စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်က စတင်ပြီး မြန်မာနိုင်ငံရှိ ပြည်သူများ၏ လွတ်လပ်ခွင့်များ၊ အခွင့် အရေးများ ဆုံးရှုံးခဲ့ရသည်။ အာဏာသိမ်းသည့် ရက်ကြာလာသည့်နှင့်အမျှ အခြေခံအကျဆုံး ဖြစ်သည့် လူသားတယောက် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကိုပင် စစ်ကောင်စီက ဆက်တိုက် ချိုးဖောက်လျက်ရှိသည်။
လူထုက ထောက်ခံထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကတော့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အသစ်ကို ဖွဲ့စည်းလိုက်ပြီး ထင်ရှားသည့် လူ့အခွင့် အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကို ဝန်ကြီးခန့်အပ်လိုက်သည်။
အဆိုပါ ဝန်ကြီးဌာန အနေဖြင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကို သိရှိနိုင်ရန် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ မြန်မာနိုင်ငံမှာဆိုရင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဆိုတာ ပထမဦးဆုံးပဲ ဆိုတော့ ဝန်ကြီး တယောက်အနေနဲ့ ဘာကို ပထမဦးဆုံး စလုပ်မလဲရှင့်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ အရင်တုန်းက လူ့အခွင့်အရေး ကော်မရှင်ဆိုတာပဲ ရှိခဲ့ပါတယ်။ အခုကတော့ ဝန်ကြီးဌာနတခု အနေ နဲ့ အသိအမှတ်အပြုပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနဆိုပြီး ဖွဲ့လိုက်တာ လူ့အခွင့်အရေးဆိုင်ရာကိစ္စကို ပိုမို လုပ်ဆောင်ဖို့ တာဝန်ပေးတဲ့ သဘောဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ ပထမဦးဆုံးကတော့ လက်ရှိမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတင် မကဘဲနဲ့ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေကို ဘယ်တော့မှ မပျောက်ပျက်သွားဘဲနဲ့ အမှန်တ ရားကို ဖော်ဆောင်နိုင်ဖို့အတွက် ဒီလိုမျိုး အချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းထားဖို့အတွက် ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီးတော့ ပထမဦးဆုံး လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အခုမှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ အစောကြီးကတည်းက လုပ်ဆောင်တာရှိတယ်။ ပြည်သူလူထု ကိုယ်တိုင် က လူအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနဆိုတာ ငါတို့အတွက် အားကိုးစရာ ငါတို့အတွက် လုပ်ဆောင်နိုင်မယ် ဆိုတဲ့ စိတ်ထားမျိုးတွေ ပေါ်လာပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှု ပထမဆုံး စတင် လုပ်ဆောင်ပါတယ်။
ဘာကြောင့် အဲဒါကို လုပ်ဆောင်လဲဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ ဒီလိုမျိုး အချက်အလက်တွေကို တရားဥပဒေအရ ဖော် ဆောင်နိုင်ဖို့ တရားမျှတမှုကို ရရှိအောင် တွန်းလှန်ပြီးတော့ လုပ်ဆောင်မယ့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ နိုင်ငံ တကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးအစီအစဉ်တွေကို အသုံးပြုဖို့အတွက်ပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ICC ပဲဖြစ်ပါစေ။ တခြားသော တချိန်ချိန်ကျရင် ဒီအမှုကိစ္စတွေကို အကောင်အထည်ဖော်မယ့် တရားမျှတမှုကို လုပ်ဆောင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ အချက်အလက်တွေ မရှိလို့ မရပါဘူး။ ဒီအချက်အလက်တွေက ဒီအချိန်မှာ နာကျည်းကြေကွဲစရာ ဖြစ်ကောင်းဖြစ်ပေမယ့် တချိန်ချိန်ကျရင် အပြစ်ရှိတဲ့လူတွေ အပြစ်က မလွတ်သွားဖို့ အတွက် အကောင်းဆုံး ထောက်ပံ့နိုင်တဲ့ သက်သေခံ အထောက်အထားတွေ မှတ်တမ်းတွေ ဖြစ်ပါတယ်။
အဲဒီတော့ ဒီလိုမျိုး အချက်အလက်တွေကို စနစ်တကျ စုဆောင်းရုံ မကဘဲနဲ့ ဒီလိုမျိုးဖြစ်ပျက်နေတာက ကမ္ဘာမှာ သတ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေ စစ်ကောင်စီက ကျူးလွန်နေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ အပြစ်ရှိတဲ့ လူတွေကိုပြန်ပြီးတော့ အရေး ယူနိုင်ဖို့၊ နောက် ချိုးဖောက်ခံရသူတွေကို အမှန်တရားဖော်ထုတ်ပြီးတော့ တရားမျှတမှုကို ကုစားမှုတွေ ပေးနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားပါမယ်။
ဘာကြောင့်လဲဆိုတော့ အရင်တုန်းကဆိုရင် အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုကို ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါက သင်ခန်းစာ ဖြစ်ပါတယ်။ Transitional justice လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုကို ဖော် ဆောင်နိုင်ဖို့အတွက် အခုကတည်းက ဒီအချက်တွေက သက်သေအထောက်အထားဖြစ်ဖို့ လိုအပ်သလို အမှန်တရား ဖော်ဆောင်ဖို့အတွက် ဆက်လက် လုပ်ဆောင်သွားပါ့မယ်။
နောက်တခုကတော့ ကျနော့်ရဲ့ဝန်ကြီးဌာနက လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနဖြစ်ပေမယ့် အစိုးရဌာန အားလုံးနဲ့ လက်တွဲ ပူးပေါင်းမှာ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးအောက်မှာလည်း ပါဝင်နေမယ်။ ပညာရေး၊ ကျန်းမာရေး၊ ဘတ်ဂျက်တွေ၊ စီမံချက်တွေမှာလည်း ပါဝင်နေမယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ NUG ကြားကာလ အစိုးရအဖွဲ့က လုပ် ဆောင်တဲ့ ပေါ်လစီတိုင်း၊ ဆုံးဖြတ်ချက်တိုင်း ဆုံးဖြတ်ချက်တိုင်းက လူ့အခွင့်အရေးကို အခြေခံပြီးတော့ လူတိုင်းတန်းတူညီ မျှရရှိဖို့ လူနည်းစုတွေကို ကာကွယ်ပေးတဲ့၊ ထည့်သွင်းစဉ်းစားတဲ့ ကိစ္စရပ်တွေ ဖြစ်ဖို့အတွက် ပညာပေးမှုတွေ ၊ မူဝါဒ ချမှတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အာဏာသိမ်း စစ်ကောင်စီရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နိုင်ငံတကာ မျက်နှာစာအထိတော့ ရောက်နေပေ မယ့် အရေးယူမှု အပိုင်းမှာတော့ လက်ရှိအထိ တစုံတရာ မတွေ့ရသေးပါဘူး။ အဲဒီတော့ လက်ရှိတာဝန်ယူရမယ့် ပြည် ထောင်စုဝန်ကြီး တယောက်အနေနဲ့ ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလဲ။
ဖြေ ။ ။ ပြည်တွင်းမှာကတော့ လက်ရှိအခြေအနေမှာ ချက်ချင်းအရေးယူနိုင်ဖို့ အတွက် အားနည်းပါတယ်။ ဒါပေမယ့် အခုပြိုလဲနေတဲ့ တရားရေးစနစ်ကို ကျနော်တို့ ထူထောင်ဖို့ လိုအပ်မယ်။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ကော်မရှင်လို တာဝန်ရှိရဲ့သားနဲ့ အလုပ် မလုပ်တဲ့ နေရာတွေအပေါ်မှာ တကယ့် အလုပ်လုပ်နိုင်တဲ့ လူတွေ အစားထိုးဖို့ လိုအပ်မယ်။
အဲဒါမျိုး ဖြစ်လာမှ ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ကာကွယ်လို့ရမယ်၊ အားကိုးလို့ရမယ်၊ လက်တွဲ ပူးပေါင်းလို့ ရမယ်ဆိုတဲ့ ယန္တရားပြန်လည် ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ဒီကာလမှာ မလုပ်နိုင်သည့်တိုင်အောင် နိုင်ငံတ ကာက မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးကို အာရုံစိုက်ပါတယ်၊ အလေးထားပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုလားသလို အမှန်တရားကို ဖော်ဆောင်နိုင်ဖို့ လူ့အခွင့်အရေး ချိုးဖောက်မှု ရာဇဝတ်မှုတွေကို အရေးယူနိုင်မယ့် လမ်းကြောင်းက ကျနော်တို့ မျှော်မှန်းသလို သိပ်ပြီး မရှိသေးပါဘူး။ အဲဒီတော့ ဒါတွေပေါ်လာဖို့ရယ်။ စိုးရိမ်မကင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ် သက်ပြီးတော့ ဝမ်းနည်းပါတယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒီအချက်တွေကို နိုင်ငံတကာ တရားဥပဒေ ယန္တရားတွေမှာ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကျနော့်အနေနဲ့ အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အရင်က မရှိခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို ဒီလို ဖွဲ့စည်းလိုက်မှုက နိုင်ငံရေးနဲ့ နိုင်ငံတကာရေးရာ တွေကို ဘယ်လိုသက်ရောက်မှု ရှိစေသလဲ။
ဖြေ ။ ။ လူ့အခွင့်အရေးဝန်ကြီးဌာန ဆိုတာ အစိုးရရဲ့ ဝန်ကြီးဌာန တခုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကို ပြော ချင်တာ က အစိုးရက မှားတာကို ကာကွယ်ပေးမယ့် လူ့အခွင့်အရေး ဝန်ကြီးဌာန မဟုတ်ပါဘူး။ ပြည်သူလူထုတွေ အမှန်တကယ် ဖော်ဆောင်နိုင်တဲ့ လိုအပ်တဲ့ လူ့အခွင့်အရေး ကာကွယ်မှုတွေ ကြိုးစားမှု မြှင့်တင်မှုတွေ အကောင်အ ထည်ဖော်မယ့် ပြည်သူတွေကို ကိုယ်စားပြုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်။
အဲဒီတော့ ကျနော့်တာဝန်က ပြည်သူတွေရဲ့အသံတွေ၊ တတ်ကျွမ်းတဲ့လူတွေ လူ့အခွင့်အရေးကို နှစ်ပေါင်းများစွာ လုပ်လာ တဲ့ လူတွေရဲ့အသံတွေ သူတို့ရဲ့အကြံပြုချက်တွေ၊ ပူးပေါင်းမှု စတင်ပြီးတော့ မဖြစ်မနေ ဆောက်ရွက်ဖို့ လိုပါတယ်။ ဒါမှသာ ကျနော်တို့ ဝန်ကြီးဌာနက အစိုးအတွက် မဟုတ်ဘူး ပြည်သူတွေအတွက် အမှန်တကယ် လုပ်ဆောင်မယ်ဆိုတာ ယုံကြည်ချက် ရှိလာပါလိမ့်မယ်။
တချိန်တည်းမှာပဲ လူ့အခွင့်အရေးဆိုတဲ့ Issues က အရမ်းကြီးပါတယ်။ ကလေး အခွင့်အရေးကနေစပြီး သက်ကြီးရွယ်အို အဆင့်အထိ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ ဝန်ကြီးဌာန တခုတည်းတင် မရပါဘူး။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်မှာ ဒါတွေ လုပ်ဆောင်ဖို့အတွက် ပြည်သူလူထုပါဝင်ဖို့ လို အပ်တယ်။
တတ်သိပညာရှင်တွေရဲ့ အကြံပြုချက်တွေ လက်တွဲပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့က ပထမဦးဆုံး ဖြစ်ပါတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ တတ်ကျွမ်းတဲ့လူတွေ ပြည်သူလူထု တယောက်ချင်း တယောက်ချင်းရဲ့ အကြံပြုချက်တွေ ပူးပေါင်းဆောင်ရွက်မှုတွေကို အမြဲတမ်း လက်ကမ်းကြိုဆိုပါတယ်။
မေး ။ ။ စစ်ကောင်စီဘက်ကတော့ NUG ဟာ ဘာမှ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေ ကနေ ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။ တကယ်လက်တွေ့မှာရော ဘယ်လိုအခြေအနေလည်းဆိုတာ ပြောပေးပါဦး။
ဖြေ ။ ။ တော်လှန်ရေးကာလ၊ ကြားကာလ ဖြစ်တဲ့အတွက် အရင်လို အစိုးရပုံစံ လည်ပတ်မှုကတော့ အားနည်းပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ပွင့်လင်းမြင်သာမှုရယ်၊ အလွှာစုံ ပါဝင်တဲ့လူတွေ ပါတီ တခုတည်း ကိုယ်စားပြုတာ မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူငယ်၊ အမျိုးသမီး၊ နောက်ခံသမိုင်း မတူတဲ့လူတွေ ပါဝင်ခြင်းက ကျနော်တို့ရဲ့အားပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီလူ တယောက်ချင်း တယောက်ချင်းတိုင်းမှာ အာဏာရှင်စနစ်ကို တွန်းလှန်ချင်တဲ့စိတ်ဓာတ်၊ အခက်အခဲရှိ ပေမယ့် လုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်၊ ကိုယ်နဲ့ဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ လေ့လာထားတဲ့ အကြောင်းအရာ ဒါတွေရှိ နေတဲ့ အတွက် NUG အစိုးရက နေပြည်တော်မှာ ရုံးစိုက်တဲ့ အစိုးရမဟုတ်သည့်တိုင်အောင် အစိုးရတရပ်မှာ တာဝန်ရှိတဲ့ လူ့အခွင့်အရေးကို လေးစားခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းနဲ့ လူ့အခွင့်အရေးကို ဖြည့်ဆည်းပေးခြင်း အပိုင်းမှာ ရဲရဲကြီး လုပ်ဆောင်နိုင်မယ်လို့ ပြောလိုပါတယ်။
မေး ။ ။ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အချက်အလက်တွေကတော့ လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။ NUG က တရားဝင် ရရှိထားတဲ့ အချက်အလက်က ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ ကျနော်တို့ တရားဝင်ရထားတဲ့ အချက်တွေကတော့ ပထမဆုံး မြို့ကြီးတွေမှာ ဖြစ်တဲ့အကြောင်းအရာတွေ အထူးသဖြင့် မတရား သတ်ဖြတ်တာတွေ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဖြိုခွင်းခံရတာ၊ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သေဆုံးမှုတွေ စာရင်း တော်တော်များများ ရရှိထားပါတယ်။ နောက်တခုက နှိပ်စက်ညှင်းပမ်းမှုပါ။ ဖမ်းဆီးနေတဲ့ ကာလအတွင်းမှာ နှိပ်စက်ညှဉ်းပမ်းမှု၊ စစ်ကြောရေး ကာလမှာ နှိပ်စက်ညှဉ်းပမ်းမှု၊ စစ်ဆေးနေတဲ့ ကာလ ထောင်ထဲမှာ ညှဉ်းပန်းမှု ဒီအကြောင်းအရာတွေ အများကြီး ရရှိပါတယ်။ နောက်တခုကတော့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လေကြောင်းကနေ တိုက်ပွဲအပါအဝင် ပြည်သူလူထုအပေါ်မှာ ဗုံးကြဲတဲ့ကိစ္စ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လုံးဝ မရဘဲနဲ့ ပြည်တွင်းမှာ လှည့်လည်နေထိုင်ရတဲ့ ကိစ္စတွေ တော်တော်များများ ကတော့ ရရှိထားပါပြီ။ ဒီလိုမျိုး ချိုးဖောက်မှုတွေက တိုင်းရင်းသားတွေတင် မကဘဲနဲ့ အမျိုးသမီးတွေ အပေါ်မှာ ကလေး ငယ်တွေ အပေါ်မှာ ပိုမိုပြီးတော့ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း တော်တော်များများ စုဆောင်း ပြီးထားပါပြီ။
မေး ။ ။ အမျိုးသမီးတွေအပေါ်မှာ အခွင့်အရေး ချိုးဖောက်မှုတွေက ဘယ်လောက်အထိ ပြင်းထန်တယ်လို့ သုံးသပ်လို့ ရမလဲ။
ဖြေ ။ ။ အမျိုးသမီးတွေ အပေါ်မှာ ကာယအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်တာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ စော်ကားခြင်းက သာမန်လူ့အခွင့်အရေး ကိစ္စ ချိုးဖောက်မှုတောင် မဟုတ်တော့ပါဘူး။ အမျိုးသမီး ဖြစ်တည်မှုအပေါ်မှာ အခြေခံပြီးတော့ အကြမ်းဖက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ NUG မှာရှိတဲ့ အမျိုးသမီး လူငယ်နဲ့ ကလေးအခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း ဒါကို သက်သေခံ ထွက်ဆိုချက်တွေ လုပ်နေတယ်။ အချက်အလက်တွေ ကောက်ယူနေတယ်။ ဒါကို ရပ်တန့်ဖို့အတွက်လည်း လှုံ့ဆော်မှုတွေ လုပ်နေပါပြီ။
ကျနော်တို့အနေနဲ့ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန ၂ ခု ပူးပေါင်းပြီးတော့ ဒါတွေကို အမြန်ဆုံး ရပ်တန့်ဖို့။ ဒါနဲ့ပတ်သက် ပြီးတော့ သတိထားနိုင်မယ့်၊ ရှောင်ရှားနိုင်မယ့် လမ်းညွှန်ချက်တွေချဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအားလုံး၊ ခွဲခြားဖိနှိပ်မှုအားလုံး ပ ပျောက်ရေးဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားတယ်။
နောက်တခုက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးအရာရှိလည်း ရှိနေတယ်။ ဒီအချက်တွေကို ကမ္ဘာကသိအောင်၊ ကမ္ဘာက သိရုံတင်မကဘဲနဲ့ အမြန်ဆုံး ဒီကိစ္စနဲ့ ပတ်သက်လို့ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့အတွက် ကျနော် ဆက်လက်လုပ်ဆောင်သွားပါမယ်။
You may also like these stories:
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ
အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ