ဒီတပွဲဟာ အာဏာရှင်ကို အမြစ် ဖြတ်မှရမယ့်ပွဲ

ဧရာဝတီ
အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လက်ရှိ နိုင်ငံရေး အခြေအနေအရ ပေါ်ပေါက်လာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)မှ နိုင်ငံခြားရေး ဝန်ကြီး ဖြစ် သူ ဒေါ်ဇင်မာအောင်အား ဆက်သွယ်ပြီး အာဆီယံ၏ အခန်းကဏ္ဍ၊ မြန်မာ့ ပြည်တွင်းရေး အခြေအနေ၊ စစ်ကောင်စီနှင့် စေ့ စပ်ဆွေးနွေးရေး လမ်းကြောင်း ရှိ၊ မရှိ၊ မြန်မာ့အရေး နိုင်ငံတကာဖိအားများ အခြေအနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို မေးမြန်း တင်ဆက်လိုက်ပါသည်။

မေး ။ ။ အာဆီယံမှာ မြန်မာပြည်အရေး ဆွေးနွေး ဆုံးဖြတ်ကြတဲ့အပေါ်မှာ လူထုက အားမလို အားမရတာ၊ သူတို့ လိုချင်တဲ့ အဖြေမျိုးတွေ မရတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိပါတယ်။ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး တယောက်အနေနဲ့ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျမတို့လည်း အာဆီယံရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အပေါ်မှာ အများကြီး မျှော်လင့်ချက်မထားခဲ့ပါဘူး။ အစည်း အဝေးနဲ့ ပတ်သက်ပြီး NUG အနေနဲ့ ဝန်ကြီးချုပ်ရဲ့ သဘောထားထုတ်ပြန်ချက် အာဆီယံကို ပြန်လည်ပေးပို့ခဲ့ပြီး ဖြစ်ပါ တယ်။ အထူးအားဖြင့် အာဆီယံ Charter အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ အခါ Accountable Mechanism ရှိဖို့ လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။

မေး ။ ။ အာဆီယံရဲ့ လိုလားချက်တွေက ပြည်တွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုယ်ညီမှု ရှိပါသလား။ သူတို့ရဲ့ ဝင်ရောက် ညှိနှိုင်းမှုက အလုပ်ဖြစ်မယ်။ မြန်မာပြည်အရေး တစုံတရာ အဖြေထွက်လာဖို့ မြင်ပါသလား။

ဖြေ ။ ။ ဒေသတွင်း အဖွဲ့အစည်းတရပ်အနေနဲ့ အာဆီယံရဲ့ လိုလားချက်တွေက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အာဆီယံပြည်သူတွေကို ဗဟိုပြုတဲ့ အသိုင်းအဝိုင်းတခုကို တည်ဆောက်ဖို့ပါ။ မူအား ဖြင့် ဒီလိုလားချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက်နဲ့ သိပ်မကွာခြားလှပါဘူး။ ပြဿနာက ပြည်သူလူထုရဲ့ သ ဘောထားတွေကို ဗဟိုပြုခြင်း မရှိတဲ့ အာဏာရှင်တွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာက အာဆီယံရဲ့ ပြဿနာတခု ဖြစ်နေဆဲလို့ မြင်ပါတယ်။

မေး ။ ။ အာဆီယံက အထူးကိုယ်စားလှယ် အဖွဲ့လာရင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ ဆုံတာမျိုး ရှိနိုင်ပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။ အဲဒီတွေ့ဆုံမှုကြောင့် လမ်းစအဖြေတွေ ထွက်လာနိုင်တာမျိုး ရှိမလား။

ဖြေ ။ ။ ဒီလို တွေ့ဆုံတာတွေ ဖြစ်ဖို့ နေနေသာသာ အခု စစ်ကောင်စီက အာဆီယံ သဘောတူညီချက်ကို တောင် လက်မခံတဲ့သဘော အချိန်ဆွဲတဲ့ သဘော တွေ့ နေရပါပြီ။ တွေဆုံမှုတွေဟာ အချိန်ဆွဲရုံ ၊ စစ်ကောင်စီကို ဖိအားလျော့ အောင် လုပ်ရုံ အခင်းအကျင်းမျိုး ဖြစ်သွားမှာကိုတော့ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။

မေး ။ ။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းက ရှိသေးလား။ အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားဖို့ဆိုတာ အခင်းအကျင်းတွေ လိုအပ်ပါတယ်။ ဒါက နောက်ဆုံးအဆင့်မှ စဉ်း စားရမယ့် အခင်းအကျင်းပါ။ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ တွေ့ဆုံဆွေးနွေးနိုင်လောက်တဲ့ အခြေအနေမျိုး အခင်းအကျင်း မျိုးရှိဖို့ လိုပါတယ်။ ဒီလိုပြောလို့ ကျမတို့ဟာ တွေ့ဆုံဆွေးနွေးရေးကိုမလုပ်တတ်တဲ့၊ တွေ့ဆုံဆွေးနွေးလို့မရတဲ့ နိုင်ငံရေးကို အပိတ်အကန်ပဲ လုပ်နေတဲ့သူတွေ မဟုတ်ဘူး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ရှိစေချင်ပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ ပြုမူ ဆောင်ရွက်ချက်တွေက တွေ့ဆုံဆွေးနွေးရေးဆိုတာ ပြောဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ဖန် တီးနေပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပိတ်ဆို့နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျမတို့မှာ ဖယ်ဒရယ်နဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ နိုင်ငံကို တည်ဆောက်မယ့် Federal Charter ဆိုတာလည်း အနာဂတ် နိုင်ငံရေး အခြေခံမူအဖြစ် ရှိနေပါပြီ။ ဒီအခြေခံ မျှော်မှန်းချက်တွေနဲ့ပါ ခင်းကျင်း စဉ်းစားမှရမယ့် အခြေအနေပါ။

မေး ။ ။ NUG အနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာစစ်ကောင်စီကို သံတမန်ရေး အရပဲ ဖြစ်ဖြစ်၊ ပိတ်ဆို့ အရေးယူမှုတွေပဲ ဖြစ်ဖြစ် ဒီထက်ပိုပြီး ဖိအားပေးနိုင်အောင် ဘယ်လို ဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ ဖြစ်နိုင်သမျှ နည်းလမ်းအစုံ သုံးနေပါတယ်လို့ပဲ ပြောချင်ပါတယ်။ အစိုးရအဖွဲ့ တွေ၊ လွှတ်တော်တွေ၊ ပြည်ပ ရောက်မြန်မာနိုင်ငံသားတွေ၊ CDM သံတမန်တွေ၊ ကုလသမဂ္ဂအပါအဝင် ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ တတ်နိုင်သမျှ ချိတ်ဆက် ဆောင်ရွက်နေပါတယ် ။

မေး ။ ။ NUG ကိုရော နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံမှုရအောင် ဘယ်လိုတွေ ဆောင်ရွက်နေလဲ။ အခုချိန်အ ထိ ဘယ်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုတွေကို ရရှိထားပါသလဲ။

ဖြေ ။ ။ ဒီမိုကရေစီမိတ်ဖက်နိုင်ငံတွေ အတော်များများရဲ့ အားပေးထောက်ခံမှုတွေ ရရှိထားပါတယ်။ ဒေသတွင်း အာ ဆီယံ နိုင်ငံတချို့အနေနဲ့လည်း NUG နဲ့ တိုင်ပင် ဆောင်ရွက်မှုတွေအတွက် ပုံမှန်တွေ့ဆုံ စကားပြောတာတွေ ရှိနေပါတယ်။

မေး ။ ။ လက်ရှိမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေ ဖမ်းဆီး အရေးယူမှုတွေ ကြောင့် ဆန္ဒပြတဲ့သူတွေလည်း သိသိသာသာ လျော့နည်းသွားပြီးတော့ ပျောက်ကြားပုံစံမျိုး ဖြစ်လာတယ်။ ပြည်တွင်း နိုင်ငံရေး အခြေအနေကိုရော ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ ။ ။ ပျောက်ကြား နည်းနာမျိုး သုံးလာတာဟာ အင်မတန်မှ အမျှော်အမြင်ရှိတဲ့ တုန့်ပြန်မှုလို့ ထင်ပါတယ်။ ပြည်သူ လူထုဟာ ရတဲ့နည်းနဲ့ စစ်ကောင်စီ အုပ်ချုပ်ခွင့် မရအောင် အာခံနေကြတာ ဖြစ်တယ်။ အနိုင်ရမှ ဖြစ်မှာမို့ အဆုံးအထိ သွားကြမယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး အားလုံးမှာရှိနေကြတယ်။ ဒါကြောင့် ဒီတပွဲဟာ အာဏာရှင်ကို အမြစ်ဖြတ်မှရမယ့်ပွဲလို့ စိတ်တူကိုယ်တူ ဖြစ်နေကြတယ်လို့ပဲ မြင်ပါမယ်။

မေး ။ ။ နောက်တခုက CDM ဝန်ထမ်းတွေမှာလည်း တော်တော်လေး တောင့်ခံနေရတဲ့ အခြေအနေမှာ NUG အနေနဲ့ ဘာတွေ ထောက်ပံ့ကူညီပေးနိုင်လဲ။ CDM ဝန်ထမ်းတွေကို ဘာသတင်းစကားပါးချင်ပါသလဲ။

ဖြေ ။ ။ CDM နဲ့ ပက်သက်လို့ ထောက်ပံ့တဲ့ကိစ္စက ကျမဝန်ကြီးဌာနရဲ့ အဓိကတာဝန်တော့ မဟုတ်ပါဘူး။ NUG မှာ ဖွဲ့ စည်းထားတဲ့ လူ/ကယ်/ပြန်နဲ့ တခြား သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် CDM list တွေကို ပေါင်းစပ်စုစည်းပြီး ထောက်ပံ့ ကူညီမှုတွေ လုပ်နေပါတယ်။ နိုင်ငံခြားရေးက ပြည်ပ CDM သံတမန်တွေကို ထောက်ခံတဲ့ ပြည်သူ့ဝန်းရံမှုနဲ့ ချိတ်ဆက် အကူအညီပေးဖို့ ဆောင်ရွက်နေသလို နိုင်ငံခြား အစိုးရတွေအနေနဲ့ CDM Diplomats တွေအတွက် နေထိုင်ခွင့်တွေ အတွက် အကူအညီပေးဖို့ ဆက်သွယ် ဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေပါတယ်။

မေး ။ ။ အခု NUG နဲ့ ပူးပေါင်းပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက မြန်မာပြည်မှာရှိတဲ့ အဖွဲ့ စုစုပေါင်းရဲ့ ဘယ်လောက် ပမာဏ ရှိတယ်လို့ ပြောနိုင်လဲ။ လက်နက်အင်အား ကြီးတဲ့ အဖွဲ့တချို့က ပူးပေါင်းဖို့ စိတ်မဝင်စားတာလည်း တွေ့ ရတယ်။ ဘာကြောင့်လို့ ထင်တယ်။

ဖြေ ။ ။ ဟုတ်ကဲ့။ အများစုက နိုင်ငံရေးမှာ ဖယ်ဒရယ် အရေး သေချာတဲ့ အာမခံမှုမျိုး နားလည်မှုမျိုးကို အရင် ဆွေးနွေး သဘောတူညီချက် ရယူပြီးမှ ပူးပေါင်းဆောင်ရွက်တဲ့ အခြေအနေတခုကို ရောက်လာတာပါ။ အလုပ်လုပ်ရင်း ယုံကြည်မှု တည်ဆောက်သွားမယ့် အခြေအနေလို့ ပြောလို့ရပါတယ်။ တချို့ကတော့ စောင့်ကြည့်ပြီးမှ နောက်ပူးပေါင်း ဆောင်ရွက်နိုင် မယ့် အခင်းအကျင်းကို သွားချင်တဲ့ သဘောလို့ နားလည်ရပါတယ်။ သို့သော်လည်း Federal စနစ်ဆိုတဲ့ အခြေခံ အပေါ်မှာတော့ မူအားဖြင့်ကွဲလွဲခြင်း မရှိကြပါဘူး။

မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်လာနိုင်ဖို့ NUG အနေနဲ့ ဘယ်လို ကတိကဝတ်မျိုးတွေ ပေးနိုင်ပါသလဲ။

ဖြေ ။ ။ အဲ့ဒါကတော့ Fedeeal Charter အပိုင်း (၁) ကိုသာ ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။

မေး ။ ။ စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ပြောကြတဲ့ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် အပါအဝင် တာဝန်ရှိသူတွေကို ICC ၊ ICJ လိုမျိုး နေရာတွေကနေ အရေးယူနိုင်အောင် တောင်းဆိုမှုတွေ ရှိပါတယ်။ တကယ် အလုပ်ဖြစ်အောင် ဘယ်လို ဆောင်ရွက်မှုတွေ ရှိနေပါသလဲ။

ဖြေ ။ ။ ဒီအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းစဉ်ကတည်းက နိုင်ငံတကာ ဥပဒေ ပညာ ရှင်တွေနဲ့ တိုင်ပင်ပြီး တရားစွဲဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ Law Firm တခုဖြစ်တဲ့ Volterra Fietta က CRPH ရဲ့ တ ရားဝင် Law Firm တခုအနေနဲ့ တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လိုအပ်တဲ့အခါ NUG နဲ့ပါဆက်လက်ချိတ်ဆက် ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။

မေး ။ ။ နောက်တခုက အတိုင်ပင်ခံကောင်စီဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်သူတွေ ပါဝင်မှာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဖွဲ့မလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ အတိုင်ပင်ခံ ကောင်စီဆိုတဲ့ စဉ်းစားချက်က – NUG အစိုးရ ဖြစ်ပေါ်မလာခင် CRPH အနေနဲ့ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်ဆောင်ရွက်ရာမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ဆို သော်ငြားလည်း မြန်မာပြည်ရဲ့ ပကတိ နိုင်ငံရေး လိုအပ်ချက် အရှိတရားအရ တစုတဖွဲ့ ထဲ ဆောင်ရွက်တာမျိုး မဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံရေးပါတီတွေ ကို အခြေခံပြီး ကနဦး နိုင်ငံရေးဆွေးနွေးတိုင်ပင်ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးကြရင်း သပိတ်မှာ ဦးဆောင်ပါဝင်နေသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ CDM ဦးဆောင်သူတွေပါ ပါဝင်ရင် ကောင်းမယ်ဆိုပြီး ဆွေးနွေးမှု Platform ကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒီ Platform မှာ ဆွေးနွေးခဲ့တာတွေကို အခြေခံပြီး အစိုးရဖွဲ့တဲ့အခါ လိုအပ်တဲ့ နိုင်ငံရေး Guide line နဲ့ Principle တွေကို Federal Charter ထဲမှာ ပါဝင်စေပါတယ်။

ထို့အတူ အစိုးရ အဖွဲ့ထဲမှာ အကြောင်းကြောင်းကြောင့် တိုက်ရိုက် ပါဝင်နိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးရမယ့် ကိုယ်စားပြု ခေါင်းဆောင် အစုအဖွဲ့ထားရှိခြင်းအားဖြင့် အမျိုးသား ညီညွတ်ရေးကို ပိုမိုခိုင်မာစေမယ်။ Inclusivity ကိုလည်း ကျယ်ပြန့်စေမယ့် Body တခုအဖြစ်နဲ့ Charter ထဲမှာ ထည့်သွင်း ထားရှိနိုင်ခြင်းအားဖြင့် ဒါကို ပိုသေချာစေမယ်ဆိုတဲ့ ဆွေးနွေးစဉ်းစားချက်တွေနဲ့ NUCC – (National Unity Consultation Council) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်းဆိုတာ ထည့်သွင်းခဲ့ပါတယ်။ ဒီစဉ်းစားချက်အတိုင်း ဘယ်လို အစုအဖွဲ့တွေ ပါဝင်ဖွဲ့စည်းကြမယ်ဆိုတာ Federal Charter မှာ ထည့်သွင်းဖေါ်ပြထားပြီး ဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ NUG အစိုးရ အဖွဲ့ကိုရော ထပ်တိုးချဲ့ ပြီး ဖွဲ့ ဦးမှာလား။ အစိုးရရဲ့ လုပ်ငန်းစဉ်တွေ လက်တွေ့ ထိရောက် အောင် ဘယ်လို ဆောင်ရွက်နေလဲဆိုတာလည်း သိချင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့။ ဝန်ကြီးဌာန တချို့ တိုးချဲ့ ဖွဲ့စည်းဖို့ ရှိတယ်လို့ နားလည်ထားပါတယ်။ လျာထားပြီး ဖြစ်ပါတယ်။ တချို့ လျာထားတဲ့သူတွေရဲ့ လုံခြုံရေး အခြေအနေ စိတ်ချရရင် ကြေညာသွားမယ်လို့ သိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading