ကလေးတွေကို သတ်ဖြတ်မှုက ကမ္ဘာမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်

ဧရာဝတီ
စစ်ကောင်စီ၏ လက်နက်ကိုင်များမှ ပစ်သတ်လိုက်သည့် အသက် ၆နှစ်နှင့် ၃ လရှိ မန္တလေးမြို့မှ မခင်မျိုးချစ်

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က မြန်မာနိုင်ငံတဝှမ်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ရာတွင် ကလေးသူငယ်များပါမရှောင် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်သတ်ဖြတ်လျက်ရှိရာ ယနေ့အထိ ကလေးငယ် ၂၂ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ ကလေးငယ်များအနက် အသက်အငယ်ဆုံး ဖြစ်သည့် ၆ နှစ်ကျော် ကလေးငယ်တဦး ပါဝင်သလို ပစ်သတ်ခံရသည့် ကလေးငယ် တချို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် မသက်ဆိုင်ဘဲ အိမ်မှာနေရင်း ပစ်သတ်ခံနေ ရသည်။

ထိုကဲ့သို့ ကလေးငယ်များပါ ပစ်မှတ်ထား သတ်ဖြတ်ခံနေရခြင်းနှင့် ပတ်သက်ပြီး ကလေးသူငယ်အခွင့်အရေးနှင့် လူ့အခွင့် အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ တိုးလာတာနဲ့အမျှ အရွယ်မရောက်သေးတဲ့ ကလေးတွေကို တမင် ရည်ရွယ် ပစ်ခတ်မှုတွေ ရှိလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေမှာရော၊ နိုင်ငံတကာမှာရော ၁၈ နှစ်အောက်ကို ကလေးသူငယ်လို့ သတ်မှတ်ထားတဲ့အတွက် ဘယ်လိုနည်းနဲ့မှ သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေ၊ အကြောင်းမဲ့ သေဆုံးရတဲ့ အချက်တွေကို ခံစားထိုက်ရမယ့် လူမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေကို တမင်သက်သက် ရည်ရွယ်ပြီး စနိုက်ပါနဲ့ ပစ်ခတ်လို့ သေဆုံးတာတွေ တွေ့ရတယ်။

နောက်သူတို့ရဲ့ သေဆုံးမှုတွေက ကလေး တဦးတယောက်ချင်းရဲ့ အခွင့်အရေးချိုးဖောက်တာတင် မကဘဲနဲ့ မိသားစုတွေ ပတ်ဝန်းကျင်တွေမှာ အရမ်းဆိုးဆိုးရွားရွား ခံစားမှု ဖြစ်စေတဲ့အတွက် ဒါမျိုးတွေက ဘယ်လိုမှ မလုပ်သင့်သော အရာမျိုး ဖြစ်ပါတယ်။ ကလေးတွေကို ကာကွယ်မှု ပေးရမယ့်အစား အခုလို သတ်ဖြတ်မှုတွေ ဖြစ်နေတာ။ ကာကွယ်ပေးရမယ့် အခြေအနေမျိုး မဟုတ်ဘဲနဲ့ မတရား သတ်ဖြတ်နေတာကို ရပ်တန့်ပေးဖို့အတွက် အပြင်းအထန် တောင်းဆိုပါတယ်။

မေး ။ ။ ဒီလိုကလေးတွေကို ပစ်မှတ်ထား သတ်ဖြတ်နေမှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာကနေရော ဘယ်လို ဖိအားပေးလို့ ရနိုင်မလဲ။

ဖြေ ။ ။ ဒီလိုမျိုး ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်း မရှိရဘူး။ စစ်ပွဲမှာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကြောင်းမဲ့ သတ်ဖြတ်ခြင်း မဖြစ်ရဘူးဆိုတာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ မြန်မာနိုင်ငံကလေး သူငယ်ဆိုင်ရာ ဥပဒေမှာရော ဖော်ပြထားပြီးသားပါ။

ဒါပေမယ့် အခုအချိန်မှာ ဥပဒေကရှိနေပေမယ့် တရားဥပဒေက အကာ အကွယ်ပေးနိုင်မယ့် တရားရုံး မရှိဘူး။ ကျူးလွန် သူကို အပြစ်ပေးဖို့ အခက်အခဲ အများကြီး ရှိတယ်။ နောက်တခုက Martial Law လို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်း ထားတဲ့အခါမှာ ဒါတွေကို ဖော်ဆောင်နိုင်ဖို့ ပိုပြီးတော့ ခက်ခဲသွားပါပြီ။

တဖက်မှာလည်း ဒါတွေကို စောင့်ကြည့်ရမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်လို လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုးတွေ က တာဝန်ယူ ဆောင်ရွက်ပြီး လုပ်ဆောင်မှု မရှိတဲ့အတွက် ပြည်တွင်းမှာက ယန္တရား တော်တော်ပျက်ဆီးနေပြီလို့ ပြောလို့ရ ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့အတွက် ဒီနှစ် အတွင်းမှာ ကလေးသူငယ်ဆိုင်ရာ ကော်မတီကို အစီရင်ခံရပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မှတ်ကျောက်တင်ခံဖို့လည်း ရှိပါတယ်။

နိုင်ငံတကာအနေနဲ့ပဲ အရေးယူ ဆောင်ရွက်ဖို့အတွက် ရရှိနိုင်တဲ့ လမ်းကြောင်း ဖြစ်နေပါတယ်။ အခုလက်ရှိ စစ်တပ်အနေနဲ့ ဒီလိုမျိုးကလေးတွေ သတ်ဖြတ်မှု ကျူးလွန်တဲ့ သူ့ရဲ့ဝန်ထမ်းတွေကို စစ်အုပ်ချုပ်ရေးအရပဲ ဖြစ်ပါစေ၊ ပြည်တွင်း တရားဥပဒေ အရပဲ ဖြစ်ပါစေ ထိရောက်စွာ အရေးယူပြီးတော့ တရားဥပဒေ ဆောင်ကြဉ်းပေးဖို့အတွက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ လက်ရှိ အခြေအနေအရ ပြည်တွင်းမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရား ပျက်သုဉ်းသွားပြီဆိုတော့ နိုင်ငံ တကာ တရားစီရင်ရေးကို ရရှိဖို့ ဘယ်လို လမ်းကြောင်းနဲ့ သွားလို့ရမလဲ။

ဖြေ ။ ။ ပထမဆုံးကတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ကုလသမဂ္ဂကော်မတီကို အစီရင်ခံရမယ့် အချိန်လည်း တိုက်တိုက်ဆိုင်ဆိုင် ရောက်နေပါတယ်။ အဲဒီမှာလည်း ထည့်လို့ရတယ်။ ကလေးတွေကို သတ်ဖြတ်မှုက ကမာ္ဘမှာ ရာဇဝတ်မှုတွေလို့ သတ်မှတ်ထားတယ်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးတွေကို သတ်ဖြတ်မှုတွေက ဘယ်လိုမှ လက်မခံနိုင်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတယ်။ အခုလိုမျိုး ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေ တဲ့ အခြေအနေမျိုးမှာ ပစ်သတ်မှုကတော့ ပိုမိုဆိုးရွားတာပေါ့။

ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံစစ်အုပ်စုကို နိုင်ငံတကာခုံရုံးမှာ အရေးယူနိုင်ဖို့ Crime Against Humanity ဆိုတဲ့အောက်မှာ ဒီအချက်တွေကို တိတိကျကျနဲ့ ထည့်သွင်းဖော်ပြပြီးတော့ ခိုင်လုံတဲ့ သက်သေအထောက် အထားတွေနဲ့ တိုင်ကြားနိုင်ဖို့အတွက် နောက်ထပ် လမ်းကြောင်းတွေ ဖွင့်နေပါပြီ။

မေး ။ ။ မန္တလေးမှာ အသက် ၆ နှစ်ကျော်ပဲရှိတဲ့ ကလေးကို အိမ်ပေါ်အထိတောင် တက်ပစ်တဲ့ ဖြစ်စဉ်မျိုးကိုရော ဘယ်လို သုံးသပ်ချက် ပေးချင်ပါသလဲ။

ဖြေ ။ ။ ဒီလိုမျိုး အိမ်ပေါ်အထိ တက်ပစ်တယ်ဆိုတဲ့ အချက်ကို ကြည့်မယ်ဆိုရင် လက်လွန်သွားလို့ မတော်တဆ ထိခိုက် ပါတယ်ဆိုတဲ့ အကြောင်းအရာ အချက်အလက်တွေ ဘယ်လိုမှ သက်သေပြလို့ မရတော့ပါဘူး။ ကျနော်တို့ တွေ့နေတဲ့ ဗီဒီ ယိုတွေက လက်နက်ကိုင်ထားတဲ့ လူရမ်းကားတစုက သတ်ချင်သလိုသတ်၊ လုချင်သလိုလု၊ နှိပ်စက်ချင်သလို နှိပ်စက်တဲ့ အပြင် အခုလိုမျိုး အိမ်ထဲမှာရှိတဲ့ ကလေးတယောက် ဘယ်လိုမှ အန္တရာယ်မဖြစ်နိုင်တဲ့ ၇ နှစ်အရွယ် ကလေးတယောက်ကို ပစ်သတ်မှုကတော့ တကယ့်ကို သွေးအေးအေးနဲ့ သတ်ဖြတ်မှု ဖြစ်တယ်။ ဒါရာဇဝတ်မှု ဖြစ်တယ်ဆိုတဲ့ သက်သေ အထောက်အထား အရမ်းကို ခိုင်လုံနေပါပြီ။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ ။ ။ တရားဥပဒေအရ ဆောင်ကြဉ်းပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းထားတဲ့ စစ်အုပ်စု ကိုယ် တိုင်က တရားဥပဒေကို ကျော်လွန်ပြီးတော့ အာဏာသိမ်းထားတဲ့အတွက် ဒီအတွင်းမှာ ဥပဒေကို ဖော်ဆောင်ဖို့က ခက်ခဲ နိုင်တာ ကျနော်တို့သိရှိပါတယ်။ တကယ်လို့ လုပ်ဆောင်မယ်ဆိုရင်တော့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့လူတွေကို အပြစ်ပေး အရေးယူဖို့၊ ထိရောက်စွာ ပြင်းထန်စွာ အရေးယူပေးဖို့ ဖြစ်စေချင်ပါတယ်။ ဒါကလည်း လုပ်ကိုလုပ်ရမယ့် တာဝန်တရပ် ဖြစ် ပါတယ်။

You may also like these stories:

စစ်ကောင်စီရဲ့ လက်နက်ကိုင်များ ကလေးသူငယ်တွေကို ပစ်မှတ်ထားလာသလား

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

Loading