အောင်မြင်တဲ့ အနုပညာရှင်ဘဝကို စွန့်လွှတ်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နိုင်ဖို့အတွက် တောတောင်ထဲမှာ စစ်ပညာတွေကို ခက်ခက်ခဲခဲ သင်ကြားနေတဲ့ မော်ဒယ် သရုပ်ဆောင် ထားထက်ထက်ရဲ့ ပုံရိပ်တွေ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီလို ပုံရိပ်တွေကြောင့် မြန်မာနိုင်ငံက သူကိုချစ်တဲ့ ပရိတ်သတ်တွေသာမက အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာ ကပါ သူမရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြု ချီးကျူးခဲ့ကြပါတယ်။
စစ်ကောင်စီက ထားထက်ထက် ကို ပုဒ်မ ၅၀၅- က နဲ့ အမှုဖွင့်ထားပါတယ်။
ထားထက်ထက်ရဲ့ တောတွင်း အတွေ့အကြုံတွေနဲ့ နွေဦးတော်လှန်ရေး အပေါ် သူရဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ မထားထက်ထက် အနေနဲ့ အာဏာသိမ်းမှု မဖြစ်ခင်က အောင်မြင်တဲ့ အနုပညာရှင် တယောက်အဖြစ် ရပ်တည် ခဲ့တယ်။ အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ်က ကိုယ့်ရဲ့ အောင်မြင်မှုတွေ အနာဂတ်တွေကို ဘယ်လို ရိုက်ခတ်မှု ဖြစ်သွားခဲ့လဲ။
ဖြေ။ ။ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရသူတွေ၊ သေဆုံးသွားရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ ဆုံးရှုံးမှုတွေ၊ အနာဂတ် ပျောက်ရတာတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်မရဲ့ ဆုံးရှုံးမှုတွေက မပြောပလောက်ပါဘူး။
မေး။ ။ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ GEN Z တယောက်အနေနဲ့ ဘယ်လို အခန်းကဏ္ဍ တွေကနေ လှုပ်ရှားခဲ့လဲ။
ဖြေ။ ။ ဖေဖော်ဝါရီလ ၆ ရက်ကစလို့ အပြင်ထွက် ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်။ တဦးထဲလည်း လုပ်ခဲ့သလို အဖွဲ့အစည်းတွေ နဲ့လည်း ပါဝင်ခဲ့တယ်။ သပိတ်စုံနီးပါး နေရာစုံရောက်ပြီး ပါဝင်ဆန္ဒပြခဲ့သလို ကူညီထောက်ပံ့တာတွေလဲ အထိုက် အလျောက် လုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ Gen Z အနေနဲ့တော့ မဟုတ်ပါဘူး။ မတရားမှုကို လက်မခံနိုင်တဲ့ ပြည်သူတဦး အနေနဲ့ပါ။
မေး။ ။ အဲဒီလို လှုပ်ရှားမှုတွေကြောင့် ခြိမ်းခြောက်မှုတွေ ခံခဲ့ရလား။ အဲဒီကာလတွေမှာ နေ့စဉ် ဘယ်လိုဖြတ်သန်းခဲ့ရလဲ။
ဖြေ။ ။ အဲဒီလို လှုပ်ရှားမှုတွေကြောင့် အွန်လိုင်းပေါ်ကနေ ကျွန်မရဲ့ page မှာ ခြိမ်းခြောက်တာတွေ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ နေ့စဉ်နီးပါးကတော့ ဘယ်အချိန်များ လာဖမ်းမလဲ၊ ဘယ်အချိန်များ အနိုင်ကျင့် နှိပ်စက်ခံရမလဲ ဆိုပြီး အကြောက်တရားနဲ့ ဖြတ်သန်းနေခဲ့ရပါတယ်။
မေး။ ။ လက်ရှိမှာ အောင်မြင်တဲ့ အနုပညာရှင် ဘဝကနေ တောတောင်ထဲမှာ စစ်ပညာတွေ လေ့လာသင်ယူနေတယ်လို့ သိရပါတယ်။ ဘယ်လိုစိတ်နဲ့ သင်ယူနေတာလဲ။ ဘယ်လို အခက်အခဲတွေ ရှိလဲ။
ဖြေ။ ။ နေ့စဉ် အကြောက်တရားနဲ့ မဖြတ်သန်းချင်သလို ကျွန်မတို့ မျိုးဆက်ရော၊ နောက်မျိုးဆက်တွေပါ အကြောက်တရား၊ ဖိနှိပ်ခံရမှုတွေနဲ့ မရှင်သန်လိုတဲ့ စိတ်နဲ့ လေ့လာ သင်ယူနေပါတယ်။ အခက်အခဲတွေတော့ ရှိပါ တယ်။ ကြုံရတဲ့ အခက်အခဲ တွေနဲ့ အတွေ့အကြုံတွေကိုတော့ အခုချိန်မှာ ကြိုးစားကျော်ဖြတ်နေဆဲမို့ အချိန်တခုမှာ သေချာလေး ပြန်လည် မျှဝေပေးချင် ပါတယ်။
မေး။ ။ GEN Z တစ်ယောက်အနေနဲ့ CRPH နဲ့ NUG အပေါ် ဘယ်လိုမျှော်လင့်ချက်တွေ ရှိနေလဲ။
ဖြေ။ ။ လုပ်ဆောင်နေတဲ့ အရာတွေ အကုန်လုံး အမြန်ဆုံး အဆင်ပြေပြီး၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့နဲ့ EAOs တွေအတွက် လက်နက်ခဲယမ်း ထောက်ပံ့မှုတွေ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။
မေး။ ။ ရှေ့ဆက်ပြီးတော့ရော ဘာတွေ လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားလဲ။
ဖြေ။ ။ စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီရဖို့အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမှာပါ။
မေး။ ။ မီဒီယာတွေမှာရော ဆိုရှယ်မီဒီယာတွေမှာပါ ကိုယ့်ရုပ်က ပါလာပြီဆိုတော့ ပြည်တွင်းမှာ ပြန်လှုပ်ရှားဖို့က အခက်အခဲတွေရှိနေပြီ။ ဆိုတော့ ဘယ်လို ဆက်လှုပ်ရှားမယ်လို့ ပြင်ထားလဲ။
ဖြေ။ ။ ဘယ်လိုဆက်လှုပ်ရှားမယ် ဆိုတာကတော့ ပြောပြဖို့ မလွယ်ကူတဲ့အတွက် မဖြေပါရစေနဲ့။
မေး။ ။ မြန်မာအသိုင်းအဝိုင်း အများစုရဲ့ အမြင်မှာ အနုပညာရှင် မိန်းကလေး တယောက်ဟာ သေနတ်ကိုင် တိုက်မယ်လို့ မြင်ကြသူ နည်းပါလိမ့်မယ်။ မထားထက်ထက်က ဒီအမြင်တွေကို တစုံတရာ ပြောင်းလဲစေနိုင်မယ်လို့ ထင်ပါသလား။
ဖြေ။ ။ တစုံတရာ ပြောင်းလဲစေနိုင်မယ် ဆိုတာကတော့ ကျွန်မအနေနဲ့ မခန့်မှန်းနိုင်ပါဘူး။ ကျွန်မ ရလိုက်တာ တခုကတော့ ဆန့်ကျင်တော်လှန်နေကြသူတွေအတွက် အားတက်စရာ ခွန်အားတခု ဖြစ်သွားခဲ့တာရယ်၊ ကျွန်မတို့ မြန်မာတွေ သွေးမအေး ပါဘူး၊ အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် ဖွဲမီးတွေ ဖြစ်တယ် ဆိုတာကို အခြားနိုင်ငံတွေပါ ထပ်ပြီး သတိထားမိသွားခဲ့တာက ဒီစနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ ကျွန်မတို့တွေ အားလုံးအတွက် ကောင်းမွန်တဲ့ ရလဒ် တခုလို့ ယူဆပါတယ်။
You may also like these stories:
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်
ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ