ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း တကျော့ပြန် တိုက်ခိုက်မှုများ ပြန်ဖြစ်နေရာ တိုက်ပွဲတွင် လက်နက်ကိုင် တပ်ဖွဲ့ ၇ ဖွဲ့ ပါ ဝင်ကာ တိုက်ခိုက်နေကြသည်။
ထို ၇ ဖွဲ့အနက် စစ်ကောင်စီနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က တဖက်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက်အဖွဲ့၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA (PC)၊ ကရင်အမျိုးသား ကာ ကွယ်ရေး တပ်ဖွဲ့ (KNDO) နှင့် BGF မှ ခွဲထွက်ကာ လာရောက်ပူးပေါင်းသည့် အုပ်စုတို့က တဖက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
တိုက်ပွဲ မဖြစ်ခင်က ဝေါလေမြိုင်မြို့မှ ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးတို့ကို DKBA (ခွဲထွက်အဖွဲ့) က ဖမ်းဆီးရာ BGF နှင့် စစ်ကောင်စီတပ်များက လိုက်လံ ရှာဖွေရာမှ ဖလူးကျေးရွာတဝိုက်တွင် နှစ်ဖက်တပ်ဖွဲ့များကြား ထိပ်တိုက် တိုက်ခိုက်မှုများ ဖြစ်ကြခြင်း ဖြစ်သည်။
ယင်း တိုက်ပွဲဖြစ်ပွားအစတွင် ပတ်ဝန်းကျင်မှ ဒေသခံ ၄၀၀ ကျော်သည်လည်း ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ကာ မဲဆောက်မြို့ဧရိ ယာအတွင်းသို့ ဝင်ရောက် ခိုလှုံနေကြသည်။
တိုက်ပွဲအခြေအနေ၊ ကရင်လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားနေမှု အခြေအနေနှင့် ပတ်သက်၍ DKBA (ခွဲထွက်အဖွဲ့) ၏ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောကျော်သက် ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မနေ့က တိုက်ပွဲ စဖြစ်တဲ့ အခြေအနေနဲ့ ဒီနေ့ စစ်ရေး အခြေအနေ ဘယ်လိုတွေ ရှိနေပါသလဲ။
ဖြေ။ ။ မနေ့ကစပြီး ဒီနေ့ထိကတော့ တိုက်ပွဲက နည်းနည်း ပြင်းထန်တယ်။ ရန်သူကလည်း အင်အား တိုးချဲ့လာတယ်။ စစ်ကောင်စီနဲ့ ပေါင်းပြီး အင်အားတိုးချဲ့လာတာ ရှိတယ်။ စဖြစ်တာက ကျနော်တို့ ကန့်သတ်ထားတဲ့ နယ်မြေမှာ သူတို့ ကျော် လာလို့ တိုက်ပွဲက ဖြစ်ရတာပါ။
ဒီနေ့က တပ်ဘက်က လက်နက်ကြီးတွေ အများကြီး သုံးနေတယ်။ ကျနော်တို့ဘက်ကတော့ ၃ လုံး ပြန်သုံးပြီး ပစ်တယ်။ သူတို့ဘက်က ၁၂၀ မမ တွေ လက်နက်ကြီး တအား သုံးတယ်။ ကျနော်ထင်တာတော့ စစ်ရေးတင်းမာတာက ထပ်တင်းမာနေ ဦးမှာပဲ။ နောက်ပိုင်းလည်း ထပ်ပြီး တင်းမာနေဦးမှာပါ။
မေး။ ။ ဝေါလေတိုက်ပွဲမှာ ရဲစခန်းတွေကို ဝင်စီးတာ၊ ဖမ်းဆီးတာ၊ ဝေါလေက ဆောက်လုပ်ရေး လုပ်သားတွေကိုလည်း ဖမ်း ဆီးသွားတာတွေ ရှိတယ်လို့ ကြားရပါတယ်။ အဲဒါ ဗိုလ်မှူးချုပ်တို့ ဖမ်းထားတာလား။
ဖြေ။ ။ ဝေါလေဘက် အခြမ်းမှာက ကျနော်တို့ KNU တပ်ဖွဲ့ နေရာ ဖြစ်ပါတယ်။ ဗိုလ်ချုပ် နာဒါးမြ အဖွဲ့နဲ့ ဖြစ်တာပါ။ ကျနော် က အောက်က သူက အပေါ်က နေတာ။ ဝေါလေကိစ္စကျတော့ ကျနော်တို့ အားလုံးလည်း မသိဘူး။ ကျနော်တို့နဲ့ ဖြစ်တာက တော့ ဖလူး နေရာမှာပါပဲ။ ဝေါလေမှာ ဖမ်းတာက ကျနော်တို့ မသိရဘူး။ ကျနော်တို့ တိုက်ပွဲဖြစ်တာပဲ သိရတယ်။ အဲဒီ ဘက်က ဗိုလ်ချုပ်နာဒါးမြတို့ဘက် အခြမ်းပါ။ သူတို့က ကျနော်တို့နဲ့ အတူတူ (မဟာမိတ်)ပါပဲ။ သူက အပေါ်ဘက်ခြမ်းကို နေရာ ယူထားတာ။
မေး။ ။ ဒါဆို ဖလူးခွင်ထဲမှာ အခု ဗိုလ်မှူးချုပ်တို့ DKBA (ခွဲထွက်အဖွဲ့) နဲ့ အတူ ပူးပေါင်းပြီး တိုက်နေတာ ဘယ်အဖွဲ့တွေ ပါပါသလဲ။
ဖြေ။ ။ တိုက်နေတာ ကျနော်တို့ DKBA တဖွဲ့တည်း မဟုတ်ဘူး။ ခွဲထွက် BGF ၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)၊ KNU/ KNLA (PC) ၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) လည်း ပါတယ်။ စုစုပေါင်း ၅ ဖွဲ့ပါ။ PC က ငြိမ်းချမ်းရေး ကောင်စီပေါ့။ BGF က ခွဲထွက်လို့လည်း ပြောလို့ရတယ်။ ရှင်းရှင်းပြောရရင် BGF ထဲမှာ အခုလက်ရှိ စစ်ကောင်စီနဲ့ မပေါင်း ချင်တဲ့ လူလည်း ကျနော်တို့နဲ့ အတူ လက်တွဲ ပူးပေါင်းလာတာပါ။ ကျနော်တို့နဲ့ လာပူးပေါင်းတာ BGF တပ်ဖွဲ့က ၅၀ ကျော် လောက် ရှိပါတယ်။
မေး။ ။ ခွဲထွက်ပြီး လာပူးပေါင်းနေတဲ့ BGF က ဘယ်သူ ဦးဆောင်ပြီး ခွဲထွက်လာတာပါလဲ။ ဘယ်နေ့ကတည်းက လာပူး ပေါင်းနေတာလဲ။
ဖြေ။ ။ ခွဲထွက်လာတာက ဦးဆောင်သူ နာမည်တော့ အခု အချိန်စောသေးလို့ မပြောသေးပါဘူး။ သူတို့ လက်နက်ခဲယမ်းတွေ နဲ့ အတူ ခွဲထွက်လာတာပါ။ သူတို့က စစ်ကောင်စီကို တိုက်မယ်။ သူတို့လည်း စစ်အာဏာသိမ်းတာကို လက်မခံတဲ့အတွက် ကြောင့် ထွက်လာတာပါ။ သူတို့ လာပူးပေါင်းတာက အခု တိုက်ပွဲ မဖြစ်ခင် လွန်ခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကပါ။
မေး။ ။ အခု စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ ဗိုလ်မှူးချုပ်တို့ ၅ ဖွဲ့က ဘယ်လို အခြေအနေမျိုးနဲ့ ပူးပေါင်းထားတာလဲ။ ဒီ ၅ ဖွဲ့ က ဖလူးခွင်မှာပဲ အဓိက ပူးပေါင်း လှုပ်ရှားနေတာလား။
ဖြေ။ ။ ကျနော်တို့ တစုတည်းက ကျနော်တို့ မဟာမိတ်အနေနဲ့ စည်းစည်းလုံးလုံး ဖြစ်ဖို့ စည်းလုံးမှု တည်ဆောက်ပြီး ယုံ ကြည်မှုနဲ့ လက်တွဲနေတာပါ။ ကျနော်တို့ ၅ ဖွဲ့ရဲ့ နေရာက ဖလူးခွင် မကပါဘူး။ ကော့ကရိတ်ဘက်ခြမ်းရော အကုန်လူတွေ ရှိပါတယ်။ ကျနော်တို့ ကရင်တပြည်နယ်လုံးမှာ လှုပ်ရှားနေပါတယ်။ ကရင်ပြည်နယ်မှာ ကျနော်တို့ မရှိတဲ့နေရာ ခပ်ရှားရှား ပါပဲ။
ပြည်သူ့ ကာကွယ်ရေးတပ် အပါအဝင် ကျနော်တို့ ၅ ဖွဲ့က ပေါင်းပြီး လူထုနဲ့ တသားတည်း ရပ်တည်ပြီး ကရင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတယ်။ စစ်ကောင်စီက သိမ်းထားတဲ့ အာဏာ ပြည်သူ့လက်ထဲကို ပြန်လွှဲပြောင်းမယ် ဆိုရင်တော့ ကျနော်တို့ ဘာမှ မလုပ်တော့ပါဘူး။ ပြည်သူလူထုရဲ့အာဏာ ပြန်မရမချင်းကတော့ တိုက်ပွဲက ပိုဖြစ်ပါလိမ့်မယ်။ အာဏာ ပြန်မလွှဲသရွေ့ တိုက်ပွဲတွေ ဆက်ဖြစ်ပါလိမ့်မယ်။
ကျနော်တို့က ကိုယ့်ဘာသာကိုယ် ကာကွယ်ဖို့ပဲ။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင်တော့ ခုခံကာကွယ်ဖို့ ပြင်ထားပါ တယ်။ စစ်အာဏာသိမ်း ထားတယ်ဆိုတော့ နိုင်ငံရေးကလည်း မရှိတော့ဘူး။ ကျနော်တို့ အစိုးရလည်း မရှိတော့ဘူး။ လွှတ်တော်လည်း မရှိတော့ဘူး။ ဆိုတော့ နိုင်ငံရေးလည်း ကျနော်တို့ ပြောဖို့ အခက်အခဲ ရှိလိမ့်မယ်။
မေး။ ။ မနေ့ကညပိုင်း ဒေါနတောင်တန်း အနောက်ခြမ်းမှာ ရဟတ်ယာဉ် လာဝဲနေတယ်လို့ သတင်းတွေ ကြားရပါတယ်။ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေကို ပိုအသုံးပြုတယ်။ တကယ်လို့ လေကြောင်းနဲ့ တိုက်ခိုက်လာရင်ရော ရင်ဆိုင်နိုင်မယ့် အခြေအနေ ရှိပါသလား။
ဖြေ။ ။ လေယာဉ်ကတော့ ပြဿနာ မရှိပါဘူး။ ကျနော်တို့ကို လေယာဉ်သုံးလည်း ကျနော်တို့အတွက်ကတော့ ဘာမှ ပြဿနာ မရှိပါဘူး။
မေး။ ။ ဒီတော့ ဖလူးတခွင်မှာ စစ်ရေး အခြေအနေက ရှေ့ဆက် ဘယ်လို ဖြစ်လာနိုင်ပါသလဲ။
ဖြေ။ ။ စစ်ရေးအခြေအနေက လောလောဆယ် အေးချမ်းဖို့ မရှိဘူး။ တလပြီးတလ စစ်ရေးက ထပ်ပြီး တင်းမာနေမှာပါ။
မေး။ ။ နောက်တခု မေးချင်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဘားအံကို ရောက်လာပြီး ဟတ်ကြီး ရေကာတာ ကိစ္စ ဆက်လုပ်ဖို့ ပြောသွားတာ ရှိတယ်။ ဒီအပေါ်ရော ဗိုလ်မှူးချုပ်တို့ သဘောထား ဘယ်လိုရှိလဲ။ ရေကာတာ စီမံကိန်း ဧရိယာ ဖြစ်တဲ့ မြိုင်ကြီးငူဘက်မှာရော DKBA လှုပ်ရှားမှုက ရှိပါသေးသလား။
ဖြေ။ ။ ရေကာတာကိစ္စကတော့ ကျနော့်တဦးတည်း သဘောထားတင် မကပါဘူး။ ပြည်သူလူထု တရပ်လုံးကရော လက် မခံပါဘူး။ ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေးက မရှိတော့ဘူး။ ရေအားလျှပ်စစ်လုပ်မယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုနေတဲ့ နေရာ နစ်မှာပဲ။ ဆုံးရှုံးမှုက အများကြီး ရှိမယ်။ ကျနော့် တယောက်အနေနဲ့ ထင်တာကတော့ ရေကာတာဆောက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။
မြိုင်ကြီးငူဘက်မှာလည်း ကျနော်တို့ လူတွေ လှုပ်ရှားနေတာတွေ အများကြီး ရှိပါတယ်။ ရေကာတာကို စစ်ကောင်စီဘက်က လုပ်လာမယ်ဆိုရင်တော့ ပဋိပက္ခကတော့ ဖြစ်မှာပဲ။ ရေအားလျှပ်စစ် လုပ်မယ်၊ ရေကာတာ လုပ်မယ်ဆိုရင် ရှင်းရှင်းပြောရရင် ကျနော်တို့လူတွေနဲ့ တအား နီးနီးကပ်ကပ်ပါ။ မြစ်နားမှာလည်း ကျနော်တို့ လူတွေ ရှိပါတယ်။ ရေကာတာ လုပ်မယ်ဆိုရင် ကျနော် ထင်တာ ပြည်သူလူထု လက်မခံတာပဲ။ ကျနော်တို့လည်း မဖြစ်အောင် ကြိုးစားရမှာပဲ။ သူတို့ က ဖြစ်အောင် လုပ်မယ် ဆိုရင် တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။
You may also like these stories:
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်