်မာနိုင်ငံအကျပ်အတည်းက နှစ်န်ိုင်ငံလုံးအတွက် စိန်ခေါ်မှုတွေဖြစ်နေတယ်။ သဘောထားကွဲလွဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်နဲ့ တရုတ်ဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုကို လိုလားတယ်။ မြန်မာပြဿနာမှာ နှစ်နိုင်ငံလုံး နားလည်မှုရပြီးအတူတကွလုပ်ဆောင်နိုင်မယ့် ဘုံသဘောထားရှိလား။ ဒါမှမဟုတ် အဲဒါက လိုရာဆွဲတွေးတာလား။
ဖြေ ။ သဘောတရားအရပြောရရင် မြန်မာန်ိုင်ငံကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အလားအလာရှိတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းတိုးတက်ပြီး ဒေသတွင်း မတည်ငြိမ်မှုအတွက် ရင်းမြစ်တခု မဖြစ်စေလိုတဲ့ ဘုံအကျိုးစီးပွား ရှိနိုင်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တရုတ်က မြန်မာန်ိုင်ငံကို သူတို့သြဇာအာဏာအဝန်းအဝိုင်းအဖြစ် မြင်တယ်။ သူတို့က သူတို့အကျိုးစီးပွားကို ပထမဦးစာပေးစဉ်းစားပြီး အရာရာထက် ပိုမိုကာကွယ်တဲ့ အခွင့်ထူးတွေကို သူတို့က ရှာတယ်။ ဒါကြောင့်မို့လို့ သူတို့က အမေရိကန်ပြည်ထောင်စုကို အရှုံးအန်ိုင်နဲ့ပဲ တွက်တယ်။
အမေရိကန်-မြန်မာဆက်ဆံရေးမှာ ဘယ်တိုးတက်မှုမဆို သူတို့ရဲ့ ဆုံးရှုံးမှုလို့ တွက်တယ်။ ဒါကို ကျနော် သံအမတ်အနေနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့တာ။ တကယ်လို့ ဆန္ဒရှိရင်တောင်မှ မြန်မာပြည်သူတွေရဲ့အခြေအနေကို ကူညီဖြေရှင်းပေးဖို့ နှစ်နိုင်ငံအကြား တူညီတဲ့အမြင်ကို စိတ်ကူးကြည့်ဖို့တောင် ခက်တယ်။ ကျနော့်အတွေ့အကြုံအရ တရုတ်ဟာ မြန်မာနိုင်ငံကို ကူညီဖို့ ဘယ်နိုင်ငံနဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးခြင်း မရှိဘဲ မြန်မာကို သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ အကျိုးစီးပွားနဲ့ သာယာစိုပြေရေးအတွက် အသုံးချခံလို့ မြင်တာကိုတွေ့ရတယ်။
မေး။ မြန်မာနိုင်ငံမှာတုန်းက အစိုးရ၊ အတိုက်အခံနဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေနဲ့ လုပ်ကိုင်ခဲ့တယ်။ ဒီလူတွေအပေါ် အထူးသဖြင့် စစ်တပ်ခေါင်းဆောင်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ကျနော်မြန်မာနိုင်ငံမှာ ရှိနေတုန်းက အဓိက ရည်မှန်းချက်က ကြံ့ခိုင်တည်ငြိမ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စေဖို့အတွက် စစ်တပ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစေပြီး ယုံကြည်ရတဲ့ ဆက်ဆံရေးထူထောင်စေဖို့ပဲ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲpပြီး နောက်ပိုင်း အဲဒီတွေ့ဆုံမှုတွေက သိပ်အဆင်မပြေလှဘူး။ ကျနော့်ထင်တဲ့ အကြောင်းတခုကတော့ နှစ်ယောက်လုံးက သိပ် မာနကြီး ခေါင်းမာပြီး စိတ်ပြင်းထန်သလို မာနကြီးခေါင်းမာပြီး စိတ်ပြင်းထန်တဲ့ အင်အားစုတွေကို ကိုယ်စားပြုထားသူတွေဖြစ်တယ် ဆိုတာပါ။
ဒီမိုကရေစီနဲ့ စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စစ်တပ်ခေါင်းဆောင်နဲ့ ကျနော် အများကြီးပြောဖူးတယ်။ သူက နားထောင်နေပုံရပေမယ့် ပျော့ပျောင်းတဲ့အရိပ်လက္ခဏာပြခဲတယ်။ အခြေအနေက ဦးသိန်းစိန်အစိုးရထဲက ကျနော်နဲ့စကားပြောခဲ့တဲ့ ပိုမိုပွင့်လင်း ပြုပြင်ပြောင်းလဲရေး ဦးတည်တဲ့ ဝန်ကြီးတွေနဲ့ စကားပြောရတာနဲ့ မတူဘူး။ သူတို့တွေကလည်း အများအားဖြင့် ဗိုလ်ချုပ်ဟောင်းတွေပါပဲ။ စစ်တပ်ခေါင်းဆောင်ဟာ ပြုပြင်ပြောင်းလဲရေးစိတ်ရှိတယ်၊ အနည်းဆုံး ပုံမှန်ဖြစ်တဲ့ ဒီမိုကရေစီအတွက်တောင်မှ ဆုံးဖြတ်ထားတယ်လို့ ကျနော် တခါမှ မထင်ခဲ့ဘူး။ ဒါက သူ့အနေနဲ့ ဒီမိုကရေစီကို ရန်လိုတယ်၊ ဒီမိုကရေစီပြုပြင်ပြောင်လဲရေးကို စိတ်ဝင်စားမှု အရမ်းနည်းတယ် သို့မဟုတ် ဒီမိုကရေစီကို တိုင်းပြည်အနာဂတ်အတွက် သို့မဟုတ် စစ်တပ်အကျိုးစီးပွားအတွက် လိုအပ်တယ်လို့ ထင်တယ်ဆိုတာတွေက မဟုတ်ပါဘူး။
ဆန့်ကျင်ဖက်ဖြစ်နေပြီး “စည်းကမ်းပြည့်၀သော ဒီမိုကရေစီ”ကို သူအပြင်းအထန်ယုံကြည်ကြောင်း ထင်ရှားတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ အရပ်သားတွေအနေနဲ့ သူတို့နဲ့ဒီမိုကရေစီ ထိုက်တန်ကြောင်းပြရမယ့် အုပ်ချုပ်ရေးရာ စမ်းသပ် စစ်ဆေးမှုတရပ်သာဖြစ်ပြီး စစ်တပ်အနေနဲ့ လိုက်နာ၊ အဆင်ပြေအောင် ညှိနှိုင်း အကျိုးဆောင်ရမယ့် ကိစ္စလို့ မထင်ဘူး။ သူဟာ စစ်အာဏာရှင်စနစ်ရဲ့ စံပြထုတ်ကုန်ပဲ။ ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ်ဆန်တယ်။ အစဉ်အလာတွေကို ဆုပ်ကိုင်တယ်။ အပြောင်းအလဲကြီးမားတာတွေကို ဆန့်ကျင်တယ်။ သမ္မတ လုပ်ပိုင်ခွင့်အပါအဝင် အမိန့်ပေးကွင်းဆက်ကို သူ မက်မောတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပြည်တွင်းလုံခြုံရေးနဲ့ပတ်သက်လာရင် စစ်တပ်ရဲ့အစဉ်အလာ အခွင့်ထူးတွေကို အခိုင်အမာယုံတယ်။ သူက ၂၀၀၈ ဖွဲ့စည်းပုံကို ရေးထားတဲ့အတိုင်း လိုက်နာရာမှာ တင်းကျပ်ပြီး နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ထပ်မံတိုးတက်ဖို့ ပြင်ဆင်ဖိုု့ ကျနော်တောင်းဆိုတာအပါအဝင် တောင်းဆိုမှု မှန်သမျှကို ဆန့်ကျင်တယ်။
အဆုံးစွန်ကျတော့ အဆင့်မြင့်ပညာရေး၊ လေ့ကျင့်မှုနဲ့လက်နက်တွေ ရနိုင်မယ့် အခြေအနေဖြစ်တဲ့ ပရောဖက်ရှင် စစ်တပ်ဖြစ်ရေးနဲ့ တိုင်းပြည်ကို ဘယ်လိုကာကွယ်နိုင်မယ်ဆိုတဲ့ သူ့မှာ စစ်ဘက်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဘာ အမြော်အမြင် ဘာ စိတ်ဝင်စားချက်မှ မရှိပါဘူး။ စစ်တပ်ကို နိုင်ငံရေးက ဆွဲထုတ်ဖို့လည်း အရေးတကြီး မလုပ်ဘူး။ အနည်းဆုံး သူ့လက်အောက်မှာ မလုပ်ဘူး။
မေး။ သံအမတ်ကြီးက ရွေးကောက်ခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို အာဏာလွဲပေးနေတုန်း၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့တယ်။ အဲဒီတုန်းက သံအမတ်ကြီးက ယုံကြည်မှုတည်ဆောက်ရေးနဲ့ ဘုံရည်မှန်းချက်အကြောင်းပြောပြီး အဆိုးအမြင်တွေကို အာရုံမစိုက်ဖို့တောင်ပြောခဲ့တယ်။ အခုကျတော့ သံအမတ်ကြီးရဲ့အမြင်ကဘယ်လိုလဲ။ ကျဆုံးသွားတဲ့နိုင်ငံတခုလား ဒါမှမဟုတ် စစ်တပ်ကခန့်တဲ့ နောက်အစိုးရတခု အာဏာပြန်ရလာပြီး တိုင်းပြည်ကို ဆယ်စုနှစ်များစွာ ဆက်လက်အုပ်ချုပ်မှာလား၊ ဒါမှမဟုတ် ပြည်သူ့အောင်ပွဲလား။
ဖြေ။ ကောင်းပါပြီ။ လူတွေအနေနဲ့ အဆိုးတွေဖြစ်လာန်ိုင်တာကို လျစ်လျူရှုလိုက်ဖို့ ကျနော် မပြောခဲ့ဘဲ အခြေအနေတွေ ဘယ်လိုမှားယွင်းကုန်မယ်ဆိုတာကို အခြေခံအားဖြင့် အာရုံမစိုက်ဘဲ နိုင်ငံအတွက် အရေးပါတဲ့ အခွင့်အလမ်းကာလမှာ မှန်ကန်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို အာရုံစိုက်ဖို့ ပြောခဲ့တာပါ။
အခုကျ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ဟောကိန်းထုတ်ဖို့ ကျနော်တုံ့ဆိုင်းနေပြီ။ ပြောခဲ့တဲ့ အတိုင်းပဲ စစ်တပ်ရဲ့လုပ်ရပ်က တိုင်းပြည်ကို ဆိုးဆိုးရွားရွားနောက်ပြန်ဆွဲသွားပြီ။ ထိထိရောက်ရောက် အုပ်ချုပ်ဖို့ဆိုတာ တရားဝင်မှု ရှိမှဖြစ်မယ်။ မြန်မာပြည်သူတွေရဲ့ မျက်စိထဲမှာ တပ်မတော်ဆိုတာ မရှိတော့ဘူး။ ဒါက နိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်မှုနဲ့ တိုးတက်မှုကို အတားအဆီးဖြစ်စေမယ်။ စစ်တပ်က လမ်းကြောင်းပြောင်းပြီး ပြည်သူတွေနဲ့ ပြန်လည်သင့်မြတ်ရေးမလုပ်ရင် အဆင့်အတန်းရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေက မြန်မာန်ိုင်ငံကို ဝင်မလာခင် နှစ်ခါပြန်စဉ်းစားရတဲ့ အခြေအနေမျိုးတွေကို ဖြစ်စေပြီး အကောင်းဆုံးနဲ့အတော်ဆုံးလူငယ်တွေက သူတို့ရဲ့အစွမ်းအစကို ပြသဖို့ အခြားတနေရာရာကို သွားဖို့လိုပြီလို့ ဆုံးဖြတ်လိမ့်မယ်။ နိုင်ငံဟာ ကျဆုံးနိုင်ငံအဆင့်ကို ရောက်မသွားရင်တောင် အဲဒီလိုဖြစ်နိုင်ခြေတွေရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုဟာ ပြင်းထန်လိမ့်မယ်။
ဒီထဲက တခုခုနဲ့ပတ်သက်ပြီး စိတ်ပူတယ်ဆိုတဲ့လက္ခဏာမျိုး စစ်တပ်က ခုချိန်အထိ မပြပေမယ့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ ပြီးစီးသွားအောင် စောင့်ဖို့ ကြိုးစားနေပုံရတယ်။ အကြမ်းဖက်မှု အနည်းဆုံး ဖြစ်ပါစေလို့ ကျနော် ဆုတောင်းရတော့မှာပဲ။ ပြီးတော့မှ စစ်တပ်အကျိုးစီးပွားအတွက် အခွင့်အလမ်းနဲ့ ပိုမိုခိုင်မာစေတာက လွဲပြီး ဘာမှဖြစ်လာမှာ မဟုတ်တဲ့၊ ရေရှည်မှာ စစ်သားတွေကို ဒီစနစ်ထဲ ဆွဲထည့်မယ့် ရွေးကောက်ပွဲကို အချိန်ယူ ကျင်းပမယ်။ နိုင်ငံအပေါ် သက်ရောက်မှုကို ဂရုမစိုက်ဘဲ နောက်ထပ်သေနတ်တွေ၊ ငွေတွေနဲ့ ရက်စက်ကြမ်းကြုတ်လိုစိတ်တွေပဲ သွားမယ်ဆိုရင် သူတို့အတွက် သူတို့လုပ်ချင်ရာလုပ်ဖို့ အလျော်အစား အရမ်းကို ကြီးသွားပြီဆိုတာ မပြောဘဲနဲ့တော့ မဖြစ်ဘူး။
ဒီလိုပြောပေမယ့် မြန်မာပြည်သူတွေဟာ အင်အားကြီးမားတယ်၊ တီထွင်ဆန်းသစ်တယ်၊ ခံနိုင်ရည်ရှိတယ်။ သူတို့မှာ မှန်ကန်မှုရှိတယ်။ တရားမျှတမှုရှိတယ်။ လူအင်အားရှိပြီး ကမ္ဘာ့အစိတ်အပိုင်းတော်တော်များများကလည်း သူတို့ကို ထောက်ခံကြတယ်။ ဒါကြောင့်မို့လို့ ကျနော်သူတို့ကို လျှော့မတွက်ဘူး။ ကျနော့်ရဲ့အကြီးမားဆုံးမျှော်လင့်ချက်ကတော့ သူတို့တွေ ဆက်လက်ညီညွတ်ဖို့၊ ဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့အချိန်ကို ရေရှည်သွေးစည်းချစ်ကြည်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အုတ်မြစ်အဖြစ် နောင်မှာ အသုံးပြုဖို့ပဲ။
အခုလိုအချိန်ဟာ ဘာကိုမှ ကိုယ်စားမပြုဘူးဆိုရင်တောင် မာတင်လူသာကင်းပြောခဲ့တဲ့ မည်သည့်နေရာက တရားမမျှတမှုမဆို မည်သည့်နေရာက တရားမျှတမှုအတွက် ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတာပါပဲ။ ဘယ်နေရာမဆိုက အပြစ်မဲ့တဲ့ ကချင်တွေ၊ ကရင်တွေ၊ ရခိုင်တွေ သို့မဟုတ် ရိုဟင်ဂျာတွေကိုမဆို သူတို့ လုံခြုံမှုနဲ့ သာယာ၀ပြောမှုအတွက် ပူပန်ကြောင့်ကျတဲ့ ဘယ်ဗမာ သို့မဟုတ် အခြားမြန်မာတွေနဲ့ တန်းတူ အလေးထားသင့်တယ်။ တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် တိုင်းရင်းသားတွေက ဒီကာလ ဒီလှုပ်ရှားမှုကို ဘယ်လို တုံ့ပြန်တယ်ဆိုတာ ကျနော့်အထင် ခရီးရောက်စေမှာ ဖြစ်ပြီး စစ်အာဏာသိမ်းမှု အောင်မြင် မအောင်မြင်ကို ဆုံးဖြတ်တဲ့အဆင့်အထိရောက်မယ်လို့ ကျနော်ထင်ပါတယ်။
ရေရှည်မှာ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ပြည်သူတွေကို ညီညွတ်စေနိုင်တဲ့ စွမ်းရည်အပေါ် ကျနော်အလေးအနက် စိုးရိမ်တယ်။ ဥပမာအားဖြင့် ပြောရရင် အလုပ်အကိုင်နဲ့ ငွေ အသည်းအသန် လိုသူတွေနဲ့ ဘဏ်စနစ်ကြောင့်ဖြစ်စေ အခြားတခုခုကြောင့်ဖြစ်စေ ဒါတွေကို မရနိုင်တဲ့သူတွေကို ခြိမ်းခြောက်တဲ့ သတင်းတွေကို ကျနော်ကြားနေရတယ်။ ဒီလှုပ်ရှားမှုမှာ သြဇာရှိတဲ့သူတွေအနေနဲ့ ဒီလှုပ်ရှားမှုရဲ့ အရှိန်အဟုန်၊ ရိုးသားတည်ကြည်မှုနဲ့ စိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားရင်း သူတို့ရဲ့သေနင်္ဂဗျူဟာတွေကို အချိန်အခါအလ်ိုက် ထုတ်ပြန်ပြီး နိုင်ငံရဲ့အုတ်မြစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျနော်မျှော်လင့်တယ်။
မြန်မာပြည်သူတွေနဲ့ပတ်သက်ပြီး ကျနော် သံသယ မရှိတာကတော့ မြန်မာပြည်သူတွေဟာ အဖိနှိပ်ခံရခြင်းကို ဆက်လက်ခုခံနေမယ် ဆိုတာပဲ။ နောက်ဆုံးကျတော့ တိုင်းပြည်ရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် သူတို့အနိုင်ရမယ်လို့ မျှော်လင့်ခြင်းကို လွန်ပြီး ကျနော်မျှော်လင့်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime ‘Murdering the Hopeful Future of the Country in the Streets’: Ex-US Ambassador ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ရရှိရေး အမေရိကန်နှင့် မဟာမိတ်များ ကတိပြု
အင်တာနက်လိုင်း ပြတ်တောက်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း စစ်ခွင့်မရ
စလျှင်စခြင်း မှောက်လျက်လဲသော အပြုသဘော ထိတွေ့ဆက်ဆံမှု