လူမျိုးတုန်းသတ်နေတယ် လို့ ခံစားရတယ်

ဧရာဝတီ
ဧပြီလ ၉ ရက်နေ့က ဖြစ်ခဲ့သည့် လူပေါင်း ၁၀၀နီးပါး သေဆုံးသည့် ပဲခူးပစ်ခတ်မှုတွင် သုံးသည့် အီနာဂါ ဗုံးသီး
Want create site? Find Free WordPress Themes and plugins.

ဧပြီ ၉ ရက် နံနက် ၅ နာရီမှစ၍ ပဲခူးမြို့ထဲရှိ ခံတပ်များဖြစ်ကြသော ဆံတော်တွင်း၊ မဂ္ဂတစ်၊ပုဏ္ဏားစု ခံတပ်များကို စစ်ကောင် စီတပ်များက လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် အကြမ်းဖက် ဝင်ရောက်ပစ်ခတ် ဖြိုခွင်းခဲ့မှုကြောင့် ခံတပ်အတွင်းရှိ Defense Team မှ လူငယ်များ အပါအဝင် ပြည်သူ ၇၀ ဦးကျော် သေဆုံးခဲ့ရသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ပဲခူးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သည့် ဦးရဲထွဋ်ကို ဧရာဝတီက ဧပြီလ ၁၀ ရက်တွင် ဆက်သွယ် မေးမြန်းထားပါသည်။

ဦးရဲထွဋ်သည် အာဏာသိမ်း စစ်ကောင်စီ၏ ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဝရမ်းထုတ်ခံထားရသူတဦးလည်း ဖြစ်သည်။

မေး။ ။ ဧပြီ ၉ ရက် မနက်အစောပိုင်း ပဲခူးမြို့မှာ အဓိက ခံတပ်တွေရှိတဲ့ လမ်းမကြီးနဲ့ ရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်မှုတွေကြောင့် ပြည်သူ အများအပြား သေဆုံးခဲ့ရတယ်လို့ သိရပါ တယ်။ လက်ရှိအချိန်ထိ သေဆုံးသူ ဘယ်နှဦး ရှိသွားပြီလို့ သိထားပါသလဲ။

ဖြေ။ ။ မနေ့ညပိုင်းကထိ (ဧပြီ ၉ ရက်) ကျနော်ရထားတဲ့ဟာက အားလုံး ၆၁ ဆိုပေမယ့် ဒီမနက်မှာ ထပ်ထွက်လာတာက မနေ့က ဖမ်းသွားတဲ့သူတွေထဲက အသတ်ခံရတဲ့သူ ရှိတယ်။ အဲဒီအလောင်းတွေကို ရင်ခွင်ရုံမှာ လာထုတ်ဖို့ရာ အတွက် မိသားစုတွေကို အကြောင်းကြားတာမျိုး ရှိတယ်။ ဒါပေမယ့် သူတို့ အိမ်သယ်ခွင့်မပေးဘူး။ သင်္ချိုင်းကို တိုက်ရိုက်သယ်ပြီး သဂြိုဟ် ခိုင်းတယ်။

ဒီမနက်မှာ (ဧပြီ ၁၀ ရက်) သေဆုံးစာရင်းက ထပ်တိုးတယ်။ တချို့သူတို့လည်း မသယ်သွားဘူး။ အိမ်တွေကလည်း လူမရှိ လို့ ထားခဲ့တဲ့ နေရာတွေက အလောင်းတွေ သွားသယ်တယ်လို့ ကြားတယ်။ အခု ကားတွေဝင်လာပြီး အလောင်းရှင်းဖို့ လုပ် နေတယ်လို့ ကြားတယ်။

မေး။ ။ ဟုတ်ကဲ့။ ပြည်သူတွေကရော အဲဒီအလောင်းတွေကို သွားကောက်လို့ မရဘူးလား။ အခြေအနေက ဘယ်လို ဖြစ် နေတာပါလဲ။

ဖြေ။ ။ သူတို့ ရှိတဲ့နေရာကိုတော့ ကျနော်တို့ ဝင်သွားလို့ မရဘူး။ အဲဒီမှာ စစ်ကားတွေရော၊ ရေကားတွေရော ရပ်ထား တယ်။ တနေ့ကဆိုလည်း ပစ်ခတ်မှုက တနေကုန် မငြိမ်သွားဘူး။ ဆက်တိုက်ပစ်နေတာမျိုး မဟုတ်ဘူး။ လမ်းဘက်ကို ခေါင်း ပြူထွက်လာတာ မြင်ရင် ပစ်ပါတယ်။ အိမ်နံရံတွေ၊ အိမ်တံခါးတွေမှာ သေနတ်ကျည်ဆန်ရာတွေ ချည်းပါပဲ။

ကျနော်အခု ဒါ ကွန်ဖန်း မဖြစ်သေးလို့။ အားလုံး (သေဆုံးသူ) ၈၀ လောက် ဖြစ်သွားပြီလို့ ကြားတယ်။ ကျနော့်ကို ဖုန်းလှမ်း ဆက်ပါတယ်။ ပြန်ပြီး ဆက်သွယ်ပြီး ဘယ်အလောင်း ဘာဆိုတာ စုံစမ်းဖို့ ရှိပါတယ်။

မေး။ ။ ဆိုတော့ ခုအချိန်အထိလည်း အလောင်းတွေကို ပြန်မရသေးဘူး၊ သဂြိုဟ်ခွင့် မရသေးဘူးဆိုတဲ့ အခြေအနေမျိုး လား။

ဖြေ။ ။ အလောင်းတွေ ပြန်မရသေးဘူး။ မနေ့ကတုန်းက ၁ လောင်းက အိမ်နဲ့ နီးတယ်။ ထမ်းပြေးပြီး သဂြိုဟ်လိုက်နိုင်တဲ့ အတွက် မနေ့က ၁ လောင်းကတော့ အားချင်း သဂြိုဟ်လိုက်တာ ရှိတယ်။ အဲဒီ ၁ လောင်း ပြန်ရတယ်။ နောက်ပြီး ဒီမနက် မှာ ရင်ခွဲရုံက အလောင်းတွေကို မိသားစုကို လာသယ်ခိုင်းတာရှိတယ်လို့တော့ ကြားရတယ်။

မေး။ ။ အခု သေဆုံးသွားသူတွေကရော ဘယ်သူဘယ်ဝါ ဆိုတာ အတည်ပြုနိုင်ပါပြီလား။

ဖြေ။ ။ ဒီရပ်ကွက် ၃ ခုက ပဲခူးမှာဆိုရင် သဲအိတ်ခံတပ် တည်ဆောက်ပြီးတော့ ဝင်းအတွင်းမှာ ဆန္ဒပြနိုင်အောင် စီစဉ်ထား တာရှိတဲ့အတွက် အဲဒီနေရာကို တခြားရပ်ကွက်တွေက လာပူးပေါင်းတာမျိုးလည်းရှိပါတယ်။ အဲဒီ သူတွေထဲကလည်း ပါနိုင် ပါတယ်။

အဲဒီ မဂ္ဂတစ်လမ်းမမှာဆိုရင် သဲအိတ်အရံအတား လုပ်ထားတာ ၁၃ ခု ရှိတယ်။ အဲဒီ အရံအတားတွေကို ဖြိုတဲ့ အချိန်တိုင်း မှာ လက်နက်ကြီး သုံးတယ်။ သူတို့ စဝင်လာပြီဆိုကတည်းက စက်သေနတ်တွေနဲ့ ပစ်တယ်။ သဲအိတ်ခံတပ်တွေမှာ ကပ်ပြီး တော့ ရတာလေးနဲ့ ရှိတာလေးနဲ့ ခုခံမယ်ဆိုတဲ့ ပြင်ထားတာတွေ ရှိတယ်။

ပထမခံတပ် ဆိုလို့ ရှိရင် ကျနော် သိသလောက် အားလုံး ၃၂ ယောက်၊ အမာခံလို့ သတ်မှတ်ထားတဲ့ ၃၂ ယောက် ကျန်နေခဲ့ ပါတယ်။ စက်သေ နတ်နဲ့ ဆက်တိုက် ပစ်ပြီးတဲ့နောက်မှာ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲဒီထိပ်က ခံတပ်ဆိုရင် လက်နက် ကြီး၂ လုံး ပစ်လိုက်လို့ ပွင့်ထွက်သွားတဲ့အချိန်မှာ ဆက်တိုက် နောက်ကနေ မနားတမ်း ပစ်တော့တာပဲ။ အထဲကို ဝင်လာတဲ့ လမ်းကြောင်းတလျှောက် အဲဒီလို ပစ်ပြီးတော့ ဝင်လာတာ။ နောက်က ခံတပ်တွေကိုလည်း ဒီလိုပဲ။

မေး။ ။ မနေ့ မနက်ပိုင်းမှာ အကြီးအကျယ် ပစ်ခတ်မှုတွေ ပြီးသွားတဲ့အခါ စစ်ကောင်စီတပ်တွေက အလောင်းတွေကို ရှင်း သွားတာမျိုး၊ သယ်ယူသွားတာမျိုးရော ရှိပါသလား။

ဖြေ။ ။ အလောင်းတွေက မရှင်းသွားဘူး။ ဒါပေမယ့် သူတို့ အဲဒီမှော်ကန် ပထမဦးဆုံး ခံတပ်ဆိုရင် မှော်ကန်ကျောင်းလို့ ခေါ် တဲ့ မှော်ကန်၂ လမ်းထိပ်မှာရှိတဲ့ စာသင်ကျောင်း ရှိပါတယ်။ အဲဒီ ကျောင်းရှေ့မှာ စုပုံထားတယ်။

နောက်လမ်းလယ် တကျောက အလောင်းတွေကျတော့ ဇေယျာမုနိဘုရား ဆိုတာ မှော်ကန် ၁၂ လမ်းနဲ့ ၁၃ လမ်း အဲဒီ ဧရိ ယာတခုလုံးက ဇေယျာမုနိဘုရားဝင်းပါ။ အဲဒီရှေ့မှာ ပုံထားပါတယ်။ နောက် ဆံတော်တွင်းဘက်ခြမ်းမှာလည်း အဲဒီလိုပဲ ဆံ တော်တွင်း ကျောင်းရှေ့မှာ စုပုံထားတာ။ ၄ လမ်းထိပ်မှာ ကျထားတဲ့အလောင်းတွေကို ထပ်ထားတာ အဲဒီလို ရှိတယ်။

မေး။ ။ မနေ့က ပဲခူးမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်ပြောချင်တာက အခု ဖြစ်သွားတဲ့ ဖြစ်စဉ်တွေဟာ လှိုင်သာယာဖြစ်စဉ်၊ ဒီပဲခူးဖြစ်စဉ်ပေါ့။ ဒီဖြစ်စဉ်တွေ အကုန် လုံးက သပိတ်စစ်ကြောင်း နှိမ်နင်းတာ မဟုတ်တော့ဘူး။ မြန်မာမြန်မာချင်းကို လူမျိုးတုန်း သတ်နေတယ်လို့ ကျနော် ခံစားရ တယ်။ ဘာလို့လဲဆို မဲမဲမြင်ရင် ပစ်တယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ မသိဘူး။ အဲဒီအချိန်မှာ ရဟန်းသံဃာ ထွက်လာရင် လည်း သူတို့ ပစ်မှာပဲ။ ထွက်လာတဲ့သူမှန်သမျှကို ပစ်မှာ။

ဇေယျာမုနိနားမှာဆိုရင် တချို့ မသေသေးဘူးလို့ ကျနော် ကြားတယ်။ ဘုန်းကြီးတွေက ဆေးကုပေးမယ်။ လူနာညည်းညူ နေသေးတဲ့ အသံ ကြားတယ်ပေါ့။ အသွားမခံဘူး။ သေနတ်နဲ့ ရွယ်ထားတယ်။ အိမ်ထဲကလူဆိုတာလည်း ထွက်လို့မရဘူး။ နောက်ပိတ်ဆုံး ခေါင်းပြူရင်တောင် ပစ်တယ်။ အိမ်ပေါက်က ချောင်းကြည့်ရင် အိမ်ထဲကို ပစ်တယ်။ ဆိုရှယ်လစ် ၉ လမ်းထဲ မှာ ဆိုရင် အိမ်ထဲအထိ ဝင်ပစ်သွားတာတောင် ရှိတယ်။

နောက်ပြီး ခုအချိန်ထိ သဂြိုဟ်ခွင့် မရသေးဘူး။ သူတို့ သယ်သွားတဲ့ အလောင်းတွေဆိုရင် ၈၈ တုန်းက ဖျောက်သလိုပဲ ဖျောက်လိမ့်မယ်လို့ ကျနော် ယူဆတယ်။

You may also like these stories:

စစ်တပ်က ပစ်ခတ်ခဲ့သည့် ပဲခူးဖြစ်စဉ်တွင် သေဆုံးသူ ၇၀ ကျော်ရှိလာ

လားရှိုးက နောင်မွန်ရဲကင်း တိုက်ခိုက်ခံရ၊ ရဲ ၁၄ ဦး သေဆုံး

ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading