ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် အခြေစိုက်သည့် Tachileik News Agency ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အာဏာသိမ်း စစ်တပ်က ဖိအားပေးခြိမ်းခြောက်ခဲ့ပြီး ရုံးခန်းနှင့် အယ်ဒီတာ၏ နေအိမ်များထိပါ စီးနင်းရှာဖွေမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ယင်းအခြေအနေများကြောင့် Tachileik News Agency အယ်ဒီတာများနှင့် သတင်းထောက်များ ပုန်းရှောင်နေကြရပြီး သတင်းလုပ်ငန်း လည်ပတ်နိုင်ရေး အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ထိုသို့ ရင်ဆိုင်နေရသော အခြေအနေနှင့် ပတ်သက်၍ Tachileik News Agency တည်ထောင်သူလည်းဖြစ် အယ်ဒီတာချုပ်လည်း ဖြစ်သည့် ကိုဇောင်း ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ တာချီလိတ် သတင်းအေဂျင်စီကို အာဏာသိမ်းကတည်းကနေ အခုအချိန်ထိ ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတဲ့သတင်းတွေ ကြားနေရပါတယ်။ ဘယ်လိုပုံစံမျိုးတွေလည်း ဆိုတာ အရင်ဆုံးရှင်းပြပေးပါ။
ဖြေ ။ ။ ကျနော်တို့ ဒေသမှာကြုံရတာကတော့ တာချီလိတ်သတင်းအေဂျင်စီအပါအဝင် တာချီလိတ်မှာ အခြေစိုက်တဲ့ မီဒီယာတွေကို ဖေဖေါ်ဝါရီ ၂ ရက်နေ့ကတည်းက အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေခံတပ်ဖြစ်တဲ့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် ရဲ့ ဗျူဟာမှူးက လာတွေ့ပါဆိုပြီး ကြားကနေ တစ်ဆင့်ခေါ်ခိုင်းတယ်။
ကျနော်တို့ကို တဆင့်ပြောလာသူကို သတင်းစာရှင်းလင်းပွဲလားလို့ ပြန်မေးတော့ မဟုတ်ဘူးတဲ့။ ဒါဆို ဘာကြောင့်လဲဆိုတော့ သူလည်းမသိဘူးဘဲပြောတယ်။ တပ်က အာဏာသိမ်းလိုက်ချိန်မှာကျနော်တို့ သတင်းဌာနတွေအနေနဲ့ ဒီလိုကိစ္စက မဖြစ်မနေ ကြုံရတော့မယ်ဆိုတာ သိပေမယ့် အာဏာသိမ်းပြီး နောက်တနေ့မှာ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးဖြတ်ရမယ်တော့ မျှော်လင့်မထားဘူးပေါ့။
ကျနော်တို့ သတင်းဌာန တာဝန်ရှိသူတွေ ဒီကိစ္စကို ဆွေးနွေးလိုက်တယ်။ သတင်းစာရှင်းလင်းပွဲဆိုရင်တော့ကျနော်တို့ သတင်းသွားယူမယ်။ အဲဒီအချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အဖမ်းခံထားရတော့ အခြေအနေတွေကို ပြည်သူတွေကလည်း သိချင်နေကြတဲ့ အချိန်ဖြစ်နေတော့ကျနော်တို့ အဲဒီလိုဆုံးဖြတ်တယ်။
သတင်းစာရှင်းလင်းပွဲ မဟုတ်တော့ကျနော်တို့ သွားမတွေ့ခဲ့ဘူး။ ပထမနေ့ မသွားတော့ ဒုတိယနေ့မှာလည်း ထပ်ခေါ်တယ်။ မသွားဖြစ်ခဲ့ဘူး၊ တခြားသွားတွေ့တဲ့ သတင်းသမားတွေဆီက တဆင့် သိရတာကတော့ သတင်းရေးတာတွေကို ထိန်းချုပ်ဖို့ပဲဆိုတာတော့ ပြန်သိခဲ့ရတယ်။ နောက်သတင်းဌာနတွေကို စကားလုံး အသုံးအနှုန်းတွေ စပြီးကန့်သတ်လာချိန်မှာကျနော်တို့ သတင်းဌာနအနေနဲ့ လူထုအခြေပြုသတင်းမူဝါဒ အတိုင်းပဲ ဆက်သွားမယ်လို့ကျနော်တို့ အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ပြီး အဲဒီအတိုင်းဆက်သွားတယ်။
ဒီလိုဆုံးဖြတ်ပြီးတာနဲ့ကျနော်တို့ ဒေသအခြေအနေအရ သတင်းဌာနလုံခြုံရေးအတွက် မူလနေရာကနေ တခြားတနေရာကို ရုံးခန်းနေရာရွှေ့လိုက်တယ်။ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မနက် ၂ နာရီကျော်မှာ စစ်တပ်နဲ့ရက အရင်နေရာဟောင်းဖြစ်တဲ့ အိမ်နဲ့ ရုံးခန်းကို လာရှာတဲ့အချိန်မှာကျနော်တို့က ရွှေ့ပြောင်းထားပြီး ဖြစ်သွားတယ်။
အဲဒီနေ့မှာပဲ ကျနော့်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ဝရမ်းစထုတ်တယ်လို့ ကြားရတယ်။ ဒီအချိန်ထိဆို အဲဒီလို ရုံးခန်းကို လာရှာတာ ၃ ကြိမ်ရှိသွားပြီ။ အဲဒီနောက်မှာတော့ကျနော်တို့ ဌာနက သတင်းသမား ၁ ယောက်ကို ၅၀၅-က နဲ့ထပ်ပြီး အမှုဖွင့်တယ်။ နောက်တယောက်ကိုတော့ သူတို့ဒေသမှာ ၆၆(ဃ)၊ သဘာဝဘေး ပုဒ်မ -၂၅၊ ပုဒ်မ-၁၂၄ နဲ့ ပုဒ်မ ၅၀၅-က အပါဆိုရင် ပုဒ်မ ၄ ခုနဲ့တောင် အမှုဖွင့်ထားတယ်။ တခြား ၂ ယောက်ကိုလည်း အိမ်မှာရှာဖွေတာတွေ၊ ရဲက ရဲစခန်းကိုခဏလာဖို့ ခေါ်တာတွေရှိခဲ့တယ်။
သတင်းသမားတွေကို အမှုတွေဖွင့် ခြိမ်းခြောက်ဖိအားပေးလိုက်ရင် သတင်းဌာနတခုရဲ့ လွတ်လပ်စွာ သတင်းထုတ်လုပ်ခွင့် တားဆီးပိတ်ပင်လို့ရမယ်ဆိုတဲ့ အယူအဆနဲ့ လုပ်လာတာတွေ ကြုံနေရတာပေါ့။ ဒါကတော့ကျနော်တို့ အပါအဝင် နိုင်ငံတွင်းက လွတ်လပ်တဲ့သတင်းဌာနတွေ အားလုံး အလားတူ ကြုံနေကြရတာတွေပါ။ တခုရှိတာက နယ်ဒေသတွေမှာကျတော့ သတင်းဌာနနည်းနည်းပဲရှိပြီး မြင်သာထင်သာရှိတော့ ရှောင်ရတိမ်းရ ပိုတော့ခက်တယ်။
မေး ။ ။ အာဏာသိမ်း စစ်ကောင်စီဘက်က ဘာကြောင့် တာချီလိတ် သတင်းအေဂျင်စီကို အခုလို လုပ်နေတယ်လို့ထင်လဲ။
ဖြေ ။ ။ တာချီလိတ်သတင်းအေဂျင်စီအနေနဲ့ နိုင်ငံတွင်းက အခြားမီဒီယာများနည်းတူ ဒီအာဏာသိမ်း စစ်ကောင်စီကနေ သတင်းလွတ်လပ်ခွင့် တားဆီးပိတ်ပင်တာကို ကြုံရတာပါ။ တာချီလိတ်ဆိုတာက တြိဂံတိုင်းစစ်ဌာနချုပ်ရဲ့ လက်အောက်မှာပဲ။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာက အဓိကအားဖြင့် တာချီလိတ်မြို့က အဓိကပဲ၊ တာချီလိတ်မှာက ဘယ်အရာဖြစ်ဖြစ် အင်အားကောင်းတယ်။ အဲ့ဒီတော့ သူတို့က နယ်မြေအလိုက် ထိန်းချုပ်နိုင်ဖို့ လုပ်တဲ့အခါမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ထိန်းချုပ်နိုင်ပြီဆိုတာမျိုး လုပ်ပြချင်ကြတယ်။ အဲ့လို လုပ်ပြဖို့ တာချီလိတ်မြို့ရဲ့ မြို့မိမြို့ဖ တစ်ချို့နဲ့ လုပ်ငန်းရှင်တချို့ကလည်း တပ်ဖက်က ရပ်တည်ပံ့ပိုးကြတယ်။
သတင်းဌာနပိုင်းနဲ့ ပတ်သက်လို့ ပြန်ပြောရရင်ကျနော်တို့ ဒီကာလမှာ အဓိကအားဖြင့် စစ်အာဏာရှင်ကိုမလိုလားတဲ့ ပြည်သူတွေရဲ့ လုပ်ဆောင်မှုတွေကို ပေးပို့လာတာနဲ့အမျှ ဆက်တိုက်ဖော်ပြပေးနေတယ်။ ပြောရရင် ရှမ်းပြည်နယ်အရှေ့ပိုင်း အပါအဝင် ရှမ်းပြည်နယ်တင်မကဘဲ တခြားဒေသတွေကပါ ဆက်သွယ်ပေးပို့လာတာတွေ ရှိလာတယ်။ ဒီတော့ ဒေသတွင်းမှာ ဘာဖြစ်နေတယ်ဆိုတာ ဖုံးကွယ်လို့ မရဘူးဖြစ်နေတော့ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ သတင်းသမားတွေကို ပစ်မှတ်ထားလာတယ်။ တာချီလိတ်မြို့မှာဆိုရင် တာချီလိတ်သတင်းအေဂျင်စီက သတင်းဌာန၊ သတင်းသမားကို ပစ်မှတ်ထားခံရတာ ပထမဆုံးကြုံရတာလို့ ပြောရမယ်။
သူတို့ ဖမ်းဝရမ်းထုတ်တယ်၊ အရင် ရုံးခန်းဖွင့်ထားတဲ့အိမ်ကို ၂ ကြိမ်တိတိလာရှာတယ်။ လာရှာလို့မတွေ့တော့ စစ်ဗျူဟာမှာ အစည်းဝေးထိုင်ပြီး ဆုငွေထုတ်လိုက်တယ်လို့ ကြားတယ်။ ဒါ့အပြင် ထိုင်းဘက်ကိုလည်း ဖမ်းပေးဖို့ဆိုပြီး မြန်မာ – ထိုင်း မြို့နယ်အဆင့် တာချီလိတ် – မယ်ဆိုင် နယ်ခြားကော်မတီ(TBC) ကနေ တဆင့် သတင်းသမားတွေရဲ့ ပုံတွေ၊ အချက်အလက်တွေ ပို့ထားတယ်လို့ သိရတယ်။ အဲ့ဒီနောက်မှာတော့ ၃ ကြိမ်မြောက်အဖြစ် ရုံးခန်းဖွင့်တဲ့အိမ်ကို ထပ်လာရှာတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဆို လူထုက တာချီလိတ်သတင်းအေဂျင်စီကို ဆက်သွယ်လာကြတာများတော့ သတင်းဖုံးကွယ်ချင်တဲ့ အာဏာသိမ်းအဖွဲ့အတွက် ဒါက အနှောင့်အယှက် ကြီးကြီးမားမားဖြစ်တယ်လို့ ယူဆပုံရပါတယ်။ ဒါကြောင့် သတင်းဌာနကို ပိတ်ဖို့ ကြိုးစားတာဖြစ်မယ်လို့ကျနော်ယူဆတယ်။ အဓိက ကတော့ ပြည်သူတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို တားဆီးချင်တဲ့အတွက် လွတ်လပ်တဲ့သတင်းဌာနတွေ ရပ်တည်လို့မရအောင် သဲသဲမဲမဲလုပ်နေတာပဲဖြစ်ပါတယ်။
မေး ။ ။ အခုလို ဖိအားပေးခံနေရတဲ့ အတွက် သတင်းလုပ်ငန်း အပါအဝင် တခြားဘယ်လို ထိခိုက်မှုတွေရှိနေလဲ။
ဖြေ ။ ။ ကျနော်တို့လုံခြုံရေးအတွက် အမြဲနည်းလမ်းရှာရတယ်။ ဒါတွေလုပ်လာရတော့ ကုန်ကျစရိတ်တွေ များလာတယ်။ သတင်းဌာနရဲ့ တခုတည်းသော ဝင်ငွေရှာဖွေတဲ့ ကြော်ငြာလုပ်ငန်းကို ရပ်လိုက်ရတယ်။ လတ်တလော သတင်းအတွက် ဆက်သွယ်မေးမြန်းဖို့တောင် ခက်လာတယ်။ နောက်တခုကတော့ကျနော်တို့ အားလုံး ခံစားနေရတဲ့ စိတ်မလုံခြုံမှုဒဏ်တော့ ကြုံကြရပါတယ်။
မေး ။ ။ အခု တာချီလိတ်သတင်းအေဂျင်စီ အနေနဲ့ သတင်းတွေ ပုံမှန် ပြန်ထုတ်ဖို့ အတွက် ဘယ်လို ရုန်းကန်နေကြရလဲ။ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ ။ ။ လတ်တလောမှာတော့ ရှောင်တိမ်းရင်း အလုပ်လုပ်ကြရတာဆိုတော့ လုံခြုံစွာ သတင်းထုတ်ဖို့ အတော်ကြီး ရုန်းကန်နေရတယ်၊ သတင်းရယူဖို့ ဆက်သွယ်ဖို့အတွက် အခက်အခဲတွေလည်း ကြုံနေရတယ်။ ကျနော်တို့အဖြစ်ကလည်း သတင်းဌာနတွေအားလုံး လက်ရှိကြုံနေကြရတဲ့ အခက်အခဲတွေနဲ့ အလားတူပါပဲ။
မေး ။ ။ အာဏာသိမ်းကောင်စီက တာချိလိတ် သတင်းအေဂျင်စီ အပါအဝင် သတင်းမီဒီယာတွေကို ပိတ်ပင်တားမြစ်တာ၊ ဖိအားပေး ဖမ်းဆီးတာတွေအပေါ် သတင်းစာဆရာ တယောက် အနေနဲ့ ဘယ်လို မြင်ပါသလဲ။
အရင် စစ်အာဏာသိမ်းတဲ့ကာလတွေမှာ လုပ်ခဲ့တဲ့လမ်းစဉ်အတိုင်း ပြည်သူကို မျက်စိပိတ်၊ နားပိတ် သတင်းအမှောင်ချပြီး ဝါဒဖြန့်လိုက်ရင် သူတို့လုပ်ချင်တာတွေ လုပ်လို့ရမယ်လို့ တထစ်ချစွဲယူထားလို့ပဲ။ အာဏာသိမ်းတာနဲ့ မီဒီယာတွေကို ဖိနှိပ်တာ တပြိုင်တည်းလုပ်နေတာလို့မြင်ပါတယ်။ လွတ်လပ်တဲ့မီဒီယာမရှိလေ သူတို့အတွက် လုပ်ချင်တာ လုပ်လို့ရလေ အာဏာရှင်သက်ဆိုးရှည်လေဆိုတာမျိုးမို့ လွတ်လပ်တဲ့မီဒီယာတွေကို ဖိနှိပ်နေတာ။ သတင်းသမားတွေကို ဖိအားပေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်လိုက်ရုံနဲ့ လွတ်လပ်တဲ့မီဒီယာတွေက ဆက်မရှင်သန်တော့ဘူးလို့ သူတို့မှားယွင်းယူဆနေကြတယ်။
မေး ။ ။ ဒီလို ခြိမ်းခြောက်မှုတွေ ရှိနေတော့ တာချီလိတ် သတင်းအေဂျင်စီ အနေနဲ့ ဘယ်လို ရှေ့ဆက်မယ်လို့ ဆုံးဖြတ်ထားလဲ။
ဖြေ ။ ။ လွတ်လပ်တဲ့သတင်းဌာနတခုအနေနဲ့ အဓိကရပ်တည်ချက်ဖြစ်တဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်အတွက် ဆက်ပြီးရှင်သန်နိုင်ဖို့ တနည်းအားဖြင့်ကျနော်တို့ ဒေသကပြည်သူတွေရဲ့ အသံတွေ ထုတ်ဖေါ်ပေးနိုင်ဖို့ကျနော်တို့ တတ်နိုင်သလောက် ဆက်ကြိုးစားသွားမှာပါ။
သတင်းသမားတွေကို ဖမ်းဆီးလိုက်ရုံနဲ့ သတင်းတွေကို အမှောင်ချပစ်လို့ မရပါဘူး။ နောက်တခုက နည်းပညာ အတိုင်းအတာတခုအထိ ထိတွေ့ခွင့်ရခဲ့တဲ့ကျနော်တို့ ပြည်သူတွေကို သတင်းမှားတွေနဲ့ ညာလို့မရတော့ပါဘူး။
You may also like these stories:
အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် ကလေးသူငယ် မှုခင်းများကို ရခိုင်တွင် ရုတ်သိမ်းရန် ရှိ
အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် တောင်ကုတ်မြို့ခံ ၄ ဦး တရားသေ လွတ်မြောက်
ယင်းမာပင်တွင် အဖမ်းခံရသူတချို့ စစ်ကောင်စီသို့ ငွေပေး၍ ပြန်လွတ်လာ