ရန်ကုန်တိုင်း၊ တွံတေးမြို့သို့ ရောက်ရှိနေသည့် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၊ ပစ္စည်းထိန်းဌာနမှ ရေတပ်သား ၂ ဦးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF – တွံတေးနှင့် ဆက်သွယ်လာရာ PDF တွံတေး အဖွဲ့ဝင်များက ၎င်းတို့အား တပ်စွဲထားသည့်နေရာမှ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ စစ်တပ်မှ ရာထူးအဆင့်အမျိုးမျိုး CDM လုပ်ဆောင်လာမှုများ ရှိနေသော်လည်း သတင်းအမှောင်ချခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း စသည်တို့ကြောင့် တပ်သားအဆင့်ဖြင့် CDM လုပ်ဆောင်မှုမှာ အ လွန်နည်းပါးသည်။
အဆိုပါ ရေတပ်သား ၂ ဦးကို ၎င်းတို့ CDM ပြုလုပ်ရသည့် အကြောင်းရင်း၊ လက်ရှိ အခြေအနေများအပေါ် ၎င်းတို့၏ သဘောထား၊ ခံယူချက်များ အပါအဝင် တပ်တွင်းအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းထား ပါသည်။
မေး ။ ။ CDM ဘာကြောင့် လုပ်ဖြစ်တာလဲ။
ဖြေ ။ ။ CDM လုပ်တယ်ဆိုတာ စစ်တပ်က ပြည်သူတွေအပေါ် မတရား အနိုင်ကျင့်တာကို ကျနော်တို့ မြင်တွေ့နေရတော့ ဥပမာ ကိစ္စတခုခု ဖြစ်ပြီဆိုရင် ဖြစ်တဲ့ပတ်ဝန်းကျင် အနီးအနားတဝိုက်က လူတွေအကုန်လုံးကို ဆွဲပြီးတော့ ဖမ်းတယ်။ ဖမ်း ပြီးတော့ လုပ်တဲ့လူ ဟုတ်လား၊ မဟုတ်လား မသေချာဘဲနဲ့ ရိုက်နှက်တယ်။ ရိုက်နှက်တဲ့အချိန် မြင်တွေ့နေရတော့ စိတ်ထဲ မကောင်းဘူးပေါ့။ ပြီးတော့ ကျနော်တို့ ယူနီဖောင်း ဝတ်ထားတဲ့အချိန်။ နှိပ်စက်တဲ့အချိန်မှာ ကျနော်တို့ လုံးဝ မနှိပ်စက်ခဲ့ ဘူး။ ရိုက်နှက်တာတွေဘာတွေ မလုပ်ခဲ့ဘူး။ ဒါပေမယ့် ကျနော်တို့ ယူနီဖောင်း ဝတ်ထားတဲ့အချိန်မှာ ကြည့်တဲ့အကြည့်တွေ က ရွံရှာတဲ့ အကြည့်တွေနဲ့ ကြည့်တယ်။ အဲဒီလို အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး။ အဲဒါကြောင့်မလို့ ကျနော်တို့ CDM လုပ်တာပါ။
မေး ။ ။ စစ်အာဏာသိမ်းမှုအပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အာဏာသိမ်းတာက ဓမ္မနဲ့ အဓမ္မ အားပြိုင်နေတယ်ပေါ့။ ဓမ္မကို အဓမ္မက အုပ်မိုးပြီး ရုန်းထွက်နေတယ်လို့ ထင်ပါ တယ်။ အာဏာသိမ်းပြီးတော့မှ မနက် ၈ နာရီ တန်းစီးပြီးမှ ကျနော်တို့လည်း အာဏာသိမ်းတာကို သိတယ်။ တပ်ထဲမှာ ကိုယ့်အလုပ်တွေ လုပ်နေတုန်း တပ်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူလိုက်ပြီဆိုပြီး လာပြောတော့မှ သိရတာပေါ့။ စကားလုံးလှအောင်လို့ အာဏာထိန်းတယ်ဆိုပြီး ပြောတာပေါ့။ အာဏာထိန်းတယ်ဆိုပြီး အခု လက်ရှိမှာတော့ အာဏာ သိမ်းပစ်လိုက်တာပေါ့။
စစသိချင်းမှာ ရင်ထဲမှာ မကောင်းဘူး။ အာဏာထိန်းတယ်ဆိုတော့ ရိုးရိုးပဲ ထိန်းမယ်လို့ ထင်လိုက်တာပေါ့။ လက်တွေ့မှာ ဖြစ်ပျက်နေတာတွေက အဲဒီ ခေါင်းစဉ်ကြီးကိုတပ်ပြီး ပြည်သူတွေက ကိုယ့်ရင်ထဲရှိတာ ကိုယ်ဆန္ဒပြတယ်၊ လူစုတဲ့လူတွေ ကို ဆွဲခေါ်ရိုက်နှက်ပြီးတော့ မေးမြန်းတယ်၊ ညှဉ်းပန်းနှိပ်စက်တာတွေကို ကိုယ်တွေ လက်တွေ့မှာ မြင်နေရတာ။ ကိုယ့်မျက် စိရှေ့မှာ မြင်နေရတာတွေကို မတရားဘူးလို့ထင်လို့ CDM လုပ်ဖို့အတွက်ကို စိတ်အားထက်သန်သွားတာပေါ့။
မေး ။ ။ ဒီတော်လှန်ရေးအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ပြည်သူတွေကတော့ လူ့အခွင့်အရေးဆိုတာ ရှိတာပဲ။ သူတို့ လိုချင်တဲ့အရာကို ဆန္ဒဖော်ထုတ်တယ်။ ဆန္ဒဖော် ထုတ်တဲ့ အပေါ်မှာမှ စစ်သားတွေက ကိုယ်တွေမြင်တွေ့နေရတာက ထိန်းထိန်းသိမ်းသိမ်း မလုပ်ဘဲနဲ့ မတရား အဓမ္မ ညှဉ်း ပန်း နှိပ်စက်တာတွေ တွေနေရတယ်။ ညှဉ်းပန်းနှိပ်စက်ရုံတင်မကဘဲ သေနတ်နဲ့ ပစ်သတ်တာတွေ မြင်တွေ့နေရတယ်။ မတရားဘူးပေါ့။
မေး ။ ။ တပ်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ တပ်တွင်းမှာကတော့ ကျနော်တို့ မြင်ရသလောက်ကတော့ လက်မခံတဲ့လူက ရှိတယ်။ ဒါပေမယ့် တပ်ထဲမှာ မိသားစုတွေရှိနေတော့ သူတို့ထွက်ပေါက်ကို လုံးဝ ပိတ်ထားသလို ဖြစ်နေတာ။ မိသားစု အနှောင်အဖွဲ့တွေကြားထဲမှာ ပိတ်မိနေသလို ဖြစ်နေတာ။ မတရားမှန်းတော့ သိတယ်။ ဒါပေမယ့် သူတို့ရုန်းထွက်လို့ မရဘူး။ သူတို့ရင်ထဲက မပါဘူး။ အမိန့်တွေကို မလွန်ဆန်နိုင်လို့သာ ဆက်လုပ်နေတာ။
အဲဒီအမိန့်တွေရဲ့ နောက်ကွယ်မှာ သူတို့ မိသားစုတွေရှိတယ်၊ ကလေးတွေ ရှိတယ်။ သူတို့တခုခု လုပ်လိုက်ခြင်းအားဖြင့် အဲဒီကလေးတွေ၊ မိသားစုတွေ ဒုက္ခရောက်မယ်။ အဲဒီအမိန့်ကို ဆက်မလုပ်ဘူးဆိုရင် ဖိနှိပ်မှုနဲ့ ဒုက္ခရောက်ဖို့ လမ်းကြောင်း ပိုများတာပေါ့။ ခြိမ်းခြောက်မှုကတော့ ရှိတာပေါ့။ CDM လုပ်ရင် မင်းမိသားစုတွေ ဘယ်လိုဖြစ်မယ်၊ မင်းဘယ်လိုဖြစ်မယ်ဆို တဲ့ ခြိမ်းခြောက်မှုကတော့ ရှိပါတယ်။
မေး ။ ။ အပေါ်မှာဖြေခဲ့သလို ဖိအားပေးမှုနဲ့ အကြောက်တရားပေါ့။ နောက်တချက်က မက်လုံးပေးထားတာတွေရော ရှိနေလား။
ဖြေ ။ ။ အဲဒီလိုကတော့ မရှိပါဘူး။ အကြီးပိုင်းတွေကတော့ ကျနော်မသိဘူး။ အငယ်ပိုင်းတွေကတော့ အမိန့်နဲ့ပဲ သွားနေ တာ။ ဒါကြီးက မတရားမှန်း သူတို့လည်း သိပါတယ်။ အရာရှိတွေဆိုတာ ပညာတတ်တွေများတယ်။ မတရားမှန်းတော့ သိ တယ်။ ဒါပေမယ့် သူတို့ရာထူးတွေကို ဖက်တွယ်နေတဲ့အချိန်မှာ မလုပ်နိုင်တာ ရုန်းမထွက်တာပေါ့။
မေး ။ ။ တပ်တွင်းမှာ စည်းကမ်းတင်းကျပ်မှုတွေ အရင်ထက် လုပ်လာတယ်ဆိုပြီး အပြင်မှာ ကြားသိနေရတယ်။ အဲဒါ ဟုတ်ပါသလား။ ဟုတ်တယ်ဆိုရင် ဘယ်လိုအချက်တွေကို ပိုတင်းကြပ်လာတာပါလဲ။
ဖြေ ။ ။ လစာကတော့ပေးပါတယ်။ ခါတိုင်းဆိုရင် ဂျူတီက ၂ နာရီ စောင့်ရရင် အခုဆို ၄ နာရီတွေဘာတွေ ဖြစ်သွား တယ်။ သွားတာလာတွေ တပ်ထဲက မထွက်ရဘူး။ တပ်ထဲကနေ အပြင်ကိုမသွားရဘူးပေါ့။ တပ်ထဲမှာ နည်းနည်းတင်း ကြပ်သွားတာပေါ့။
မေး ။ ။ လက်ရှိတိုက်ပွဲတွေရဲ့ အခြေအနေကိုရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာ တော်လှန်နေတဲ့ အချိန်မှာ တခုတည်းချွန်ထွက်ပြီးတော့ တိုက်လို့မရဘူး။ ဥပမာ မင်းတပ်မြို့ကိုပဲ ကြည့်လိုက်။ မင်းတပ်မြို့ချွန်ထွက်ပြီး တိုက်တဲ့အချိန်မှာ သူတို့အဖိခံလိုက်ရတယ်ပေါ့။ တကယ်လို့ တော် လှန်မယ်ဆိုရင် အကုန်လုံးပေါင်းပြီးတော့ ရက်တခု သတ်မှတ်ပြီး တော်လှန်တာက ပိုကောင်းမှာပေါ့။ အဲဒါမှပဲ တမြို့တည်း ကို ကွက်ပြီးတော့ ဖိလို့မရအောင်။ ဒီမြို့က ကြမ်းတယ်ဆိုရင် ဒီမြို့ကိုပဲ ဖိတာ။ ဒီမြို့ကိုဖိလို့ နိုင်သွားမှလည်း တနိုင်ငံလုံးက ငြိမ်သွားမှာပေါ့။ တတိုင်းပြည်လုံး တညီတညွတ်တည်းနဲ့ ရက်တခုသတ်မှတ်ပြီး တော်လှန်ရင် ပိုကောင်းတယ်။ ဟိုနားကွက် ကြား ဒီနားကွက်ကြား သွားပြီးလုပ်ရင် စစ်တပ်ဘက်ကပဲ ဖိမယ်။ ဖိရင် ပြည်သူပဲ အထိနာမယ်။ စစ်တပ်ဘက်ကို ထိရောက် မှု သိပ်မရောက်ဘူးပေါ့။ ခံရတာ ပြည်သူပဲခံရမယ်။
မေး ။ ။ တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထုရဲ့ အားနည်းချက်၊ အားသာချက်တွေက ဘာတွေရှိမလဲ။
ဖြေ ။ ။ စစ်တပ်ဘက်ကကျတော့ သူတို့မှာ လက်နက်ရှိတယ်။ သူတို့ကလေ့ကျင့်ထားတဲ့ စစ်သားတွေ ဖြစ်တယ်။ ပြည် သူဘက်ကကျတော့ တတိုင်းပြည်လုံး ကလေးကအစ လူကြီးအဆုံး ရင်တွင်းဆန္ဒတော့ ရှိတယ်။ ဒါပေမယ့် သူတို့က လေ့ ကျင့်ထားတဲ့လူလည်း မဟုတ်ဘူး။ အဲဒီတော့ သူတို့မှာ လက်နက်တခုခု ရလာလို့ လုပ်ရင်တောင် ထိရောက်မှု အရမ်းအား နည်းတယ်။ လေ့ကျင့်ထားတဲ့ လူမဟုတ်တဲ့အတွက် မထိရောက်ဘူးပေါ့။ စစ်အာဏာရှင်အောက်ကနေလွတ်ဖို့ ကလေးက အစ လူကြီးအဆုံး ဆန္ဒတော့ရှိတယ်။ အကြောက်တရားကို ဖယ်ထုတ်ပြီးတော့ တော်လှန်ရမယ်။ ပြည်သူတရပ်လုံးက စစ် တပ်မတရားမှန်းသိတယ်။
မေး ။ ။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကိုရော ဘာပြောချင်လဲ။
ဖြေ ။ ။ အာဏာသိမ်းတာကြီးကတော့ မလုပ်သင့်ဘူး။ အခုအောက်ခြေမှာ ဖြစ်ပျက်နေတာက အရက်သောက်တယ်၊ မူး ယစ်ဆေးဝါးတွေ သုံးစွဲကြတယ်ပေါ့ဗျာ။ အဲဒီလိုမျိုးကိစ္စတွေကို မကိုင်တွယ်နိုင်ဘူး။ လွှတ်ပေးထားသလို ဖြစ်နေတာ။ အဲဒါ ကိုတောင် လူကြီးပိုင်းတွေအနေနဲ့ အဆင့်ဆင့် မကိုင်တွယ်နိုင်တာ မြင်ခဲ့ရတယ်။ အပြင်မှာ အရပ်သား တယောက်အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတာကို မိသွားရင် ထောင်နှစ်ရှည်ကျမယ်ပေါ့။ တပ်ထဲမှာက အချုပ်လေး ၂ ပတ် ကျပြီးတော့ ပြန်လွတ် လာတဲ့ အနေအထား မြင်နေရတယ်။ အဲဒီလို ကိစ္စတွေကိုတောင် လူကြီးပိုင်းတွေအနေနဲ့ မကိုင်တွယ်နိုင်ဘဲနဲ့ နိုင်ငံတော် ကြီး တခုလုံးကို အုပ်ချုပ်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ထင်တယ်။
မေး ။ ။ အောက်ခြေက တပ်သားတွေရဲ့ လစာကနည်းသလို ပိုင်ဆိုင်မှုတွေကလည်း နည်းတယ်။ ဒါပေမယ့် တပ်ရဲ့ ထိပ် ပိုင်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကျတော့ လူအများသိထားတဲ့ အတိုင်းပဲ များလွန်းလှတယ်ပေါ့နော်။ အဲဒီလို အခြေအနေ အပေါ်မှာ တပ်သားတယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
ဖြေ ။ ။ လစာကတော့ ထိပ်ပိုင်းကနေ ဟိုးအောက်ခြေအထိ သတ်မှတ်ထားတဲ့ နှုန်းထားရှိတယ်။ ဒါပေမယ့် အဲဒီ ထိပ် ပိုင်းကို ကြည့်လိုက်ရင်တော့ သတ်မှတ်နှုန်းထားထက် ပိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ လုပ်ငန်းဆောင်တာ၊ တပ်ရဲ့ ရပိုင်ခွင့်အပြင် စီးပွားရေးတွေပါ ထပ်လုပ်တာရှိတယ်ပေါ့ဗျာ။ သူတို့ရပိုင်ခွင့်တွေ အများကြီး ရှိတယ်။ စစ်သား တယောက် ဆိုတာကတော့ အပြင်စီးပွားရေးတွေ ဘာတွေ မရောယှက်စေချင်ဘူး။ စစ်သားတယောက်က စစ်သားတယောက်ရဲ့ လစာပဲ ရရမယ်ဗျာ။ ဘာရာထူးပဲ ဖြစ်နေဖြစ်နေ စစ်သားတယောက်က သူ့ရာထူးနဲ့ တာဝန်ကို ထမ်းဆောင်ပြီး စစ်သားတယောက်ရဲ့ လစာပဲ ရရမယ်။ ဘာရပိုင်ခွင့်မှ မရှိတာ ပိုပြီးတော့ အဆင်ပြေမယ် ထင်တယ်။ အခုဖြစ်တဲ့ကိစ္စကလည်း ရပိုင်ခွင့်တွေ မက်မောပြီးတော့ ဖြစ်လာတဲ့ ပြဿနာတွေလို့ အများဆုံး တွေ့မြင်နေရတယ်။
မေး ။ ။ စစ်တပ်ထဲကို ဘာကြောင့် ဝင်ဖြစ်တာလဲ။ စစ်သားဖြစ်ဖို့ ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ ကျနော်တို့ ငယ်ငယ်တုန်းကမြင်တဲ့ စစ်သားတွေက ပြည်သူတွေက ချစ်တယ်။ မြင်လိုက်တာနဲ့ စစ်သားတွေကို အားကျတယ်။ ကိုယ့်အမြင်မှာတော့ ပြည်သူကလည်း ချစ်တယ်။ အားကျတာပေါ့။ ကိုယ်ဖြစ်ချင်တာကတမျိုး၊ ကိုယ့်ရည် ရွယ်ချက်နဲ့ ကိုယ်ဝင်တာကတမျိုး လက်တွေ့မှာ လုပ်ဆောင်နေတဲ့အရာက တခြားစီတွေ ဖြစ်နေတယ်။ ကိုယ်တွေလည်း မခံချင်ဘူးပေါ့။ အဲဒါကြောင့် စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်တယ်။ ရုန်းထွက်ပြီးတော့ CDM လုပ်မယ် ပြည် သူ့ဘက်က အမြဲတမ်းရပ်တည်မယ်။ အဲဒီလိုမျိုးနဲ့ ကျနော်တို့ ထွက်လာတာ။
မေး ။ ။ အပေါ်ပိုင်းမှာ ပြောခဲ့သလိုပဲ တပ်ထဲမှာ CDM လုပ်ချင်ပေမယ့် မိသားစုတွေကြောင့် မလုပ်နိုင်သေးဘူးဆိုတဲ့ တပ်သားတွေကိုရော ဘာပြောချင်လဲ။
ဖြေ ။ ။ ကြောက်ရွံမှု မရှိဘဲနဲ့ ပြည်သူ့ဘက်က အမြဲရပ်တည်ပေးပါလို့။ အဲဒါမှလည်း တိုင်းပြည်ကြီးက တိုးတက်မှာ၊ ဖွံ့ဖြိုး မှာ။ ကြောက်ရွံမှုရှိပြီးတော့ သူတို့လက်အောက်မှာပဲဆိုရင် ဒုံရင်းကဒုံရင်းပဲ ဖြစ်မှာပဲ။ အတွေးတွေကို တနေရာတည်းမှာ ရပ် တန့်ထားတာမျိုး မဟုတ်ဘဲနဲ့ ဖြန့်ပြီးတွေးစေချင်တယ်။ စစ်တပ်ရဲ့ တာဝန်ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ အုပ်ချုပ်ရေးကို တွဲပြီးတော့ လုပ်လို့မရဘူးဗျ။
You may also like these stories:
လက်ရှိ မြန်မာနိုင်ငံ ပညာရေးအခြေအနေက စိုးရိမ်စရာကောင်းတယ်
အစိုးရနဲ့ ပြည်သူက စစ်သူပုန်ကို နှိမ်နင်းတာဖြစ်တယ်
CDM တွေကို ပထမဆုံး ဦးစားပေးဖို့လုပ်နေတယ်