တောင်ဥက္ကလာပမြို့နယ်ရှိ တက်လမ်းဆေးရုံကို မတ်လ ၈ ရက်နေ့က တကြိမ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လေးခွဖြင့် ပစ်ခတ်ခဲ့သကဲ့သို့ မတ်လ ၃၀ ရက်နေ့နံနက် ၂ နာရီခန့်ကလည်း တံခါးများဖျက်ဆီးကာ ဝင်ရောက်စီးနင်း ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့သည်။
ဆေးရုံများသည် လက်နက်ကိုင်အဖွဲ့များအတွက် ပစ်မှတ်ထားရမည့် နေရာ မဟုတ်ကြောင်း နိုင်ငံတကာ သဘောတူညီချက်များ၊ ဥပဒေများတွင် အခိုင်အမာ ပြဋ္ဌာန်းထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လျစ်လျူရှူကာ ဆေးရုံအချို့ကို စီးနင်းမှု ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့များက တောင်ဥက္ကလာပမြို့နယ် တက်လမ်းဆေးရုံကို စီးနင်းမှုနှင့်ပတ်သက်ပြီး မျက်မြင် ကိုယ်တွေ့ကြုံရသူတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ၃၀ ရက်နေ့က တက်လမ်းဆေးရုံကို စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေက ဝင်ရောက် အကြမ်းဖက် ခဲ့တယ်လို့ ကြားသိရပါတယ်။ ဖြစ်စဉ်ကို ပြောပြပေးပါဦး။
ဖြေ ။ ။ အဲဒီနေ့က ည ၁၂ နာရီ၊ ၁ နာရီလောက်ပေါ့။ တောင်ဒဂုံဘက်မှာ ဖြစ်တယ်ဆိုလို့ တောင်ဥက္ကလာဘက်က ကြွပေးတဲ့အချိန် သံပုံးတီးကြတယ်။ အဲဒီအချိန်မှာ ၂ နာရီဝန်းကျင် သူတို့ရောက်လာတယ်။ အသံဗုံးတွေ ပစ်တယ်။ သေနတ်တွေ ပစ်သံနဲ့ သူတို့ ရောက်လာတယ်။ အဲဒါနဲ့ အောက်ထပ်မှာ မနေတော့ဘဲ အောက်ဆုံးထပ်ကို တံခါးသော့ပိတ်ပြီး အပေါ်ဆုံးထပ်မှာ ရှိတဲ့ ဓာတ်ခွဲခန်းမှာ သွားပုန်းနေတာ။ အဲဒီအချိန်မှာ ဆေးရုံအနောက်မှာ နေတဲ့ ဆေးရုံဝန်ထမ်း သန့်ရှင်းရေးဝန်ထမ်း ၅ ယောက်ကလည်း လာကူပေးတယ်။ ညီမတို့နဲ့ တူတူပုန်းနေတယ်။ ရောက်လာတဲ့ အချိန်မှာ ရပ်ကွက်က လူတွေမရှိတော့ဘူး။ တယောက်မှ မရှိတော့ ဆေးရုံထဲကို တံခါးဖျက်ပြီး ဝင်လာတယ်။ သူတို့ ဝင်လာတော့ ကောင်လေးတွေက ဝင်လာပြီဆိုပြီး ခေါင်မိုးပေါ် တက်ပြေးတယ်။
မေး ။ ။ ပုန်းနေတဲ့နေရာကနေ ဘယ်လိုတွေ့သွားတာလဲ။
ဖြေ ။ ။ သူတို့က ဝင်လာတော့ CCTV ခန်းထဲကို တန်းဝင်သွားတယ်။ ထင်တာတော့ အပြင်မှာ ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာကို ကြည့်ချင်တယ်ထင်တယ်။ အဲဒါကို CCTV ခန်းထဲကနေကြည့်ပြီး ညီမတို့ ပုန်းနေတဲ့ အခန်းကိုတွေ့သွားတယ်။ တွေ့သွားတော့ တက်လာတယ်။ တက်လာပြီးတော့ ဆေးရုံဝန်ထမ်းကောင်မလေး တယောက်ကို သေနတ်နဲ့ထောက်ပြီး သူတို့ ပုန်းနေတဲ့နေရာ ဘယ်နေရာလဲဆိုပြီး လိုက်ပြခိုင်းတယ်။
အခန်းထဲကို ဝင်လာပြီး ရဲအုပ်တယောက်ထင်တယ်။ အကြီးဆုံးတယောက်က အကုန်လုံး မထွက်လာရင် အကုန်လုံးကို ပစ်သတ်လိုက်လို့ ပြောတော့ ညီမတို့လည်း အဲဒီအခန်းကနေ ထွက်လာတယ်။ ပြေးနေတဲ့ကောင်တွေကိုလည်း သေနတ်နဲ့ ပစ်ပြီး ဖမ်းဆိုပြီး သန့်ရှင်းရေး ဝန်ထမ်း ၅ ယောက်ကို တက်ဖမ်းတယ်။ နောက် အားလုံးကို သေနတ်တွေနဲ့ ချိန်ပြီး အောက်ဆုံး OPD ရှိတဲ့နေရာကို ခေါ်လာတယ်။ ထိုင်ခိုင်းထားပြီး တအောင့်ကြာတော့ ပြေးနေတဲ့ ကောင်လေး ၅ ယောက်ကို သေနတ်နဲ့ ပစ်ဖမ်းပြီး ခေါ်လာတယ်။ သေနတ်ကျည် ထိတော့ မထိသွားဘူး။ အောက်ကို ခေါ်လာတယ်။
မေး ။ ။ အဲဒီကောင်လေးတွေကရော ဆေးရုံဝန်ထမ်းတွေပဲလား။ နောက်တော့ ဘာဆက်ဖြစ်သေးလဲ။
ဖြေ ။ ။ ဆေးရုံက ဝန်ထမ်းတွေပဲ။ ကောင်လေးတွေကို ထိုင်ခိုင်းထားပြီးတော့ မင်းတို့ ဘယ်သူတွေလဲ မေးတာ။ ဆေးရုံက သန့်ရှင်းရေး ဝန်ထမ်းတွေပါလို့ ပြောတာ။ လုံးဝလက်မခံဘူး။ မီးရှို့တာ ဒီကောင်တွေပဲ ဆိုပြီး ရိုက်တယ်။ နံပါတ်တုတ် တွေနဲ့ ခန္ဓာကိုယ်တွေ၊ လက်မောင်းတွေကို ရိုက်တယ်။ အပေါ်က စွတ်ကျယ်အဖြူနဲ့ အောက်က စစ်တပ်ဘောင်းဘီ ဝတ်ထားတယ်။ စစ်ဖိနပ်စီးထားတဲ့ တယောက်က မျက်နှာတွေကို စစ်ဖိနပ်နဲ့ ကန်တယ်။ မင်းတို့ မပြောရင် မေးရိုးကျွတ်ထွက်ပစ်အောင် ကန်မယ်ဆိုပြီး ဖိနပ်တွေနဲ့ ကန်တယ်။ ခေါင်းတွေကို ကန်တယ်။ ပြီးတော့ ဆေးရုံမှာရှိတဲ့ လုံခြုံရေး ၂ ယောက်ကိုလည်း မင်းတို့ကို အစောပိုင်းကတည်းက တွေ့တယ်။ မင်းတို့က ငါ့ကို ဘာလို့ သတင်းမပေးရတာလဲ ဆိုပြီး အဲဒီလုံခြုံရေး ၂ ယောက်ကိုလည်း ပါးတွေရိုက်တယ်။ ကန်တယ်။
မေး ။ ။ ဆရာဝန်တွေ၊ ဆရာမတွေကိုရော အဲဒီလို ရိုက်နှက်သေးလား။
ဖြေ ။ ။ အဲဒီနေ့ကတော့ ဆရာဝန်၊ ဆရာမတွေကိုတော့ ကိုယ်ထိလက်ရောက်တော့ မလုပ်ဘူး။ ဆဲတယ် အဖေတွေ၊ အမေတွေ နှမတွေနဲ့ ကိုင်တုပ်ပြီးဆဲတယ်။ နင်တို့ ပညာတတ်ပြီးတော့ ဒီလောက်တောင် စောက်သုံးမကျဘူးလား။ ဒီလောက်တောင် မသိရဘူးလားပေါ့။ ပြီးတော့ တောက်လျှောက်ကို Brainwash ထိုင်လုပ်နေတာ။ အခုဆိုရင် နင်တို့တွေ လုပ်လို့ တိုင်းပြည်က ဆူပူနေရတာ။ အေးအေးဆေးဆေးနေလို့ရှိရင် သူတို့လည်း ဒီချိန်မှာ မထလာရဘူး။ အဲဒါမျိုးတွေ ထိုင်ပြောနေတာ။ ဒီအချိန်ဆို သင်္ကြန်အတွက် လုပ်နေရမယ့်အချိန်မှာ ဒီလိုတွေ ဖြစ်နေရတယ်ဆိုပြီး ထိုင်ပြောနေတယ်။ ဆရာဝန်တွေက နင်တို့တွေက ဘယ်သူတွေလဲလို့ လေသံမာမာနဲ့ ပြန်ပြောလိုက်တော့။ လေသံမာမာနဲ့ ပြန်ပြောရကောင်းလားဆိုပြီး ကောင်မဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဆဲဆိုကြတယ်။
မေး ။ ။ လူနာတွေကိုရော စစ်ဆေးကြသေးလား။
ဖြေ ။ ။ ပထမထပ်နဲ့ ဒုတိယထပ်မှာ ရှိတဲ့ လူနာခန်းတွေ အားလုံးကို ဖွင့်တယ်။ လူနာက ဘယ်သူလဲ။ ဒါတွေက ဘာတွေလဲ။ လူနာစောင့်တွေလား။ အကုန်လုံးကို စစ်တယ်။ ရေချိုးခန်းတံခါးတွေကအစ အကုန် ဖွင့်စစ်တယ်။ ပြီးတော့ CCTV ကို password ကိုတောင်းတယ်။ မပေးရင် ဆေးရုံကို မီးရှို့မယ်။ ဒီကြိုးတွေ အကုန်ဖြတ်ပစ်မယ်။ သေနတ်တွေနဲ့ ပစ်သတ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး password ယူပြီး ဖျက်ပစ်လိုက်တယ်။
မေး ။ ။ ဆေးရုံက ဘာတွေ ဖျက်ဆီးသွားသေးလဲ။
ဖြေ ။ ။ ကျန်တာတော့ မဖျက်ဆီးသွားဘူး။ ဝန်ထမ်းကောင်လေး ၅ ယောက်ကို ရပ်ကွက်ထဲကလို့ ထင်တာလား။ လုပ်တဲ့သူတွေလို့ ထင်တာလား မသိဘဲ။ ဒီဆေးရုံကိုရောက်လာပြီး ရမ်းတာ။ ရိုက်တာ။
မေး ။ ။ ရိုက်ခဲ့ထားရတဲ့ လူတွေရဲ့ ကျန်မာရေး အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ ရိုက်ခံရတဲ့သူတွေမှာတော့ ရိုက်ထား၊ နှက်ထားတဲ့ မျက်နှာတွေ၊ ကျောတွေ ဒဏ်ရာရတာတော့ ရှိတယ်။ တခြား စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မရှိဘူး။
မေး ။ ။ တခြားရော ဘာတွေပြောသွားသေးလဲ။
ဖြေ ။ ။ သန့်ရှင်းရေးဝန်ထမ်း ၅ ယောက်နဲ့ လုံခြုံရေး ၂ ယောက်ကို စိတ်ကြိုက် ရိုက်နှက်တယ်။ ဖြစ်နေတဲ့ဟာကို ဘာလို့ထိုင်ကြည့်နေတာလဲ။ သတင်းမပေးရကောင်းလားဆိုပြီးတော့။ ဘာလို့ ဖုန်းမဆက်တာလဲ ဆိုပြီးတော့ ဆက်တိုက်ရိုက်တာ။ ပြီးတော့ ဆရာဝန်တွေကိုလည်း ရဲတပ်သား အငယ်တွေက သေနတ်ကို တပြင်ပြင်နဲ့ အရမ်းကို ပစ်သတ်ချင်နေပြီ။ ပစ်သတ်လိုက်မယ်ဆိုတဲ့ ပုံစံနဲ့ ပြောနေတယ်။ အရမ်းကို ပစ်ချင်နေတာပဲ ဆိုပြီးတော့ တပြင်ပြင်နဲ့။
မေး ။ ။ အခြားဆေးရုံတွေကိုလည်း ဝင်ရောက် အကြမ်းဖက်မှုတွေ ရှိနေတဲ့အခါ ဒီလိုဆေးရုံတွေအပေါ် အကြမ်းဖက်ပစ်ခတ်မှုအပေါ် ဘာပြောချင်လဲ။
ဖြေ ။ ။ ဆေးရုံတွေဆိုတာ လူနာတွေကို ကုပေးနေရတဲ့နေရာမျိုးဆိုတော့ လုံးဝမလုပ်သင့်ဘူး။ လူနာတွေကလည်း အရမ်းကြောက်လန့်ရသလို ဆေးရုံဝန်ထမ်းတွေကလည်း ဒီလိုတွေဖြစ်လာရင် ဆေးရုံကို မသွားရဲကြတော့ဘူး။ အဲဒီလိုဆိုရင် ဆေးရုံတွေကို ပိတ်ထားရတဲ့ အခြေအနေ ရောက်လာရင် ပိုပြီး ဒုက္ခရောက်လာမယ်။ မလုံခြုံကြတော့ဘူးပေါ့။ လူမဆန်တဲ့လုပ်ရပ်တွေပေါ့။
You may also like these stories:
ဆေးရုံများကို စစ်ကောင်စီတပ်များက စီးနင်းပစ်ခတ်မှုများ ပြုလုပ်