သားကိစ္စကို ရင်ဆိုင်ဖြေရှင်းမည်ဆိုသည့် ကိုဝေမိုးနိုင်၏ မိခင်နှင့် မေးမြန်းခြင်း
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသော မုံရွာသပိတ်ခေါင်းဆောင် တဦးဖြစ်သူ ကိုဝေမိုးနိုင်မှာ မိသားစုဝင်များ ယနေ့အချိန်အထိ တွေ့ခွင့်မရသေးဘဲ စစ်ကြောရေး၌သာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဧပြီ ၁၅ ရက်နေ့တွင် မုံရွာလူထု၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စစ် ကြောင်းတွင်လိုက်ပါလာသည့် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်ဖွဲ့မှ အိမ်စီးကားဖြင့် ဝင်တိုက်ကာ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကိုဝေမိုးနိုင်ကို လူသတ်မှုပုဒ်မ ၃၀၂/၁၁၄ နှင့် ပုဒ်မ ၅၀၅-က အပါအဝင် ပုဒ်မ ၃ ခုဖြင့် လတ်တလောအမှုဖွင့်ထားပြီး နောက်ထပ် မည်သည့်ပုဒ်မများဖြင့် အမှုထပ်ဖွင့်အုံးမည်ကို မသိရသေးကြောင်း မုံရွာခရိုင်ရှေ့နေများကွန်ရက်ထံမှ သိရသည်။
အဆိုပါ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ ကိုဝေမိုးနိုင်၏ မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူ ကို ဧရာဝတီကဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အန်တီ့အနေနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဝေမိုးနိုင် ဘယ်မှာရှိနေတယ်လို့ သိထားပါသလဲ။
ဖြေ ။ ။ ဝေမိုးနိုင်ကို ဖမ်းဆီးတဲ့နေ့မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှာ ထိန်းသိမ်းထားတယ်၊ အဲဒီကို ခေါ်သွားတယ်လို့ သိရပါတယ်။ နောက်တနေ့ မနက်ခင်းမှာ ရှေ့နေတွေနဲ့ အမှုတွေ(အမှုအရေအတွက်)ကို ပြောထားတယ်ဆိုတဲ့အကြောင်းကို သပိတ်ကော်မတီထဲက သူ့ရဲ့ အပေါင်းအသင်းများက ကျမကို လှမ်းပြီးအကြောင်းကြားပါတယ်။
မေး ။ ။ ကိုဝေမိုးနိုင်နဲ့ရော တွေ့ခွင့်ရလား။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လုံးဝ တွေ့ခွင့်မရသေးပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးအကြောင်း အတိအကျကိုလည်း မသိရပါဘူး။ ရှေ့နေနဲ့ရော တခြား ဘယ်သူနဲ့မှရော တွေ့ခွင့်မရသေးပါဘူး။ မုံရွာမှာ သူ့ရဲ့ဦးလေးတွေ ရှိပါတယ်။ သူတို့နဲ့ လည်း လုံးဝ တွေ့ခွင့်မရပါဘူး။ တွေ့ခွင့်ရဖို့ ဆိုတာထက် တွေ့ဖို့ကြိုးစားတဲ့အဆင့်ကို မရတာပါ။
မေး။ ။ ကိုဝေမိုးနိုင်မှာ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ရောဂါမျိုးရှိပါသလား။ ဖမ်းတဲ့နေ့ကတည်းက ခုထိ တွေ့ခွင့်မရသေးဘူးဆိုတော့ အန်တီ့အနေနဲ့ သားဖြစ်သူအတွက် ဘယ်လောက်ထိစိုးရိမ်ပူပန်နေပါသလဲ။
ဖြေ ။ ။ ကိုဝေမိုးနိုင်က အဝလွန်တဲ့အတွက် အဲဒီ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေ သူ့မှာရှိပါတယ်။ အသက် ၂၀ ကျော်အရွယ်ကတည်းက သွေးတိုးရှိတယ်။ မကြာမကြာ သူ့ကို ဆေးထိုး ဆေးစားလုပ်ပေးရတာမျိုး ရှိတယ်။ ကျန်တာကတော့ ဝတဲ့အခါမှာဖြစ်တဲ့ ဝေဒနာမျိုး ရှိပါတယ်။ သိပ်ပြီးတော့ကျန်းမာဖျတ်လတ်တဲ့သူ တယောက်တော့ မဟုတ်ပါဘူး။ အဲဒီအတွက် ကျမအနေနဲ့ သူ ဘယ်လိုနေရတယ်၊ စားရတယ်၊ အိပ်တဲ့အခါမှာ ဘယ်လိုနေရာမျိုးမှာ အိပ်ရသလဲ။ အိပ်ခွင့်ရောရရဲ့လား။ အဲဒါတွေကို စိတ်ပူတယ်။
နောက်ပြီး လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ တက်တယ်လို့ ပြောတယ်။ အဲဒီဓာတ်ပုံတွေနဲ့ ပတ်သက်လို့နီးစပ်ရာတွေမှာ အကုန်လိုက်မေးပါတယ်။ အန်တီ့ဆွေမျိုးတွေကတော့ အဲဒီပုံတွေကို မပြပါဘူး။ ဒီမှာလည်း အင်တာနက်က အဆင် မပြေတော့လေ။ ပုံအနေအထားကိုတော့ သူတို့က တအားကြီး ဆိုးဆိုးရွားရွား မဟုတ်ဘူးလို့တော့ ပြောပါတယ်။ လက်ကို နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားမျိုးမှာ ရိုက်ထားတယ်လို့ ပြောတဲ့အတွက် ဖမ်းဆီးခံရတဲ့ ၁၅ ရက်နေ့က သော်လည်းကောင်း၊ ၁၆ ရက်နေ့ကသော်လည်းကောင်း ဖြစ်နိုင်တယ်ပေါ့နော်။
အခု ဒီနေ့ဆိုရင် ၂၀ ရက်နေ့ ရှိသွားပြီ။ ရက်ကကြာလာပြီဆိုတဲ့ အခါကျတော့ စစ်ကြောရေးမှာလည်း ရှိနေတယ်လို့ သိရတဲ့အတွက် သူ့ရဲ့အနေအထား ဘယ်လိုရှိနေသလဲ။ သူ့ရဲ့ကျန်းမာရေးအခြေအနေအတွက် မိခင် တယောက်အနေ နဲ့ အရမ်းကို စိတ်ပူပါတယ်။

မေး ။ ။ ဟုတ်ကဲ့။ ကိုဝေမိုးနိုင်ကို လက်ရှိမှာ အမှု ၃ မှုနဲ့ စွဲထားတယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ရှေ့နေတွေဆီက သိရတာ ကြီးမားတဲ့အမှုကို အရင်ရုံးထုတ် စစ်ဆေးမယ်ပေါ့။ပုံမှန်အရဆို ရင်တော့ ရုံးထုတ်စစ်ဆေး၊ စွဲချက်တင်ပြီးတဲ့အခါ ထောင်ကြီးပို့ပေါ့။ အဲဒီလိုမျိုးအနေအထားလို့ အန်တီနားလည်တယ်။ အဲဒီအနေအထားဆိုရင် တွေ့ခွင့်ရချင်တယ်။ ကိုယ့်သားသမီးအနေအထား သိချင်တာပေါ့နော်။ လက်ရှိ အာဏာယူ အုပ်ချုပ်နေတဲ့ အစိုးရကို တော်လှန်တာဖြစ်လို့အဲဒီတော်လှန်မှုအတွက် အများနည်းတူတော့ အပြစ်ပေးရင် အပြစ်ခံရမှာပေါ့။
ဒါပေမယ့် သူ မကျူးလွန်ထားတဲ့ အမှုတွေအတွက်ကတော့ ဘယ်လိုမှ မခံရစေချင်ပါဘူး။ ဒါ အများလည်း သိရှိနား လည်ပြီးသား ကိစ္စဖြစ်ပါတယ်။ အန်တီ အထွေအထူးလည်း ပြောနေစရာ မလိုတော့ပါဘူး။ အဲဒီအမှုနဲ့ ပတ်သက်လို့ တော့ အန်တီ အစွမ်းကုန် ကြိုးစားချင်ပါတယ်။ ကြိုးစားမှာပါ။ ရနိုင်တဲ့အကူအညီလေးတွေ၊ နည်းလမ်းလေးတွေ၊ သက်သက်တွေ ရှာပြီးတော့ မတရားစွပ်စွဲခံရတဲ့အမှုကဖြုတ်ချင်ပါတယ်။
လတ်တလော ခံစားချက်ကတော့ အန်တီ့သားလေး ကျန်းမာရေးအတွက် အသက်အန္တရာယ်တို့ ဘာတို့အစစအရာရာပေါ့။ အသက်အန္တရာယ် ထိအောင် မဟုတ်သော်လည်းပဲ ဘာတွေများ ထိခိုက်နစ်နာနေသလဲ။ ထိခိုက်နစ်နာနေတာ တွေ၊ သွေးထွက်ဒဏ်ရာတွေ ရှိတယ်ဆိုရင် ရုံးထုတ်ပြီးတဲ့အချိန်မှာဆေးကုသမှု ခံယူရတဲ့အနေအထားမျိုး အန်တီဖြစ်ချင်တယ်။ ဖြစ်နိုင်ရင် တွေ့ခွင့်ရချင်တယ်။ အဲဒီအတွက် တောင်းဆိုပါတယ်။ ခံစားချက်ကတော့ စဉ်းစားကြည့်ပါ။ သားလေးက တဦးတည်းသောသားပါ။
မေး ။ ။ အန်တီပြောတဲ့ကြီးမားတဲ့အမှုဆိုတာက လူသတ်မှုပုဒ်မနဲ့ စွဲထားတာကို ပြောတာပါလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီအမှုကို သူတို့ အရင်ဆုံးကိုင်တွယ်မယ်လို့ သိရပါတယ်။
မေး ။ ။ ကိုဝေမိုးနိုင်အနေနဲ့ ဘယ်လိုဖြစ်ပြီး လူသတ်မှုနဲ့ပါ အမှုဖွင့်ခံရတာလဲ။ အန်တီရော ဘယ်လိုသိထားပါသလဲ။
ဖြေ ။ ။ အဲဒီဟာက သူတို့ကြေညာလိုက်တာပဲ ရှိတယ်။ အန်တီ့သား မလုပ်ဘူးဆိုတာကို သူကိုယ်တိုင်လည်း မလုပ်လို့သာ ကြေညာပြီးသားအချိန်မှာ အန်တီ့သားက အမှန်တကယ် လူသတ်တရားခံသာ ဖြစ်တယ်ဆိုရင် လွတ်နိုင်တဲ့နေရာကို သူပြေးမှာပေါ့။ သူ ပြေးစရာမလိုလို့ မပြေးတာပေါ့။ အန်တီကလည်း အန်တီ့သားအတွက်ကို အစစအရာရာ အလုံးစုံ အဲဒီကိစ္စအတွက်ကတော့ လုံးဝဥဿုံ အာမခံတယ်၊ယုံကြည်တယ်။
အန်တီ့သားမလုပ်ဘူးဆိုတာကို ယုံကြည်သလို သူသွားခဲ့တဲ့ သူအခုရှိနေခဲ့တဲ့ ဒေသကလူတွေကလည်း အားလုံးနီးပါးက သူ့ကို အာမခံပေးနိုင်တယ်လို့ ထင်ပါတယ်။ သူမလုပ်ဘူး သူတို့ မကျူးလွန်ဘူးဆိုတာကို မုံရွာတနယ်လုံးက သက်သေခံပေးနိုင်တယ်လို့ အန်တီ ယူဆပါတယ်။
နောက်ပြီး လူသတ်မှုတမှုကို တည်ဆောက်တော့မယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေ၊ တရားခံလို့စွပ်စွဲခံရသူ အပေါ်မှာ လိုအပ်တဲ့အချက်အလက်တွေ၊ ခိုင်လုံတဲ့ သက်သေတွေ ရှိမှသာလျှင် ဒီအမှုအတွက် စီရင်ချက်ချခွင့် ရှိပါ တယ်။ ဒါ အန်တီနားလည်သလောက်ပေါ့။
ခိုင်လုံတဲ့ သက်သေတွေမရှိဘဲနဲ့ အပြစ်ချလို့မရဘူးလို့ နားလည်ပါတယ်။ အဲဒီတော့ အန်တီ့သားဟာ ဒီအပြစ်ကို မကျူးလွန်ကြောင်းကို ခိုင်လုံတဲ့သက်သေတွေ အန်တီရှာပြီးတော့ ကြိုးစားမှာပါ။ အစွမ်းကုန်ဖြေရှင်းမှာပါ။ ဒါ မတရားစွပ်စွဲခံရမှုပါ။
မေး ။ ။ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ကိုဝေမိုးနိုင်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မိခင်တယောက်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ဒီကိစ္စက အန်တီ့သားအတွက် ထိခိုက်နိုင်ကောင်း ထိခိုက်နိုင်မယ်။ ဒါပေမယ့် အန်တီ့ရင်ထဲကစကား ဆန္ဒအမှန်အတိုင်းကတော့ ဒါက မတရားမှုကို အားလုံးတော်လှန်ကြတာပါ။ လူငယ်တွေကဦးဆောင်ကြတာပါ။ အန်တီ့သားတယောက်တည်းက မဟုတ်ပါဘူး။ အားလုံး စိတ်တူကိုယ်တူနဲ့ သူတို့လူငယ်တွေရဲ့ဆန္ဒအလျောက် တော်လှန်ကြတာ။
အဲဒီထဲမှာမှ အန်တီ့သားသည် နိုင်ငံရေးအသိအမြင်ကြွယ်ဝတယ်။ စိတ်ဝင်စားမှု ရှိတယ်။ စာဖတ်တဲ့သူ ဖြစ်တဲ့အတွက် သူများထက်ပိုပြီးတော့ နိုင်ငံရေးသဘောတရားတွေကို နားလည်တဲ့အတွက် သူပြောတာတွေကို လေးစားလိုက်နာကြတယ်လို့ အန်တီမြင်ပါတယ်။
နောက်ပြီး အန်တီက သူ့ကို စာဖတ်ပြီးကြီးပြင်းစေခဲ့တာပါ။ စာဖတ်တဲ့အတွက် သူက စာဖတ်တဲ့အခြေခံကစပြီး သူ့ရဲ့ အသိအမြင်ကတော့ ပေါ့ပေါ့နေတတ်တဲ့ အကျင့်တော့ မရှိပါဘူး။ အဲဒီ အခါကျတော့ တက္ကသိုလ်ရောက်တဲ့အခါမှာလည်း သမဂ္ဂလုပ်ငန်းတွေမှာ လုပ်ရင်းကနေ နိုင်ငံရေးလိုင်းဘက်ကိုပိုပြီးတော့ အာရုံရောက်သွားတာ။
ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အလုပ်ကို လုပ်တာဖြစ်တဲ့အတွက် မိခင်တယောက်အနေနဲ့ ကိုယ့်ကို အန္တရာယ်ဖြစ်စေမယ့် ကိစ္စကလွဲလို့ သူလုပ်နေတဲ့အလုပ်လေးတွေက လူငယ်တယောက်အတွက် လုပ်သင့်လုပ်ထိုက် တဲ့ အလုပ်ဖြစ်တဲ့အတွက် အန်တီခွင့်ပြုခဲ့တာပါ။

မေး ။ ။ ဟုတ်ကဲ့။ အန်တီ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ ။ ။ လက်ရှိအုပ်ချုပ်နေတဲ့သူတွေရဲ့ မကြိုက်တဲ့ကိစ္စကို လုပ်တဲ့အတွက် အဲဒီဟာအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုတော့ ခံရချင်ခံရပါစေ။ သူတို့ အပြစ်လို့ ယူဆထားရင် ခံရပါစေပေါ့။ သို့သော် တရားဥပဒေကြောင်းအရ၊ နိုင်ငံရေးအရ ပြစ်ဒဏ်ပေးတာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။
နောက်ပြီး မကျူးလွန်တဲ့အပြစ်အတွက်တော့ လုံးဝ မခံရစေချင်ပါဘူး။ အန်တီ့သားကိုရော တခြားသော ကလေးများအားလုံးကိုရော မခံရစေချင်ပါဘူး။ တရားတဲ့ကိစ္စကို လုပ်တာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင်တော့ လုံးဝကို ဘယ်အကြောင်းအရာနဲ့မှ ပြစ်ဒဏ် မခံရစေချင်ပါဘူး။
မဟုတ်မမှန် မတရားစွပ်စွဲခံရတာမျိုးတွေ အခုလို စစ်ကြောရေးမှာ မလိုအပ်ဘဲနဲ့ အကြာကြီး ကလေးတွေကို စစ်ဆေးမေးမြန်းနေတာမျိုးတွေကို အန်တီသားတင်မကဘူး။ ဘယ်သူ့ကို မခံစေချင်ပါဘူး။ရင်ထဲမှာလည်း ဘယ်လိုမှ မခံစားနိုင်ပါဘူး။
အန်တီ့သားအတွက် တောင်းဆိုချင်တယ်။ အမြန်ဆုံးစွဲချက်တင်ပြီးတော့ ချုပ်ရက်ယူပြီးတော့ ဆေးကုသမှု ခံရစေချင်တယ်။ မတရားစွပ်စွဲခံရမှုကို အန်တီတို့ အတတ်နိုင်ဆုံးကြိုးစားပြီး ဖြေရှင်းမယ်။ တွေ့ခွင့်ရမယ်ဆို တွေ့ချင်ပါတယ်။ အတတ်နိုင်ဆုံး အန်တီ ရင်ဆိုင်ဖြေရှင်းမှာပါ။
You may also like these stories:
ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ ဖမ်းဆီးခေါ်ဆောင်