သင်ပုန်းချေလိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး

ဧရာဝတီ
စစ်တပ်က ဗုံးကြဲသဖြင့် တောတောင်များထဲတွင် ခြေသလုံး အိမ်တိုင်ဘဝဖြင့် ပုန်းခိုနေရသူများ / CJ
Want create site? Find Free WordPress Themes and plugins.

စစ်အာဏာသိမ်းမှု ၆၂ ရက်တိုင်လာသည့် အခြေအနေတွင် အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် မှု၊ ဖမ်းဆီးမှုကလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာဆဲ ဖြစ်သည်။ ပြည်သူလူထုကလည်း စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြဆဲ ဖြစ်သကဲ့သို့ ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံ များကလည်း အာဏာသိမ်း စစ်ကောင်စီအပေါ် ဖိအားပေးမှုများ ရှိနေသည်။

သို့သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ဖိအားပေးမှုအပေါ် ပြည်သူလူထုက အားမလို အားမရဖြစ်နေရာ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကုလအရေးကျွမ်းကျင်သူလည်းဖြစ်သည့် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေအပေါ် အကြမ်းဖျဉ်း သုံးသပ်ပေးပါဦး။

ဖြေ။ ။ လက်ရှိ အခြေအနေကတော့ စစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုကို အစွမ်းကုန်သုံးပြီးတော့ လူထုကို ငြိမ်းခြောက် ပြီးတော့ ကြောက်လန့်အောင် လုပ်ဆောင်နေတယ်။ မြို့တွေတင် မကတော့ဘဲနဲ့ အခုဆိုရင် တိုင်းရင်းသားဒေသတွေ အတွင်းမှာလည်း မသုံးအပ်တဲ့ လေကြောင်းတိုက်ခတ်မှုတွေ ဖြစ်လာတယ်။ သူတို့ကို ဆန့်ကျင်တဲ့အပေါ်မှာ ခြိမ်းခြောက် ပြီးတော့၊ အာဏာနဲ့ လက်နက်ကိုပြပြီးတော့ ကြောက်အောင်လုပ်နေတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုကြောက်အောင် လုပ်ဆောင်မှုတွေက လူထုကို ကြောက်စေမှုထက်စာရင် ပိုမိုပြီးတော့ စိတ်နာဖို့ ဖြစ်နေ တယ်။ အရင်လို ဆန္ဒပြတာ မဟုတ်ဘဲနဲ့ ဒါ အဆုံးသတ်တိုက်ပွဲအထိ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပိုပြီး ဖြစ်လာတာ တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့က အဆိုးဆုံးလည်း ပြင်ဆင်ဖို့လိုသလို အကောင်းဆုံးလည်း ပြင်ဆင်ထားဖို့ ပြည်သူ လူထုလည်း သတိပြုစေချင်ပါတယ်။

မေး။ ။ နိုင်ငံတွင်းမှာ အခြေအနေ ဆိုးရွားနေတဲ့အချိန်ု ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ မိသားစုတွေကို မြန်မာနိုင်ငံကနေ ထွက်ခွာခွင့်ပြုလိုက်ပြီလို့ ကြေညာလိုက်တာကရော ဘယ်လို သုံးသပ်လို့ ရနိုင်လဲ။

ဖြေ။ ။ ကုလသမဂ္ဂမှာကတော့ လုံခြုံရေးဆိုင်ရာ ဌာနကနေ သတ်မှတ်ထားတဲ့ အဆင့်တွေ ရှိပါတယ်။ ပထမ ၁ ခုကတော့ ခရီးသွားလာမှု ကန့်သတ်ပြီးတော့ သတိထားနေဖို့အတွက် ထုတ်ပြန်တာ၊ နောက်ပြီးရင် အခုလို အထူးလုံခြုံရေး လုပ် ဆောင်ရမယ့် ကိစ္စ၊ ဒီကိစ္စတွေက တိုင်းပြည်မှာ ဖြစ်တဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အဆင့်တွေပေါ်မှာ မူတည်ပြီးတော့ တုံ့ ပြန်တာ ဖြစ်ပါတယ်။

အခု ထုတ်ပြန်တဲ့ အဆင့်အတိုင်းဆိုရင်တော့ မြန်မာပြည်ရဲ့ လက်ရှိ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ၊ နောက်သူတို့ရဲ့ ဝန်ထမ်းနဲ့ မိသားစုတွေမှာ အန္တရာယ်ဖြစ်နိုင်တာက အရင်ကထက် ပိုမိုမြင့်မားလာတဲ့ သဘောမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့ အနေနဲ့ မိသားစုတွေကို ပြန်ဖို့အတွက် ခွင့်ပြုလိုက်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်ထပ် အဆင့်ကတော့ ရှိသမျှ ကုလသ မဂ္ဂရုံးတွေကို ပိတ်ပြီး ဝန်ထမ်းအားလုံးပြန်တဲ့ ကိစ္စကတော့ အဆိုးဆုံးအဆင့်ပေါ့။ အဲဒီလိုမျိုး အဆင့်တွေကို သွားဖို့အတွက် တဆင့်ပြီး တဆင့် လုံခြုံရေး မီးနီတွေ ပြနေတာကို တွေ့ရပါတယ်။

မေး။ ။ အဲဒီလိုအခြေအနေမှာ တရုတ်နဲ့ ရုရှားရဲ့ ရပ်တည်မှုက မြန်မာနိုင်ငံအတွက် ဘယ်လောက်ပြဿနာ ရှိနေနိုင်လဲ။ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ။

ဖြေ။ ။ တရုတ်နဲ့ ရရှားကတော့ သာမန်ထုတ်ပြန်ကြေညာချက်တို့၊ သာမန်ပြောဆိုတဲ့ ကိစ္စမျိုးတို့၊ တကယ့်လက်တွေ့မပါသော ဆွေးနွေးမှု အပိုင်းကိုတော့ သူတို့ဘက်ကနေ မငြင်းဆန်တာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာပဲ ဖြစ်ဖြစ်၊ လူ့အခွင့်အရေး ကောင်စီမှာပဲဖြစ်ဖြစ် ဒီကိစ္စတွေ ဆွေးနွေးတိုင်း တရုတ်နဲ့ ရုရှားက ဝင်ပြီးတော့ လူမိုက်မဆန်ခဲ့ဘူး။

ဒါပေမယ့် ကျနော်စိုးရိမ်တဲ့ ကိစ္စက မြန်မာနိုင်ငံ စစ်အုပ်စုအပေါ်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်မယ် ဆိုရင်တော့ သူတို့ကတော့ နောက်ဆုံး ဝှက်ဖဲအနေနဲ့ တတ်နိုင်သ၍ ပိတ်ပင်တားဆီး လုပ်ဆောင်မယ့် သဘောမျိုး တော့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ခြေမှာ ပြောဆိုတဲ့အခါမှာ နိုင်ငံတကာက မုန်းတီးမှု သူတို့ မယူပေမယ့် တကယ်တမ်း သူတို့ အကျိုးစီးပွား အများကြီးရှိတဲ့ မြန်မာနိုင်ငံအပေါ်မှာ ထိခိုက်မယ့် ကိစ္စမျိုးကို ပါဝင်ဖို့အတွက် အဲဒီလောက် အဆင်သင့် မဖြစ်နိုင်သေးဘူး ဆိုတာကို တွေ့နေရပါတယ်။

မေး။ ။ အာဆီယံကလည်း ညှိနှိုင်းမှု လမ်းကြောင်းကိုပဲ သွားဖို့ တောက်လျှောက် ပြောနေတဲ့အခါကျတော့ ဒီအပေါ်မှာရော ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ အာဆီယံကတော့ အာဆီယံနည်းလမ်းအတိုင်းပဲ တွေ့ဆုံဆွေးနွေးဖို့ အတွက်ကို ပြောတယ်။ နောက် အကြမ်းဖက် မှုတွေကို ဘက်ပေါင်းစုံကနေ ရပ်တန့်ဖို့အတွက် ပြောဆိုတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်ရဲ့ အခြေ အနေက တွေ့ဆုံဆွေးနွေးနိုင်တဲ့ လမ်းကြောင်း မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျူးလွန်မှုတွေက တကယ့်ကို ရာဇဝတ်မှုတွေ ဖြစ်ကုန်ကြပြီ။

ဒီလိုမျိုး ကျူးလွန်နေတဲ့ လူတွေကို မေ့ပစ်လိုက်ဖို့၊ အပြစ်ကနေ သင်ပုန်းချေလိုက်ဖို့ ကိစ္စကတော့ မဖြစ်နိုင်တော့ဘူး။ အဲဒါ ကြောင့်မို့လို့ အမှန်တရားကို ဖော်ဆောင်ပြီး တရားဥပဒေအရ စီရင်နိုင်တဲ့လမ်းကြောင်းတွေပြီးမှ သင်ပုန်းချေနိုင်မယ့် ကိစ္စ မျိုးဖြစ်မှာ ဖြစ်ပါတယ်။ တရုတ်ကလည်း တဖက်က အနောက်နိုင်ငံတွေရဲ့ထိရောက်သော အရေးယူ ပိတ်ဆို့မှုတော့ ရှောင် တယ်။ ဒါပေမယ့် တရုတ်နဲ့ အာဆီယံနဲ့ ပိုမိုပြီး ဖက်လှဲတကင်း ပိုဖြစ်ပြီးတော့ ဒီကိစ္စတွေကို တွေ့ဆုံဆွေးနွေးတဲ့ လမ်း ကြောင်းအတိုင်း သွားဖို့အတွက် အားသန်နေတာလည်း သတိထားမိပါတယ်။

မေး။ ။ R2P အဆင့်ကို ရောက်ဖို့ အများကြီး အဆင့်တွေ ဖြတ်သန်းရမယ်ဆိုတာ ပြည်သူတွေက နားလည်သလို မျှော်လည်း မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂဘက်ကလည်း လုံခြုံရေးအဆင့်လိုက် ပြောင်းလဲ ဆောင်ရွက်လာပြီဆိုတော့ ဘယ်လို အခြေအနေ ဖြစ်လာနိုင်သလဲ။

ဖြေ။ ။ R2P ဆိုတဲ့ ကိစ္စတခုကတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကနေပြီးတော့ ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ ဒီအတွက်အဆင့်တွေ အများကြီး ကြာတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးကောင်စီမှာတောင်မှ စကားလုံး ပြင်း ပြင်းထန်ထန် မသုံးဖို့အတွက် တရုတ်နိုင်ငံကနေ ပိတ်ပင်တဲ့အရာမျိုး ညှိနှိုင်းပြီးတော့မှ သိပ်မပြင်းထန်တဲ့ ထုတ်ပြန် ကြေ ညာ၊ ဆုံးဖြတ်ချက်လောက် ချတဲ့အဆင့်မျိုး ဖြစ်တဲ့အတွက် အဆင့်တွေ အများကြီး ရှိနိုင်ပါတယ်။

တဖက်ကလည်း လုံခြုံရေးအရ သတိထားမှုတွေ ဖြစ်လာတယ်။ လုံခြုံရေးအရ တိုးမြှင့်ပြီးတော့ လုပ်ဆောင်တဲ့ ကိစ္စတွေ ဖြစ်လာတယ်။ အဲဒီတော့ ကုလသမဂ္ဂ တစုံလုံးပါဝင်တဲ့ R2P ပုံစံ မဖြစ်နိုင်ရင်တောင်မှ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်ပြောသလို နိုင်ငံတွေ အနေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နိုင်တဲ့ ကိစ္စရပ်တွေကို သွားဖို့ အစီအစဉ်တွေ ရှိနေလား၊ ဒါမျိုး လုပ်ဆောင်နေလား ဒါကိုလည်း တဖက်က စဉ်းစားမိနေတဲ့ အချက်မျိုး ရှိပါတယ်။

ကုလသမဂ္ဂ တစုံလုံးအတွက် ကြာကောင်းကြာနိုင်တယ်။ ဒါပေမယ့် R2P ဆန်ဆန်နဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အထူး စိတ်ဝင်စားပြီးတော့ တကယ် လုပ်ဆောင်မယ့် နိုင်ငံတွေ စုပေါင်းလုပ်ဆောင်ပြီး မဟာမိတ်ညွန့်ပေါင်းလို ပုံစံမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

You may also like these stories:

အကြမ်းမဖက်နှင့် အကြမ်းဖက်နည်းလမ်းများအပေါ် ကျိုးကြောင်းဆင်ခြင်ခြင်း

ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ

စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော မျှော်လင့်ခြင်းတံခါးများ

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

Did you find apk for android? You can find new Free Android Games and apps.
Loading