၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲမသမာမှု စွပ်စွဲချက်တွေနဲ့ ဖျက်သိမ်းဖို့စဉ်းစား လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြီးခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲများ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီလို ပြောဆိုချက်နဲ့ ပတ်သက်လို့ နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ စိုးရိမ်သူတွေ၊ ကန့်ကွက်သူတွေ ရှိနေကြသလို ရွေးကောက်ပွဲ အနိုင်မရတဲ့ ပါတီတွေနဲ့ စစ်ကောင်စီတို့ရဲ့ ဖိနှိပ်မှုသာ ဖြစ်တယ်လို့ ပြောဆိုသူတွေလည်း ရှိနေပါ တယ်။
မြန်မာ့ ရွေးကောက်ပွဲ သမိုင်းမှာ NLD ပါတီဟာ လူထုထောက်ခံမှု အများဆုံးရတဲ့ ပါတီတရပ်ဖြစ်သလို ဝင်ရောက် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲတိုင်းမှာလည်း အနိုင်ရခဲ့တဲ့ ပါတီတခုပဲ ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူတွေရှိနေသရွေ့ NLD ပါတီဟာလည်း ရှိနေမှာဖြစ်တယ်လို့ ယနေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်ချိန်မှာ ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင် အားလုံးနီးပါးကို ဖမ်းဆီးထား ပြီး တချို့ကလည်း ရှောင်တိမ်းနေရတဲ့အချိန်မှာ စစ်ကောင်စီ ခန့်ထားတဲ့ UEC ဘက်က ပါတီကို ဖျက်သိမ်းဖို့ ပြောကြားလာ တာနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးစိုင်းလိတ်
အထွေထွေအတွင်းရေးမှူး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)
မဲမသမာတာ၊ မဲလိမ်မဲခိုးတာ ဆိုတာက ရွေးကောက်ပွဲတိုင်းမှာ အနည်းနဲ့အများတော့ ရှိမှာပဲလေ။ ဒါပေမယ့် အနည်း အကျဉ်း ရှိတယ် ဆိုပေမယ့်လို့ အများအားဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲက မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ နိုင်ငံ တကာကရော၊ ပြည်တွင်း လေ့လာသူတွေကပါ အကဲဖြတ်ထားတာရှိတယ်လေ။ အဲဒီတော့ အားလုံးကို စုခြုံပြီး ပြောရ ရင်တော့ မဲလိမ်မဲခိုး၊ မဲမသမာမှု ပြုခဲ့တယ်ဆိုတာက မဆိုစလောက် ရှိခဲ့တာပါ။ ယေဘူ ယျပြောရရင်တော့ မျှတလွတ်လပ်ပြီး မှန်ကန်တဲ့ရွေးကောက်ပွဲလို့ပဲ သုံးသပ်ပါတယ်။
အဓိက မဲပေးတဲ့ ပြည်သူလူထု ကိုယ်တိုင်က အဲဒီ ပါတီကိုကြိုက်လို့ သူ့ဟာသူ မဲပေးထားတဲ့ကိစ္စကို ခင်ဗျားတို့ ပေးထား တဲ့မဲက တရားမဝင်ဘူး၊ မဲလိမ်မှုတွေ မဲခိုးမှုတွေ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲပြီးတော့မှ တဖက် ပါတီကို ဖျက်သိမ်း လိုက်ရုံနဲ့ လူထုရဲ့ ဆန္ဒကို ဖြိုဖျက်လို့ မရဘူးဗျ။ လူထုရဲ့ ဆန္ဒက ဒီအတိုင်းပဲ ဆက်ရှိနေမှာပဲ။
အဲဒီတော့ NLD ပါတီမရှိဘူးဆိုရုံနဲ့ လူထုရဲ့ဆန္ဒကို သူတို့ဖြိုဖျက်ပစ်နိုင်မှာ မဟုတ်ဘူး။ လူထုသွားချင်တဲ့ လမ်း ကြောင်းကို သူတို့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ရှုမြင်ပါတယ်။
ပါတီစုံဆိုတဲ့ နေရာမှာ သူတို့ချထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်း အားလုံးကို ပါဝင်ခွင့်ပြုရမယ်လေဗျာ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကတော့ သမာသမတ် မရှိဘူးလို့ ယူဆတယ်ဆိုရင် သူတို့ ကိုယ်တိုင်က ဒိုင်အနေနဲ့လာပြီး ရပ်တည်မှာပဲ။ အဲဒီအခါကျရင် ဘယ်ပါတီပဲဖြစ်ဖြစ် လာပြိုင်ခွင့်ပြုရမယ်။ အဲဒါမှသာ ပါတီစုံဆိုတဲ့ သဘောတရား ကို ခြုံငုံမိမှာပေါ့။ ကိုယ်မကြိုက်တဲ့ ပါတီ၊ အနိုင်မရစေချင်တဲ့ ပါတီကို ပယ်ဖျက်ပြီးတော့မှ ကိုယ့်လူတွေချည်းပဲ ပြိုင်တဲ့ ပြိုင်ပွဲမျိုးကတော့ သိက္ခာရှိတဲ့ပြိုင်ပွဲ၊ လူကြားသူကြားထဲမှာ မျက်နှာ ပြဝံ့တဲ့ပြိုင်ပွဲ မဟုတ်ဘူးလို့ မြင် တယ်။
နိုင်ငံတရပ်ကို ထူထောင်တဲ့နေရာမှာ လူထုဆန္ဒကို ကျော်လွန်ပြီးတော့မှ လုပ်ဆောင်တဲ့ ကိစ္စရပ် မှန်သမျှ ဘယ် ဟာမှ အောင်မြင်တဲ့ ထုံးစံ မရှိခဲ့ပါဘူး။ ကျနော်တို့ လူထုနဲ့ တသားတည်းဖြစ်ဖို့အတွက် အားလုံးကြိုးစားဖို့ လိုအပ် တယ်လို့ပဲ ပြောချင်ပါတယ်။
ဦးဖေသန်း
ရခိုင်အမျိုးသားပါတီ(ANP) ၏ ပြောရေးဆိုခွင့်ရှိသူ
တရားဝင် တည်ထောင်ထားတဲ့ ပါတီတရပ်ကို ဖျက်ဖို့ဆိုရင်တော့ ဥပဒေနဲ့ငြိစွန်းရင်တော့ UEC က ဖျက်လို့ရတာပေါ့။ UEC ဘက်က တစုံတရာ အကျိုးအကြောင်း ပြနိုင်ရင်တော့ သူတို့ဘက်က ဖျက်လို့ရတာပေါ့။ အကျိုး အကြောင်းဆိုတာက သူတို့ဘက်က ဒါကို တမင်တကာလုပ်တာ ဟုတ်လား မဟုတ်ဘူးလား ဆိုတာတော့ သမိုင်း ကြောင်းက ပြောသွားမှာပါ။
လုံလောက်တဲ့ အကြောင်းပြချက်ကတော့ လောလောဆယ် ရှိနေတယ်လို့ မြင်ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ ပါတီခေါင်းဆောင်တွေ အကုန်လုံး ထောင်တွေထဲမှာရော၊ နောက်ပြီးတော့ အစိုးရအဖွဲ့ ဖွဲ့ပြီးတော့ အဝေးမှာရော ပြည်တွင်းမှာရော လုပ်နေကြတာတွေ ရှိတယ်ဆိုတော့ သူတို့ကတော့ နိုင်ငံတော် ပုန်ကန်မှုနဲ့ပါ တရားစွဲထားတယ် ဆိုတော့ ဒါကလည်း ဒီလိုဖျက်သိမ်းရမယ့် အကြောင်းအချက်တခုပေါ့။
ဘာပဲပြောပြော ဒီမိုကရေစီလမ်းကြောင်းမှာ တကယ် အင်အားကြီးတဲ့ပါတီတရပ်ကို ဖျက်ပစ်တယ် ဆိုတာက တော့ ကိုယ့်နိုင်ငံရဲ့ သမိုင်းမကောင်းဘူးပေါ့နော်။ ဒါပေမယ့် ဒီနေမှာ သူတို့လက်ထဲမှာ ဥပဒေကရှိနေတဲ့အတွက် ဘယ်လို အကြောင်းကြောင့်နဲ့ ဖျက်မလဲဆိုတာတော့ မကြာခင် သိလာရမှာပေါ့။
UEC ရဲ့ ဆုံးဖြတ်ချက်ကတော့ တခြားပါတီတွေရဲ့ ပြောဆိုချက်ကြောင့်တော့ မဟုတ်ဘူးပေါ့၊ သူ့အကြောင်းပြချက် နဲ့သူတော့ ရှိနေမယ်။ ပါတီတွေက ဘယ်လောက်ပဲ NLD ကို ဖျက်သိမ်းဖို့ပြောပြော UEC က မဖျက်သိမ်းရင်ရတာ ပေါ့။ ဥပဒေနဲ့ ငြိစွန်းလား၊ မငြိစွန်းလားဆိုတာတော့ UEC က သက်သေပြနိုင်ဖို့တော့ လိုတာပေါ့။
ဦးကိုကိုကြီး
ပြည်သူ့ပါတီ ဥက္ကဋ္ဌ
NLD နဲ့ ပတ်သက်ပြီး ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ ပြောတဲ့ဟာက ခြိမ်းခြောက်တာလို့မြင်တယ်။ တကယ်တမ်း မြန်မာပြည် နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကနေ စပြီးတော့ လူထုထောက်ခံမှုရော ဒီမိုကရေစီ လှုပ်ရှားမှု မှာရော NLD ရဲ့ အခန်းကဏ္ဍဟာ အင်မတန် ကြီးပါတယ်။ NLD ကို ဖျက်သိမ်းပစ်မယ်ဆိုရင် ပါတီစုံဒီမိုကရေစီ စနစ်လည်း ပျက်သွားပြီလို့ပဲ ကျနော်က မြင်တယ်။ ဒါကြောင့် NLD ဖျက်သိမ်းမယ်ဆိုတဲ့ ကိစ္စကိုတော့ ကျနော် လုံးဝ ကန့်ကွက်ပါတယ်။
အခုလို ကျဆုံးသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ ထွက်ပြေး တိမ်းရှောင်နေရတာ တွေကြောင့် စစ်တပ်အပေါ်မှာ မကျေနပ်မှု ကြီးမားနေတဲ့အချိန်မှာ NLD ကို ဖျက်လိုက်မယ်ဆိုရင် နိုင်ငံရေးလမ်းကြောင်း မရှိတော့ဘူးဆိုတဲ့ သဘောမျိုး ဖြစ်သွားမယ်။ လူထု ထောက်ခံမှုရှိတဲ့ ပါတီကြီးတွေ ရှိနေတာဟာ နိုင်ငံရေး လမ်းကြောင်းအတွက် မျှော်လင့်စရာ ရှိနေသေးတယ်။ ဒါကို ဖျက်လိုက်ပြီဆိုရင် အခုလူငယ်တွေရဲ့ စိတ်ခံစားမှုအရပြောရင် နိုင်ငံရေး လမ်းကြောင်းကို လုံးဝ အယုံအကြည် မရှိတော့ ဘူးဆိုတဲ့ အခြေအနေကို တွန်းပို့သွားမယ်။
နိုင်ငံရေးလမ်းကြောင်းပေါ်ကို ပြန်ဆွဲတင်ဖို့ လိုတယ်။ နိုင်ငံရေးလမ်းကြောင်းဟာ မျှော်လင့်ချက်ရှိတယ် ဆိုတာကို အထူးသဖြင့် လူငယ်တွေ အပါအဝင် ပြည်သူလူထုကပါ ယုံကြည်မှုရှိလာအောင် ပြန်ကြိုးစားဖို့ လိုတယ်။ အခုဟာက ပြောရရင် ယုံကြည်မှုက တော်တော်ပျက်သွားတဲ့ အခါကျတော့ နိုင်ငံရေးကို မယုံကြည်တော့ဘူး ဆိုရင် အင်မတန် အန္တရာယ်ကြီးတယ်။
ဦးဘိုကြည်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP )
NLD ကို ဖျက်သိမ်းဖို့ကြိုးစားခဲ့တာ အခုမှ မဟုတ်ပါဘူး။ အရင်ခေတ်တွေတုန်းကလည်း ကြိုးစားခဲ့တာပါပဲ။ မအာင်မြင် ခဲ့ပါဘူး။ သို့သော် ဖိနှိပ်မှုပြင်းထန်ခဲ့ရင်တော့ NLD ကနေ ခွဲထွက်ပြီး ပါတီသစ် တည်ထောင်မယ့်သူတွေ ထပ်ထွက်လာ နိုင်ပါတယ်။ သို့သော် အဲဒီပါတီသစ်တွေက နိုင်ငံရေးအရ ပြည်သူ ထောက်ခံတဲ့ ပါတီဖြစ်မလာနိုင် သလို NLD ပါတီက လည်း အချိန်တခု ရောက်တာနဲ့ ပြန်ခေါင်းထောင်လာဦးမှာပါ။ အဲဒီလိုခေါင်းထောင် ထလာခဲ့ တဲ့ သမိုင်းကလည်း ရှိပြီးသား ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ပြည်သူ ရှိနေသရွေ့ NLD ပါတီက ရှိနေဦးမှာပါ။
မဲ မသမာမှု စွပ်စွဲချက်က အာဏာသိမ်းဖို့အတွက် မမှန်တဲ့ အကြောင်းပြချက်ပါ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတဲ့ အဖွဲ့တွေကတော့ စစ်အုပ်စုပြောသလို မဲမသမာမှု ရှိတယ်လို့ လက်မခံကြပါဘူး။
ထိုနည်းတူ မဲပေးခဲ့တဲ့ လူဦးရေ သန်းပေါင်းများစွာကလည်း သူတို့ NLD ကို မဲပေးခဲ့ပါတယ် ဆိုတာကို အာဏာ သိမ်းပြီး ကတည်းက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ စစ်အုပ်စုအနေနဲ့ သတ္တိရှိတယ်ဆိုရင် နိုင်ငံတ ကာ ကြီးကြပ်မှုနဲ့ လူထု ဆန္ဒခံယူပွဲ လုပ်ရဲသလား။ လူထုဆန္ဒခံယူပွဲ လုပ်ပြီး စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူ့ကို ထောက်ခံသလဲ ယှဉ်ကြည့်လိုက်ပါ။
ဦးသန်းစိုးနိုင်
နိုင်ငံရေး လေ့လာသုံးသပ်သူ
NLD ပါတီကို ဖျက်သိမ်းဖို့ သူတို့ပြောလာတာက သိပ်ပြီးတော့ မဆန်းပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ လိုလားတဲ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အာဏာရယူ နိုင်တဲ့ အခြေအနေ မရှိတဲ့အောက်မှာ သူတို့က ရွေးကောက်ပွဲမှာ မဲတွေ လိမ်တယ် အကြောင်းပြပြီး NLD ပါတီကို ဖြုတ်ချဖို့ အာဏာသိမ်းခဲ့တာပဲလေ။ ဒီလို အာဏာသိမ်းလိုက်တယ်ဆိုထဲကိုက အခုမြန်မာပြည်ရဲ့ ရွေးကောက်ပွဲ အခြေအနေ ကလည်း ကျင်းပလိုက်တိုင်း NLD ပါတီက အမြဲတမ်းနိုင်တယ်။ အပြတ်အသတ်၊ သောင်ပြိုကမ်းပြို နိုင်တယ်။ ကြံ့ခိုင် ဖွံ့ဖြိုးရေးဆိုတဲ့ စစ်တပ်က အားကိုးတဲ့ပါတီက တခါမှ အနိုင်မရဘူး။
အဲဒီအောက်မှာ နောက်ဆုံးမှာ မလွဲသာမရှောင်သာ ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအမျိုးမျိုးနဲ့ အာဏာသိမ်းလိုက်တဲ့ အခါကျတော့ နောင်ဆက်လက်ပြီးတော့ စစ်တပ်ကြီးစိုးတဲ့ အင်အားစု၊ ပါတီကပဲ ဒီတိုင်း ပြည်ကို အုပ်ချုပ်သွားရမှာပဲ ဖြစ်တယ်။ NLD လိုပါတီမျိုးကို မြေမြှုပ်သင်္ဂြိုဟ်ပစ်ရမယ်လို့ သူတို့ ဆုံးဖြတ်ထားပုံ ရပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အောက်မှာ NLD ပါတီကို ဖျက်သိမ်းမယ်လို့ ပြောလာတာဟာ သိပ်တော့ မဆန်းပါဘူး။
စစ်တပ်က အာဏာရလာပြီးနောက် NLD ဌာနချုပ်ကို ဝင်ပြီးတော့ စီးတာ ၃ ကြိမ်လောက်ရှိတယ်။ NLD ထိပ်ပိုင်း ခေါင်းဆောင်တွေကို ဖမ်းထားတယ်။ ဒေသဆိုင်ရာ NLD ရုံးတွေကို ဖျက်သိမ်းတယ်၊ ဝင်ရောက် နှောင့်ယှက် တယ်။ NLD နိုင်ငံရေးအင်အားစုတွေကို ဖမ်းဆီးတယ်ဆိုတာ တောက်လျှောက် လုပ်နေတာ။ ဒီလိုအခုမှ ရွေးကောက်ပွဲ ကော်မရှင်က ပြောလာတယ်ဆိုတာက သိပ်တော့ မထူးဆန်းပါဘူး။
နောက်ပြီးတော့ အခုက ဒီမိုကရေစီနိုင်ငံ ထူထောင်နေတာ မဟုတ်ဘူး၊ စစ်အာဏာရှင်စနစ် အောက်မှာ။ အဲဒီတော့ ဒီမိုကရေစီ နည်းမကျတဲ့ နည်းလမ်းတွေ မျိုးစုံ ကျင့်သုံးပြီးတော့ ဒီမိုကရေစီ အင်အားစုတွေကို ကိုယ်စားပြုနေတဲ့ ပါတီတရပ် ဆက်လက်တည်ရှိမှုကို ဖျက်သိမ်းရမှာသူ့အလုပ်ပဲ။
အဲဒါကို မရှက်မကြောက်နဲ့ သူတို့ဖွဲ့စည်းထားတဲ့ UEC ကနေ ထုတ်ပြောသွားတာကတော့ ပြောင်ပြောင်တင်းတင်းကို ဝန်ခံလိုက်တာပဲပေါ့။ ဒီလိုပဲ လုပ်မယ်ဆိုတဲ့အကြောင်းကို။ ကျနော်တို့ လုပ်စရာရှိတာကတော့ ဒီမိုကရေစီပြန်လည်ရရှိရေး ရတဲ့ နည်းနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲ ဝင်သွားဖို့ပဲရှိပါတယ်။
ဆလိုင်းပီပီ
ယာယီအထွေထွေအတွင်းရေးမှူး
ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD)
ပါတီတည်ထောင်ခြင်း၊ လက်ခံခြင်း၊ မှတ်ပုံတင်ခြင်း အားလုံးကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပိုင် ခွင့်ထဲမှာ အားလုံးရှိတယ်ပေါ့နော်။ အဲဒါကြောင့် ဖျက်တာ၊ လက်ခံတာ အားလုံးက သူတို့လက်ထဲမှာပဲ ရှိပါတယ်။ နိုင်ငံရေး အခြေအနေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပပြီးသွားပြီ။ NLD က အများဆုံး အနိုင်ရရှိတာပါ။ ဆိုတော့ NLD လွှတ်တော် ကိုယ်စားလှယ်များသည် တရားဝင်လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တယ်ပေါ့နော်။
ပါတီ မဖျက်သိမ်းသရွေ့ကတော့ ဒီသဘောတရားကတော့ ဥပဒေကြောင်းအရ ရှိနေမယ်။ သို့သော် တဖက်မှာ ပြန် စဉ်းစားရမှာကတော့ UEC က ပါတီကို ဖျက်သိမ်းလိုက်ရင် ဖွဲ့စည်းပုံအရ ပါတီက မတည်ရှိတော့ဘူးပေါ့။
ဒါပေမယ့် နိုင်ငံရေးအခြေအနေမှာ ပြန်ကြည့်ရင် NLD ပါတီကို ဖျက်သိမ်းလိုက်ရင်လည်း ပါတီအဖွဲ့အစည်း နာမည်ကိုပဲ ဖျက်သိမ်းတဲ့သဘောပဲဖြစ်မယ်။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့အရာကိုတော့ လုံးဝလုံးဝ ဖျက်သိမ်းလို့ မရဘူး ဆိုတာ အားလုံး သိပြီးသားပါပဲ။
NLD ကိုဖျက်သိမ်းလိုက်ရင် အနာဂတ်မှာ ပိုရှုပ်ထွေးလာမယ့် သဘောတရားတော့ ရှိတယ်။ အဓိကတော့ လူငယ် တွေရဲ့ နိုင်ငံအခန်းကဏ္ဍ၊ နိုင်ငံရေးစိတ်ဝင်စားမှုက ပိုတောင်မှ အားကောင်းလာပါလိမ့်မယ်။ တကမာ္ဘလုံး နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ဖိနှိပ်မှုများလေလေ၊ တားဆီးမှုများလေလေ နိုင်ငံရေး စိတ်ဓာတ်က ပိုပြီးတော့ ပြင်းထန် လာလေလေပါပဲ။ ပိုပြီးတော့ အသက်ရှင်သွားပါလိမ့်မယ်။ ဒါကြောင့် ကျနော်ကတော့ လုံးဝ ယုံကြည်ပါတယ်။ လူငယ်တွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အားကောင်းလိမ့်မယ်၊ ရှင်သန်လာပါလိမ့်မယ်။
You may also like these stories:
ပြည်သူအတွက် NLD ပါတီ ဆက်ရှိနေမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
စစ်ကောင်စီကို တပြိုင်တည်း ဝိုင်းတိုက်ခိုက်ရန် ဒီးမော့ဆို PDF တိုက်တွန်း
NLD ပါတီကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီ ကော်မရှင်ပြော