မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ

ဧရာဝတီ
မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ

စစ်တပ်က အာဏာသိမ်းပြီးနောက် အလွန်ဆိုးဝါးသော အခြေအနေများကို ရင်ဆိုင်နေရသည့် မြန်မာပြည်ကို တစုံတရာ ကုစားနိုင်ရန်ဆိုသော ရည်ရွယ်ချက်နှင့် အာဆီယံနိုင်ငံက ခေါင်းဆောင်များ စုပေါင်းပြီး အဖြေရှာရန် ကြိုးပမ်းသည့် မြန်မာ့ အရေး အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်တဦးချင်းစီက မြန်မာပြည်နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထား အသီး သီးကို တင်ပြဆွေးနွေးခဲ့ကြသလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း မြန်မာပြည် အရေး နာရီဝက်ခန့် ရှင်းပြခွင့်ပေးခဲ့သည်ဟု ကြားသိရသည်။

ယင်းအစည်းအဝေးပြီးနောက် အာဆီယံ၏ ထုတ်ပြန်ချက်အပေါ် မြန်မာပြည်သူများ၏ အားမလို အားမရအသံများကိုလည်း ကြားနေရသည်။ အာဆီယံက မြန်မာပြည်အရေး အခြေအနေပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ ရှိ နေပါပြီလား။

အာဆီယံ၏ အစပိုင်း သဘောတူညီချက် ၅ ခုတွင် အကြမ်းဖက် သတ်ဖြတ်မှုများ အဆုံးသတ်ရေး၊ အင်အားစုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး၊ အာဆီယံဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေးနှင့် ဖမ်းဆီးထားသူများ အားလုံး လွှတ်ပေးရေးတို့ ပါဝင်ခဲ့သည့်အတွက် တချို့က ကြိုဆိုခဲ့သော်လည်း အမှန် တကယ် ထုတ်ပြန်သည့်အခါ ဖမ်းဆီးထားသူများကို လွှတ်ပေးရန်ဆိုသည့် အချက်ကို ချန်လှပ်ထားခဲ့သည်။

ထို့ကြောင့် မြန်မာအရေးတွင် အာဆီယံ၏ ပါဝင်လာမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရေးအပေါ် စိတ်ဝင်တစား စောင့်ကြည့် နေကြသည့် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂိုလ်များကို ဧရာဝတီက ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။

ဦးအောင်မျိုးမင်း
အမှုဆောင်ဒါရိုက်တာ (Equality Myanmar)

အာဆီယံအနေနဲ့ကတော့ ဒီလိုမျိုး ထုတ်ပြန်ချက်လောက်ပဲ ထွက်လာမယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အနေနဲ့ ဘာတွေကို ဘယ်လိုတောင်းမလဲဆိုတဲ့ အကြောင်းအရာပဲ ပြောကြမယ်။ ဒါပေမယ့် စစ်အုပ်စု ဘက်ကနေ ဒါကို ဘယ်လောက်အထိ မလိုက်နာမလဲ ကတိကဝတ် အဖြေမထွက်တာမျိုး တွေ့ရတယ်။ အာဆီယံရဲ့ စံချိန်အရဆိုရင်တော့ တိုးတက်တယ်လို့ ပြောနိုင်တာ ရှိပါတယ်။ ဒါကတော့ နိုင်ငံရဲ့ အကြောင်းအရာတခုကို အာဆီယံ ဝင်မစွက်ဖက်ရ၊ နိုင်ငံ တခုရဲ့ အချုပ်အခြာ အာဏာ မထိခိုက်ရဆိုတဲ့ အဲဒီဘောင်ကို ကျော်ပြီးတော့ ထုတ်လာခဲ့တယ်။ ဒါပေမယ့် တကယ့်ကို အကောင်အထည် ဖော်နိုင်ပြီးတော့ မျှော်မှန်းနိုင်မယ့် အဆင့်တော့ မရောက်သေးဘူး။

အထူးသဖြင့် သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေ၊ ဖမ်းဆီးမှုတွေနဲ့ ပတ်သက် ပြီးတော့ ဝေဖန်ထောက်ပြတာ ရှုတ်ချတာမျိုး မပါဘူး။ အဲဒါက သူတို့ရဲ့ ရပ်တည်ချက်က အရမ်းပျော့တယ်လို့ ပြောလို့ရ တယ်။ နောက်တခုက ဖမ်းဆီးခံရတဲ့လူတွေ လွှတ်ပေးဖို့အတွက် တချို့နိုင်ငံ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့က တောင်းပေမယ့် ဘုံသဘောထား တူညီချက်ထုတ်တဲ့ အချိန်မှာတော့ သူတို့ ဘာကြောင့် ကျန်ခဲ့လဲ၊ ဘာကြောင့် မတောင်း ဆိုတာလဲ ဆိုတဲ့ အချက်ကို သတိထားမိပါတယ်။

အာဆီယံကတော့ အာဆီယံဆိုင်ရာ သံတမန်ကို ဝင်ခွင့်ပေးဖို့၊ တွေ့ဆုံပြီးတော့ ဆွေးနွေးဖို့အတွက် လမ်းကြောင်း ရှာ မယ်ဆိုတာ သူတို့ သွားနေတဲ့ လမ်းကြောင်းပါ။ အရင်တုန်းက အာဆီယံမှာ အဲဒီလို လမ်းကြောင်းအတိုင်း လုပ်ခဲ့တာ ဘာမှအောင်မြင်မှု မရှိပါဘူး။ အချိန်တွေသာ ကုန်သွားတယ်။ တကယ်ဆောင်ရွက်နိုင်တဲ့ကိစ္စလည်း မရှိခဲ့ဘူး။ ဒါက နဂိုကတည်းက အားနည်းချက်ပါ။ ကုလသမဂ္ဂမှာ အထူးစုံစမ်းစစ်ဆေးရေး၊ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး လည်း ရှိတယ်။ ကုလသမဂ္ဂရဲ့အထူး သံတမန်လည်း ရှိတယ်။ သူတို့တောင်မှ ဝင်ပြီး မဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးမှာ အာဆီယံ က နောက်ထပ် သံတမန် ၁ ဦး ခန့်အပ်ပြီးတော့ လုပ်ဆောင်မယ်ဆိုတာတော့ စိတ်ကူးယဉ်ရာတော့ ဖြစ်တယ်။

ဘာကြောင့်လဲဆိုရင် အာဆီယံကိုယ်တိုင်က ရပ်တည်ချက်၊ ခိုင်မာချက်က အားနည်းနေတယ်။ အခု လုပ်တာတောင်မှ အာဆီယံထိပ်သီးခေါင်းဆောင်တွေ မတက်တဲ့ ၂ နိုင်ငံ ရှိပါတယ်။ သူတို့ကိုယ်တိုင်က အာဆီယံအတွင်းမှာ ဝိဝါဒတွေ ကွဲပြားနေတယ်။ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်တွေ မတူညီကြဘူး အဲဒီလို ကာလမှာ ဒီလိုမျိုး လုပ်ဆောင်မယ် ဆို တာကတော့ သိပ်ပြီး မဖြစ်နိုင်ဘူးလို့ ယူဆတယ်။

အာဆီယံ တခုတည်းနဲ့ ဒီပုံစံအတိုင်းတော့ သွားလို့မရဘူး။ တခြားသော နည်းလမ်းပေါင်းစုံ စဉ်းစားဖို့ လိုအပ်တယ်။ အာ ဆီယံအတွင်းမှာ ရှိတဲ့ အိမ်တွင်းဆေးမြီးတိုနဲ့တော့ ကုလို့မရဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းနိုင်ဖို့ရယ်၊ နိုင်ငံတကာနဲ့ ပူးပေါင်း တဲ့ အခါမှာလည်း အသံတွေ တူညီဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေး တိုင်း အာဆီယံတွေရဲ့ ရပ်တည်ချက်က သိပ်ပြီးတော့ မခိုင်မာဘူး။ နိုင်ငံတကာက ဝိုင်းဝန်လုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ အာဆီယံက တတက်တအား ပါဝင်ပြီးတော့ လုပ်ဆောင်ပေးဖို့ ဒီထက် ပိုမိုအားကောင်းတဲ့ လမ်းကြောင်းကို ဖော်ဆောင် နိုင်ဖို့ အဲဒါမှ ပိုပြီးတော့ ထိရောက်ပါလိမ့်မယ်။

ဦးဘိုကြည်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

အာဆီယံရဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုက ဘယ်သူ့ အတွက်လည်း ဆိုတာကတော့ ကျနော်တို့က မေးခွန်းထုတ်စရာ ရှိတယ်။ ထုတ်ပြန်ကြေညာချက်ကို ကြည့်တဲ့အခါမှာ ပြည်သူတွေအတွက် အရေးပါတဲ့ တောင်းဆိုချက်တွေကို သိပ်မတွေ့ရဘူး။ နောက်တခုက ထုတ်ပြန်ချက်တွေပဲ တွေ့ရ တယ်။ အချိန်ကာလ ကန့်သတ်ချက် မပါဘူးပေါ့နော်။ ဆိုတော့ ဒါက အချိန်ဆွဲသလို ဖြစ်ပြီးတော့ စစ်အုပ်စုအတွက် ပိုပြီး တော့ အချိန်ရသွားစေတဲ့ ပုံစံမျိုး သက်ရောက်နေတယ်။ ဒါက မြန်မာပြည်သူတွေအတွက်တော့ ကောင်းတဲ့အလားအလာ မဟုတ်ဘူးလို့ ကျနော်တို့ ပြောရမှာပါ။

အာဆီယံထဲမှာလည်း နိုင်ငံတွေက အကွဲကွဲအပြားပြား ဖြစ်နေတာမျိုးတွေ့ရတယ်။ ဥပမာ- အင်ဒိုတို့ မလေးရှားတို့ဆိုရင် မြန်မာပြည်သူတွေဘက်က ပြတ်ပြတ်သားသား ရပ်ချင်တဲ့ ပုံစံမျိုးတွေ့ရပြီးတော့ နိုင်ငံတချို့ကတော့ အဲဒီလို ပြတ်ပြတ်သား သားရပ်တာမျိုး မတွေ့ရဘူး။ မတွေ့ရတဲ့အတွက် အာဆီယံရဲ့တောင်းဆိုချက်တွေက အင်မတန်မှ ပျော့ပြောင်းပြီးတော့ မြန်မာပြည်သူတွေအတွက် သိပ်ပြီးတော့ အကျိုးရှိတဲ့ တောင်းဆိုချက်မျိုး ဖြစ်လာတာကို မတွေ့ရပါဘူး။

ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့အချက် နောက်ဆုံး မပါလာတာက အဲဒါကြောင့်မို့လို့ ကျနော်တို့ ပြောတာက တောင်းဆိုချက်တွေက စစ်အုပ်စုအတွက် ပိုပြီးတော့ အားသာစေပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိတဲ့ တောင်းဆိုချက်မျိုး မဖြစ်လာဘူးပေါ့။ တကယ်ပြည်သူတွေအတွက် အကျိုးရှိတဲ့ တောင်းဆိုချက်မျိုးဆိုရင် ဖမ်းဆီးထိန်း သိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်စေရမယ် ဆိုတာက ပါကိုပါရမှာ ဖြစ်ပါတယ်။ ဒီလို တောင်းဆိုရာမှာလည်း အချိန်အတိုင်းအတာနဲ့ တောင်း ဆိုရမယ်။ တကယ်လို့ တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် အာဆီယံအနေနဲ့ နောက်ထပ်ဘာတွေ တုံ့ပြန်မလဲ ဆိုတာ ပါမယ်ဆိုရင်တော့ တကယ်ကို မြန်မာပြည်သူတွေအတွက် အကျိုးရှိတဲ့ တောင်းဆိုချက်မျိုးဖြစ်မှာပါ။ အခုကတော့ စစ်အစိုးရအတွက် အချိန်ဆွဲလို့ရမယ့် တောင်းဆိုချက်မျိုး ဖြစ်နေတယ်။ ဒီလိုတောင်းဆိုချက်မျိုးကတော့ မြန်မာပြည်သူတွေအတွက် အရေးမပါလှဘူး။

အခုအချိန်ကတော့ မြန်မာပြည်သူတွေအတွက် တကယ့်ကိုကောင်းမွန်တဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှု အ တွက်တော့ အကျိုးရှိလှတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မလာဘူး။ ဒါကတော့ အတော် စိတ်ပျက်စရာ ကောင်းပါတယ်။ တကယ်တမ်းကျတော့ အာဆီယံ အသိုက်အဝန်းဆိုပြီး ပြောကြတဲ့အခါမှာ ခေါင်းဆောင်အချင်းချင်း ညီညွတ်ရေး အတွက် မဟုတ်ဘူး။ အာဆီယံထဲမှာရှိနေတဲ့ နိုင်ငံတနိုင်ငံထဲက ပြည်သူတွေ တကယ်ဖိနှိပ်ခံနေရပြီဆိုရင် တခြားနိုင်ငံက ပြည်သူ တွေကရော၊ ခေါင်းဆောင်တွေကရော ဒီပြည်သူတွေကို အဖိနှိပ်မခံရအောင် ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒါက အာဆီယံ ပဋိဉာဉ်စာတမ်းမှာလည်း ဒီလိုမျိုး ပြဋ္ဌာန်းထားတာရှိပါတယ်။

ဒါပေမယ့် ဒီခေါင်းဆောင်တွေက သူတို့ခေါင်း ဆောင်အချင်းချင်း ဆက်ဆံရေးကို ပိုပြီးတော့ အဓိကထားတယ်။ အာဆီယံ ပြည်သူကနေ ပြည်သူအချင်းချင်း ဆက်ဆံရေးကို အဓိကထားတာမျိုး ကျနော်တို့မတွေ့ရဘူး။ ဒါက ကျနော်တို့ အာဆီယံထဲ မှာ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေပါ။

နောက်တခုက အာဆီယံထဲမှာရှိနေတဲ့ ခေါင်းဆောင်တော်တော်များများကလည်း တကယ့်အာဏာရှင်လို ပုံစံပေါက်နေတဲ့ ခေါင်းဆောင်တွေကလည်း ရှိနေတယ်။ အားလုံးသဘောတူ ညီချက်ရမှ အလုပ်လုပ်ရမယ်ဆိုရင် တကယ့်ပြည်သူတွေကို ကာကွယ်ပေးနိုင်မယ့်စနစ်မျိုးက အာဆီယံထဲမှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါက အာဆီယံခေါင်းဆောင် တွေရော အာဆီယံထဲမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အကုန်လုံးက သေသေချာချာ ပြန်ပြီး စဉ်းစားဖို့လိုပါတယ်။ ဆိုတော့ အာဆီယံက ပြုပြင်ပြောင်းလဲဖို့ကို လိုအပ်နေတဲ့ အဖွဲ့အစည်းတခုပဲဖြစ်ပါတယ်။

ဦးကျော်စွာထွန်း (သံတမန်ဟောင်း)
မြန်မာ သံရုံး၊ ဝါရှင်တန်

သာမန်အားဖြင့်ပြောရင်တော့ ဝင်ကြည့်ပေးတယ်ပေါ့။ တတယ်တမ်းကျ သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ မဖြစ်သင့်ကြောင်း တလုံးတပါဒမှ ထည့်ပြောသွားတာ မရှိပါဘူး။ မတရား ဖမ်းဆီးခံရသူတွေအတွက်လဲ တောင်းဆိုပေးခြင်း မပါလာဘူး။ အကြမ်းဖက်မှု ရပ်တန့်ဖို့ တလုံးပဲ မပါမဖြစ် ပါလာတာတွေ့ရပါတယ်။ မြန်မာပြည်အတွင်း လာရောက်ပြီး စေ့စပ်ညှိနှိုင်းပေးမယ်ဆိုတော့ အာဆီယံသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ မြင်မိတယ်။ ချိုးဖောက်တယ်ဆိုတာက တနိုင်ငံရဲ့ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုတဲ့ အချက်ပါ။

နောက်ဆုံးအချက်ဖြစ်တဲ့ အထူးကိုယ်စားလှယ် (Envoy) လွှတ်မယ်ဆိုတဲ့အချက်လည်း ပါပါတယ်။ လူသားချင်း စာနာ ထောက်ထားမှု ကူညီမှုကလဲ ပြည်သူတွေဆီကို NGO တွေစီက တဆင့်ခံ သွားမယ်ဆို သင့်တော်ပေမယ့် စစ်ကောင်စီက အလုပ်ခံမှာ မဟုတ်ပါဘူး။ ASEAN က UN မဟုတ်တဲ့အတွက် ၎င်းတို့အဖွဲ့ရဲ့ ညှိနှိုင်းပေးခြင်း ဆုံးဖြတ်ပေးခြင်းတွေဟာ တရုတ်ရဲ့ အငွေ့အသက် ကင်းမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့မယ်ဆိုရင်လဲ နိုင်ငံရဲ့ပုံရိပ်ဟာ အောက်ဆုံး အဆင့်ကို ရောက်သွားပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ ချုပ်ပြီး ပြောရရင် ဆွေးနွေးပွဲက ရတဲ့ သဘောတူညီချက်တွေက မြန်မာပြည်သူတွေ လိုလားချက်မျိုး မဟုတ်ဘူး ဆိုတာ အတိအကျပါပဲ။

ဦးသန်းစိုးနိုင်
နိုင်ငံရေး လေ့လာသုံးသပ်သူ

အာဆီယံက ထုံးစံအတိုင်းပဲ မရေမရာနဲ့ ကြားချ သုံးသပ်ပြီး ဘုံသဘောထား ထုတ်ပြန်သွားတာပေါ့။ အာဆီယံအဖွဲ့အနေနဲ့ အရင်ကထက်စာရင် တိုးတက်လာတယ်လို့ ပြောလို့ ရမယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ရေး ဘယ်အကြမ်းဖက်မှုတွေလဲ၊ ဘယ်သူက ဘယ်သူ့ကို အကြမ်းဖက်တာလဲ စစ်တပ်က စပြီး အကြမ်းဖက်တာလား လူထုက အကြမ်းဖက်တာလား ရှင်းရှင်းလင်းလင်း ဘာမှ မပါဘူး။

နောက်တခုက အရေးကြီးတာက တွေ့ဆုံဆွေးနွေးရေး ကိစ္စကို အာဆီယံက ဦးဆောင်လုပ်‌မယ် ပြောပေမယ့် အခု ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေ ပြန်လွှတ်ဖို့ဆိုတဲ့ ကိစ္စမပါလာဘူး။ အဲဒါ မပါလာဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ မြန်မာပြည်ပြဿနာ ဘယ်လို ဖြေရှင်းမှာလဲ။

ပြီး‌တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုရေး မပြုရေးဆိုတာလည်း မပါဘူးဗျာ။ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ လွှတ်ပေးရေး မပါဘူးဗျာ။ အဲဒါအပေါ်မှာ တွေ့ဆုံ‌ဆွေးနွေးရေး ဆိုတာတွေ အာဆီယံကနေ ကြားဝင်ပြီး စေ့စပ်ညှိနှိုင်းမယ်ဆိုတော့ ဘယ်ကြားထဲကို ဝင်ပြီး စေ့စပ်မှာလဲ။ ဒါကြောင့်မို့လို့ အာဆီယံရဲ့ ဘုံသဘောထား ဆိုတာက ထူးမခြားနား ဇာတ်လမ်း တပုဒ်ပါပဲ။ အချိန်ဆွဲထားတယ်၊ အချိန်ဆွဲနေတယ်၊ အချိန်ဆွဲဦးမယ်လို့ ယူဆပါတယ်။

ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)

အာဆီယံရဲ့ ဆောင်ရွက်ချက်ရော၊ အာဆီယံရဲ့ နောက်ဆုံး အတည်ပြုကြေညာချက်ရောက သံတမန်နည်းအရတော့ ဟုတ် သယောင်ယောင် ရှိပေမယ့် တကယ်တမ်း လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအတွက်တော့ ဘယ်လိုမှ အလုပ်မဖြစ် နိုင်တဲ့ ဆုံးဖြတ်ချက်တွေပေါ့။

ဘာကြောင့်လဲဆို လက်ရှိဖြစ်နေတဲ့ အနေအထားတွေ အရကျတော့ အာဏာကို လွှဲပြောင်းရယူထားတဲ့ အဖွဲ့အစည်း ကလည်း အာဆီယံမှာ ဆောင်ရွက်ချက်တွေအရ ဘာကတိကဝတ်မှ မပေးနိုင်သလို ပြုပြင်ပြောင်းလဲမှု တစုံတရာ လုပ်ဖို့ လည်း မပေါ်ပေါက်ဘူး။ သူ့ရဲ့ယန္တရားကို ဆက်လက် ဆောင်ရွက်ဖို့နဲ့ တည်တံ့ခိုင်မြဲဖို့ ဆောင်ရွက်မယ့် အလားအလာတွေ ရှိတယ်။

အလားတူ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာတဲ့ CRPH ကနေ ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအနေနဲ့ ကျတော့ လည်းပဲ ပြည်သူလူထုရဲ့ လိုလားချက်နဲ့အညီ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဆက်လုပ်ကြမယ့် အနေ အထားရှိတယ်။ နိုင်ငံတနိုင်ငံထဲမှာပဲ အာဏာပိုင်တဲ့အစိုးရ နှစ်ရပ်က ရှိနေပြီး အစိုးရနှစ်ရပ်ရဲ့ နိုင်ငံရေးလမ်းကြောင်းက လည်း ထိပ်တိုက်ရင်ဆိုင်ရမယ့် အနေအထား ဖြစ်နေတယ်။

ဘာကို ဦးတည်သလဲဆိုရင် အာဆီယံဖြစ်စေ၊ UN က ဖြစ်စေ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ ကြားဝင်ဆောင်ရွက်မှု ထိထိရောက်ရောက် မရှိခဲ့ဘူးဆိုရင် ပြည်တွင်းစစ်ဆီကို ဦးတည်နေတယ်။ အင်မတန်ကြီးမားတဲ့ ပြည်တွင်းစစ်တရပ် မြန်မာပြည်မှာ မလွဲမသွေ ပေါ်ပေါက်လာမယ့် အင်မတန်အရေးကြီးတဲ့ အန္တရာယ်ကြီးတရပ် ရင်ဆိုင်နေရတဲ့ အနေအထား မျိုးမှာ ခြေခြေမြစ်မြစ်နဲ့ သေသေချာချာ သတင်းရင်းမြစ်တွေက တဆင့် မသုံးသပ်ဘဲနဲ့ အပေါ်ယံ သံတမန်နည်းအရ ဆုံးဖြတ်တာဟာ လက်တွေ့နဲ့ဝေးကွာလွန်းတယ်။ သူတို့ဆုံးဖြတ်ချက်တွေက မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေရော၊ နိုင်ငံသားတွေရဲ့ နိုင်ငံရေး ဆန္ဒနဲ့ရော ဘယ်လိုမှ ကိုက်ညီမှုမရှိဘူး။

မြန်မာ့နိုင်ငံရေး အနေအထားမှာ လိုအပ်တာက အာဆီယံဖြစ်ဖြစ်၊ UN ပဲဖြစ်ဖြစ် လက်ရှိ ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင် ငံရေး အင်အားစု နှစ်ရပ်ကို ချက်ချင်း အကျိုးသက်ရောက်စေမယ့် ကြားဝင်ဆောင်ရွက်မှုမျိုး လိုအပ်နေတာဖြစ်တယ်။ တနည်း အားဖြင့် ကြီးမားပြင်းထန်းတဲ့ ပြည်တွင်းစစ် ပေါ်လာနိုင်တဲ့ အန္တရာယ်ကို ချက်ချင်း ရပ်တန့်နိုင်ဖို့ အစီအမံတွေကို ဆောင် ရွက်ဖို့ လိုအပ်နေတာပေါ့။ ဒါတွေ ဆောင်ရွက်ဖို့ဆိုတာလည်းပဲ အရေးအကြီးဆုံးက ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင် တွေ အပါအဝင် အားလုံးကို ချက်ချင်း လွှတ်ပေးဖို့ လိုအပ်တယ်။ ဒီလို ချက်ချင်းလွှတ်ပေးမှပဲ နိုင်ငံတကာနဲ့ အာဆီယံက လမ်းကြောင်းချပေးနေတဲ့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကပေါ်ပေါက်လာမှာ ဖြစ်တယ်။ နိုင်ငံရေး ခေါင်းဆောင်တွေကို လွှတ်ပေးခြင်း မပြုဘဲ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းဆိုတာ ဘယ်လိုမှ မပေါ်ပေါက်နိုင်ဘူး။

ဒါကြောင့် ပြီးသွားတဲ့ အာဆီယံဆုံးဖြတ်ချက်ကတော့ သံတမန်နည်းအရ ဝတ်ကျေတမ်းကျေး ဆောင်ရွက်ရုံ သက် သက်ကလွဲလို့ တကယ်ဖြစ်ပေါ်နေတဲ့ မြန်မာ့ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ အကျိုးသက်ရောက်မှု မရှိသလို ဘာမှ အကောင်အထည်မပေါ်နိုင်တဲ့ ဘာမှဖြစ်မြောက်မလာနိုင်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်လို့ မြင်ပါတယ်။

ဦးအောင်သူငြိမ်း (ဒါရိုက်တာ)
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar)

အာဆီယံအသင်းကြီးဟာ ၁၉၆၇ ခုနှစ် စတင်တည်ထောင်လာကတည်းက ဒေသဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ် အတော် ခရီး ပေါက်ခဲ့ပါပြီ။ အာဆီယံ ၂၀၂၀ ဆိုပြီး မျှော်မြင်ချက်တွေလည်း ရှိပါတယ်။ အဲဒီ မျှော်မြင်ချက်တွေမှာ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ဘဝတွေ တိုးတက်မြင့်မားစေရေး နဲ့ လူမှုအသိုက်အဝန်း (community) တခုအဖြစ် တည်ဆောက်ရေး (နိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်း၊ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း) တို့ ပါဝင်ပါတယ်။

Caring society စောင့်ရှောက်ပေးမှုရှိတဲ့ လူမှု အသိုက်အဝန်းအဖြစ်လည်း ကြွေးကြော်သံတွေ ရှိပါတယ်။ အခု မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုက အဖွဲ့တခုလုံးရဲ့ မျှော်မြင်ချက်တွေ၊ သက်ဆိုင်အရေးပါမှုတွေပေါ် ခြိမ်းခြောက်မှု ဖြစ်လာစေပါတယ်။ စင်္ကာပူနိုင်ငံကဆိုရင် မြန်မာ့အရေးဟာ ဒေသဆိုင်ရာ အရေးအခင်းတခု ဖြစ်လာစေနိုင်တယ်လို့ ပြောဆိုဝေဖန်တာတွေ ရှိလာပါတယ်။ ဒါကြောင့် အခုလို ဒေသခေါင်းဆောင်များ အစည်းအဝေး ဖြစ်လာတာပါ။

အားရဖွယ် ကောင်းသလားဆိုရင် အာဆီယံက အာဆီယံ နည်းလမ်းပဲ သွားမှာပါ။ ကျနော်တို့ မျှော်မှန်းထားသလို ဖိအား ပေးတာ၊ ဝင်စွက်ဖက်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စစ်အစိုးရဟာ အထီးတည်း ရပ်တည်မရသလို၊ ဒီမိုကရေစီ လှုပ်ရှား မှုဟာလည်း အားလုံး ဆန့်ကျင်ပြီး သွားလို့ မရနိုင်ပါဘူး။ အချုပ်အခြာ အာဏာဟာ အကြွင်းမဲ့ မဟုတ်တော့ဘူး၊ အကန့် အ သတ် ရှိလာတယ်။ တွန်းသူကတွန်း ဆွဲသူကဆွဲ စသည်ဖြင့် နည်းပေါင်းစုံနဲ့ပဲ လိုရာကို ရောက်စေပါလိမ့်မယ်။

ဦးရည်မွန် (ပြောရေးဆိုခွင့်ရှိသူ)
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ

အာဆီယံ ကြေညာချက်နဲ့ ပတ်သက်ပြီး ဝမ်းနည်းဖို့ ကောင်းတာက စစ်ကောင်စီဟာ တရားဝင် ပြည်သူ့ အစိုးရဆီက အဓမ္မအာဏာလုယူခဲ့တယ်ဆိုတာ ဖော်ပြမထားဘူး။ ပြည်သူ့ အစိုးရ ခေါင်းဆောင်တွေ အပါအဝင် တရားမဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ မတွေ့ ရဘူး။

ပြည်သူ့ အသက် ၇၀၀ ကျော်ကို အကြမ်းဖက်နုတ်ယူခဲ့တဲ့ စစ်အုပ်စုကို ရူတ်ချဖို့လည်း ပျက်ကွက်တာ တွေ့ရတယ်။ ပြောမယ်ဆိုရင် မရဲဘဲ ကျွဲပွဲတက်စီးဆိုတဲ့ စကားပုံပဲ သုံးရမှာပေါ့။ NUG ကတော့ မြန်မာပြည်သူလူထုရဲ့ သဘောထား အတိုင်းပဲ ရပ်တည်သွားမှာပါ။

အာဆီယံရဲ့ ထုတ်ပြန်ချက်အပေါ်မှာတော့ မြန်မာပြည်သူတွေ ရင်ခုန်လိမ့်မယ် မဟုတ်ဘူး။ မြန်မာပြည်သူတွေဟာ ကိုယ်လျှောက်ရမယ့် လမ်းကို ဆုံးဖြတ်ရွေးချယ်ပြီး ဖြစ်တယ်လို့ နားလည်ပါတယ်။

ဒေါက်တာတင်မောင်သန်း
နိုင်ငံရေးလေ့လာသုံးသပ်သူ

ချတာကတော့ နှစ်ပေါင်း ၇၀ ကျော် လုပ်ခဲ့ပြီးပြီ။ အဲဒီလမ်းကလည်း မထိရောက်လှဘူး။ သူ့အတွက် အဖြေ မဟုတ်သလို ကိုယ့်အတွက်လည်း အဖြေ မဟုတ်ဘူး ထင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး ကနေပဲ ရွေ့ရလိမ့်မယ်။

ကြားဝင် ဆွေးနွေး ညှိုနှိုင်းတာ လက်ခံတာ ကို ပြောတာ ထင်တယ်။ မလေးရှား က မျှော်လင့်တာထက် ပို သဘောတူညီချက် ရတယ် လို့ ပြောတယ်။

ကြားဝင်ညှိုနှိုင်းရေး လုပ်ငန်း ပေါ်မူတည်သွားမှာပေါ့။ ဒါပေမဲ့ ချိုင်းထောက် က ခြေထောက် မဟုတ်ဘူး။ မြန်မာ့ ပဋိပက္ခ မှာ ဒါ က အသစ် ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေး ဆိုတာ မီးခိုးရောင် နယ်မြေထဲ ဝင်ရတာပါ။ အဖြူ အမည်း မဟုတ်တော့ဘူး။ မြန်မာ့ နိုင်ငံရေး ဓလေ့ က ideological, radical and militant တဲ့။ အယူအဆ သန်၊ အရှင်းအပြတ် လိုချင်၊ တိုက်သွေးကြီး တဲ့ သဘော။ ဆရာ မောင်မောင်ကြီး ရှုမြင်တာ။ ယဉ်ကျေးမှု ဖြစ်လို့ လူတိုင်းမှာ ဒီ စိတ်ရှိအနည်းနဲ့အများ အားကောင်းနေလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေး ဆိုတာ အဲဒီ ဓလေ့၊ စိတ်ဓာတ် က ခွါရတာပါပဲ။

You may also like these stories:

အကြမ်းဖက်မှုရပ်ရန် ASEAN တောင်းဆိုချက် NUG ကြိုဆို

ASEAN ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာရေး ဗိုလ်ချုပ်မှူးကြီး “မငြင်း”ဟု ဆို

Loading