စစ်ကောင်စီ တပ်တွေကို တမူးဒေသခံတွေ ဘယ်လိုခုခံခဲ့သလဲ

ဧရာဝတီ
တမူးခံတပ် တိုက်ခိုက်ခံရမှု မှတ်တမ်းများ
Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီ တောင်းဆိုနေသည့် ဆန္ဒပြပြည်သူများကို အာဏာသိမ်း စစ်ကောင်စီတပ်များက စစ်မြေပြင်သုံး လက်နက်များဖြင့် ရန်သူသဖွယ် တိုက်ခိုက်နေလျှက်ရှိသည်။ ယင်းသို့ တိုက်ခိုက်မှုများကို ဆန္ဒပြ ပြည်သူများက လေးခွ အပါအဝင် ရရာလက်နက်များဖြင့် ပြန်ခည်ခုခံနေကြသည့်နေရာများလည်း ရှိသည်။

ယင်းသို့ တုန့်ပြန်မှုများအနက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို သေဆုံးသည်အထိ စွမ်းဆောင်ခဲ့သော Tamu Security Group ပေါ်ပေါက်လာရာ တမူးမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် လူငယ်တဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။  ။ စစ်ကောင်စီ တပ်တွေရဲ့ လက်နက်အင်အားသုံးပြီး တိုက်ခိုက်တဲ့ အပေါ် တမူး ဒေသခံတွေ ဘယ်လို ခုခံနေကြတာလဲ။

ဖြေ ။  ။ တမူးပြည်သူလူထုတွေ ဖွဲ့စည်းထားတဲ့ Tamu Security Group (TSG) ဆိုတဲ့ ဂရုက ပြင်ဆင်နေတာမျိုးတွေ ရှိတယ်။ တနေ့က ဖြစ်သွားတဲ့ ကိစ္စရပ်မျိုးတွေမှာဆိုရင် TSG ဂရုနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ အပြန်အလှန် ပစ်ခတ်ကြတာမျိုးတွေ ရှိတယ်။ ပစ်ခတ်ကြတဲ့ ပုံစံမျိုးတွေမှာ ဘယ်လိုပုံစံနဲ့ လာလဲဆိုရင် သူတို့အမြဲအသုံးပြုနေကျ ကားတွေနဲ့ လာတာမျိုး မဟုတ်တော့ဘူး။ လူနာတင်ယာဉ်လိုမျိုးကားတွေ နိဗ္ဗာန်တင်ယာဉ်လိုမျိုး ကားတွေ အသုံးပြုပြီးတော့ သူတို့တပ်သားတွေကို အဲဒီအပေါ်မှာ ခေါ်ဆောင်ပြီးတော့ ထင်ယောင်ထင်မှား ပြည်သူတွေကို ဖြစ်စေပြီးတော့ ပစ်ခတ်တာမျိုးတွေ ရှိတယ်။

သတင်းကြားကြားချင်းမှာပဲ ဒီက ပြည်သူ့လုံခြုံရေးအတွက် ဖွဲ့ထားတဲ့ TSG ကသွားပြီးတော့ အပြန်အလှန် ပစ်ခတ်ကြတာမျိုးမှာ ဟိုဘက်က ၄ ယောက်နဲ့အထက် ထိတယ်ပေါ့။ ၄ ယောက်ထိသွားတဲ့ အချိန်မှာ ၂ ယောက်က အရင်ကျတယ်ပေါ့လေ။ ကျသွားပြီးပြီးချင်းမှာပဲ သူတို့က မနိုင်မှန်းသိတော့ တပ်ဆုတ်ဆုတ်ပြီး ပြန်သွားတယ်ပေါ့။ ပြန်သွားပြီးတော့ ချက်ချင်းပဲ သူတို့ စနိုက်ပါသမားကို ခေါ်ပြီးတော့ တမူးမြို့မှာရှိတဲ့ အထပ်မြင့်တွေပေါ် တက်ပစ်တာတွေလည်း ရှိနေပါသေးတယ်။ ဒါက ဧပြီ ၄ ရက်နေ့က ဖြစ်စဉ်ပါ။

မေး ။  ။ ပြည်သူတွေဘက်က ဘယ်လိုပုံစံမျိုးနဲ့ ခုခံနေကြတာလဲ။

ဖြေ ။  ။ CRPH က ပြည်သူတွေ ခုခံပိုင်ခွင့်ဆိုတဲ့ အလျောက် တမူးဘက်က ပြည်သူတွေကလည်း CRPH ရဲ့ လမ်းညွှန်မှုအတိုင်း အတားအဆီးတွေ အကာတွေ လုပ်ကြတယ်။ တမူးမြို့နဲ့ ကလေးမြို့က မြို့ကြီးတွေကို အမြဲလိုလို ကြည့်နေတဲ့ အနေအထားမျိုး ရှိတယ်ပေါ့။ အဲဒီလိုမျိုး ကြည့်နေဆဲမှာပဲ နယ်မြို့တွေက အရင် အဖမ်းခံရတယ်ပေါ့။ ကလေးမြို့မှာဆိုရင် အာဏာသိမ်းစစ်ကောင်စီက ပထမဆုံး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြို့ဖြစ်ခဲ့တယ်။ ဆိုတဲ့ အခါကျတော့ Tamau Security Group နဲ့ ကလေးဘက်က အဖွဲ့လည်း ရှိတယ်။

တမူးခံတပ် တိုက်ခိုက်ခံရမှု မှတ်တမ်းများ

အဲဒီ ၂ ဖွဲ့က အခု ကိုင်နေကြတာက တကယ့်ပြည်သူလူထုဘက်ကနေ လှူဒါန်းပြီးတော့ ဝယ်ယူလို့ ရရှိတဲ့ လက်နက်အမျိုးအစားတွေနဲ့ အပြန်အလှန်ပစ်ခတ်တာမျိုးတွေ ရှိတယ်။ ကလေးမြို့ဘက်က အားကောင်းတဲ့ အချက်အလက်က ဘာလဲဆိုတော့ အဲဒီပစ္စည်းတွေလည်း ရှိသလို ချင်းရိုးရာ အသုံးပြုခဲ့တဲ့ တူမီးပေါ့။ အဲဒီတူမီးသေနတ်နဲ့ပါ အပြန်အလှန်ပစ်ခတ်တာမျိုးတွေ ၊ ဓားပါမယ်၊ နောက် လေးခွပေါ့ ၊ မီးပုလင်းတွေ နောက်တန်ဆောင်တိုင်တို့ သီတင်းကျွတ်တို့မှာ ဖောက်တဲ့ မီးရှုမီးပန်းတွေနဲ့ စသဖြင့် လုပ်ဆောင်နေရပါတယ်။

မေး ။ ။ မနေ့ကလည်း ပစ်ခတ်မှု  ဖြစ်သေးတယ်လို့ကြားလို့ ဘယ်လိုဖြစ်တာလဲ။

ဖြေ ။  ။ ကလေးနဲ့ တမူးနဲ့ကကျတော့ ကလေးကို သူတို့ကဖိတယ် တမူးက ကြွတဲ့ ပုံစံမျိုးပေါ့။ အဲဒီတော့ သူတို့က တမူးမှာ Psywar အရင်လွှင့်တယ်။ ပစ်မယ်ခတ်မယ်ပေါ့ ပြီးတော့ ကလေးကို လုပ်တယ်ပေါ့။ မနေ့က ကိစ္စရပ်မှာဆိုရင် ည ၁၂ နာရီ ၁ နာရီ ဝန်းကျင်လောက်မှာ သေနတ်သံတွေ ဖောက်လာတဲ့ အချိန်မှာ တမူးပြည်သူလူထုက နည်းနည်းအုံအုံကြွကြွ ဖြစ်လာတယ်။ ပြည်သူတို့ အတွက် ဖွဲ့ထားတဲ့ TSG နဲ့များ တိုက်နေပြီလားဆိုပြီး ထင်ယောင်ထင်မှား ဖြစ်နေတဲ့ အချိန်မှာပဲ ကလေးမှာ မနက် ၄ နာရီခွဲဝန်းကျင်လောက်မှာ တာဟန်းဘက်မှာ ရှိတဲ့ ခံတပ်ကို စပြီးတော့ ပစ်တယ်။

လက်နက်ကြီးတွေပါတယ်။ RPG အသေးစားတွေပါတယ်။ ဗုံးတွေနဲ့ စပြီး ပစ်ခွင်းတာမျိုးတွေရှိတယ်။ သူတို့က မြို့ ၂ မြို့ပေါ်ကို အခြေခံပြီးတော့ ၁ မြို့ကို Psywar အရင်လွှင့်တယ် တမျိုးကို ဖိတယ်။ အဲဒီလို ပုံစံမျိုးနဲ့ သွားနေတာတော့ ရှိတယ်။ လောလောဆယ်မှာကတော့ ကလေးမှာ အင်တာနက် ရရှိတဲ့သူတွေ အရမ်းနည်းသွားတယ်။ တမူးဘက်မှာ ကျတော့ အိန္ဒိယဘက်က  ကဒ်ကို အသုံးပြုလို့ရတောာ့ သတင်းတွေ ပြန်ကြားနေရတဲ့ အနေအထားမျိုးတော့ ရှိနေပါသေးတယ်။

မေး ။  ။ မြို့ကြီးတွေမှာ ပြန်လည်ခုခံမှုတွေကို လုပ်မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ။

ဖြေ ။  ။ ဆန္ဒပြမှုတွေ လမ်းမပေါ်ထွက်လာတုန်းက ဒီကနယ်မြို့လေး ၂ မြို့က မြို့ကြီးတွေကို အတုယူရတယ်ပေါ့။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးပေါ့လေ။ အခုချိန်မှာကတော့ နယ်မြို့ ၂ မြို့ဘက်က လက်နက်တွေနဲ့ အပြန်အလှန် ခုခံပစ်ခတ်လာတဲ့ အချိန်မှာဆိုရင် ကျန်တဲ့မြို့တွေမှာဆိုရင် Defense Team တွေ ရှိတယ်ဆိုတာ ဖတ်ရတာမျိုးတွေ သိရတာမျိုးတွေ ရှိတယ်ပေါ့။ မြို့ကြီးဖြစ်တဲ့ အလျောက် ပြည်သူလူထုကလည်း လှူဒါန်းအား ကောင်းတယ်ပေါ့။ ဒါပေမယ့် သူတို့ဆီမှာက လက်နက်ပဲ အဆက်အသွယ်မရတဲ့ ပုံစံမျိုးလား ဒါမှမဟုတ် အရင်တုန်းက ဘဏ်ဝန်ထမ်းလည်း ဖြစ်ရင်ဖြစ်မယ် ဆရာဝန်လည်း ဖြစ်ရင်ဖြစ်မယ် အခုအာဏာသိမ်း စစ်ကောင်စီ တော်လှန်ရေးမှာ ရရာကို ချိတ်ဆက်ပြီးမှ လုပ်နေရတော့ သတင်းမသိတာလားပေါ့။

ကျနော်တို့ နယ်မြို့ ၂ မြို့ထက်စာရင်  မြို့ကြီးတွေဘက်ကလည်း ပိုပြီးတော့ လုပ်ဆောင်ပေးစေလိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဆီမှာ Defense Team  တွေရှိတယ်။ အဲဒီ Defense Team  တွေတိုင်းကလည်းအားကောင်းတယ်။ ဒါပေမယ့် သူတို့ရဲ့ စံသတ်မှတ်ချက်က ဘာလဲဆိုတော့ Defense လုပ်တယ်။ ထိပြီဆိုရင်ပြေးတယ်။ ပြေးပြီးရင် ပြန်စုတယ် ဒီလိုပုံစံမျိုးတွေရှိတယ်။ အဲဒီလို ပုံစံရပ်မျိုးတွေနဲ့ လုပ်ဆောင်မနေတော့ဘဲနဲ့ သေချာ စည်းစနစ်ကျတဲ့ စပ်ဗျူဟာလို ပုံစံတွေနဲ့ပါ ကိုယ်တွေက ပြန်ပြီး အံတုမှ ရတော့မယ့် သဘောပဲ။ အကြံပြုတဲ့ သဘောပါ။

ဘာကြောင့်မလို့ မြို့ကြီးတွေကို ပါဝင်လာစေချင်လဲ ဆိုရင် အခု ကလေးနဲ့ တမူးဘက်ကို လာဖို့ဆိုရင် လမ်းကြောင်းက ၃ သွယ်ရှိတယ်ပေါ့။ လမ်း ၃ သွယ်ဘက်က အသီးသီးကနေ ဝင်လာနေကြတဲ့ ပုံစံမျိုးတွေ ရှိတယ်။ အဲဒီလို ဝင်လာတာမျိုးတွေ သိနေလို့ပဲ ကလေး ဟိုးအရှေ့ဘက်က ရွာတွေဆိုရင် တောင်ခရမ်းတို့ မြောက်ခရမ်းတို့ စတဲ့ ရွာတွေမှာဆိုရင် စစ်ကားတွေ မလာနိုင်အောင် ရွာငယ်လေး ဆိုပေမယ့် လူတွေစုပြီးတော့ ကလေး တမူးဘက်ကို မလာနိုင်အောင် တိုက်ထုတ်ပေးနေရတဲ့ အနေအထားမျိုးမှာ ရှိတယ်။ အဲဒီကားတွေက ဘယ်က ထွက်လာလဲဆိုရင် မြို့ကြီး မုံရွာတို့ မန္တလေးတို့ဘက်ကနေ လာနေတာဖြစ်တဲ့ အတွက်ကြောင့်မလို့ မြို့ကြီးတွေဘက်ကလည်း လူထုအုံကြွမှု အပြင် Defense Team တွေဘက်ကလည်း အားကောင်းနိုင်မယ်ဆိုရင် ကိုယ်တွေဘက်ကို တပ်ကူပို့နေတဲ့ ကိစ္စရပ်မျိုးတွေ လျော့သွားရင် နယ်မြို့လေး ၂ မြို့က အားကောင်းသွားမယ်လို့ မျှော်လင့်တယ်။

တမူးခံတပ် တိုက်ခိုက်ခံရမှု မှတ်တမ်းများ

မေး ။  ။ လက်ရှိမြေပြင်မှာ ရင်ဆိုင်နေတဲ့ အခါမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ  ။  ။ စစ်ကောင်စီရဲ့ အားနည်းချက်လို့ ပြောရမယ်ဆိုရင် နိုင်ငံတကာနဲ့လည်း ရင်ဆိုင်နေရတယ်။ ကိုယ်တွေ ပြည်သူတွေနဲ့လည်း ရင်ဆိုင်နေရတဲ့ အပြင်မှာ နိုင်ငံ့ဝန်ထမ်းတွေနဲ့လည်း ရင်ဆိုင်နေရတာတွေလည်း ရှိတော့ သာဓက တခုနဲ့ ပြောပါရစေ ဟိုနေ့က တမူးဘက်မှာ ခရိုင်ရံုံးမှာ CDM လုပ်ဖို့လူ သူက နယ်ခံတော့ ဟုတ်မနေဘူး။ အဲဒီ တယောက်ဆို CDM ကိုအရမ်း လုပ်ချင်နေပြီ ဒါပေမယ့် သူ့မှာ အချိတ်အဆက် အသိရှိမနေဘူးပေါ့။

အဲဒီအခါကျတော့ ကိုယ်တွေနဲ့ ချိတ်ဆက်လာတော့ နေ့ခင်းကြောင်တောင်ကြီး သွားပြီးမှ ခိုးပြီး ခေါ်လာရတယ်။ ကိုယ်တွေရောက်နေပြီဆိုတော့မှ ခြံစည်းရိုးကို ကျော်ပြီးတော့ ပြေးထွက်လာရတယ်ပေါ့။ သူတို့ကလည်း ယနေ့အနေအထားမှာဆိုရင် ပြည်သူတွေကို ပြန်ကြောက်နေရတဲ့ အနေအထားမျိုးလည်း ရှိနေတယ်။ အဲဒီအတွက်ကြောင့်မလို့ ကြောက်ကြောက်နဲ့ အင်အား အလုံးလိုက်အရင်းလိုက် သုံးပြီးတော့ ဖိနှိပ်နေလားတော့ မသိဘူး။

မေး ။  ။ ပြည်သူတွေနဲ့ စစ်ကောင်စီလက်နက်ကိုင် အဖွဲ့နဲ့ အခုလို တိုက်ခိုက်နေမှုတွေကြားမှာ ပြည်သူတွေရဲ့ အားသာချက်က ဘာဖြစ်မလဲ။

ဖြေ ။  ။ ပြည်သူတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ အားသာချက်ပေါ့။ ဘာကြောင့်မလို့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြောရလည်း ဆိုတော့ လွန်ခဲ့တဲ့ တလောကပဲ CDM ကိစ္စနဲ့ ပတ်သက်ပြီး နိုဗယ်ပေးဖို့ ဆိုပြီး ဖြစ်လာတဲ့ ကိစ္စရပ်မျိုးတွေ ရှိတယ်ပေါ့။ အရင်တုန်းကကျတော့ ပြည်မနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပေါ့။ အခုအကြမ်းဖက် စစ်ကောင်စီမဟုတ်ဘူး EAO နဲ့ သွေးကွဲနေတာတွေ ရှိတယ်။

အဲဒါအပြင်မှာ LGBT၊ Women၊ နောက်မသန်စွမ်း စသဖြင့် တိုင်းရင်းသားတွေကြားမှာလည်း ဖိနှိပ်မှုတွေ ရှိနေတဲ့အတွက်ကြောင့်မလို့ သက်ဆိုင်ရာ နယ်ပယ် အလိုက်ကနေ ကိုယ့်အရေး သူ့အရေးကို တောင်းဆိုနေရတဲ့ အနေအထားမျိုး ရှိတယ်။ ဒါပေမယ့် အခုလို အရေးကြုံလာတဲ့ ကိစ္စရပ်မျိုးမှာဆိုရင် ခုဏက လူနည်းစုတွေ အားလုံးကနေပြီး စုစည်းပြီးတော့ တော်လှန်ရေးဆိုတဲ့ စိတ် တခုတည်းကနေပြီး ပြည်သူတွေပဲ ဆိုတဲ့ စိတ်ဓာတ်ခွန်အားနဲ့ တူညီမှုကနေ အခုလက်ရှိ တိုက်ပွဲဝင်နေတယ်။ ပြည်သူတွေရဲ့ အမြင့်ဆုံး Power ကလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ သည်းခံနိုင်စွမ်း ဒါတွေရှိနေပါတယ်။

တမူးခံတပ် တိုက်ခိုက်ခံရမှု မှတ်တမ်းများ

မေး ။  ။ တော်လှန်ရေးကို ရေရှည်သွားမယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်ပြီလဲ။

ဖြေ ။  ။ အခုကလည်း TSG တို့ ၊ ကလေးဘက်က အဖွဲ့ဆိုတာကလည်း တကယ့် တိုင်းရင်းသား လက်နက်ကိုင်တွေလို ကျင့်ပြီးတဲ့အခါကျမှ တိုက်ထုတ်နေကြတာ မဟုတ်ဘူးပေါ့။ သူတို့မှာ ရရာလက်နက် ဆွဲကိုင်ပြီးတော့ ဉာဏ်အမြော်အမြင်နဲ့ ဘယ်လိုတိုက်ထုတ်ရမလဲ ဆိုပြီးမှ ခံနိုင်ရည်ရှိရုံသာသာ ကိုယ်တွေက တိုက်ထုတ်နေရတာမျိုးတွေ ရှိတယ်။ အဖက်ဖက်ကတော့ အားနည်ချက်တွေ အများကြီးရှိတယ်။ ကိုယ်တွေဘက်က ထိပြီဆိုရင် ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ရမလဲ ၊ ညတွေမှာဆိုရင်လည်း ကင်းစောင့်ရတဲ့ ကိစ္စရပ်မျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေဆိုရင် သူတို့အတွက် ဖြည့်စွက်အစာတွေ။

အရေးကြီးဆုံး အချက်က ဘာလဲဆိုရင် ဟိုဘက်ဒီဘက် အပြန်အလှန် ပြည်သူတွေနဲ့ ဖြစ်နေတဲ့ ကိစ္စရပ်မျိုးတွေမှာ လက်နက်အင်အား မလောက်တဲ့ ကိစ္စရပ်မျိုးတွေ ရှိတယ်။ အဲဒီလိုမျိုး ကိစ္စရပ်တွေမှာ ဆိုရင်လည်း အရင်တုန်းက ကုန်သည်ကြီးတွေလို့ပဲ ပြောမလား။ လက်နက်က  အရင်တုန်းက ၁ လက်ကို (ကျပ်သိန်း) ၄၀ ဝန်းကျင်လောက် ရှိတယ်ဆိုရင် ယနေ့ အနေအထားမှာဆိုရင် သိန်း ၆၀ ဝန်းကျင်အထိ ခုန်တက်သွားတဲ့ အချိန်မှာလည်း ပြည်သူတွေက ငါတို့ တော်လှန်ရေးအတွက် ဒီကောင်ကတော့ ရှိမှ ဖြစ်မယ်ဆိုပြီး လုပ်ဆောင်နေရတဲ့ အချိန်မှာ ကျန်တဲ့ အဖက်ဖက်ကနေ လုပ်နေတဲ့ စီးပွားရေး သမားတွေကလည်း အခွင့်ကောင်းယူပြီးတဲ့ အခါမှာ ပြည်သူအချင်းချင်းပေါ့ စစ်ကောင်စီဘက်နဲ့ မပူးပေါင်းဘူး ဆိုရင်တောင်မှ ပြည်သူအချင်းချင်းကို ဂုတ်သွေး မစုတ်သင့်ဘူးလို့ ပြောချင်ပါတယ်။

မေး ။  ။ အာဏာသိမ်းယူတဲ့နေ့ပေါ့ အဲဒီသတင်းကိုကြားကြားချင်း လူငယ်တယောက်အနေနဲ့ ဘယ်လိုခံစားလိုက်ရလဲ။

ဖြေ ။  ။ ဖေဖော်ဝါရီ ၁ ရက်နေ့ကဆိုရင် အကြမ်းဖက် စစ်ကောင်စီဘက်ကနေ အင်တာနက်လိုင်းတွေ ဖြတ်ချလိုက်တယ်။ တချို့သော မီဒီယာတွေကနေလွှင့်တဲ့ TV Channel တွေကို ပိတ်ချလိုက်တယ်။ ကျနော်တို့ အခုရောက်နေတဲ့ နယ်စပ်မြို့တွေကဆိုရင် ထင်ယောင်ထင်မှားပေါ့လေ။ ပြည်မတွေဘာတွေ လုပ်နေတယ် ဆိုတာလည်း ကိုယ်တွေ မသိရသေးဘူး။ အဲဒီတုန်းက ကိုယ်တွေက အော် ဖုန်းလိုင်းတွေက အစ ပျောက်သွားပြီ ဘာဖြစ်တာလဲ မသိဘူး။ ထုံစံအတိုင်း အိန္ဒိယဘက်က ဖုန်းလိုင်းနဲ့ ပူးသွားတာပဲ နေမှာပါ အချိန်တန်ပွင့်မှာပါလေ ဆိုပြီး ကျနော်အပါအဝင် တမူးမှာ ရှိတဲ့ပြည်သူတွေ အဲဒီအတိုင်း ခံစားရတယ်။

ပြီးတော့ မြဝတီဘက်ကနေ လွှင့်တဲ့အခါကျတော့မှ အာဏာသိမ်းသွားပြီ ဆိုတဲ့ အချိန်မှာ လူငယ်တွေက မပါကြသေးဘူးပေါ့။ လူကြီးတွေအားလုံးက ၈ လေးလုံးတုန်းက ကာလလိုမျိုး ပြန်ပြီးတော့ ကြောက်ကြတာပေါ့။ ကျနော်တို့က ၈ လေးလုံးတုန်းက ကိစ္စရပ်ကို မမီပါဘူး။ လူကြီးတွေ ပြောတဲ့စကားအရ ကြုံတွေ့မှုတွေကို ကိုယ်တွေရဲ့ စိတ်ထဲမှာ ပုံစံရိုက်သွင်းခံရမှုလို ကြောက်စရာကြီး ဆိုတဲ့ အကြောင်း တခုသာ ရှိနေတယ်ပေါ့။ ပြီးတော့ လူငယ်တွေအားလုံးက လမ်းမပေါ်ထွက်လာတယ်။ အခုနောက်ဆုံးကတော့ ရရာလက်နက်ကိုဆွဲပြီး အကြမ်းဖက် စစ်ကောင်စီကို တော်လှန်နေကြခြင်း ဖြစ်ပါတယ်။

တမူးခံတပ် တိုက်ခိုက်ခံရမှု မှတ်တမ်းများ

မေး ။  ။ စစ်တပ်နဲ့ ပြည်သူတွေဆိုရင် လက်နက်အင်အားက အများကြီးကို ကွာတယ်။ ဒါပေမယ့် လူငယ်တွေအနေနဲ့ တိုက်ပွဲဝင်နေတယ် ဆိုတာက ဘယ်လိုခံယူချက်တွေကြောင့် ဖြစ်မလဲ။

ဖြေ ။  ။ အရင်တုန်းက လူထုအုံကြွမှု ဆန္ဒပြမှုတွေမှာ ဆိုရင်လည်း ကြွေးကြော်သံတွေ ရှိတယ်ပေါ့လေ။ ၈၈ က အချိုးမျိုး ၂၁ မှာ လာမချိုးနဲ့ ဆိုတဲ့ ပုံစံမျိုးပေါ့။ အခုခေတ်မှာဆိုရင် အားလုံးက တင်စားပြီးတော့ ခေါ်ကြတာ Generation Z ပေါ့လေ။ အခုတော်လှန်ရေးမှာ ကြည့်မယ်ဆိုရင်လည်း လူကြီးပိုင်းတွေထက်စာရင် လူငယ်တွေရဲ့ အင်အားတက်ကြွမှုက ပိုများတယ်ပေါ့။ အဲဒါအပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့်မလို့ သေဆုံးရတဲ့ အရေအတွက်ထဲမှာဆိုရင် လူငယ်တွေရဲ့ အရေအတွက်၊ တချို့ဆိုရင် အသက်မပြည့်သေးတဲ့ လူငယ်တွေပါနေတာကို သိမှာပါ။

ဆိုတဲ့အခါကျတော့ အခုနိုင်ငံရေးမှာ လူငယ်တွေက ဦးဆောင်ပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ အချိန်မှာ သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလ ပညာရေး စနစ်တွေလည်း ပါကောင်းပါနိုင်တယ်။ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ။ ပညာရေးဆိုရင်လည်း တခြားနိုင်ငံတွေထက် နိမ့်ကျနေသေးတယ်။ လူငယ်တွေကဆိုရင် လူကြီးတွေ ကြုံခဲ့ရတဲ့ ခေတ်ကာလကို မသွားချင်ကြတဲ့ အတွက်ကြောင့်မလို့ သူတို့ကိုယ်တိုင်က နိုင်ငံသစ်၊ နောက် အခုပြောနေကြတဲ့ ဖက်ဒရယ်ပေါ့လေ။ တချို့လူငယ်တွေ ကတော့ ဖက်ဒရယ်ကို နားလည်ကောင်း နားလည်လိမ့်မယ်။ သို့သော်လည်း သူတို့ ယုံကြည်ရာ လွတ်လပ်ရာကတော့ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားချင်တယ်ဆိုတဲ့ စိတ် တခုတည်းနဲ့ တိုက်ပွဲဝင်နေကြတာ။

Did you find apk for android? You can find new Free Android Games and apps.
Loading