အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အသက် ၈၀ ကျော်ပြီဖြစ်သည့် ဝါရင့် မွန်နိုင်ငံရေးသမား နိုင်သုဝဏ္ဏ အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း မေလ ၃ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာနိုင်ငံသည် ယခင် စစ်အစိုးရ အဆက်ဆက်ကတည်းက ဖိနှိပ်ခံလာရသည့် အလုပ်သမားပြဿနာသည် အရပ်သား အစိုးရ ၂ ဆက်အတွင်းမှာလည်း အပြည့်အဝ ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ ကိုဗစ် ၁၉ ကပ်ရောဂါ ဂယက်ကြောင့် အခြေအနေပိုဆိုးသွားရာမှ စစ်တပ်က အာဏာသိမ်းလိုက်ချိန်တွင် အလုပ်လက်မဲ့ဘဝများပါဖြစ်ကုန်ကြသည်။
ထိုအခြေအနေများအပါအဝင် ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေများကို မည်သို့ ဖြေရှင်းမည်ဆိုသည်ကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ဝန်ကြီး အနေနဲ့ ပထမဆုံး လုပ်မှာက ဘာဖြစ်မလဲ။
ဖြေ ။ ။ ကျနော်တို့ တိုင်းပြည်ကြီးဟာ CDM မှာ ဝန်ထမ်းတွေအများကြီးပါနေတယ်။ ဝန်ထမ်းဆိုတာ အလုပ်သမားပေါ့။ ကာယလုပ်သား၊ ဉာဏလုပ်သားတွေပေါ့။ အောက်ခြေဝန်ထမ်းတွေလည်း အများကြီးပါနေတယ်။ ဒါတွေလည်း အလုပ်သမားတွေပေါ့။ ဒီပုဂ္ဂိုလ်တွေရဲ့ လတ်တလောအခြေအနေအရ ရှေ့တန်းမှာပါနေတဲ့ ဝန်ထမ်းတွေ သူတို့တွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုအတွက်ရော မြန်မာပြည်ရဲ့ မကြုံဖူးတဲ့ ဒုက္ခဆင်းရဲတွေကို ဝေမျှပေးဖို့ အတွက်ရော ဖြစ်တော့ သူတို့ရဲ့ အခြေအနေတွေကို အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ဦးစားပေးပြီးတော့ CDM မှာပါဝင်ဦးစီးနေတာရော Gen-Z တွေအတွက်ရော ကျနော်တို့က ပထမဦးစားပေး အားပေးရမယ်။ ထောက်ခံရမယ်။ ရှာကြံရမယ်။ သူတို့စားဝတ်နေရေးအတွက် ပထမဦးစားပေးလုပ်ရလိမ့်မယ်လို့ သန္နိဋ္ဌာန်ချထားတယ်။
မေး ။ ။ CDM တွေကို ဦးစားပေးဖြေရှင်းသွားမယ်ဆိုတော့ ဘယ်လိုမျိုးတွေ ကိုင်တွယ်သွားမလဲ။
ဖြေ ။ ။ ဝန်ကြီးဌာနတခုဖြစ်လာပြီဆိုတော့ လုပ်ငန်းပိုင်းအရ မဟာဗျူဟာတို့ နည်းဗျူဟာတို့ ရေးနေတုန်းရှိသေးတယ်။ သီအိုရီအရလုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ရေးနေတုန်း ပြုစုနေတုန်းပဲ။ နည်းဗျူဟာအရချရမှာကတော့ လုပ်ငန်းပိုင်း အရအများကြီးပေါ့။ သူတို့အတွက် အာမခံချက်ပေးနိုင်ဖို့ရာ အရင်ဆုံးစဉ်းစားတာဖြစ်တယ်။ CDM တွေရဲ့ အရေး ကိစ္စကတော့ ပထမဆုံးဦးစားပေးရည်ရွယ်ချက်ပဲ။ ဘာဖြစ်လို့လဲဆိုရင် CDM လို့ပြောလိုက်တဲ့အခါကျရင် လက်ရှိအင်မတန်ရက်စက်ကြမ်းကြုတ်နေတဲ့ စစ်အစိုးရကျရှုံးဖို့အတွက်ကိုလည်းပဲ သူတို့ကအတိုက်အခံတခုဖြစ်တယ်။ ကျနော်တို့ဖွဲ့လိုက်တဲ့ NUG ဟာလည်းပဲ CDM ကို ဘယ်လိုပံ့ပိုးရမလဲဆိုပြီး အုပ်ချုပ်ရေးပိုင်းတွေ ဖွဲ့ချလိုက်ပြီးတော့ CDM တွေကို ပထမဆုံး ဦးစားပေးဖို့လုပ်နေတယ်။
မေး ။ ။ CDM လုပ်တဲ့သူတွေကို ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ခြိမ်းခြောက်ခံနေရတယ်။ CDM သမားတွေက သူတို့ CDM မအောင်မြင်မှာစိုးလို့ အလုပ်ထွက်လိုက်တာမျိုးတွေရှိတယ်။ ဝန်ကြီးတို့အနေနဲ့ ဒီအခက်အခဲကို ဘယ်လိုအကြံပေးချင်လဲ။
ဖြေ ။ ။ ကျနော်တို့ အလုပ်သမားဝန်ကြီးဌာနတခုထဲမဟုတ်ဘူး။ တခြားဝန်ကြီးဌာနတွေလည်းပါတယ်။ CDM ထိန်းသိမ်းရေးကော်မတီဆိုပြီးတော့ ဖွဲ့စည်းလိုက်တယ်။ ဌာနပေါင်းစုံပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေက တဖြည်းဖြည်း လာပါမယ်။ ကောင်စီကလည်းဖမ်းနေတယ်။ အလုပ်သွားလို့လည်းမရဘူး။ တနေ့လုပ်တနေ့စားတွေကလည်း အများကြီးရှိနေတယ်။ အိမ်ငှားနေရတယ်။ လူကလည်း လခမရတော့ ဟိုဘက်ဒီဘက် အကြပ်အတည်းတွေက အများကြီးဖြစ်လာတယ်။ ဒါတွေကိုထည့်စဉ်းစားပါတယ်။
မေး ။ ။ CDM ထိန်းသိမ်းရေးကော်မတီကို ဘယ်တုန်းက ဖွဲ့စည်းလိုက်တာလဲ။
ဖြေ ။ ။ မေ ၄ ရက်နေ့ကပဲ။ NUG အစိုးရက တပတ်တခါတွေ့ကြတယ်။ ဆွေးနွေးကြတယ်။ စဉ်းစားတိုင်း ဆွေးနွေးတိုင်း CDM ကို ပထမဆုံးစဉ်းစားနေတဲ့ကာလလည်းဖြစ်တယ်။ ဝန်ကြီးဌာနအကုန်လုံးလည်းပါတယ်။
မေး ။ ။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ ပြဿနာဟာ မကြာခင်မှာ နိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်က ဆင်းရဲသွားနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီရင်ခံစာမှာတွေ့ရပါတယ်။ ဆိုတော့ ဒီအတွက်ရော ဘာတွေလုပ်ဖို့ရှိပါသလဲ။
ဖြေ ။ ။ ဒီလိုအခြေအနေမှာ ကြပ်ကြပ်တည်းတည်းဖြစ်နိုင်တဲ့အခါ အဲ့လိုအခြေအနေမျိုးတွေမှာ ရုန်းထွက်နိုင်အောင် လေးလေးနက်နက်စဉ်းစားရတာပေါ့။ ဒါကြောင့်မို့လို့ ကော်မတီမှာ ဝန်ကြီးဌာနပေါင်းစုံပါတယ်လေ။ တခုကမသိရင် ကျန်ဌာနတွေက သိရလေအောင် CDM ကူညီစောင့်ရှောက်ရေး လုပ်ငန်းအခြေအနေတိုးတက်ရလေအောင် ဖွဲ့စည်းထားတဲ့ကော်မတီပါ။ အားလုံး စီစဉ်ထားတယ်။
မေး ။ ။ ဒါဆို CDM ထိန်းသိမ်းရေးကော်မတီကို ဘယ်တော့အကောင်အထည်ဖော်မလဲ။
ဖြေ ။ ။ အခုက ဖွဲ့နေတုန်း ရှိသေးတော့ အတိအကျတော့မပြောနိုင်သေးဘူး။ အမြန်အလျင်စလိုလုပ်မယ်။ ဒါကတော့ နံပါတ်တစ်ပဲ။ မှန်တဲ့တိုက်ပွဲဟာ သေတပန် သက်တဆုံး မရမခြင်းသွားရမှာ။ တိုက်ပွဲဟာ အဲ့လောက်ထိမကြာနိုင်ဘူး။ လပိုင်းလောက်ပဲကြာနိုင်မယ်။
မေး ။ ။ CDM တွေအတွက် ဘယ်လိုအာမခံချက်မျိုးပေးချင်ပါသလဲ။
ဖြေ ။ ။ နှစ်နဲ့မကြာနိုင်ဘူးလို့ သတ်မှတ်ထားတယ်။ မလျှော့တမ်းဆက်လက်တိုက်ပွဲကို သွားရမယ်ဆိုတာကို တိုက်တွန်းချင်တယ်။
မေး ။ ။ ဘာများဖြည့်စွက်ပြီးပြောချင်ပါသလဲ။
ဖြေ ။ ။ အခုက အလွှာပေါင်းစုံပေါ့။ Generation Z အထိ လုပ်ကိုင်နေကြတယ်။ ကျနော်တို့တွေအနေနဲ့ ဝန်ကြီးတွေဖြစ်တယ်။ သူတို့တောင်လုပ်နိုင်သေးတယ်ဆို ကျနော်တို့ကလည်း CDM နဲ့ပူးပေါင်းပြီး ဓမ္မနဲ့ အဓမ္မတိုက်ခိုက်ရေးမှာ အဓမ္မက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ဓမ္မဖြစ်တဲ့အတွက် သေတပန်သက်တဆုံး အမြဲတမ်းကြိုးစားပြီး သွားရမယ်လို့ သန္နိဋ္ဌာန်ချထားပြီးသားပါ။
You may also like these stories:
တမူးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရ၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး
ထီးလင်းမြို့နယ်တွင် ပြည်သူနှင့် အာဏာသိမ်းတပ် အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေ