ASEAN ဆွေးနွေးပွဲ မြန်မာတွေ မျှော်လင့်ချက် သိပ်မထား

ဧရာဝတီ
(နာရီလက်တံအရွေ့ ဝဲမှယာ) ဦးအောင်မျိုးမင်း၊ ဒေါ်မေစပယ်ဖြူ၊ ဒေါက်တာတင်မောင်သန်း၊ ဦးရဲထွန်း၊ ဦးသန်းစိုးနိုင်၊ ဒေါက်တာတေဇာစန်း

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီး ၃ လနီးပါးကြာ မြန်မာပြည် အခြေအနေ ဆိုးရွားစွာ ကျဆင်းနေမှုကို အဖြေရှာရန် ရည်ရွယ်ပြီး ASEAN အသင်း၏ မြန်မာပြည်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတရပ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ယနေ့ ဧပြီလ ၂၄ ရက်တွင် ကျင်းပသည်။

မြန်မာ့အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့၏ ဆွေးနွေးပွဲ တက်ရောက်ရန် တောင်းဆိုချက်ကို ASEAN က လျစ်လျူရှုခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

ကြာသပတေးနေ့က အွန်လိုင်းကတဆင့် ကျင်းပသော အရှေ့တောင်အာရှ လူထုထိပ်သီးဆွေးနွေးပွဲ Southeast Asia People’s Summit တွင် NUG ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ASEAN အဖွဲ့အနေဖြင့် အာဏာသိမ်း စစ်ကောင်စီအား အသိအမှတ်မပြုဘဲ မြန်မာလူထု၏ အသံကို နားထောင်ကြရန် တိုက်တွန်းခဲ့သည်။

ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ASEAN အဖွဲ့အနေဖြင့် NUG အား အသိအမှတ်ပြုပြီး အလုပ်တွဲလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း ASEAN အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော မြန်မာပြည်သူလူထု၏ အသံကို နားထောင်ရန် ကြိမ်ဖန်များစွာ တောင်းဆိုနေခဲ့ကြသည်။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ Equality Myanmar)

အာဆီယံက သူတို့့နည်းလမ်းအတိုင်း တွေ့ဆုံညှိနှိုင်းရေးဆိုတဲ့ လမ်းကြောင်းကို သွားမယ်ဆိုတာ ဒါကတော့ သေချာတယ်။ ဒါပေမယ့် ကျနော်တို့ စိုးရိမ်တာတခုက အာဆီယံက သံတမန်နည်းအရ ဒါမျိုး လုပ်ဆောင်ပါတယ်ဆိုပီးတော့ တခြားသော နိုင်ငံတကာရဲ့ ထပ်မံ အရေးယူဆောင်ရွက်မှုကို အချိန်ဆွဲတဲ့ ပုံစံတော့ မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ဆောင်နေပါတယ်၊ သူတို့ဖြေရှင်းနေပါတယ်၊ တရုတ်အပါအဝင် တခြားသော နိုင်ငံတွေက ညွှန်ကြားထားတဲ့အတိုင်း လုပ်နေပါတယ် ဆိုပြီးတော့ မပီးနိုင်သော ညှိနှိုင်းမှုတွေ ဖြစ်တဲ့အခါ ကျနော်တို့ ပြည်သူလူထုက အဲ့လောက်အထိ မစောင့်နိုင်ဘူး။ အဲဒီတော့ အချိန်ဆွဲပြီး လုပ်ဆောင်တာ၊ ဒါကို အကြောင်းပြပြီး နောက်ထပ် နိုင်ငံတွေရဲ့ အရေးယူဆောင်ရွက်မှု ကို ဟန့်တားဖို့ လုပ်ဆောင်တဲ့ပုံစံ မဖြစ်ဖို့တော့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။

အာဆီယံကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတော်တော်များများက မြန်မာအရေးကို ဝင်ပြီး ညှိနှိုင်းဖို့ တာဝန်ပေးထားတဲ့အတွက် လုပ်တဲ့သဘောဖြစ်တယ်။ ညှိနှိုင်းမှုလုပ်မယ်ဆိုရင် ခုချိန်မှာ တဖက်တည်းနဲ့တွေ့မယ်ဆိုရင် မရဘူး။ အခု အစိုးရအသစ်ပေါ်လာပီ။ ၂ ဘက်စလုံးကို ဖိတ်ကြားပြီးတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်ဖို့ အရေးကြီးတယ်။

ဒေါ်မေစပယ်ဖြူ ( ဒါရိုက်တာ Gender Equality Network)

အာဆီယံကိုတော့ သမိုင်းကြောင်းအရ တကယ်တော့ သိပ်မျှော်လင့်လို့မရ၊ အားကိုးလို့ မရဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်ရဲ့အိမ်နီးနားချင်းတွေ ဖြစ်ပြီးတော့ ဒေသတွင်း ပြဿနာလည်း ဖြစ်တဲ့အခါမှာ ဒီတခါတော့ သန်း ၅၀ ကျော်သော မြန်မာပြည်သူတွေရဲ့ ကြုံနေရတဲ့ ဒုက္ခတွေ၊ ဖြစ်စေချင်တဲ့ လိုလားတောင့်တတဲ့ ဆန္ဒတွေကိုတော့ အာဆီယံခေါင်းဆောင်တွေက နားထောင်ပေးမလားဆိုတဲ့ မျှော်လင့်ချက်တော့ ကျမတို့ မြန်မာပြည်သူတွေအနေနဲ့ ထားမိတာပေါ့။

တကယ်တော့ သိတော့ သိပြီးသားပါ။ သိပ်မျှော်လင့်လို့ မရဘူးဆိုတာပေါ့လေ။ ဒါပေမယ့် အခုက အရင်နဲ့မတူဘူး။ အားလုံးက သူတို့ အာဆီယံခေါင်းဆောင်တွေ တဖွဖွ ပြောတယ်လေနော်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာပါ့မယ်ဆိုတော့ သူတို့ အပြောနဲ့အလုပ်နဲ့များ ညီမလားဆိုပြီးတော့ ကျမတို့လည်း အာဆီယံကို မျှော်လင့်မိတယ်။ ဒါပေမယ့် အခုချိန်ထိကတော့ မြန်မာပြည်သူတွေ မျှော်လင့်တဲ့ ဒီ ပြည်သူ့အစိုးရကို ထောက်ခံတာမျိုး အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲနဲ့ ဒီ စစ်ကောင်စီနဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စစ်ခေါင်းဆောင်တွေကိုပဲ အာဆီယံက အသိအမှတ်ပြု ဖိတ်ကြားတယ်ဆိုတာ သိရတာကတော့ သိပ်တော့ အဆင်မပြေဘူး။ အဲဒါကို တော်တော်လေး စိတ်ပျက်မိတယ်။

ဒေါက်တာ တင်မောင်သန်း (ဝါရင့် နိုင်ငံရေး လေ့လာသုံးသပ်သူ)

အာဆီယံရဲ့သဘောကတော့ များသောအားဖြင့် သံတမန် ဆက်ဆံရေးပေါ့။ သံတမန် ဆက်ဆံရေးမှာ များသောအားဖြင့် နိုင်ငံကြီးတွေက အာဆီယံ အပါအဝင် သူတို့ အဆက်ဆံမပျက်ချင်ဘူး။ စကားဆက်ပြောချင်တယ်။ သံတမန်တွေကိစ္စဆိုတာ စကားပြောတာပဲ။ ဒါကြောင့်မို့ သူတို့က ဆက်သွယ်မယ်၊ ဆက်ဆံမယ်၊ စကားပြောမယ် ဒီအပေါ်မှာပဲ ရှိမယ်။ အဲဒီတော့ စကားပြောတဲ့အခါမှာလည်း ကုလ လုံခြုံရေး ကောင်စီက တောင်းဆိုထားတဲ့အချက်တွေ ရှိပီးသားပဲ၊ ဒါတွေပဲ ပြောလိမ့်မယ် ထင်တယ်။ ဖြစ်နိုင်ရင်တော့ သူတို့က ကြားဝင်ပြီး ညှိနှိုင်းပေးချင်မှာပေါ့နော်။ ဒါပေမယ့် မြန်မာဘက်က လက်ခံမှ ဒါတွေက လုပ်လို့ရတယ်။ အိမ်ရှင်နိုင်ငံဘက်က လက်ခံမှပေါ့။ လက်မခံဘူးဆိုရင် လုပ်လို့မရဘူး။

အာဆီယံလုပ်နိုင်တာက အပြုသဘော ပြောဆိုဆွေးနွေးခြင်း constructive dialogue ပဲ။ အဲဒီမှာ အတားအဆီး boundary တွေရှိတယ်။ အန္တရာယ် risk ရှိတယ်။ risk က ဘာလဲဆိုရင် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထိထားတဲ့ ရာဇဝတ်သားတွေ alledged genocide criminals၊ ဒါက အာဆီယံ နိုင်ငံတွေထဲမှာ အဲ့လို စွပ်စွဲခံရတဲ့ ခေါင်းဆောင်နဲ့ ဆက်ဆံနေရတာ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖေဖော်ဝါရီ ၄ ရက် စတိတ်မန့်ထဲမှာ သူ့ရဲ့ framework လို့ပဲ ပြောပြော။ တွေ့ဆုံဆွေးနွေးခြင်း dialogue နဲ့ ရင်ကြားစေ့ရေး reconciliation ဆိုတာ မြန်မာပြည်သူလူထုရဲ့ အကျိုးနဲ့ စိတ်ဆန္ဒတို့နဲ့ ကိုက်ညီစွာ in accordance with the will and interest of people of Myanmar လုပ်ပါလို့ ပါတယ်။ ဒါကို သူတို့ ကြည့်ကိုကြည့့်ရမယ်။ အဲဒါကို ချိုးဖောက်ရင် အာဆီယံရဲ့ Constructive engagement ဆိုတဲ့ဟာက လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားထုအပေါ် ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထိထားတဲ့ ရာဇဝတ်သားတွေရဲ့ ရှူးဖိနပ်ကို ပြောင်အောင်တိုက်ပေးတဲ့ ဆက်ဆံမှု shoe-shining to the alledged genocide and crime against humanity criminal ဖြစ်သွားနိုင်တယ်။

ဒေါက်တာတေဇာစန်း (စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင်)

အာဆီယံအနေနဲ့ ကျနော်တို့ ပြည်သူ ၅၅ သန်းရဲ့ အသံနဲ့ သဘောထား ဆန္ဒကို အလေးထားဖို့ လိုပါတယ်။ ကျနော်တို့ လူထုရဲ့ ကိုယ်စားပြုတဲ့ လူထုထောက်ခံတဲ့ အစိုးရသည် NUG အမျိုးသား အစိုးရဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အကြမ်းဖက် ခေါင်းဆောင်သာ ဖြစ်တယ်။ ရာဇဝတ် သမားသာ ဖြစ်တယ်။ ဒါ့ကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဆွေးနွေးမယ်ဆိုရင်လည်း NUG မပါဘဲလုံး၀ မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူးဆိုတာကို ပြောချင်တယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေးဆွေးနွေးမှုမှာ NUG ကို မဖြစ်မနေ ဖိတ်ကို ဖိတ်ရမယ်။ အခု သိရတာက မဖိတ်ဘူးလို့ သိရလို့ စိတ်မကောင်းဘူး။ လုံး၀ ကန့်ကွက်တယ်။

ကျနော်တို့ ပြည်သူတွေကတော့ နိုင်ငံတကာရဲ့အခန်းကဏ္ဍ အာဆီယံတို့ ကုလသမဂ္ဂတို့ရဲ့ အခန်းကို အလေးထားတယ်။ တပြိုင်နက်တည်းမှာပဲ ပြည်သူ့အား ပြည်တွင်းအားကပဲ အဆုံးအဖြတ် အခရာဖြစ်တယ် ဆိုတာကလည်း ကျနော်တို့ နားလည်တယ်။ လက်ခံတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ဆက်ပြီးတော့ အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေ လူထု သပိတ်လှုပ်ရှားမှုတွေ ဆက်ပြီးတော့ ဆောင်ရွက်နေမယ်။ ဒီကနေ အာဆီယံ ပြည်သူလည်း မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးကြဖို့ မြန်မာပြည်သူတွေရဲ့ အသံတွေ ဆန္ဒတွေကို အလေးထားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ဦးသန်းစိုးနိုင် (ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ)

ခြုံပြီးတော့ ပြောရရင် အာဆီယံနိုင်ငံတွေမှာက ဗမာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အင်အားချည့်နဲ့တယ်။ မလုံလောက်ဘူးလို့ မြင်ပါတယ်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာကို အာဆီယံက ဘာများလုပ်နိုင်မလဲလို့ ယူဆပြီးတော့ အခု အာဆီယံကို ဝိုင်းပြီးတော့ တိုက်တွန်း အားပေးနေကြတာလို့ မြင်တယ်။ ဒါကြောင့် အာဆီယံအစည်းအဝေးက သိပ်ပြီး ထူးခြားတဲ့ ဆုံးဖြတ်ချက်တွေ၊ ဒီထူးခြားတဲ့ ဆုံးဖြတ်ချက်တွေဆိုတာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်ကန့်ကွက်တာ၊ နောက်ပြီးတော့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးတာ၊ နောက် စေ့စပ်ရေး စားပွဲထိုင်ဖို့ ဆိုတဲ့အထိ အာဆီယံနိုင်ငံတွေနဲ့ အခုလုပ်တဲ့ အစည်းအဝေးက ဒီဆုံးဖြတ်ချက်တွေ ထွက်လာမယ်လို့ ကျနော် သိပ်ပြီး မထင်ဘူး။

နောက်တခုက အခု အာဆီယံ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ NUG ပေါ့ဗျာ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က အဖွဲ့ဝင်တွေကို မဖိတ်ပါဘူး။ အဲဒီတော့ ဒါဟာလည်း တနည်းအားဖြင့် ပြောရရင် အာဆီယံနိုင်ငံဟာ နိုင်ငံများအနေနဲ့ လက်ရှိ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့သဘောဖြစ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်မပြုဘူးဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။ ဆိုတော့ ဒီအစည်းအဝေး ဖိတ်ကြားမှုကိုက သိပ်ပြီးတော့ မညီမျှဘူးလို့ ယူဆပါတယ်။ ဒါကြောင့် အာဆီယံ နိုင်ငံတွေအနေနဲ့ သိပ်ပြီးတော့ မြန်မာပြဿနာကို ဖြေရှင်းနိုင်အောင် ဆုံးဖြတ်ချက် တစုံတရာ ချနိုင်လိမ့်မယ်လို့ ကျနော် မယူဆပါဘူး။ သို့သော်ငြားလည်း ဘာပဲဖြစ်ဖြစ် အနိမ့်ဆုံးအားဖြင့် ဒီ မြန်မာပြည်ပြဿနာဟာ ဒေသတွင်း ပြဿနာအဖြစ် ဂယက်ရိုက်လာနိုင်တဲ့ အခြေအနေအောက်မှာ ဒီ အခု ပြည်သူလူထုအပေါ်မှာ အကြမ်းဖက် ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ သိပ်တိုးပွား များပြားလာတဲ့ ကိစ္စ အပေါ်မှာတော့ သူတို့တစုံတရာ လုပ်ဖို့တော့ တိုက်တွန်း တောင်းဆိုနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒီထက်ပိုပြီးတော့ မြန်မာပြည်ပြဿနာ ဖြေရှင်းရေးအတွက် ဒီအာဆီယံ အစည်းအဝေးက တစုံတရာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်မယ်လို့ ကျနော် မယူဆဘူး။ မယုံကြည်ဘူး။

ရပ်တည်ချက် တစုံတရာပြောင်းလဲလာတဲ့ သဘောထားတော့ တချို့သော နိုင်ငံတွေမှာ ရှိပါတယ်။ ဥပမာ မလေးရှား၊ အင်ဒိုနီးရှားတို့ကတော့ အာဆီယံမှာ ရှိနေတဲ့ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက မစွက်ဖက်ရေးဆိုတဲ့ မူဝါဒနဲ့ ပတ်သက်ပြီးတော့ ပြောင်းလဲတဲ့ အရိပ်အယောင်လေးတွေတွေ့ရပါတယ်။ မြန်မာပြည်ပြဿနာက အင်ဒိုပစိဖိတ်ဒေသမှာ မတည်ငြိမ်မှုတွေနဲ့ နိုင်ငံတကာ ပြဿနာတွေဆီ ဦးတည်သွားနိုင်တဲ့ အခြေအနေတွေပေါ် မူတည်ပြီး တစုံတရာ ပြောင်းလဲ စဉ်းစားမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း အာဆီယံတခုလုံးအနေနဲ့ အဲ့လို သဘောထားမျိုး ပြောင်းလဲလာမယ်လို့ မမျှော်လင့်နိုင်သေးပါဘူး။

ဦးရဲထွန်း (သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

အာဆီယံက သူ့ရဲ့ စပြီး ဖွဲ့တဲ့ ပဋိဉာဉ်ထဲမှာကိုက တနိုင်ငံရဲ့ ပြည်တွင်းရေးကို နောက်တနိုင်ငံက မစွက်ဖက်ရဆိုတာ ပါတယ်။ နောက်တခုက ကြေငြာချက်တခုခုထုတ်မယ်ဆိုအားလုံး သဘောတူမှ ဆိုတဲ့ဟာပါတော့ သူတို့ကတော့ အဲဒီ ပဋိဉာဉ်မှာပါတဲ့ စည်းကမ်းဘောင်ထက် ပိုလုပ်နိုင်မယ် မထင်ဘူး။

အခု အစည်းအဝေးကနေ မြန်မာပြည်သူတွေအနေနဲ့ သိပ်ကြီးကြီးမားမား မျှော်လင့်လို့ မရနိုင်ဘူး။ သူတို့ နိုင်ငံတွေ စုဖွဲ့ထားတဲ့ အသင်းတွေက NGO, INGO တွေလို အသင်းအဖွဲ့တွေ မဟုတ်ဘူး၊ နိုင်ငံတနိုင်ငံရဲ့ အမြင့်ဆုံး အစိုးရတွေကို ကိုယ်စားပြုရတာဆိုတော့ သူတို့မှာ လိုက်နာရတဲ့ စောင့်ထိန်းရတဲ့ ပဋိဉာဉ် စည်းကမ်းတွေ ရှိတယ်။ အဲဒီဟာတွေအရ သူတို့မှာ လုပ်ရတာ အများကြီး အကန့်အသတ်ရှိတာပေါ့။

အခုလို အိမ်နီးနင်းနိုင်ငံတွေကျ သူတို့ရဲ့ ပဋိဉာဉ်ကလည်း အကန့်အသတ်တွေ ရှိတယ်။ နောက်တခုက အရေးယူမယ်ဆိုရင် သူတို့အကျိုးစီးပွားလည်း ထိခိုက်မယ့်ဟာတွေရှိတော့ အရေးယူဖို့ ဆန်ရှင်တွေချဖို့ ဆိုတာမှာလည်း သူတို့က တော်တော်စဉ်းစားရတာပေါ့။

You may also like these stories:

အာဏာသိမ်း စစ်ခေါင်းဆောင်များ၏ အဓိကပစ်မှတ်

ဦးဝင်းထိန်နှင့် သူ၏ရှေ့နေတို့ တွေ့ခွင့်မရ၍ ရုံးချိန်းရက် ထပ်မံ ရွှေ့ဆိုင်း

NLD ပါတီ နေပြည်တော် ဥက္ကဌ ဦးမင်းသူကို ယနေ့ ရုံးချိန်းတွင် ရှေ့နေ ပါဝါတင်

Loading