ထိုင်း – မြန်မာနယ်စပ်ရှိ မြန်မာစစ်ကောင်စီ၏ တပ်စခန်းတခုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က ဧပြီလ ၂၇ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ယခုသိမ်းပိုက်မှုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ကလည်း သီးမူထာ စခန်းကို ယခုကဲ့သို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီဘက်က တပ်မဟာ ၅ နယ်မြေအတွင်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲနေပြီး နေရပ်စွန့်ခွာ ရှောင်တိမ်းသူများလည်းရှိကြောင်း ဒေသခံများထံမှသိရသည်။
သို့ဖြစ်ရာ တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် KNU တပ်မဟာ (၅) မှ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ဒီကနေ့မနက်ပိုင်းမှာပဲ ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီရဲ့ သောလယ်ထ စခန်းကို KNU တပ်မဟာ ၅ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကြားပါတယ်။ တိုက်ပွဲအခြေအနေ သိပါရစေ ခင်ဗျ။
ဖြေ ။ ။ သောလယ်ထဆိုတာ တဖက်ကမ်းကရင်ပြည်နယ်ဘက်အခြမ်းမှာပေါ့။ မနက် ၅ နာရီလောက်မှာ ကျနော်တို့ တပ်မဟာ ၅ အဖွဲ့ကနေပြီးတော့ သွားပြီးတော့ တိုက်ခိုက်သိမ်းပိုက်တာပေါ့။ ဒါပေမယ့် တိုက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူများက ကျနော့်ကို သတင်းအတိအကျ အသေးစိတ် ထိခိုက်ကျဆုံး၊ သေဆုံးစာရင်း၊ နောက်ပြီး လက်နက်ခဲယမ်းဘယ်လောက်ရတယ်ဆိုတာမျိုးတွေလည်း တိတိကျကျတင်ထားတာမရှိတော့ ကျနော်လည်း အဲဒီဟာနဲ့ပတ်သက်ပြီး တိတိကျကျ ပြောလို့မရသေးဘူး။ စခန်းကို တက်သိမ်းတာတော့ ဟုတ်တယ်။ အဲဒါအမှန်ပဲ။

မေး ။ ။ တိုက်ပွဲ အခြေအနေရှင်းပြပေးပါဦး။
ဖြေ ။ ။ အဲဒီမှာ ၅ နာရီလောက် စပြီးတိုက်တယ်။ နောက် ၆ နာရီကျော်ကျော်လောက် စခန်းကို သိမ်းပိုက်လို့ ရသွားတော့ တိုက်ပွဲအောင်မြင်တယ်လို့ ပြောလို့ရပါတယ်။
မေး ။ ။ ကျနော်တို့တိုက်ပွဲနဲ့ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်ဘက်က တချို့ ဒေသခံတွေ ပြောတာက တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က တပ်သားတချို့ သံလွင်မြစ်ဘက်ကို ဆင်းပြေးသွားတာတွေရှိတယ်ကြားတယ်။ စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိတယ်လို့ ကြားရတော့ ဒါနဲ့ပတ်သက်ပြီး ဆရာသိသလောက်ပြောပြပေးပါဦး။
ဖြေ ။ ။ အဲဒီဟာက ပြောရရင်တော့ တိတိကျကျ သိရှိရတဲ့ အချိန်ကျမှပဲ ပြောလို့ရမယ်။ အခုကျတော့ စခန်းတက်သိမ်းတဲ့ အဖွဲ့တွေက ဒီလိုအသေးစိတ် ထိခိုက်ဒဏ်ရာရမှုရယ်၊ လွတ်မြောက်သွားတာတို့ရယ်၊ နောက်တခါ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကိစ္စရယ်။ သူတို့က ဒီလို အသေးစိတ် စာရင်းဇယားတွေ မပေးပို့သေးတဲ့ အပေါ်မှာ ကျနော်လည်း ဒီဟာနဲ့ပတ်သက်ပြီး တိတိကျကျ ပြောလို့မရသေးဘူးလေ။
မေး ။ ။ ဘာကြောင့် ဒီစခန်းကို တိုက်ခိုက်တယ်ဆိုတာ သိပါရစေခင်ဗျ။
ဖြေ ။ ။ တိုက်တယ်ဆိုတာက ကျနော်တို့ရဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့အပေါ်မှာ သူတို့က လာပြီးတော့မှ စခန်းချတယ်။ ဟိုအရင် NCA ရဲ့ သဘောတူညီချက်အရ တွေ့ဆုံဆွေးနွေးပြီးတော့မှ သူတို့ဘက်က တပ်စခန်းတွေ ရုတ်ပေးဖို့လည်း တောင်းတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးတာလည်း သူတို့မလုပ်ဘူး။ နောက်တခါ သူတို့က အဲဒီမှာလာနေခြင်းအားဖြင့် အသွားအလာတွေကို အနှောင့်အယှက်တွေ အများကြီး ဖြစ်တာပေါ့။

နောက်ပြီးတော့ ကျနော်တို့ကလည်း ကျနော်တို့ နေရာ၊ ကျနော်တို့ ဒေသမှာနေတာ။ သူတို့က ကျနော်တို့ကို အသိအမှတ်ပြုမှုလည်းမရှိဘူး။ ကျနော်တို့ဆီကို ဒီလိုလာပြီးတော့မှနေနေတဲ့အခါမှာ ကျနော်တို့ကလည်း ကိုယ့်နေရာ ၊ ကိုယ့်ဒေသနဲ့ စီမံအုပ်ချုပ်ခွင့်ဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သူတို့က လက်မခံဘူး။ ဒါကြောင့်မို့ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာမှာ ကျနော်တို့ KNLA က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေရှိတယ်။ သူတို့တပ်စခန်းကို မဖယ်ပေးရင် ဖြစ်လာမယ့်နောက်ဆက်တွဲကို ကျနော်တို့ တာဝန်မယူဘူးလို့ပြောထားတယ်။ အဲဒါနဲ့ပတ်သက်လို့ သူတို့ဘက်က လူနဲ့ပဲ ဖြစ်စေ၊ စာနဲ့ပဲ ဖြစ်စေ ပြန်ဆုတ်ပေးဖို့ပြောလာတာလည်းမရှိဘူး။ အဲဒီအခါမှာ ကျနော်တို့ဘက်ကလည်း ကျနော်တို့ လုပ်နိုင်သလောက်ပြန်လုပ်တာပေါ့။
သူတို့အထက် ခေါင်းဆောင်တွေက ကျနော်တို့ရဲ့တောင်းဆိုချက်ကို မလိုက်လျောဘူး။ ဂရုလည်း မစိုက်ဘူး။ အသိအမှတ်လည်း မပြုဘူး။ ဒါတင်မကဘဲနဲ့ သူတို့က နိုင်ငံတော်ရဲ့ အာဏာကို သိမ်းယူပြီးတော့မှ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးမှ တချို့ကို ထောင်ချတယ်။ အမျိုးမျိုး အမှုတွေ စွဲဆိုတယ်။ ကျနော်တို့ပြည်သူလူထုကလည်း ခေါင်းဆောင်တွေကို အဲဒီလိုဖမ်းတာကို မကြိုက်ဘူး။ မကြိုက်တော့ သူတို့က ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ ရယ်။ မြန်မာပြည်မှာ ဒီမိုကရေစီ ရရှိဖို့ရယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာကို အလေးမထားတဲ့အပြင် တောင်းဆိုတဲ့ လူထုကို လက်နက်အားကိုးပြီးတော့မှ လက်နက်နဲ့ ပြည်သူကို ပစ်သတ်တဲ့ လုပ်ငန်းတွေ လုပ်လာတယ်။ ကျနော်တို့ကကျတော့ အဲဒီပြည်သူတွေကို ထောက်ထားညှာတာပြီးတော့ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို ထောက်ခံတဲ့အနေနဲ့ ကျနော်တို့ဘက်က စစ်ကောင်စီတပ်တွေကို တိုက်တာလည်း ဖြစ်တာပေါ့။
မေး ။ ။ လက်ရှိမှာ KNU တပ်မဟာ ၅ နယ်မြေထဲကို မနက်ကဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးလာကြဲနေတာတွေ ရှိတယ်လို့ ကြားပါတယ်။ အဲဒါရော ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ ။ ။ အဲဒီဟာနဲ့ပတ်သက်ပြီး လေယာဉ်လာဝဲတာက မနက် ၁၀ နာရီကတည်းကပါ။ နောက်ပြီးတော့မှ အပေါ်ကနေသွားပြီးတော့မှ သံလွင်ကမ်းနားနဲ့နီးတဲ့နေရာကို ဗုံးကြဲချတယ်လို့ကြားတယ်။ ဒါပေမယ့် ဘယ်နှကြိမ် ၊ ဘယ်နှလုံး အတိအကျတော့ ပြောလို့မတတ်သေးဘူး။ ဟိုမှာနေတဲ့သူတွေက သတင်းအတိအကျမပေးသေးဘူး။ သွားကြဲတာကတော့ လောခိုကျေးရွာဘက်လို့ သိရပါတယ်။

မေး ။ ။ ရေရှည်မှာရော KNU တပ်မဟာ ၅ အနေနဲ့ ဘယ်လို ရပ်တည်ချက်နဲ့ ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ ။ ။ ဒီဟာနဲ့ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ ပြောဖို့က ပြောလို့မရသေးဘူး။ အခုလောလောဆယ်ဆယ် အနေနဲ့ မြို့ထဲမှာ CDM လှုပ်ရှားနေတဲ့ လူထုကို ကျနော်တို့ထောက်ခံတယ်။ နောက်ပြီးတော့မှ အခုဖွဲ့စည်းလိုက်တဲ့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကို ထောက်ခံတယ်။ စစ်ကောင်စီကနေ ချမှတ်လာတဲ့ အုပ်ချုပ်ရေးကို ကျနော်တို့ လက်မခံနိုင်ဘူး။ CRPH ရယ်၊ NUG ရယ်ကို ထောက်ခံတဲ့ အနေနဲ့ CDM ကို ထောက်ခံတဲ့အနေနဲ့ ကျနော်တို့ဘက်က လုပ်နိုင်တာကို လုပ်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရဲ့အာဏာကို ဒီလို အတင်းအဓမ္မရယူပြီးတော့ လက်နက်မဲ့ပြည်သူကို လက်နက်အားကိုးပြီးတော့ ပစ်သတ်တာတို့ဘာတို့ ကျနော်တို့ လက်ခံလို့မရဘူး။ ကျနော်တို့ အနေနဲ့ကတော့ လူထုကို ထောက်ခံတဲ့ အနေနဲ့ လုပ်နိုင်တဲ့အရာကို လုပ်ရမှာပဲ။
You may also like these stories:
စစ်ကောင်စီကို ဘယ်လိုချေမှုန်းကြမလဲ
စစ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိပါ
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်